ကျင်းချန်မြို့၊ ကျန်းမိသားစု အိမ်တော်။
"တချို့လူတွေ ဒီကို ရောက်နေကြပြီ... သူတို့က ကောင်းကင်ဘုံ လိုဏ်ဂူ တွေက လူတွေပဲ... ကျင့်ကြံခြင်း လောကရဲ့ တားမြစ်ချက် ၃ ခု ထဲကနေ ကျွန်တော်တို့ ကျန်းမိသားစု သိမ်းဆည်းထားတဲ့ တစ်ခုကို သူတို့ လိုချင်နေကြတယ်... ကောင်းကင်ဘုံ လိုဏ်ဂူတွေ တကယ် မပွင့်သေးခင်မှာပဲ သူတို့ စတင် လှုပ်ရှားနေကြပြီလို့ မထင်ထားခဲ့ဘူး... ဒီတစ်ခါတော့ သူတို့က ခေတ်သစ် လောကထဲကို ဝင်လာဖို့ သန္နိဋ္ဌာန် ချထားပုံရတယ်..."
ကျန်းပိုယွဲ့က ချန်ကျန်း ဘေးတွင် ရိုသေစွာ မတ်တပ်ရပ်နေရင်း သက်ပြင်းချလိုက်လေသည်။
"အဲဒီ တားမြစ်ချက်ကို ကျန်းကျစ်ယာ ချန်ထားခဲ့တာလား..."
ချန်ကျန်းက ထိုက်ရှီး ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လက်ဖက်ရည် တစ်ငုံ သောက်ကာ ခွက်ကို ချထားရင်း မေးလိုက်၏။
"တားမြစ်ချက် ၃ ခုကို ဘိုးဘေးတွေ ချန်ထားခဲ့တာပါ... ကျင့်ကြံခြင်း လောကက ခေတ်သစ် လောကကို ဝင်ရောက် စွက်ဖက်မှာ ဆိုးလို့ ဘိုးဘေးတွေက တားမြစ်ချက် ၃ ခုကို ဖန်တီးခဲ့တာပါ... ဒါကြောင့် တားမြစ်ချက် ၃ ခု ရှိနေတာပါ... တားမြစ်ချက် ၃ ခုက ခွန်းလွန် နတ်နန်းတော်ကို သွားတဲ့ သော့ချက် ဆိုတဲ့ ကောလာဟလ တစ်ခုလည်း ရှိပါတယ်... သူတို့က ဒီရည်ရွယ်ချက် အတွက် လာတာ ဖြစ်နိုင်ပါတယ်..."
ကျန်းပိုယွဲ့က အမြန် ပြန်ဖြေလိုက်သည်။
"ခွန်းလွန် နတ်နန်းတော်..."
ချန်ကျန်းက ခွန်းလွန် နတ်နန်းတော် ဆိုသော စကားလုံးကို ကြားလိုက်ချိန်တွင် သူ၏ မျက်နှာပေါ်၌ ပြုံးစစ အရိပ်အယောင် တစ်ခု ပေါ်လာလေသည်။
"ခွန်းလွန် နတ်နန်းတော် ထဲမှာ ဘာတွေ ရှိလို့လဲ..."
ဘေးနားရှိ ဇူချင်းဟုန်က မနေနိုင်ဘဲ ဝင်မေးလိုက်သည်။
"ကမ္ဘာမြေကနေ ထွက်ခွာသွားနိုင်တဲ့ လမ်းကြောင်းလား... ဒါမှမဟုတ် တယ်လီပို့ လုပ်နိုင်တဲ့ နေရာလား..."
ကျန်းပိုယွဲ့က ခန့်မှန်း ပြောဆိုလိုက်ပေသည်။
"ကောင်းကင်ဘုံကို တက်လှမ်းတာလား... ဘာလို့ တက်လှမ်းရမှာလဲ... အထက်ဘုံ ကမ္ဘာမှာ ကမ္ဘာမြေပေါ်ကလို အင်တာနက် ကွန်ရက် ရှိလို့လား..."
