~အရှေ့ပင်လယ်ပြင်။ အောက်ခြေမဲ့ ချောက်ကမ်းပါးကြီး၏ အစွန်အဖျား။
တိုက်ပွဲအပြီး အနားယူရာ စခန်း။
'နမော ဂက်တလင် စက်သေနတ်ကြီး' ၏ အဆက်မပြတ် ပစ်ခတ်မှုကြောင့် ရှေ့ရှိ အမည်းရောင် ဒီရေလှိုင်း မိစ္ဆာများမှာ ဆယ်မိုင်ခန့် နောက်ဆုတ်သွားရလေပြီ။
ပုံမှန် ကျင့်ကြံသူများ၏ အလေ့အထအရ ဆိုလျှင်မူ ဤအချိန်မျိုးတွင် တရားထိုင်ကာ ချီ (Qi) စွမ်းအင်များ ပြန်လည် ဖြည့်တင်းနေခြင်း သို့မဟုတ် မှော်လက်နက်များပေါ်မှ သွေးစွန်းများကို သန့်စင်ကာ လေးနက်တည်ကြည်စွာ နေထိုင်ရမည့် အချိန် ဖြစ်ပေသည်။
သို့သော်ငြား ကွေ့ယွမ်ဂိုဏ်း ၏ တပ်စခန်းတွင်းရှိ လေထုမှာမူ လုံးဝကို ကွဲပြားခြားနားနေတော့၏။
ဤနေရာသည်... ဧရာမ ပျော်ပွဲစားထွက်သည့် နေရာ သို့မဟုတ် ဆိုရှယ်မီဒီယာတွင် ဓာတ်ပုံရိုက်တင်ရန် Check-in နာမည်ကြီး နေရာတစ်ခုနှင့် တူနေ၏။
“ညီအစ်ကိုတို့... ကင်မရာကို ကြည့်... ချိစ်...”
ဒီဖရဲသီးမှည့်ပြီလား ဟု အမည်ရသည့် ဝမ်သဲ့ဖာ သည် အဆုံးမဲ့ချောက်ကမ်းပါး မိစ္ဆာများ၏ အလောင်းများ (မကြာမီ အမည်းရောင် မီးခိုးများအဖြစ် ပြောင်းလဲသွားတော့မည် ဖြစ်သော်ငြား လုံးဝ မပျောက်ကွယ်သေးချေ) ဖြင့် ပြုလုပ်ထားသော တောင်ကုန်းငယ်လေးပေါ်တွင် မတ်တတ်ရပ်ကာ အလွန်တရာ အထာကျသော ဗွီ ပုံစံ လက်ဟန်ကို ပြုလုပ်နေ၏။
သူ၏ ရှေ့တွင်မူ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း သည် ပြောင်လက်နေအောင် ပွတ်တိုက်ထားသော အလင်းရောင်ထွက် ကျောက်တုံး (စနစ် မောလ် မှ ဝယ်ယူထားပြီး အလှပြုပြင်သည့် ဖစ်လ်တာများ ပါဝင်သော ပစ္စည်း) ကို ကိုင်ကာ အကောင်းဆုံး ဓာတ်ပုံရိုက်ရန် ထောင့်ချိုးကို ရှာဖွေနေပေသည်။
“ဦးလေးကျန်း... ဖစ်လ်တာ အပြည့်တင်ထားနော်...ကျွန်တော့်ကို ပိန်သွားအောင် ရိုက်ပေး...”
“စိတ်မပူပါနဲ့ကွာ... အသားအရေ ချောမွေ့မှု အဆင့် (၁၀) တင်ထားတယ်... မင်းက အခု အရှေ့ပင်လယ်ပြင်မှာ အချောဆုံးကောင် ဖြစ်နေပြီကွ...”
မလှမ်းမကမ်းတွင်မူ ကျောက်ကပ်ကြော် သည် ဆိုင်လေး ဖွင့်ထားပြီး တိုက်ပွဲအပြီး လိုအပ်မည့် အသုံးအဆောင်များကို ရောင်းချနေ၏။
“ရေခဲစိမ် ပျော်ရွှင်ဖွယ် အရည် (အထူးဖော်စပ်ထားသော ဝိညာဉ်စွမ်းအင် ကိုကာကိုလာ)... တစ်ပုလင်းကို ဝိညာဉ်ကျောက်တုံး ငါးတုံးတည်းနော်... ဒုတိယ တစ်ပုလင်းဝယ်ရင် တစ်ဝက်ဈေးပဲ ပေး...”
