"ဝံပုလွေဘုရင်ရဲ့ သား ဂါဆိုးလ် ဟွာရှပြည်မှာ သေဆုံးသွားပြီ..."
"ငါတို့ လွှတ်လိုက်တဲ့ အတော်ဆုံး ဘုန်းတော်ကြီးတွေလည်း အဆက်အသွယ် ပြတ်သွားပြီ..."
"ဒါပေမဲ့ ဘယ်သူက လက်ဆော့လိုက်တာလဲ ဆိုတာ အခုထိ မသိရသေးဘူး..."
"ဟွာရှပြည်ကို ဝင်လာတဲ့ နိုင်ငံအသီးသီးက ထူးခြားတဲ့ သက်ရှိ ထောင်ချီ ညတွင်းချင်း လေထဲ ပျောက်ကွယ်သွားသလို ပျောက်သွားကြတယ်..."
"ဟွာရှပြည်... ဘုရားသခင်ရဲ့ လက်ဆောင်ကြောင့် ဟွာရှ ကျင့်ကြံခြင်း လောကရဲ့ စွမ်းအားတွေ တဟုန်ထိုး တက်လာတာလား..."
နိုင်ငံအသီးသီးက ကျင့်ကြံသူများသည် ဟွာရှပြည်သို့ စေလွှတ်လိုက်သော သူများနှင့် ဆက်သွယ်၍ မရတော့ကြောင်း သိလိုက်ရချိန်တွင် ထိုသူများ သေဆုံးသွားပြီ ဖြစ်ကြောင်း အားလုံး နားလည်လိုက်ကြသည်။
သို့သော် အလွန် ထူးဆန်းလွန်းလှသည်။ ဟွာရှ ကျင့်ကြံခြင်း လောက၏ စွမ်းအားကို သူတို့ ကောင်းကောင်း သိကြသည်။ ဟွာရှပြည်ရှိ ရှေးဟောင်း ကောင်းကင်ဘုံ လိုဏ်ဂူများ အမှန်တကယ် ပွင့်မလာသေးပေ။ လုံးဝ လျှို့ဝှက်နေသော ထို အင်အားကြီး ဂိုဏ်းများသည်လည်း ခေတ်သစ် လောကထဲသို့ ဝင်မလာကြသေးပေ။ လက်ရှိ ဟွာရှ ကျင့်ကြံခြင်း လောက၏ စွမ်းအားနှင့် ဆိုလျှင် ညတွင်းချင်း ကမ္ဘာအနှံ့မှ ကျင့်ကြံသူ ထောင်ချီကို သတ်ပစ်နိုင်စရာ အကြောင်း လုံးဝ မရှိပေ။
ဒါက အလွန် ပုံမှန် မဟုတ်ပေ။
နိုင်ငံအသီးသီးက ကျင့်ကြံခြင်း လောကများသည် နည်းလမ်းမျိုးစုံဖြင့် အမှန်တရားကို ရှာဖွေရန် ကြိုးစားခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် နောက်ဆုံးတွင် ဘာလုပ်ရမှန်း မသိ ဖြစ်နေကြရသည်။
အမေရိကန် နိုင်ငံ။
ဧကရာဇ် အဖွဲ့အစည်း ဌာနချုပ် တွင် ခေါင်းဆောင် ၃ ယောက်ထဲမှ နောက်ဆုံး ကျန်ရစ်သူ ဖြစ်သော အာရ်ဝီလီယံသည် အနည်းငယ် တုန်ယင်နေလေသည်။
"ဟို... သခင်ကြီး ယဲ့... ယဲ့ဘုရင် သေဆုံးသွားတာ ကျွန်တော်နဲ့ တကယ် ဘာမှ မဆိုင်ပါဘူး... ပြီးတော့ ယဲ့ဘုရင် အတွက် လက်စားချေချင်တယ် ဆိုရင်လည်း မေ့ထားလိုက်ဖို့ပဲ အကြံပေးချင်ပါတယ်... လူကြီးမင်းရဲ့ စွမ်းအားက ကြောက်စရာ ကောင်းပြီး ကျွန်တော်တို့ ဧကရာဇ် အဖွဲ့အစည်းရဲ့ ဘုရင် ထက်တောင် ပိုစွမ်းအားကြီးနိုင်ပေမဲ့... လူကြီးမင်း တွေ့ရမယ့် သူက လူကြီးမင်းကို သေချာပေါက် သတ်နိုင်လောက်တယ်..."