ကျန်းရိုက မနေနိုင်ဘဲ တိုးတိုးလေး ရေရွတ်လိုက်သည်။ ကောင်းကင်ဘုံကို တက်လှမ်းခြင်းနှင့် ပတ်သက်၍ သူမ သိပ်ပြီး စိတ်ဝင်စားမှု မရှိပေ။ လုံးဝ စိမ်းသက်နေသော ကမ္ဘာသစ် တစ်ခုသို့ သွားရခြင်းထက် ကမ္ဘာမြေပေါ်တွင် နေရသည်က ပိုပြီး စိတ်ဝင်စားစရာ ကောင်းမည်ဟု သူမ ထင်မြင်နေပေသည်။
"ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်း ဆိုတာ အသက်ရှည်ရှည် နေနိုင်ဖို့ ရှာဖွေတာပဲလေ... အဲဒါက ရှေးခေတ် ကတည်းက ကျင့်ကြံသူတွေ လိုက်စားခဲ့တဲ့ အန္တိမ ပန်းတိုင်ပဲ မဟုတ်လား..."
ဇူချင်းဟုန်က ဝင်ပြောလိုက်ပြီးနောက် ကျန်းရို၏ ရင်ဘတ်ကို မနေနိုင်ဘဲ တစ်ချက် ခိုးကြည့်လိုက်ကာ သူမနှင့် တိတ်တဆိတ် နှိုင်းယှဉ်လိုက်မိသည်။
‘ ကျန်းရို ဆိုတဲ့ ကောင်မလေးက အတော်လေး ဖွံ့ဖြိုးနေပြီး ငါ့ထက်တောင် အရွယ်အစား ပိုကြီးနေပါလား... ’
"အစ်မဟုန်... ကျွန်မ ရင်ဘတ်က အရမ်းကြီးနေတယ်လို့ ထင်နေတာလား..."
ကျန်းရိုက ဇူချင်းဟုန်၏ အကြည့်များ အနည်းငယ် ထူးဆန်းနေသည်ကို ခံစားမိပြီး မနေနိုင်ဘဲ မေးလိုက်လေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." ဇူချင်းဟုန်က အမြန် ပြုံးပြလိုက်သည်။
"အဟွတ်..."
ကျန်းပိုယွဲ့က ချောင်းတစ်ချက် ဟန့်လိုက်ပြီး မြေးဖြစ်သူကို အဓိပ္ပါယ် မရှိတာတွေ မပြောရန် သတိပေးလိုက်လေသည်။
"ချန်ကျန်း... ထွက်လာခဲ့စမ်း... မင်း သေဖို့သာ ပြင်ထား... ကျန်းမိသားစုလည်း ထွက်လာခဲ့ကြ... သေဖို့သာ ပြင်ထားကြ..." ထိုအချိန်တွင် ကျန်းမိသားစု စံအိမ် အပြင်ဘက်မှ ဟိန်းဟောက်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
"ဘုန်း..."
နောက်တစ်စက္ကန့်တွင် ကျန်းမိသားစု စံအိမ်၏ ဝင်ပေါက် တံခါးကြီး ကျိုးပဲ့ ပွင့်ထွက်သွားပြီးနောက် လူပုံရိပ် နှစ်ခုက စံအိမ် ခြံဝင်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကြလေသည်။
"အင်္ကျီပေါ်က အမှတ်အသားက... နဂါးမိသားစုက လူတွေပဲ... နဂါးမိသားစုက လူတွေတောင် စလှုပ်ရှားနေပြီလား..." လာသူများ၏ အင်္ကျီပေါ်မှ နဂါး အမှတ်အသားကို ဇူချင်းဟုန်က ပထမဆုံး မြင်လိုက်ရခြင်း ဖြစ်သည်။ ထို အမှတ်အသားက ကျင့်ကြံခြင်း လောကရှိ မိသားစု တစ်ခုကို ကိုယ်စားပြုပေသည်။ ထိုမိသားစုမှာ ယနေ့ ကျင့်ကြံခြင်း လောက၏ ထိပ်သီး မိသားစု ၃ ခု ထဲမှ လုံ (နဂါး) မိသားစု ပင် ဖြစ်ပေသည်။
‘ နေပါဦး... ’
မူလက ထိပ်သီး ၃ ခု စာရင်းဝင် ဖြစ်ခဲ့သော ကျန်းမိသားစု နေရာတွင် နဂါးမိသားစုက အစားထိုး ဝင်ရောက်သွားခဲ့ခြင်း ဖြစ်ကြောင်း ဇူချင်းဟုန် ရုတ်တရက် သတိရသွားလေသည်။
‘ ဒါက... ’
"နဂါးမိသားစု..."