“နဂါး မာလာခေါက်ဆွဲ (မွမ်းမံထားသော ဗားရှင်း)... မာနာတွေကို ပြန်လည် ဖြည့်တင်းပေးမယ့် နတ်လက်နက်ပဲကွ... ဒီမာလာခေါက်ဆွဲလေး စားလိုက်တာနဲ့ မင်းက ဒီမှာ အမိုက်ဆုံးကောင် ဖြစ်သွားပြီဟေ့...”
ထိုလူအုပ်ကြီး ပျော်ရွှင်စွာ ဆူညံနေကြစဉ်မှာပင်...
အနီးရှိ သန္တာကျောက်ဆောင် တစ်ခု၏ နောက်ကွယ်မှ သေသပ်လှပစွာ ပုံဖော်ထားသော ခေါင်းလုံးလုံးလေး တစ်ခု ထွက်ပေါ်လာ၏။
သူမကား နဂါးနန်းတော်မှ တိတ်တဆိတ် ထွက်ပြေးလာသော နဂါးမင်းသမီးလေး အော့လင်း ပင် ဖြစ်ပေသည်။
သူမသည် ဤ "သူရဲကောင်းကြီးများ" တိုက်ပွဲအတွက် မည်သို့ ပြင်ဆင်နေကြသနည်းဟု လာရောက် စပ်စုခြင်း ဖြစ်သော်ငြား၊ ဤကဲ့သို့သော မြင်ကွင်းမျိုးကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်နေရှာ၏။
“သူတို့တွေ ဘာလုပ်နေကြတာလဲဟင်...”
အော့လင်း သည် ခရမ်းရောင် သလင်းကျောက်များနှင့် တူသော သူမ၏ မျက်လုံးဝိုင်းကြီးများကို မျက်တောင် ပေကလပ် ပေကလပ် ခတ်ကာ စပ်စုချင်စိတ် အပြည့်ဖြင့် ကြည့်နေ၏။ နဂါးနန်းတော်၏ အချစ်ခံရဆုံး မင်းသမီးလေး တစ်ပါးအနေဖြင့် ငယ်စဉ်ကတည်းက တင်းကျပ်သော စည်းကမ်းများ၊ ပျင်းစရာကောင်းသော ကျင့်ကြံခြင်းများနှင့်သာ နေထိုင်ခဲ့ရသူ ဖြစ်ပေရာ ဤကဲ့သို့သော အရာမျိုးကို ဘယ်သောအခါကမျှ မမြင်ဖူးခဲ့ချေ။
“ဟင်... အန်ပီစီ တစ်ယောက် ရောက်နေတယ်ကွ...”
မျက်စိရှင်သော ဝမ်သဲ့ဖာ သည် ဤ တောရိုင်း ကောင်မလေးကို ချက်ချင်း မြင်သွားတော့သည်။
“နဂါးမင်းသမီးလေးပဲကွ...”
“အိုးရှစ်... နဂါးမင်းသမီးလေး အစစ်ဟေ့... မြန်မြန်... ဟို ဒုတ်စိမ်းကြီးတွေ ချထားလိုက်ကြစမ်း... အထာလေး ဘာလေး ဖမ်းကြဦး...”
ကစားသမားများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး အုံခဲလာကြတော့သည်။
သို့သော်ငြား ပုံမှန်အားဖြင့် ရိုင်းစိုင်းကြမ်းကြုတ်လှသော ဤ စတုတ္ထကပ်ဘေး များသည် ဤချစ်စရာကောင်းသော ကောင်မလေးရှေ့တွင်မူ အံ့ဩဖွယ်ကောင်းလောက်အောင် ယဉ်ကျေးနေကြပါ၏။ (ကြောက်စရာကောင်းသော ဦးလေးကြီးများပမာ ဖြစ်နေပါ၏။)
“ညီမလေး... အစ်ကိုတို့ကို လာကြည့်တာလားဟင်...”