အာရ်ဝီလီယံက သူ့ရှေ့ရှိ အဘိုးအိုကို စိုက်ကြည့်ကာ စကားလုံးများကို သေချာ ရွေးချယ်ပြီး ပြောလိုက်သည်။
"ယဲ့မိသားစုက ဟွာရှပြည်ကနေ ထွက်သွားတာ အရမ်း ကြာနေပြီပဲ... ဟွာရှ ကျင့်ကြံသူတွေက ကျန်းဝူ ယဲ့မိသားစုကို မေ့သွားကြပြီ ထင်တယ်... ရှန်ကျိုး မြေပေါ်မှာ ကျန်းဝူ မိသားစု တစ်ခု ရှိခဲ့တယ် ဆိုတာ သူတို့ မမေ့သင့်ဘူး..." အဘိုးအိုက အာရ်ဝီလီယံကို အေးစက်စွာ ကြည့်လိုက်ပြီး စကားဆုံးသည်နှင့် တစ်ပြိုင်နက် လေထဲတွင် အသံတိတ် ပျောက်ကွယ်သွားလေသည်။
"တောက်... ဒီအဘိုးကြီးက တကယ် စွမ်းအားကြီးတာပဲ... ကျန်းဝူ ယဲ့မိသားစု... ကျန်းဝူ ဆိုတာ ဘာအဓိပ္ပါယ်လဲ ဆိုတာ နားမလည်ပေမဲ့ အရမ်း စွမ်းအားကြီးတဲ့ ပုံပဲ... ဘာပဲဖြစ်ဖြစ် ငါ့တူမလေး ကက်သရင်းဆီ အရင် ဖုန်းဆက်ပြီး ချန်ကျန်းကို သတိပေးခိုင်းရမယ်..."
အာရ်ဝီလီယံ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဟွာရှပြည်ရှိ ကက်သရင်းဆီ ဖုန်းခေါ်ရန် ဖုန်းကို ထုတ်လိုက်သည်။
...
ယခုအချိန် တောင်ပိုင်း ဟွာရှ တွင်...
နန်ကျင်း တက္ကသိုလ် ဝင်းအတွင်းရှိ နန်ဖုန်း ကော်ဖီဆိုင်တွင် ချန်ကျန်း၊ အန်းကျင်း၊ စုချန်နှင့် ဇူချင်းဟုန် တို့ သုံးယောက် ထိုင်နေကြသည်။ သူတို့နှင့် မျက်နှာချင်းဆိုင်တွင် အပေါ်ထပ် အင်္ကျီရှည် ဝတ်ဆင်ထားသော အမျိုးသား တစ်ယောက် ထိုင်နေ၏။ ထိုအမျိုးသား၏ အပြင်ပန်း ပုံစံကို ကြည့်ရုံဖြင့် အသက်ဘယ်လောက် ရှိပြီလဲ ဆိုတာ ခန့်မှန်းရ ခက်ပေသည်။
"ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရမယ် ဆိုရင် ကျွန်တော့် နာမည်က ကျန်းဟောက်ရန် ပါ... လော်ဖူတောင်က လာတာပါ..." အပေါ်ထပ် အင်္ကျီရှည်နှင့် အမျိုးသားက ချန်ကျန်းကို မိနစ်အနည်းငယ်မျှ ကြည့်ပြီးနောက် စကားစလိုက်သည်။ ထို့နောက် ခေတ္တ ရပ်တန့်သွားပြီး ရုတ်တရက် ပြုံးလိုက်ကာ ပြောသည်။ "ချန်ကျန်း... ခင်ဗျားက အရမ်း အန္တရာယ် များတယ်..."
"ဒီနှစ်တွေ အကုန်လုံး ဆရာက လော်ဖူတောင် မှာပဲ ပျောက်နေခဲ့တာလား..."