ကျန်းပိုယွဲ့သည် ထိုသူတို့၏ ကိုယ်ပေါ်မှ နဂါးမိသားစု အမှတ်အသားကို မြင်လိုက်သည်နှင့် သူ၏ မျက်နှာပေါ်တွင် ဒေါသများ ပြည့်နှက်သွားလေသည်။
ကျန်းမိသားစုသည် ကျင့်ကြံခြင်း လောကမှ နှင်ထုတ်ခံခဲ့ရပြီး ထိပ်သီး ၃ ခု စာရင်းမှ ဖယ်ရှားခံခဲ့ရသည်။ ဤအရာသည် ကျားနဂါးတောင်နှင့် ဤ နဂါးမိသားစု တို့၏ အကြံအစည်ပင် ဖြစ်ပေသည်။ ကျန်းမိသားစုမှ မြေကမ္ဘာ နတ်ဘုရား တစ်ပါး သည်လည်း နဂါးမိသားစု၏ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည် မဟုတ်ပါလား။
‘ နာကြည်းစရာပဲ... သွေးကြွေးက အတော်ကို နက်ရှိုင်းလွန်းတယ်... ’
"ချန်ကျန်း... ငါ ဘယ်သူလဲ ဆိုတာ မင်း မှတ်မိသေးရဲ့လား... မင်း ငါ့ကို ပါးတစ်ချက် ရိုက်ခဲ့တာ ငါ ကောင်းကောင်း မှတ်မိသေးတယ်ကွ... မင်း ရိုက်လိုက်တဲ့ ပါးတစ်ချက်ကြောင့် ငါ့ သွေးကြောတွေ အကုန် ပြတ်တောက်ပြီး အသုံးမကျတဲ့ အမှိုက် တစ်ကောင် ဖြစ်သွားခဲ့ရတာလေ... အခုတော့... ငါ မင်းရှေ့မှာ ပြန်ရပ်နေနိုင်ပြီ... မင်း စိတ်ကူးတောင် ယဉ်ဖူးမှာ မဟုတ်ဘူး..."
လူတစ်ယောက်က ရူးသွပ်စွာ ရယ်မောလိုက်သည်။ ထိုသူမှာ ချန်ကျန်း၏ ပါးတစ်ချက် ရိုက်မှုကြောင့် သွေးကြောများ ပြတ်တောက်သွားခဲ့သော နဂါးမိသားစုမှ ဒုတိယ သခင်လေး ပင် ဖြစ်သည်။ ယခုအချိန်တွင် သူက ချန်ကျန်းကို ရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်နေလေသည်။
"အခုထိ အမှိုက် ဖြစ်နေတုန်းပဲ..."
ထိုက်ရှီး ကုလားထိုင်ပေါ်တွင် ထိုင်နေသော ချန်ကျန်းက နဂါးမိသားစု ဒုတိယ သခင်လေးကို ခပ်ပေါ့ပေါ့ပင် တစ်ချက် ကြည့်လိုက်သည်။
"မင်း... ကောင်းတယ်... သိပ်ကောင်းတယ်... အခေါင်း မမြင်မချင်း မျက်ရည်မကျတဲ့ ကောင်ပဲ..." ဒုတိယ သခင်လေးက အေးစက်စက် လှောင်ပြောင်လိုက်ပြီး သူ့ဘေးနားရှိ လူကို အသံနှိမ့်ကာ ပြောလိုက်သည်။ "ဦးလေး ၇... ဒီ ချန်ကျန်းကို ကျွန်တော် ကိုယ်တိုင် သတ်မယ်... ဒီတစ်ခါ သူ့ရဲ့ သွေးကြောတွေ အကုန်လုံးကို ကျွန်တော် ကိုယ်တိုင် ချေမွပစ်မယ်... ကျန်းမိသားစု ကတော့ ယောကျာ်းတွေကို အကုန်သတ်ပြီး... မိန်းမတွေကိုတော့ ဟီးဟီး..." နဂါးမိသားစု ဒုတိယ သခင်လေးက ယုတ်မာစွာ ရယ်မောရင်း ပြောလိုက်သည်။ ထိုသို့ ရယ်မောနေစဉ်မှာပင် သူ့နဖူးပေါ်တွင် ထူးဆန်းသော ဦးချို တစ်စုံ ထွက်ပေါ်လာလေသည်။
"နဂါးဂျို..."