ဝမ်သဲ့ဖာ က လက်ကို ပွတ်သပ်ကာ ဂန္ဓာမာပန်းလေးပမာ ဖြီးပြုံးရင်း မေးလိုက်သည်။
အော့လင်း သည် ကြောက်လန့်တကြား အနည်းငယ် နောက်ဆုတ်သွားသော်ငြား၊ သတ္တိမွေးကာ ဦးလေးကျန်း ၏ လက်ထဲမှ အလင်းရောင်ထွက်နေသော ကျောက်တုံးကို လက်ညှိုးထိုးပြလိုက်၏။
“အဲဒီ... လင်းနေတဲ့ ကျောက်တုံးကြီးက ဘာကြီးလဲဟင်...”
“ဒါလား...”
ဦးလေးကျန်း သည် လက်ထဲမှ အလင်းရောင်ထွက် ကျောက်တုံးကို ဂုဏ်ယူဝင့်ကြွားစွာ ဝှေ့ယမ်းပြလိုက်၏။
“ဒါကို (ကင်မရာ) လို့ ခေါ်တယ် ကွ... အဲလေ... ခေါ်တယ်ကွယ့်... သမီးလေးရဲ့ လှပတဲ့ ရုပ်ရည်လေးကို ထာဝရ ဖမ်းယူထားပေးနိုင်တယ်လေ... စမ်းကြည့်မလား...”
“တကယ်လားဟင်...”
အော့လင်း ၏ မျက်လုံးလေးများ အရောင်လက်သွားတော့သည်။
“လာ... ဒီမှာ ရပ်... အစ်ကို့ကို ငြိမ်းချမ်းရေး ပုံစံ လက်နှစ်ချောင်း ထောင်ပြစမ်း...”
ကစားသမားများ၏ အားပေးမှုကြောင့် အော့လင်း သည် ရှက်ရွံ့စွာဖြင့် လက်နှစ်ချောင်းကို ထောင်ကာ အယောင်ယောင်အမှားမှားဖြင့် peace ပုံစံလေး လုပ်ပြရှာ၏။
“ကလစ်...”
အလင်းရောင်တစ်ချက် လက်သွားတော့သည်။
ဦးလေးကျန်း သည် ဓာတ်ပုံကျောက်တုံးကို အော့လင်း ထံသို့ ကမ်းပေးလိုက်၏။ ပုံထဲတွင် ပန်းရောင် ဂါဝန်လေးနှင့် ကောင်မလေးသည် အလွန်တရာ လှပစွာ ပြုံးနေလေ၏။ အဆင့် (၁၀) မျက်နှာပြုပြင်မှု၏ အကူအညီကြောင့် သူမ၏ အသားအရေမှာ ဝင်းမွတ်တောက်ပနေပြီး ပတ်လည်တွင်လည်း ပန်းရောင် ကြယ်ပွင့်လေးများ (ထင်ယောင်ထင်မှား ဖန်တီးမှု) ဝန်းရံနေပေသည်။
“ဝါး...”
အော့လင်း သည် ဓာတ်ပုံကျောက်တုံးလေးကို ကိုင်ကာ အလွန်တရာ ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်တော့သည်။
“ဒါ... ဒါက သမီးလားဟင်... အရမ်း လှတာပဲ... ခမည်းတော် ဆွဲပေးထားတဲ့ ပန်းချီကားထက်တောင် အဆတစ်သန်းလောက် ပိုလှသေးတယ်...”
“မင်းအတွက်ပဲ...”
ဦးလေးကျန်း က သဘောကောင်းစွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်၏။
“လက်ဆောင်လေး တစ်ခုလို့ သဘောထားလိုက်ပေါ့...”
“ကျေးဇူးတင်ပါတယ် ဦးလေးကြီး...”
