နက်နဲသော ဝိညာဉ် ကို မဖွဲ့စည်းခင်ကပင် မုန့်ဝမ်သည် လုံလောက်သော ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးဖြစ်သည်။
ကျင့်ကြံခြင်းကမ္ဘာငယ်ရှိ ကောင်းကင်လျှပ်စီးများသည် အားကောင်းသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ၎င်းတို့၏ စွမ်းအားမှာ များစွာ အားပျော့နေပါသည်။
စစ်မှန်သော ကမ္ဘာကြီးတွင် နက်နဲသော ဝိညာဉ်အဆင့်သို့ တက်လှမ်းရန် ‘ကောင်းကင်မိုးကြိုးလေးချက်’ ကို ရင်ဆိုင်ရန်သာ လိုအပ်သည်။
မိုးကြိုးအချက်ရေ နည်းသွားသော်လည်း ၎င်းတို့၏ စွမ်းအားမှာ ပိုမိုသန့်စင်ပြီး အလွန်အမင်း ဖျက်ဆီးနိုင်စွမ်း ရှိလှသည်။
ပထမဆုံး မိုးကြိုးအချက်မှာ ရေပုံးတစ်ပုံးခန့် အထူရှိပြီး ဖျက်ဆီးခြင်း အရှိန်အဝါများကို သယ်ဆောင်လာကာ ကောင်းကင်ယံမှ ကျဆင်းလာပြီး မုန့်ဝမ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။
ပြင်းထန်သော နာကျင်မှုမှာ ခန္ဓာကိုယ်အနှံ့ ချက်ချင်း ပျံ့နှံ့သွားပြီး အရေပြားများ ဆွဲဖြဲခံရကာ အရိုးများ ကြေမွသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ ဝိညာဉ်ပင်လျှင် ဓားဖြင့် အပိုင်းပိုင်း အလှီးခံလိုက်ရသကဲ့သို့ ဝေဝါးသွားသည်။
မုန့်ဝမ်သည် ညည်းညူလိုက်မိပြီး သူမ၏ နှုတ်ခမ်းထောင့်မှ သွေးစက်များ စီးကျလာသည်။ သူမသည် နာကျင်မှုကို အံတုရင်း သွားကို တင်းတင်းကြိတ်ကာ ‘သွေးမိစ္ဆာ ကောင်းကင်ဘုံ ကျင့်စဉ်’ ကို အသက်သွင်းလိုက်ပြီး မိုးကြိုး၏ စွမ်းအားများကို စုပ်ယူကာ ပျက်စီးသွားသော အကြောများနှင့် ရုပ်ခန္ဓာကို ပြန်လည် ပြုပြင်လိုက်သည်။
ဒုတိယမြောက် ကောင်းကင်မိုးကြိုးမှာ ပထမအချက်ထက် ပိုမိုထူထပ်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။
၎င်းသည် တောက်ပသော အဖြူရောင် အလင်းတန်းများနှင့်အတူ အမျက်ထွက်နေသော မြွေနဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ထက်မှ ထိုးဆင်းလာပြီး မုန့်ဝမ်ကို တစ်ကိုယ်လုံး ဝါးမြိုသွားတော့သည်။
မုန့်ဝမ်သည် မျက်စိရှေ့တွင် အဖြူရောင်များ ဝေဝါးသွားပြီး နားထဲတွင် ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည်။
သူမ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်ထွက်သွားသကဲ့သို့ ဖြစ်သွားသော်လည်း ကျင့်စဉ်၏ အစွမ်းကြောင့် ပြန်လည် စုစည်းသွားရပြန်သည်။
တတိယမြောက် မိုးကြိုးမှာမူ အမျက်ေဒါသထွက်နေသော ခရမ်းရောင် နဂါးတစ်ကောင်ကဲ့သို့ အလွန် လျင်မြန်လှရာ မုန့်ဝမ်ကို ချက်ချင်းပင် ရိုက်ခတ်လိုက်သည်။