ဇူချင်းဟုန် ထိတ်လန့်သွားသည်။
"နဂါး သွေးဆက်..."
ကျန်းပိုယွဲ့ မျက်မှောင်ကြုတ်သွားလေသည်။
"ကြောက်သွားပြီလား... မိန်းမ... မင်း ဒီကို လာပြီး ငါ့ရှေ့မှာ အညံ့ခံရင် မင်းကို အသက်ရှင်ခွင့် ပေးမယ်..." ဒုတိယ သခင်လေးက ပြုံးလိုက်သည်။ သူ၏ ခေါင်းပေါ်ရှိ ဦးချို တစ်စုံမှာ အပြည့်အဝ ပုံပေါ်နေလေပြီ။ ထိုအချိန်တွင် အလွန် အားကောင်းသော အငွေ့အသက် တစ်ခု ထွက်ပေါ်လာပြီး ကျန်းမိသားစု စံအိမ် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
"ချန်ကျန်း... မင်း အံ့သြသွားပြီလား... ထိတ်လန့်သွားပြီလား... ငါ့ တသက်လုံး အမှိုက် တစ်ကောင် ဖြစ်သွားပြီလို့ မင်း ထင်နေခဲ့တာ မဟုတ်လား... မင်း စိတ်ပျက်သွားပြီ မဟုတ်လား... ဂြိုဟ် ၉ လုံး တန်းစီတဲ့ နိမိတ် ပေါ်လာပြီး ဟွာရှပြည်ရဲ့ စွမ်းအားတွေ ပြန်လည် နိုးထလာတာနဲ့ ငါတို့ နဂါးမိသားစုက အထက်ဘုံ နဲ့ နောက်ဆုံးတော့ အဆက်အသွယ် ပြန်ရသွားပြီကွ... ငါ့ ခန္ဓာကိုယ်ထဲမှာ နဂါးဝိညာဉ် တစ်ခု ရှိတယ်... အထက်ဘုံက စစ်မှန်တဲ့ နဂါး တစ်ကောင်ရဲ့ ဝိညာဉ်ပဲ... အပြည့်အဝ နိုးထမလာသေးရင်တောင် မင်းကို လွယ်လွယ်ကူကူ သတ်ပစ်နိုင်တဲ့ စွမ်းအား အခု ငါ့ဆီမှာ ရှိနေပြီ... ချန်ကျန်း... သေဖို့သာ ပြင်ထားတော့..."
စကားပြောနေရင်းပင် ဒုတိယ သခင်လေးက ချန်ကျန်းကို လက်လှမ်း၍ ဖမ်းဆွဲလိုက်လေသည်။
ကျွတ်...
ကျန်းမိသားစု စံအိမ်ကြီးမှာ နောက်တစ်စက္ကန့်တွင် ပြိုကျတော့မည့် အလား တုန်ခါသွားလေသည်။
"အမှိုက်..."
ချန်ကျန်းက အေးစက်စွာ ကြည့်လိုက်ပြီး သူ့ပါးစပ်မှ စကားတစ်ခွန်းသာ ထွက်ကျလာသည်။
နဂါးအငွေ့အသက်များ ဝင်ပူးနေသော ဒုတိယ သခင်လေးမှာ ဘုန်းကနဲ မြည်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရအောင် လွင့်ထွက်သွားလေသည်။ ထို့နောက် ကျွတ်ခနဲ မြည်သံနှင့်အတူ သူ၏ ခေါင်းပေါ်ရှိ နဂါးဂျို တစ်စုံမှာ တိုက်ရိုက် အက်ကွဲသွားလေတော့သည်။
"ဘာ..."