အော့လင်း မှာ အလွန် ဝမ်းသာလွန်းသဖြင့် သူမ၏ နဂါးဂျိုလေးများပင် အရောင်လက်နေတော့၏။
ထိုအခိုက်... ကျောက်ကပ်ကြော် သည် အနီရောင် ဆီများ ရွှဲနေသော မာလာခေါက်ဆွဲ တစ်ချောင်းကို ကိုင်ကာ တိုးဝင်လာသည်။
“မင်းသမီးလေး... ဓာတ်ပုံရိုက်ရုံလောက်နဲ့ ဘယ်ပျော်စရာ ကောင်းပါ့မလဲ... ဒါလေးရော မြည်းကြည့်မလား... ကွေ့ယွမ်ဂိုဏ်း ရဲ့ အထူးဟင်းလျာ... (ပျော်ရွှင်မှု နတ်တုတ်တံ) တဲ့...”
အော့လင်း သည် အနံ့ခံကြည့်လိုက်ရာ စားသောက်ပွဲတွင် သူမ မြည်းစမ်းခဲ့ဖူးသော ရင်းနှီးသည့် အစပ်ရနံ့လေးကို ရလိုက်၏။ သူမက တံတွေးကို ဂလုခနဲ မျိုချလိုက်ပြီး မာလာခေါက်ဆွဲကို သတိထားကာ လှမ်းယူလိုက်ပြီးနောက် တစ်ကိုက် ကိုက်စားလိုက်တော့သည်။
“အင်း...”
အချိုနှင့် အစပ် ရောစပ်ထားသော အရသာနှင့်အတူ ဝါးရတာ စေးပိုင်ပိုင် ဖြစ်နေသော ခံစားချက်လေးက ဤ အပြစ်ကင်းစင်သော နဂါးမလေးကို ချက်ချင်း ဖမ်းစားသွားတော့သည်။
“အရမ်း စားကောင်းတာပဲ...”
အော့လင်း ၏ မျက်လုံးလေးများမှာ လခြမ်းကွေးလေးများပမာ မှိတ်ကျသွား၏။
“ပင်လယ်ရေမှော်တွေထက် အများကြီး ပိုစားလို့ ကောင်းတယ်...”
“ဒါလေးနဲ့ တွဲသောက်ကြည့်လိုက်ဦး...”
ဝမ်သဲ့ဖာ သည် မည်းမှောင်နေသော (ပျော်ရွှင်ဖွယ် အရည် - ကိုကာကိုလာ) တစ်ပုလင်းကို ချက်ချင်း ကမ်းပေးလိုက်၏။
အော့လင်း.. တစ်ကျိုက် သောက်ကြည့်လိုက်သည်။
“ဝေါ့...”
ပါးစပ်ထဲတွင် ပူဖောင်းလေးများ ပေါက်ကွဲသွားပြီး နွေရာသီ၏ အပူဒဏ်နှင့် ပင်ပန်းနွမ်းနယ်မှုများကို ဆေးကြောပေးလိုက်သကဲ့သို့ ခံစားလိုက်ရပေသည်။ အော့လင်း သည် ချစ်စရာကောင်းသော လေချဉ်လေး တစ်ချက် ဟောက်လိုက်ပြီး မျက်နှာလေး နီရဲသွားကာ သူမ၏ နဂါးဘဝ တစ်ခုလုံး အဆင့်မြင့်သွားသကဲ့သို့ ခံစားလိုက်ရတော့၏။
“ကုန်းပေါ်က လူသားတွေက... နေ့တိုင်း ဒီလို အရသာရှိတဲ့ အစားအစာတွေ စားပြီး ဒီလို ပျော်စရာကောင်းတဲ့ ကစားစရာတွေနဲ့ ကစားရတာလားဟင်...”
အော့လင်း သည် လက်ထဲရှိ မာလာခေါက်ဆွဲနှင့် ကိုကာကိုလာကို ကြည့်ကာ သူမ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော တောင့်တမှုများ ပေါ်လွင်နေသည်။
“ဒါပေါ့... ဒါပေါ့ကွ...”
ဝမ်သဲ့ဖာ သည် သူ၏ ကျွမ်းကျင်သော လိမ်လည်လှည့်ဖြားမှုများကို စတင်လိုက်ပြီး အလွန်တရာ အသက်ဝင်စွာဖြင့် ရှင်းပြလေတော့၏။
“မင်းသမီးလေး ဘာသိလို့လဲ... ကုန်းပေါ်က ကျွန်တော်တို့ရဲ့ ကစားကွင်းက ဒီရေအောက်ကမ္ဘာကြီးထက် အများကြီး ပိုပျော်စရာ ကောင်းတာ...”
