ဉာဏ်အလင်းပွင့် စင်မြင့်ကို အပေါ်နှင့် အောက်ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားထားသည်။
အောက်ဘက်တွင် ကြီးမားသော စက်ဝိုင်းပုံစံ စင်မြင့်တစ်ခုရှိပြီး အလယ်ဗဟိုတွင် ကြာပန်းပုံသဏ္ဌာန် ကျောက်စင်မြင့်တစ်ခု ရှိနေသည်။
ထိုကျောက်စင်မြင့်ပေါ်တွင် ရှုပ်ထွေးလှသော မှော်စာလုံးများဖြင့် သိပ်သည်းစွာ ဖုံးလွှမ်းထားပြီး မှိန်ပျပျ ဝိညာဉ်အလင်းတန်းများကို ထုတ်လွှတ်နေသည်။
ဤကျောက်စင်မြင့်မှာ ‘တာအိုသန္ဓေကျောက်တုံး’ ဖြစ်ပြီး ကျင့်ကြံသူ၏ နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ ၎င်းသည် ကျင့်ကြံသူအား စိတ်တည်ငြိမ်အေးချမ်းစေပြီး စကြဝဠာ၏ သဘောတရားကို ပိုမိုမြန်ဆန်စွာ နားလည်သဘောပေါက်စေရန် ကူညီပေးသည်။
စင်မြင့်၏ အပေါ်ဘက်နှင့် ပတ်ပတ်လည်တွင်မူ အစွမ်းထက်လှသော အစီအရင်အမြောက်အမြားရှိပြီး ၎င်းတို့သည် အလွန်ခိုင်မာသော ကာကွယ်ရေးစနစ်တစ်ခုအဖြစ် ရောယှက်တည်ရှိနေသည်။
နက်နဲသော ဝိညာဉ်အဆင့်သို့ တက်လှမ်းစဉ် ကြုံတွေ့ရမည့် ကောင်းကင်ပြစ်ဒဏ် မဆိုထားနှင့်....... ဝိညာဉ်ပြောင်းလဲခြင်းအဆင့် သို့မဟုတ် ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ ကြုံတွေ့ရမည့် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များကိုပင် ဤစင်မြင့်က အလွယ်တကူ ခုခံပေးနိုင်စွမ်း ရှိသည်။
မုန့်ဝမ်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ‘အထက်လောက’ တွင် နက်နဲသော ဝိညာဉ်အဆင့် ကျင့်ကြံသူများ အဘယ်ကြောင့် ဤမျှ များပြားနေရသနည်းဆိုသည်မှာ မထူးဆန်းတော့ပေ။
ဤကဲ့သို့သော ဉာဏ်အလင်းပွင့် စင်မြင့်မျိုးမှာ ကောင်းကင်တာအိုအကယ်ဒမီ တစ်ခုတည်းတွင်သာ ရှိနေမည် မဟုတ်ကြောင်း သူမ သိပေသည်။
ဤစင်မြင့်နှင့် ‘ဝိညာဉ်ဆေးလုံး’ သာ ရှိလျှင် ဤနေရာတွင် ဘာမှမလုပ်ဘဲ လဲလျောင်းနေရုံဖြင့်ပင် ဘေးအန္တရာယ်မရှိဘဲ နက်နဲသော ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်သည်။
အထက်လောကတွင် နက်နဲသော ဝိညာဉ်အဆင့် ကျင့်ကြံသူများ များပြားလှသော်လည်း သူတို့၏ အရည်အသွေးမှာ သိသိသာသာ ကွာခြားလှပြီး သန်မာသူနှင့် အားနည်းသူကြားတွင် ကြီးမားသော ကွာဟချက် ရှိနေသည်မှာလည်း အံ့ဩစရာ မဟုတ်ပေ။
ထိုကျင့်ကြံသူအများစုမှာ မိမိကိုယ်တိုင် တာအိုကို နားလည်သဘောပေါက်၍ တက်လှမ်းလာသူများ မဟုတ်ဘဲ အရင်းအမြစ်များကို စုပုံအသုံးချကာ အဆင့်တက်လာသူများ ဖြစ်ကြသည်။
မုန့်ဝမ်၏ အကြည့်မှာ မလှမ်းမကမ်းရှိ ‘တာအိုသန္ဓေကျောက်တုံး’ ပေါ်တွင် ရပ်တန့်နေခဲ့သည်။ ဤကြာပန်းပုံသဏ္ဌာန် သန္ဓေကျောက်တုံးမှာ အချင်း ဆယ်ပေခန့်သာ ရှိသော်လည်း တုန်လှုပ်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ဤနေရာတွင် ရပ်နေရုံမျှဖြင့်ပင် တာအိုတရားကို နာယူနေရသကဲ့သို့ ခံစားရပြီး ကမ္ဘာလောက၏ လျှို့ဝှက်ချက်များက သူမရှေ့တွင် တဖြည်းဖြည်း ပွင့်လင်းလာသကဲ့သို့ပင်။
“ငါသာ ဒီတာအိုသန္ဓေကျောက်တုံးကို သန့်စင်သိမ်းပိုက်နိုင်ရင် ...”