မုန့်ဝမ် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ပြင်းထန်သော လျှပ်စစ်စီးကြောင်းမှာ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူမကို မလှုပ်ရှားနိုင်အောင် ဖြစ်သွားစေသည်။
သူမ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်နေပြီး အရေပြားပေါ်တွင် မီးလောင်ရာများနှင့်အတူ ညှော်နံ့များ ထွက်ပေါ်လာသည်။
စတုတ္ထမြောက် မိုးကြိုးမှာ နောက်ဆုံးနှင့် အားအကောင်းဆုံး ဖြစ်သည်။ ၎င်းသည် ကမ္ဘာလောက၏ အမြင့်ဆုံးသော ‘ယန်’ စွမ်းအင်များကို စုစည်းထားပြီး ဖျက်ဆီးခြင်း အရှိန်အဝါများနှင့်အတူ မုန့်ဝမ်ကို လွှမ်းခြုံသွားသည်။
မုန့်ဝမ်သည် မီးပင်လယ်ကြီးထဲ ရောက်နေသကဲ့သို့ ခံစားရပြီး ပြင်းထန်သော အပူရှိန်ကြောင့် အရေပြားများ လောင်ကျွမ်းကာ အသက်ရှူပင် ကျပ်လာစေသည်။
မိုးကြိုးလေးချက်စလုံးမှာ တစ်ချက်ထက် တစ်ချက် ပိုမို အားကောင်းလှပြီး အချက်တိုင်းမှာ မုန့်ဝမ်၏ အသက်ကို နုတ်ယူရန် ကြိုးစားနေသကဲ့သို့ပင်။
နောက်ဆုံး မိုးကြိုး ပျောက်ကွယ်သွားချိန်တွင် မုန့်ဝမ်၏ တစ်ကိုယ်လုံးမှာ မည်းမှောင်နေပြီး ဝတ်စုံမှာလည်း စုတ်ပြတ်သတ်နေရာ ငရဲမှ တက်လာသော ကလဲ့စားချေမည့် ဝိညာဉ်တစ်ခုနှင့် တူလှသည်။
သို့သော် သူမသည် လဲမကျဘဲ ဆက်လက် ရပ်တည်နိုင်ခဲ့သဖြင့် နက်နဲသော ဝိညာဉ်အဆင့် ကောင်းကင်ဘေးဒဏ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ‘နက်နဲသော ဝိညာဉ်အဆင့် ကျင့်ကြံသူ’ ဖြစ်လာခဲ့ပြီဖြစ်သည်။
မုန့်ဝမ်သည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ခဏတာ အသက်ရှူနှုန်းကို ထိန်းညှိလိုက်သည်။ အသက်ရှူသံ တည်ငြိမ်သွားသောအခါမှ သူမ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ခန္ဓာကိုယ်အတွင်း လှိုင်းထနေသော ဝိညာဉ်စွမ်းအင်များကို ခံစားရင်း သူမ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။
‘သွေးမိစ္ဆာ ကောင်းကင်ဘုံ ကျင့်စဉ်’ ၏ မိုးကြိုးစွမ်းအားကို စုပ်ယူနိုင်စွမ်းနှင့် ဒဏ်ရာများကို ပြန်လည် ကုသနိုင်စွမ်းသာ မရှိပါက သူမသည် အများဆုံး မိုးကြိုးသုံးချက်ကိုသာ တောင့်ခံနိုင်ပေလိမ့်မည်...
နေဦး.......
ဤသည်ကို တွေးမိသည်နှင့် မုန့်ဝမ်၏ မျက်လုံးများတွင် အံ့ဩမှုနှင့် သံသယများ လက်ခနဲ ပေါ်လာသည်။ ‘သွေးမိစ္ဆာ ကောင်းကင်ဘုံ ကျင့်စဉ်’ က ဘယ်တုန်းက မိုးကြိုးစွမ်းအားကို စုပ်ယူနိုင်သွားတာလဲ.......