“နဂါးနန်းတော်ထက် ကြီးတဲ့ ကစားကွင်းကြီးတွေ ရှိတယ်လေ... လေထဲမှာ ပျံသန်းနေတဲ့ ရိုလာကိုစတာကြီးတွေ ရှိတယ်... နို့လက်ဖက်ရည် အရသာ ပေါင်းရာချီ ရှိတယ်ဗျာ... ပြီးတော့ ညတိုင်း ညတိုင်း မတူညီတဲ့ ညဈေးတန်းတွေ ရှိသေးတယ်နော်..”
“ဒီရေအောက်ကမ္ဘာကြီးက လှပေမဲ့ အရမ်း ခြောက်ကပ်လွန်းတယ်... ကုန်းပေါ်မှာကတော့... သေမျိုးကမ္ဘာ လေ... အဆုံးအစ မရှိတဲ့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတာပေါ့...”
ထိုစကားများမှာ ငယ်စဉ်ကတည်းက ရေနက်ပိုင်းတွင်သာ နေထိုင်ခဲ့ရပြီး ကျင့်ကြံခြင်းနှင့် အိပ်စက်ခြင်းမှ လွဲ၍ ဘာမှ မသိသော ပုန်ကန်ချင်စိတ် အပြည့် ရှိသည့် ကောင်မလေး တစ်ယောက်အတွက်မူ နျူကလီးယား ဗုံးတစ်လုံးပမာ ဖြစ်သွားတော့သည်။
“သမီး သွားချင်တယ်...”
အော့လင်း သည် မာလာခေါက်ဆွဲထုပ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ဝမ်သဲ့ဖာ ကို စူးစူးစိုက်စိုက် ကြည့်ကာ ဆိုလိုက်၏။
“သမီး ကုန်းပေါ်ကို တက်ပြီး ကမ္ဘာကြီးကို ကြည့်ချင်တယ်...”
“သမီး အစ်ကိုတို့ ဂိုဏ်းကို လာလည်ချင်တယ်...”
“ဟီးဟီး... ကြိုဆိုပါတယ်ဗျာ...”
ကစားသမားများမှာ အချင်းချင်း အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြပြီး၊ သူတို့၏ မျက်နှာပေါ်တွင် "အစီအစဉ် အောင်မြင်ပြီ" ဟူသော နားလည်မှုမျိုး ပေါ်လွင်နေတော့သည်။
“မင်းရဲ့ ခမည်းတော်သာ သဘောတူမယ်ဆိုရင် အစ်ကိုတို့က ဘယ်အချိန်ဖြစ်ဖြစ် ခေါ်သွားပေးလို့ ရတယ်ကွ... ကွေ့ယွမ်ဂိုဏ်း ကိုသာ ရောက်သွားရင် မာလာခေါက်ဆွဲတွေ အများကြီး စားရမှာနော်...”
ထိုစဉ်...
“အဟွတ်... အဟွတ်...”
အနောက်ဘက်မှ ဩဇာပါသော ချောင်းဟန့်သံ တစ်ခု ထွက်ပေါ်လာ၏။
နဂါးမင်းကြီး အော့ကွမ်း နှင့် ကျန်းချန် တို့သည် မလှမ်းမကမ်းရှိ သန္တာကျောက်ဆောင်ပေါ်တွင် ရပ်နေကြသည်ကို တွေ့လိုက်ရပေသည်။
အော့ကွမ်း သည် ထို (အရူး) တစ်သိုက်နှင့် ရောနှောကာ အမှိုက်စာများကို ပျော်ရွှင်စွာ စားသောက်နေသော သူ၏ အချစ်တော် သမီးလေးကို ကြည့်ကာ မျက်နှာကြီး မည်းမှောင်သွားသော်ငြား၊ ကူကယ်ရာမဲ့သလိုလည်း ခံစားနေရရှာ၏။
“ခမည်းတော်...”