ဤအတွေးဝင်လာသည်နှင့် မုန့်ဝမ်၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
ဤသန္ဓေကျောက်တုံးကို သိမ်းပိုက်နိုင်ခြင်း၏ အကျိုးကျေးဇူးမှာ အတိုင်းအဆမရှိသော်လည်း ဤအရာကို သူမ လောဘတက်နေသည်ကို တစ်စုံတစ်ယောက်ကသာ သိသွားပါက သူမသည် နည်းပြချင်းယီ၏ တပည့်ဖြစ်နေစေကာမူ သေဒဏ်မှ လွတ်မည်မဟုတ်ကြောင်း သူမ သိသည်။
သို့သော် ဤကဲ့သို့ အဖိုးတန်ရတနာမျိုး ရှေ့သို့ ရောက်နေပါမှ မစမ်းသပ်ဘဲ မနေနိုင်ပေ။
သေဘေးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင် ကြိုးစားကြည့်ရပေမည်။
မုန့်ဝမ်၏ မျက်လုံးများတွင် ပြတ်သားသော အလင်းတန်းများ လက်ခနဲ ပေါ်လာပြီး သူမ၏ ‘ဝိညာဉ်အာရုံ’ကို စင်မြင့်ဆီသို့ စေလွှတ်လိုက်သည်။
သို့သော် သူမ၏ ဝိညာဉ်အာရုံက စင်မြင့်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားလိုက်သည့် ခဏမှာပင် အစွမ်းထက်သော ခုခံမှုတစ်ခုက သူမဆီသို့ ပြန်လည် ရိုက်ခတ်လာပြီး သူမ၏ ဝိညာဉ်အာရုံကို ကြမ်းတမ်းစွာ တွန်းကန်ထုတ်လိုက်သည်။ မုန့်ဝမ်မှာ ညည်းညူလိုက်မိပြီး ခေါင်းထဲတွင် အုန်းခနဲဖြစ်ကာ မျက်စိရှေ့တွင် မှောင်အတိ ကျသွားလေသည်။
ပြင်းထန်သော ရိုက်နှက်မှုကို ခံလိုက်ရသကဲ့သို့ သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားပြီး ဘေးရှိ ကျောက်တိုင်ကို အားကိုးတကြီး ဆွဲကိုင်ကာ မနည်း ထိန်းရပ်လိုက်ရသည်။
သူမ၏ အသိစိတ်ပင်လယ်အနက်ပိုင်းမှ စူးရှသော နာကျင်မှုတစ်ခု ပေါ်ထွက်လာပြီး အသက်ရှူပင် မှားသွားရသည်။
“ငါ သိသားပဲ....... ဒါ တာအိုဆိုတာပဲ.......”
‘နှလုံးစားပိုးကောင်’ ၏ စိတ်လှုပ်ရှားနေသော အသံမှာ မုန့်ဝမ်၏ စိတ်ထဲတွင် မြည်ဟည်းလာသည် ...... “သခင်က ဒီအရာကို အကြာကြီး စိုက်ကြည့်နေကတည်းက ဒါကို သန့်စင်သိမ်းပိုက်ချင်နေမှန်း ငါ သိနေတယ်....... ခုနက ခံစားမိလား....... အဲဒီထဲမှာ အစွမ်းထက်လွန်းတဲ့ စွမ်းအင်တွေ ရှိနေတာ....... ဒါကိုသာ သိမ်းပိုက်နိုင်ရင် ရမယ့် အကျိုးကျေးဇူးက မှန်းလို့တောင် မရဘူး.......”
“သခင်... တစ်ခုခု မလုပ်ခင် သေချာ စဉ်းစားပါဦး.......”