အန်းကျင်းက မေးလိုက်သည်။
ကျန်းဟောက်ရန်သည် သူမ၏ ဆရာ ဖြစ်ပြီး သူမကို ရှေးဟောင်း သိုင်းပညာ သင်ပေးခဲ့သူ ဖြစ်ပေသည်။ သူနှင့် မတော်တဆ ဆုံတွေ့ခဲ့ပြီးနောက် သူက သိုင်းပညာ သင်ပေးမည်ဟု ဆိုကာ ရက်အနည်းငယ် အတွင်း ပျောက်ကွယ်သွားခဲ့သည်။ အန်းကျင်းထံ ဖုန်းနံပါတ် တစ်ခု ထားခဲ့သော်လည်း အန်းကျင်းက ထိုဖုန်းနံပါတ်ကို တစ်ခါမှ မခေါ်ခဲ့ဖူးပေ။
"မင်းက အရမ်း အန္တရာယ် များတယ်... ပြီးတော့ ဂြိုဟ် ၉ လုံး တန်းစီတဲ့ နိမိတ်လည်း ပေါ်လာပြီ ဆိုတော့ ကောင်းကင်ဘုံ လိုဏ်ဂူတွေက အဓိက ဂိုဏ်းတွေလည်း ထွက်ပေါ်လာတော့မယ်... ကျင့်ကြံခြင်း လောကနဲ့ ခေတ်သစ် လောကက သိပ်ပြီး အေးချမ်းတော့မှာ မဟုတ်ဘူး... ဒါကြောင့် အန်းကျင်းကို လော်ဖူတောင် ခေါ်သွားချင်လို့... လော်ဖူတောင်က ဒီလောကထဲကို ထွက်လာမှာ ဆိုပေမဲ့ လင်းယွင် နဲ့ မသေမျိုး နန်းတော် တို့ရဲ့ တိုက်ပွဲမှာ လော်ဖူတောင်က ဝင်ပါမှာ မဟုတ်ဘူး..."
ကျန်းဟောက်ရန်က အန်းကျင်းကို ပြန်မဖြေဘဲ ချန်ကျန်းကို ပြုံးကြည့်ရင်း ပြောလိုက်သည်။
"လော်ဖူတောင်ကို သွားရမယ်..." အန်းကျင်း အစပိုင်းတွင် အနည်းငယ် ကြောင်အမ်းသွားသည်။
အမှန်အတိုင်း ပြောရလျှင် လော်ဖူတောင် သို့ သွားရန် သူမ တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။ သူမ အသက် ဆယ်နှစ်ကျော် အရွယ် မိန်းကလေး တစ်ယောက် ဖြစ်ခဲ့လျှင်တော့ စဉ်းစားကောင်း စဉ်းစားမည် ဖြစ်သော်လည်း ယခုတော့ လုံးဝ စဉ်းစားမည် မဟုတ်ပေ။ ထို့ကြောင့် သူမ ချန်ကျန်းကို ကြည့်လိုက်သည်။
"မရလောက်ဘူး..."
ချန်ကျန်းက စကားလုံး ၃ လုံးတည်းဖြင့် ပြန်ဖြေလိုက်သည်။
ထိုစကားလုံး ၃ လုံးကို ကြားလိုက်ရချိန်တွင် အန်းကျင်း မျက်နှာပေါ်၌ ပန်းပွင့်လေး တစ်ပွင့်ကဲ့သို့ အပြုံးများ ပေါ်လာပြီး ဘာမှ မပြောတော့ဘဲ ချန်ကျန်း၏ ပါးကို ချက်ချင်း နမ်းလိုက်လေသည်။
တကယ်လို့ ချန်ကျန်းက သူ့သဘောထားကို မပြောဘဲ သူမ ဆုံးဖြတ်ချက်ကိုသာ နားထောင်မည် ဆိုလျှင် သူမ စိတ်မသက်မသာ ဖြစ်မိမည် ဖြစ်သည်။ သို့သော် ထိုအမျိုးသားက ‘မရလောက်ဘူး’ ဟု ပြောလိုက်သည့် အတွက် ထိုအမျိုးသား၏ ရင်ထဲတွင် သူမ ရှိနေကြောင်း ပြသနေလေပြီ။
ဒီကောင်လေးက ထိုစကား ၃ လုံးကို ပြောလိုက်ချိန်တွင် လေသံက အလွန် တည်ငြိမ်နေသော်လည်း မမြင်ရသော လွှမ်းမိုးမှု တစ်ခု၊ မည်သူမျှ မဆန့်ကျင်ရဲသော လွှမ်းမိုးမှု တစ်ခု ပါဝင်နေကြောင်း သူမ ခံစားမိလိုက်သည်။
"တကယ်တော့ ခေတ်သစ် လောကကို မတော်တဆ ရောက်လာတုန်းက အန်းကျင်း နဲ့ အမှတ်မထင် ဆုံခဲ့တာပါ... တပည့် လက်ခံဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်ပါဘူး... အဲဒီတုန်းက တရားဝင် တပည့် အဖြစ်လည်း လက်မခံခဲ့ပါဘူး... ဒီနှစ်တွေ အတွင်းမှာ နန်ရှီမြို့မှာ ခင်ဗျားလို ကြောက်စရာ ကောင်းတဲ့ သူ ပေါ်လာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ..."