ဒုတိယ သခင်လေးမှာ လုံးဝ ထိတ်လန့်သွား၏။
"နဂါးဝိညာဉ်ကို အခုထိ မခေါ်သေးဘူးလား..." နဂါးမိသားစုမှ လူလတ်ပိုင်း အရွယ် အမျိုးသားက ထိုမြင်ကွင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ဟိန်းဟောက်လိုက်သည်။
"ဟုတ်တယ်... နဂါးဝိညာဉ်ကို ခေါ်မယ်... ငါ့ဆီမှာ နဂါးဝိညာဉ် ရှိသေးတယ်..." ဒုတိယ သခင်လေးက မြေကြီးပေါ်မှ ထလာပြီး အသက်ပြင်းပြင်း ရှူသွင်းကာ ချန်ကျန်းကို နောက်တစ်ကြိမ် ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူ၏ ရင်ထဲမှ အစီအရင် တစ်ခုကို ဖွင့်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။ "နဂါးဝိညာဉ်... ထွက်ပေါ်လာခဲ့စမ်း..."
"ဝေါ..."
ဟိန်းဟောက်သံကြီး တစ်ခု။
ဧရာမ ပုံရိပ်ယောင်ကြီး တစ်ခု။
နဂါးဝိညာဉ်...
ဒုတိယ သခင်လေးက နဂါးဝိညာဉ် တစ်ခုကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။
ဤ နဂါးဝိညာဉ် ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် ကောင်းသော နဂါးစွမ်းအားများက ကျန်းမိသားစု တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ပိတ်ဆို့လိုက်သကဲ့သို့ ဖြစ်သွားသည်။ ကျန်းမိသားစုကို အပြင်လောကနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်လိုက်သည့် အစီအရင် တစ်ခု ကဲ့သို့ပင်။
မြေကမ္ဘာ နတ်ဘုရား တစ်ပါး ပင်လျှင် ဤအစီအရင် အတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ဘဲ ကျန်းမိသားစုကို လာရောက် ကယ်တင်နိုင်မည် မဟုတ်တော့ပေ။
"ဟားဟား... ဘိုးဘေး နဂါးဝိညာဉ် ပေါ်လာပြီ... ဒီတစ်ခါ မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်တော့ဘူး... ဘိုးဘေး နဂါးဝိညာဉ်... ကျေးဇူးပြုပြီး ဒီကောင်လေးကို သတ်ပေးပါ..."
ဒုတိယ သခင်လေးက ချန်ကျန်းကို ယုတ်မာစွာ ပြုံးရင်း စိုက်ကြည့်နေသည်။ နဂါးဝိညာဉ် ပေါ်လာခဲ့လေပြီ။
အားလုံး ထိတ်လန့်သွားကြ၏။
ကျန်းပိုယွဲ့... မြေကမ္ဘာ နတ်ဘုရား တစ်ပါး ဖြစ်သော်လည်း ယခုအချိန်တွင် ဘာမှ မလုပ်နိုင်တော့ဘဲ ပါးစပ်ပိတ်ကာ သေမည့် အချိန်ကိုသာ စောင့်နေရတော့မည်။
ဟုတ်ပေသည်။ အားလုံး သေရတော့ပေမည်။
ဒီတစ်ခါ ချန်ကျန်း သေသွားလျှင် ကျန်းမိသားစု သည်လည်း ကျင့်ကြံခြင်း လောက မှ အပြီးတိုင် ဖယ်ရှားခံရတော့မည်။
"နဂါးဝိညာဉ် ရောက်လာပြီ... ကျန်းမိသားစု လုံးဝ ပြီးဆုံးသွားပြီ... ကျန်းပိုယွဲ့... အဲဒီ တားမြစ်ချက်ကို အပ်ဖို့ မင်း နောက်ကျသွားပြီ..."