မြူပိုးကောင်အမက တုန်လှုပ်နေသော အသံဖြင့် ဝင်ပြောသည် ...... “ကောင်းကင်တာအိုအကယ်ဒမီ စတင်တည်ထောင်ကတည်းက ဒီစင်မြင့်ဟာ ဘယ်သူမှ မထိနိုင်ဘဲ ဒီအတိုင်း ရှိနေခဲ့တာ။ ဒါက ဒီစင်မြင့်ကို သိမ်းပိုက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သက်သေပြနေတာပဲ။ သခင် လုပ်နေတာက အချိန်ဖြုန်းတာတင် မဟုတ်ဘဲ သခင့်ရဲ့ ‘ဝိညာဉ် ကိုပါ ပျက်စီးသွားစေနိုင်တယ်.......”
ပိုးကောင်အမ၏ စကားမှာ ကျိုးကြောင်းဆီလျော်လှသော်လည်း မုန့်ဝမ်မှာ လက်လျှော့ရန် အစီအစဉ် မရှိပေ။ သူမသည် သူမ၏ ဝိညာဉ်အာရုံကို စင်မြင့်ပေါ်သို့ ထပ်မံ စေလွှတ်၍ စူးစမ်းပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ခုခံမှုမှာ ပိုမိုပြင်းထန်လာပြီး မမြင်နိုင်သော တံတိုင်းကြီးတစ်ခုက သူမကို အပြင်ဘက်သို့ အတင်း တွန်းထုတ်နေသကဲ့သို့ပင်။ မုန့်ဝမ်သည် သွားကို တင်းတင်းကြိတ်ကာ ထိုတာအိုအတားအဆီးကို အစွမ်းကုန် ချိုးဖျက်ရန် ကြိုးစားလိုက်သည်။
“ဝုန်း............”
နက်ရှိုင်းသော တုန်ခါသံတစ်ခုမှာ မုန့်ဝမ်၏ နားထဲတွင် မြည်ဟည်းသွားပြီး သူမ၏ သိစိတ်ပင်လယ်မှာ ပေါက်ကွဲထွက်တော့မတတ် ပြင်းထန်စွာ တုန်ခါသွားသည်။
ဖော်ပြမရနိုင်သော ကြောက်ရွံ့မှုတစ်ခုမှာ သူမ၏ ရင်ထဲတွင် တိုးဝင်လာပြီး အသက်ရှူကျပ်လာစေသည်။
အမြဲတမ်း ငြင်းခုံနေတတ်သော ပိုးကောင်နှစ်ကောင်ပင် ဤအန္တရာယ်ရှိသော အရှိန်အဝါကို ခံစားမိသဖြင့် ချက်ချင်း ငြိမ်သက်သွားကြသည်။
“ရပ်လိုက်တော့....... ဆက်လုပ်လို့ မဖြစ်ဘူး.......” ပိုးကောင်အမက အော်ဟစ်လိုက်သည် ...... “သခင်... ဒီအတိုင်း ဆက်သွားရင် သေလိမ့်မယ်.......”
နှလုံးစားပိုးကောင်သည်လည်း ထူးထူးခြားခြား ပြန်မပြောဘဲ ကိစ္စ၏ လေးနက်မှုကို သိမြင်သွားပုံရသည်။ မုန့်ဝမ်၏ မျက်နှာမှာ ဖြူလျော့နေပြီး နဖူးမှ ချွေးစက်များမှာ တလဟော စီးကျနေသည်။
သူမသည် သူမ၏ ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းရန် ကြိုးစားသော်လည်း တစ်ခုခုနှင့် ကပ်နေသကဲ့သို့ လုံးဝ လှုပ်ရှား၍ မရတော့ပေ။
ထိုစဉ်မှာပင် စင်မြင့်၏ အနက်ရှိုင်းဆုံးနေရာမှ ထူးဆန်းသော စွမ်းအားတစ်ခု စီးဆင်းလာပြီး သူမ၏ အသိစိတ်ပင်လယ်အတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်လာသည်ကို ခံစားလိုက်ရသည်။
ဤစွမ်းအားမှာ ပြင်းထန်ခြင်း မရှိသော်လည်း ရှေးဟောင်းလျို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ ပါဝင်နေသဖြင့် သူမအတွက် လုံးဝ အစိမ်းသက်သက် ဖြစ်နေသည်။ မုန့်ဝမ်မှာ ကျောရိုးထဲအထိ စိမ့်သွားကာ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
ရှေးဟောင်းစွမ်းအားများမှာ ဒီရေကဲ့သို့ တိုးဝင်လာရာ မုန့်ဝမ်၏ အသိစိတ်ပင်လယ်မှာ ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ကျယ်လောင်သော မြည်ဟည်းသံနှင့်အတူ ပြိုလဲသွားလေတော့သည်။