ဤကျင့်စဉ်သည် လူသားတို့၏ အနှစ်သာရနှင့် သွေးကိုသာ စုပ်ယူနိုင်သည့် စစ်မှန်သော သွေးမိစ္ဆာကျင့်စဉ် ဖြစ်ကြောင်း သူမ သေချာ မှတ်မိနေသည်။
ကောင်းကင်မိုးကြိုး၏ စွမ်းအားကို လုယူပြီး သွေးအနှစ်သာရအဖြစ် ပြောင်းလဲရန်မှာ ဝူကျိဝေ၏ ‘တာအိုမူလ သွေးကျမ်းစာ’ ပင်လျှင် မတတ်နိုင်သော အရာဖြစ်သည်။
မုန့်ဝမ်၏ ရင်ထဲတွင် စိုးရိမ်စိတ်တစ်ခု ဝင်လာသည်။ တစ်ခုခုမှာ သူမ၏ ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်သွားပြီဟု သူမ၏ အသိစိတ်က ပြောနေသည်။
သူမသည် ‘တာအိုမူလ သွေးကျမ်းစာ’ ကို ထုတ်ယူ၍ ဖတ်ကြည့်လိုက်သောအခါ ၎င်းမှာ အလွန်ပင် ရိုးရှင်းလွန်းနေပြီး အမှားအယွင်းများစွာကိုပင် တွေ့နေရသည်။
မကြာခင်ကမှ သူမအတွက် နားလည်ရခက်လှသော ဤကျမ်းစာမှာ ယခုအခါ အဘယ်ကြောင့် ဤမျှ လွယ်ကူနေရသနည်း....... သူမ၏ စိတ်ထဲရှိ ‘သွေးမိစ္ဆာ ကောင်းကင်ဘုံ ကျင့်စဉ်’ မှာ သူမ မှတ်ဉာဏ်ထဲရှိ ကျင့်စဉ်ထက် ပိုမို ပြည့်စုံပြီး အစွမ်းထက်နေသည်။
၎င်းသည် မိုးကြိုးစွမ်းအားကို သန့်စင်နိုင်ရုံတင်မကဘဲ လောကရှိ အရာအားလုံးကို လုယူနိုင်သည့် စွမ်းအားလည်း ရှိနေသည်။
မုန့်ဝမ်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ ‘အသိအမြင်ပွင့်လင်းရာ စင်မြင့်’ သည် လူတို့အား ‘ဉာဏ်အလင်းပွင့်စေခြင်း’ကို ပေးစွမ်းနိုင်သည်ဟု ကောလာဟလများ ရှိသည်။
သူမ သတိလစ်နေစဉ်မှာပင် ဉာဏ်အလင်းပွင့်သွားခဲ့ခြင်းလော....... ထိုစင်မြင့်၏ လွှမ်းမိုးမှုအောက်တွင် သူမသည် ကျမ်းစာကို သင်ယူလိုက်ရုံတင်မကဘဲ ၎င်းကို သူမ၏ ကျင့်စဉ်နှင့် ပေါင်းစပ်ကာ အဆင့်သစ်တစ်ခုသို့ မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်နိုင်သည်လော.......