အော့လင်း မှာ လန့်ဖြန့်သွားပြီး အပြစ်လုပ်ထားသော ကလေးတစ်ယောက်ပမာ မာလာခေါက်ဆွဲကို ကျောနောက်သို့ ကပျာကယာ ဝှက်ထားလိုက်တော့သည်။
ကျန်းချန် သည် ခပ်ဟဟ ပြုံးလိုက်ပြီး အော့ကွမ်း ကို ပြောလိုက်၏။
“အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ သမီးတော်နဲ့ ကျွန်တော့်ဂိုဏ်းက တပည့်တွေက တော်တော်လေး ရေစက်ပါပုံ ရတယ်နော်...”
“အတော်ပဲ... အခု ကျွန်တော်တို့ အမည်းရောင် ဒီရေလှိုင်း ကို နှိမ်နင်းပြီးပြီ ဆိုတော့... အလယ်ပိုင်း လွင်ပြင် ကို ပြန်ဖို့ အချိန်တန်ပြီလေ... အကယ်၍ အရှင်မင်းကြီးသာ စိတ်ချမယ်ဆိုရင် သမီးတော်ကို ကုန်းပေါ်မှာ ခဏလောက် လိုက်လည်ခွင့် ပြုလိုက်ပါလား... စာအုပ် တစ်သောင်း ဖတ်တာက ခရီး မိုင်တစ်သောင်း သွားတာလောက် မကောင်းဘူး ဆိုတဲ့ စကားလည်း ရှိတယ် မဟုတ်လား...”
အော့ကွမ်း သည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
သူက သမီးဖြစ်သူ၏ တောင့်တနေသော မျက်လုံးလေးများကို ကြည့်လိုက်ပြီးနောက်၊ အဝေးဆီမှ မှောင်မည်းနေဆဲဖြစ်သော အဆုံးမဲ့ချောက်ကမ်းပါး ပင်လယ်ပြင်ကြီးဆီသို့ လှမ်းကြည့်လိုက်၏။
'ဒီလှိုင်းထန်နေတဲ့ ပင်လယ်ပြင်ကြီးကနေ သမီးလေးကို ခွာပြီး... အသက်ဝင်လှုပ်ရှားနေတဲ့ (အရူးတွေလည်း ရှိနေပေမဲ့) ကွေ့ယွမ်ဂိုဏ်း ဆီကို ပို့လိုက်တာက... တစ်နည်းအားဖြင့် ပင်လယ်ပြင်ကြီးကို ကာကွယ်ပေးရာများ ရောက်နေမလား...'
“ဒီကိစ္စကို... နောက်မှ ဆက်ဆွေးနွေးကြတာပေါ့...”
အော့ကွမ်း သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ၏ အကြည့်များကို အောက်ခြေမဲ့ ချောက်ကမ်းပါးကြီး ဆီသို့ ရွှေ့လိုက်သည်။
“အခု အရေးအကြီးဆုံးက... အမည်းရောင် ဒီရေလှိုင်း ရဲ့ ဇစ်မြစ်ကို ဖြေရှင်းဖို့ပဲ...”
“ဂိုဏ်းချုပ် ကျန်း... ကင်းထောက်တွေရဲ့ အစီရင်ခံစာအရ ဆိုရင်... အဲဒီ ချောက်ကမ်းပါး အနက်ရှိုင်းဆုံး နေရာမှာ... ဒီကမ္ဘာကြီးနဲ့ မသက်ဆိုင်တဲ့... စွမ်းအားတစ်ခု ခိုအောင်းနေပုံ ရတယ်..”
ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းချန် ၏ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်လုံးများ ထက်မြက်လာတော့၏။
“ဒီကမ္ဘာကြီးနဲ့ မသက်ဆိုင်ဘူးလား...”
“ကြည့်ရတာ... ငါတို့ရဲ့ 'ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြီး ဝိညာဉ်ကယ်ချွတ်တဲ့' အလုပ်က မပြီးသေးဘူး ထင်တယ်...”
“တပည့်တို့... ကစားနေတာတွေ ရပ်လိုက်ကြစမ်း...”
ကျန်းချန် သည် လှည့်ကာ ကစားသမားများကို အော်ဟစ်လိုက်သည်။
“ရိက္ခာတွေ ဖြည့်တင်းပြီးပြီမလား... ဆင်းဖို့ ပြင်ကြစမ်း...”
“ပစ်မှတ်က...အောက်ခြေမဲ့ ချောက်ကမ်းပါးကြီးပဲ…”