မျှော်လင့်ထားသကဲ့သို့ ပြင်းထန်သော နာကျင်မှု ရောက်မလာဘဲ မူးဝေနောက်ကျိသော ခံစားချက်ကြီးကသာ လွှမ်းမိုးသွားသည်။
သူမ မျက်လုံး ပြန်ဖွင့်လိုက်သောအခါ သူမသည် အဆုံးမရှိသော ကြယ်တာရာ ကောင်းကင်ယံကြီးထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ကြယ်များမှာ တောက်ပနေပြီး အလင်းတန်းများမှာ လှပလွန်းသဖြင့် ရင်သပ်ရှုမောဖွယ်ပင်။
သို့သော် မုန့်ဝမ်မှာ ဤအလှတရားကို ခံစားရန် အချိန်မရှိပေ....... အဘယ်ကြောင့်ဆိုသော် သူမ၏ ရှေ့တွင် အလွန်လှပသော အမျိုးသမီးတစ်ဦး လွင့်မျောနေသောကြောင့် ဖြစ်သည်။
ထိုအမျိုးသမီးမှာ အဖြူရောင် ဝတ်စုံကို ဆင်မြန်းထားပြီး သူမ၏ ရှည်လျားသော ဆံနွယ်များမှာ ရေတံခွန်ကဲ့သို့ စီးကျနေသည်။ သူမ၏ ပတ်ဝန်းကျင်တွင် မှိန်ပျပျ ရွှေရောင်အလင်းတန်းများ ဝန်းရံနေပြီး ‘ကိုးဆင့်သော ကောင်းကင်ဘုံ’ မှ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ပင်။
သူမသည် ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေရုံမျှဖြင့်ပင် ကမ္ဘာလောကကြီးတစ်ခုလုံးကို စိုးမိုးထားနိုင်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
“ရွှေအမြုတေအဆင့်လေးနဲ့ ငါ့ရဲ့ ‘ဉာဏ်အလင်းပွင့်ကျောက်တုံး’ ကို သိမ်းပိုက်ဖို့ ကြိုးစားတယ်ပေါ့....... ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ....... သေမှာကို မကြောက်ဘူးလား.......”
အမျိုးသမီးက လှည့်ကြည့်လိုက်ရာ တည်ကြည်ပြီး ချဉ်းကပ်ရန် ခက်ခဲသော မျက်နှာထားကို မြင်လိုက်ရသည်။ သူမ၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသော အသံမှာ ကျောက်စိမ်းချင်း ထိခတ်သကဲ့သို့ ကြည်လင်အေးစက်နေသော်လည်း ငြင်းဆန်၍ မရသော အမိန့်အာဏာများ ပါဝင်နေသည်။
မုန့်ဝမ်မှာ ထိတ်လန့်သွားပြီး အလိုလို နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။
“စီနီယာ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်မ... ကျွန်မ ဒီကျောက်တုံးကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး...... ကျွန်မက ဒီစွမ်းအားကို သုံးပြီး ကောင်းကင်တာအိုကို နားလည်အောင် ကြိုးစားချင်ရုံတင်ပါ...”
“သုံးမယ် ဟုတ်လား....... ဟက်.......” အမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည် ...... “မင်းရဲ့ ဒီလို လှည့်ကွက်လေးတွေနဲ့ ငါ့မျက်စိကို လိမ်လို့ရမယ် ထင်နေတာလား.......”
မုန့်ဝမ်မှာ စိတ်ထဲမှ တိတ်တဆိတ် ထိတ်လန့်သွားသည်....... ဤအမျိုးသမီးက သူမ၏ အတွေးများကို အကုန် မြင်နေသည် မဟုတ်ပါလား။
သူမသည် ကြောက်စိတ်ကို ထိန်းချုပ်ကာ တည်ငြိမ်ဟန်ဆောင်ပြီး ပြောလိုက်သည်။
“စီနီယာ... ကျွန်မ စီနီယာကို စော်ကားဖို့ မရည်ရွယ်ပါဘူး။ ကျေးဇူးပြုပြီး ဂျူနီယာရဲ့ အသက်ကို ချမ်းသာပေးပါ။ ဂျူနီယာက တစ်သက်လုံး ကျေးဇူးဆပ်ပါ့မယ်.......”