မုန့်ဝမ်သည် ဤသည်မှာ အမှန်တရားအားလုံး မဟုတ်နိုင်ဟု ခံစားနေရသည်။ သူမ မည်မျှပင် စဉ်းစားသော်လည်း သတိမလစ်မီက ဖြစ်ရပ်များကို မမှတ်မိတော့ပေ။
နှလုံးစားပိုးကောင်နှင့် မြူပိုးကောင်အမတို့ကို မေးကြည့်သောအခါတွင်လည်း သူမသည် ထိုနေရာသို့ ရောက်သည်နှင့် ဆန်းကြယ်သော အခြေအနေတစ်ခုထဲသို့ ရောက်သွားခဲ့ပြီး ကျမ်းစာကို ထုတ်ကာ တစ်ယောက်တည်း ရေရွတ်နေခဲ့ကြောင်းသာ ပြောကြသည်။
သူတို့၏ စကားကို ကြားပြီးနောက် မုန့်ဝမ်သည် နက်နက်နဲနဲ စဉ်းစားနေမိသည်။ သူမသည် ဉာဏ်အလင်းပွင့်နေစဉ်မှာပင် ကျင့်စဉ်ကို အပြည့်စုံဆုံးဖြစ်အောင် ပြုပြင်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။
မုန့်ဝမ်သည် သူမ၏ နားထင်ကို ပွတ်လိုက်ပြီး ထိုကိစ္စကို ဆက်မတွေးတော့ဘဲ စင်မြင့်အောက်သို့ ကြည့်လိုက်သည်။ သို့သော် သူမ ဘာမှ မလုပ်ရသေးခင်မှာပင် ပြင်းထန်သော ပို့ဆောင်ခြင်း စွမ်းအားတစ်ခုက သူမကို လွှမ်းခြုံသွားပြီး ခဏချင်းမှာပင် သူမသည် စင်မြင့်အပြင်ဘက်သို့ ရောက်ရှိသွားတော့သည်။
“ကပ်စေးနှဲလိုက်တာ... ခဏလေးတောင် ထပ်နေခွင့် မပေးဘူးလား.......”
မုန့်ဝမ်သည် တစ်ယောက်တည်း ရေရွတ်ရင်း စင်မြင့်ကို တမ်းတမ်းတတ ကြည့်ကာ ထွက်လာခဲ့သည်။ သူမသည် အောက်ကျောင်းတော်သို့ မပြန်မီ နည်းပြ ချင်းယီ ထံသို့ ဦးစွာ သွားရောက်ခဲ့သည်။
ချင်းယီသည် မုန့်ဝမ် ဤမျှ မြန်မြန် အဆင့်တက်လာသည်ကို မြင်သောအခါ အလွန် ဝမ်းသာသွားသည်။
“အရမ်းကောင်းတယ်။ တစ်နှစ်အတွင်းမှာတင် ရွှေအမြုတေ ပထမဆင့်ကနေ နက်နဲသော ဝိညာဉ် ပထမဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲ..... ဒီလို ကျင့်ကြံမှု အရှိန်မျိုးက အောက်ကျောင်းတော် တစ်ခုလုံးမှာတောင် ရှားပါတယ်.......”
“ဆရာ့ရဲ့ လမ်းညွှန်မှုကြောင့်ပါ၊ မဟုတ်ရင် တပည့်ဟာ ဒီနေ့လို အောင်မြင်မှုမျိုး ရမှာ မဟုတ်ပါဘူး.......” မုန့်ဝမ်က ကျေးဇူးတင်သော အမူအရာဖြင့် ပြောလိုက်သည်။
“မင်းက နှိမ့်ချလွန်းနေပါပြီ.......” နည်းပြ ချင်းယီက ပြုံးလျက် ဆက်ပြောသည် ....... “ကျင့်ကြံခြင်းလမ်းမှာ နားလည်နိုင်စွမ်းက အဓိကပဲ။
အထူးသဖြင့် အဆင့်မြင့်လာလေ ပိုအရေးကြီးလေပဲ။ နက်နဲသော ဝိညာဉ်အဆင့်ဟာ အကွေ့အကောက်တစ်ခုပဲ၊ စစ်မှန်တဲ့ ပါရမီရှိသူတွေမှသာ ‘ဝိညာဉ်ပြောင်းလဲခြင်း’ အဆင့်ကို ရောက်နိုင်မှာ။ မင်းအနေနဲ့ မာနမတက်ဘဲ တာအိုကျင့်စဉ်တွေကို ဆက်လက် ကြိုးစားအားထုတ်စေချင်တယ်.......”
မုန့်ဝမ်၏ မျက်နှာမှာလည်း တည်ကြည်သွားပြီး ....... “ဆရာ့ရဲ့ ဆုံးမမှုကို တပည့် နှလုံးသွင်းထားပါ့မယ်.......”