အန်းကျင်းက ချန်ကျန်းကို နမ်းလိုက်သည်ကို မြင်သောအခါ ကျန်းဟောက်ရန်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
"သိုင်းဖက်..."
"ခန္ဓာကိုယ်..."
စုချန်နှင့် ဇူချင်းဟုန် တို့ ထိုစကားကို ကြားလိုက်ချိန်တွင် နှစ်ယောက်လုံး လန့်သွားကြသော်လည်း ထိုသို့သော အကြောင်းပြချက် ရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ကြပေ။
"သိုင်းဖက်..." အန်းကျင်း ထိုစကားကို ကြားလိုက်ချိန်တွင် ကြောင်အမ်းသွားသော်လည်း ချက်ချင်း ပြန်ပြောလိုက်သည်။ "ဆရာ... ကျွန်မကို သိုင်းပညာ သင်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ အချစ်ရေး ကိစ္စကတော့... ဆရာလည်း နားလည်မှာပါ... ဒီဘဝမှာတော့ ကျွန်မ ဘေးက ဒီကောင်လေး နောက်ကိုပဲ လိုက်ရတော့မှာပါ..."
"..." ကျန်းဟောက်ရန် ထပ်မံ ကြားလိုက်ရပြန်ပြီး ခါးသီးစွာ ပြန်ပြုံးလိုက်ပြန်သည်။ ခေါင်းခါလိုက်ပြီးနောက် ချန်ကျန်းကို ရုတ်တရက် ကြည့်လိုက်သည်။ "အန်းကျင်းက လော်ဖူတောင်ရဲ့ တပည့် တစ်ယောက်ပါ... လော်ဖူတောင်ရဲ့ စည်းမျဉ်းတွေ အရ အန်းကျင်းကို လော်ဖူတောင် ဘိုးဘေး ခန်းမကို ခေါ်သွားရမှာပါ... ဒါပေမဲ့ အန်းကျင်းက လော်ဖူတောင်ကို မလိုက်ချင်ဘူး ဆိုတော့... ခင်ဗျား ဓားကို ခံယူဖို့ တောင်းဆိုရတော့မှာပဲ..."
ကျန်းဟောက်ရန် ပြောပြီးသည်နှင့် မျက်နှာထား ပြောင်းလဲသွားသည်။ ထို့နောက် အန်းကျင်း၊ စုချန်နှင့် ဇူချင်းဟုန် တို့ ၃ ယောက်လုံး သူတို့ ရှေ့ရှိ မြင်ကွင်း ရုတ်တရက် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး ချန်ကျန်းနှင့် ကျန်းဟောက်ရန် တို့ လေထဲ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားလေသည်။
"ရွှီး..."
ထိုအခိုက်အတန့်တွင် ချန်ကျန်းက ဓားသမားများ၏ အသံကို ကြားလိုက်ရသည်။
ယခုအချိန်တွင် သူ့ခန္ဓာကိုယ်ကို ဓားသမားများ ဝိုင်းရံထားလေပြီ။
"ချန်ကျန်း... ဒါ လော်ဖူ ဓားအစီအရင် ပဲ... မင်း အန်းကျင်းကို ထားခဲ့ရမယ်... လော်ဖူ ဓားအစီအရင် ထဲမှာပဲ နေခဲ့ရမယ်... မင်း..."