“အသက်ကို ချမ်းသာပေးရမယ်.......” အမျိုးသမီးက တစ်ဝက်တစ်ပျက် အပြုံးဖြင့် ကြည့်လိုက်သည် ...... “ငါနဲ့ အပေးအယူလုပ်ဖို့ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ.......”
မုန့်ဝမ်၏ ရင်ထဲတွင် လေးလံသွားသည်....... ယခုတစ်ကြိမ်တွင် သူမ တကယ်ပဲ ဒုက္ခရောက်ပြီဆိုတာ သိလိုက်သည်။ ကံကောင်းသည်မှာ သူမတွင် ‘ကျင့်ကြံခြင်း ကမ္ဘာငယ်’ ထဲ၌ အရန်အစီအစဉ် ရှိနေသေးသည်။
သူမ ဝူမိသားစုတွင် အစေခံ လုပ်နေစဉ်က ရုပ်သေးနှစ်ရုပ်ကို လေ့ကျင့်ပေးထားခဲ့ဖူးသည်။ သူမ အလွယ်တကူ သေမည်မဟုတ်သော်လည်း ရှေ့ဆက်ရမည့် လမ်းခရီးမှာ ပိုမို ခက်ခဲသွားပေလိမ့်မည်။
ထိုအတွေးများ မုန့်ဝမ်၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားစဉ်မှာပင် ထိုအမျိုးသမီးက ရုတ်တရက် ရယ်မောလိုက်ရာ အသံမှာ ကြည်လင်သာယာလှသည်။
“စိတ်ဝင်စားဖို့ကောင်းတယ်....... အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်....... ဒါကြောင့်ပဲ မင်းက ‘သွေးမိစ္ဆာ ကောင်းကင်ဘုံ ကျင့်စဉ်’ ကို ကျင့်ကြံထားတာကိုး... မင်း ဘာလို့ သေမှာကို မကြောက်ဘဲ ဒီလောက် ရဲတင်းနေရသလဲဆိုတာ အခုမှ နားလည်တော့တယ်.......”
မုန့်ဝမ်မှာ လုံးဝ တုန်လှုပ်သွားသည်။ သူမသည် ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး သူမ ဘာမှ မသိသော ဤအမျိုးသမီးကို ကြည့်လိုက်ရာ ခြေဖျားမှသည် ခေါင်းအထိ အေးစိမ့်သွားရသည်။
ဤအမျိုးသမီးက သူမ၏ အတွေးများကို သိရုံတင်မကဘဲ သူမ၏ ကျင့်စဉ်ကိုပါ တစ်ချက်တည်းနှင့် သိမြင်နေသည် မဟုတ်ပါလား.......
သူမက ဘယ်သူလဲ.......
မုန့်ဝမ်၏ ထိတ်လန့်မှုကို မြင်သွားပုံရသဖြင့် အမျိုးသမီးက ခပ်ဖွဖွ ရယ်မောလိုက်ပြန်သည်။
“စိတ်ဖတ်တာက သေးငယ်တဲ့ ပညာရပ်လေး တစ်ခုပါပဲ။ မင်းရဲ့ အဆင့်က အရမ်း နိမ့်လွန်းနေတော့ မင်းရဲ့ စိတ်ကို တစ်ချက်ကြည့်ရုံနဲ့ ငါ ဖတ်လို့ရတယ်.......”
“ပြီးတော့ မင်းကျင့်နေတဲ့ ‘သွေးမိစ္ဆာ ကောင်းကင်ဘုံ ကျင့်စဉ်’ အကြောင်းကို ငါ ဘာလို့ သိနေရသလဲဆိုရင်... ဒီကျင့်စဉ်ကို ငါကိုယ်တိုင် ဖန်တီးခဲ့လို့ပဲ.......”
ဤစကားမှာ မုန့်ဝမ်၏ ခေါင်းကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး သူမ၏ အသိစိတ်များ ဝေဝါးသွားရသည်။ သို့သော် သူမ၏ တုံ့ပြန်မှုမှာ အတွေးများထက် ပိုမို လျင်မြန်လှသည်။
မုန့်ဝမ်သည် မြေပြင်ပေါ်တွင် ဝုန်းခနဲ ဒူးထောက်လိုက်ပြီး အကြိမ်ကြိမ် ဦးညွှတ်ကာ ရိုသေစွာ အော်ဟစ်လိုက်သည် ......
“... တပည့် မုန့်ဝမ်... တည်ထောင်သူ ဘိုးဘေးကို ဂါရဝပြုပါတယ်.......”
***