ချင်းယီက ခေါင်းညိတ်ပြပြီး ....... “ပြီးတော့ ‘ထျန်းချန် ဓားသိုင်း’ ကိုလည်း မမေ့နဲ့။ နက်နဲသော ဝိညာဉ်အဆင့်ကို ရောက်မှသာ ဒီဓားသိုင်းရဲ့ စစ်မှန်တဲ့ စွမ်းအားကို ထုတ်ဖော်နိုင်မှာ။ အများကြီး လေ့ကျင့်ဖို့ မမေ့နဲ့ဦး.......”
“ဟုတ်ကဲ့ပါ.......”
မုန့်ဝမ်သည် ချင်းယီ၏ ဂူမှ ထွက်လာပြီး အောက်ကျောင်းတော်သို့ ပြန်ရန် ရည်ရွယ်ထားသော်လည်း တစ်ခုခုကို သတိရသွားကာ အထက်တန်းကျောင်းဆီသို့ ဦးတည်လိုက်သည်။
ဝူကျိဝေသည် သူမကို ကျမ်းစာ သင်ပေးစဉ်က ၎င်းကို တတ်မြောက်ပါက အထက်တန်းကျောင်းသို့ လာရှာရန်နှင့် လက်ဆောင်ကြီးတစ်ခု ပေးမည်ဟု ပြောခဲ့ဖူးသည်။
မိသားစုကြီးတစ်ခုမှ အမျိုးသမီးတစ်ဦးက ‘လက်ဆောင်ကြီး’ ဟု ခေါ်ဆိုသည်မှာ သာမန်အရာ မဟုတ်နိုင်ပေ။
မုန့်ဝမ်သည် ဝူကျိဝေ ပေးမည့် လက်ဆောင်က ဘာဖြစ်မလဲဆိုသည်ကို စိတ်ဝင်စားနေမိသည်။ အထက်ကျောင်းေတာ်တွင်းသို့ ရောက်သောအခါ သူမသည် လူသူရှင်းသော လမ်းများမှတစ်ဆင့် ဝူကျိဝေ၏ အဆောင်သို့ သွားခဲ့သည်။
ယခင်က အစေခံမလေးကပင် တံခါးဖွင့်ပေးပြီး မုန့်ဝမ်ကို ဘေးခန်းတစ်ခုတွင် ခဏ စောင့်ခိုင်းထားသည်။
“သခင်မလေးက အခု ကျင့်ကြံနေတုန်းမို့ ခဏစောင့်ပေးပါ။ ကျင့်ကြံရာက ထွက်လာရင် ခေါ်တွေ့ပါလိမ့်မယ်.......”
မုန့်ဝမ်သည် ထိုအခန်းထဲတွင် ရက်အနည်းငယ်ကြာအောင် စောင့်ခဲ့ရပြီး နောက်ဆုံးတွင် ဝူကျိဝေ ထွက်လာခဲ့သည်။
“သခင်မလေးကို ဂါရဝပြုပါတယ်။ ပြီးခဲ့တဲ့ တစ်ေခါက်က ပေးခဲ့တဲ့ ကျမ်းစာကို ကျွန်မ တတ်မြောက်သွားပါပြီ.......”
ဝူကျိဝေ၏ အကြည့်မှာ မုန့်ဝမ်အပေါ် ကျရောက်လာပြီး အံ့ဩသော အလင်းတန်းများ လက်ခနဲ ပေါ်သွားသည် ....... “အိုး... ဒီလောက် မြန်မြန် တတ်သွားတာလား.......”
မုန့်ဝမ်သည် ခေါင်းကို ငုံ့ထားရင်း ရိုသေစွာဖြင့် ....... “သခင်မလေးကို မလိမ်ရဲပါဘူး၊ ကျွန်မ တကယ် တတ်မြောက်သွားပါပြီ.......”
***