ကျန်းဟောက်ရန်က တိုးတိုးလေး ပြောလိုက်သော်လည်း စကားတစ်ဝက်မှာတင် သူ၏ မျက်နှာ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ချန်ကျန်းက ညာလက်ကို မြှောက်ပြီး ဓားအစီအရင်ကို ညင်သာစွာ ထိလိုက်သည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။ နောက်တစ်စက္ကန့်တွင် သူ၏ လော်ဖူ ဓားအစီအရင် ပျက်စီးသွားလေပြီ။
"ဘုန်း..."
ဓားအစီအရင် ပုံရိပ်ယောင် ပျောက်ကွယ်သွားလေသည်။
အရာအားလုံး ပုံမှန် အခြေအနေသို့ ပြန်ရောက်သွား၏။
သို့သော် ယခုအချိန်တွင် ကျန်းဟောက်ရန်၏ မျက်နှာမှာ ဖြူရော်နေပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျနေကာ ချန်ကျန်းကို ထိတ်လန့်တကြား ကြည့်နေလေသည်။
"ခုနက ဘာဖြစ်သွားတာလဲ..."
အန်းကျင်း အနည်းငယ် ကြောင်အမ်းနေသည်။
စုချန်လည်း အနည်းငယ် ကြောင်အနေ၏။
ဇူချင်းဟုန်က ဓားဂိုဏ်းမှ လာသူ ဖြစ်၍ အချို့ကို ခန့်မှန်းမိသော်လည်း ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။ လော်ဖူတောင်သည် ကောင်းကင်ဘုံ လိုဏ်ဂူ တွင် ပါဝင်ပြီး ဓားပညာက ဓားဂိုဏ်း ထက် သာလွန်ပေသည်။ သို့သော် ချန်ကျန်း ရှေ့တွင်တော့ ဘာမှ မဟုတ်ပေ။
"ခင်ဗျား တကယ် ကြောက်စရာ ကောင်းတာပဲ... အနည်းဆုံးတော့ ခင်ဗျားကို ယှဉ်တိုက်နိုင်မယ်လို့ ထင်ခဲ့တာ..."
ကျန်းဟောက်ရန်က ချန်ကျန်းကို ကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်ကာ မတ်တပ် ထရပ်လိုက်သည်။ ထို့နောက် ချန်ကျန်း ရှေ့တွင် လက်ယှက်ပြီး ရင်ဘတ်ကို ဖိကာ ထွက်ခွာသွားလေသည်။
"လော်ဖူတောင်ရဲ့ ဓားပညာက သိပ်ပြီး သာမန်ပါပဲ..."
ကျန်းဟောက်ရန် ထွက်သွားပြီးနောက် ချန်ကျန်းက ရုတ်တရက် ပြောလိုက်သည်။
"ဟင်... ရှင်..."
အန်းကျင်း ခေတ္တ ကြောင်သွားပြီးနောက် ချန်ကျန်းကို လက်သီးလေးဖြင့် ထိုးလိုက်သော်လည်း နောက်ထပ် အနမ်းတစ်ပွင့် ထပ်ပေးလိုက်လေသည်။
"သခင်လေး... ဓားဂိုဏ်းရဲ့ ဓားပညာ ကိုကော ဘယ်တော့လောက် စမ်းကြည့်မလဲ..." ဇူချင်းဟုန် ထိုစကားကို ကြားလိုက်ချိန်တွင် ရင်ထဲ၌ အတွေးတစ်ခု ဝင်လာပြီး မေးလိုက်သည်။
ဘာဖြစ်သွားမှန်း သူမ မသိပေ။ သူမ ရှေ့ရှိ အမျိုးသားကို ကြည့်ပြီး ရုတ်တရက် ကြိုတင် ခံစားမှု တစ်ခု ရလာသည်။ ဟွာရှပြည်ရှိ ကျင့်ကြံခြင်း လောက ကမ္ဘာကြီးကို တံခါးဖွင့်လိုက်ချိန်တွင် နှစ်ရာပေါင်းများစွာ လောကကို ရှောင်ဖယ်နေခဲ့သော ထိုလူများသည် ကျင့်ကြံခြင်း လောက တစ်ခုလုံး၏ ရန်သူ ဖြစ်လာနိုင်ခြေ များကြောင်းပင်။
အခန်း ၁၃၃ ပြီး