နဂါးမိသားစုမှ လူလတ်ပိုင်း အရွယ် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် ကျန်းမိသားစု စံအိမ် အတွင်းရှိ လူအားလုံးမှာ သေလူများ ဖြစ်နေကြပြီ ဖြစ်သည်။
"ဘိုးဘေး နဂါးဝိညာဉ်... ကျေးဇူးပြုပြီး ဒီ ချန်ကျန်းကို သတ်ပေးပါ..."
ဒုတိယ သခင်လေးမှာ ထပ်မစောင့်ချင်တော့ပေ။ သူက လက်ကို မြှောက်ပြီး ချန်ကျန်းကို လက်ညှိုးထိုးပြလိုက်သည်။
ချန်ကျန်း သေသည်ကို သူ မြင်ချင်နေပြီ။
ချန်ကျန်းကို ချက်ချင်း သေစေချင်နေပြီ။
ချန်ကျန်း၏ အရိုးများ အမှုန့်ကြိတ်ခံရသည်ကို မြင်ချင်နေပြီ။
သို့သော်...
ဤ နဂါးဝိညာဉ်က တိုက်ရိုက် မလှုပ်ရှားဘဲ မျက်ခုံးပင့်ကာ ချန်ကျန်းကို စိုက်ကြည့်နေလေသည်။
"ဘိုးဘေး နဂါးဝိညာဉ်... ဘာလို့ မလုပ်သေးတာလဲ... သင့်ရဲ့ စွမ်းအားနဲ့ ဆိုရင် ဒီကောင်လေးကို သတ်ဖို့ ဆိုတာ အတွေး တစ်ချက်တည်းနဲ့တင် ရနေတာပဲကို..."
ဒုတိယ သခင်လေးက စူးစူးရှရှ အော်ဟစ်လိုက်သည်။
"ချန်... ချန်ကျန်း... ခင်ဗျား... ခင်ဗျားက ဘယ်က ချန်ကျန်း လဲ... ဘာလို့... ဘာလို့ ခင်ဗျားက အဲဒီ ပုဂ္ဂိုလ် နဲ့ အရမ်း တူနေရတာလဲ... ခင်ဗျားက ကမ္ဘာမြေပေါ်မှာ ကျန်ခဲ့တဲ့ အဲဒီ ပုဂ္ဂိုလ်ရဲ့ သွေးဆက် မျိုးဆက် လား... မဟုတ်ဘူး... ခင်ဗျား... ခင်ဗျားက အဲဒီ ပုဂ္ဂိုလ်ပဲ... နေပါဦး... ခင်ဗျား... ခင်ဗျား ဘယ်လိုလုပ် ကမ္ဘာမြေပေါ်မှာ ရှိနေရတာလဲ... ရှောင်လုံက လူကြီးမင်းကို ရိုင်းရိုင်းစိုင်းစိုင်း အနှောင့်အယှက် ပေးမိသွားပါတယ်... လူကြီးမင်း... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..."
သို့သော် နောက်တစ်စက္ကန့်တွင်...
ချန်ကျန်းကို အကြိမ်အနည်းငယ်မျှ စိုက်ကြည့်ပြီးနောက် ထို ဝိညာဉ်၏ မျက်နှာပေါ်တွင် ရုတ်တရက် ထိတ်လန့် ကြောက်ရွံ့မှုများ ပေါ်လာသည်။ မူလက အရာအားလုံး၏ အထက်တွင် မြင့်မားစွာ ရပ်တည်နေခဲ့ရာမှ ခဏအတွင်းမှာပင် မြေကြီးပေါ်သို့ ဝပ်စင်းသွားလေတော့သည်။
နဂါးခန္ဓာကိုယ်နှင့် နဂါးခေါင်းကြီးမှာ မြေကြီးပေါ်တွင် လုံးဝ ဝပ်စင်းလျက်သား ဖြစ်သွား၏။
တုန်ရီနေသည်။
အထက်ဘုံ မှ ဤ နဂါးဝိညာဉ် ကြီးမှာ ရူးသွပ်မတတ် တုန်ရီနေလေတော့သည်။
အခန်း ၁၃၄ ပြီး