ဘာ...
နဂါးမိသားစုမှ ဒုတိယ သခင်လေးမှာ လုံးဝ ကြောင်အမ်းသွားလေသည်။
သူကိုယ်တိုင် ဆင့်ခေါ်ထားသော သူ၏ ခန္ဓာကိုယ်၌ ဝင်ပူးနေသော နဂါးဝိညာဉ်သည် ချန်ကျန်း ရှေ့တွင် ဒူးထောက်သွားသည်လား။
ဒူးထောက်ရုံတင် မက၊ ရူးသွပ်မတတ် တုန်ရီနေသေးသည်လား။
ဒါ လုံးဝ မဖြစ်နိုင်ဘူး။
ဘိုးဘေး နဂါးဝိညာဉ်က ကမ္ဘာမြေပေါ်က လူတစ်ယောက် ရှေ့မှာ ဘယ်လိုလုပ်ပြီး ဒူးထောက်ရတာလဲ။
"ဘိုးဘေး နဂါးဝိညာဉ်... ခင်ဗျား..."
နဂါးမိသားစုမှ လူလတ်ပိုင်း အရွယ် အမျိုးသားလည်း နေရာမှာတင် လန့်ဖျပ်သွားပြီး မြေကြီးပေါ် ဝပ်စင်းနေသော နဂါးဝိညာဉ်ကို ကြောင်တောင်တောင် ငေးကြည့်နေမိသည်။
"......."
တကယ်တော့ ဤအခိုက်အတန့်တွင် ချန်ကျန်း မှလွဲ၍ ဇူချင်းဟုန်၊ ကျန်းရို၊ ကျန်းပိုယွဲ့၊ ကျန်းဖန်းနှင့် အခြားသူများ အားလုံးလည်း အံ့သြ ထိတ်လန့်နေကြသည်။
နဂါးဝိညာဉ်သည် ကြောက်မက်ဖွယ် စွမ်းအားများ ပြည့်နှက်နေပြီး သူ၏ အဆင့်မှာ မြေကမ္ဘာ နတ်ဘုရား အဆင့်ထက် သေချာပေါက် သာလွန်ပေသည်။ ချန်ကျန်းသည် ဤ နဂါးဝိညာဉ်နှင့် အကြီးအကျယ် တိုက်ပွဲ ဖြစ်လိမ့်မည်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြသော်လည်း နဂါးဝိညာဉ်က ရုတ်တရက် ဒူးထောက်သွားပြီး ချန်ကျန်းကို လူကြီးမင်း ဟုပင် ခေါ်လိုက်သေးသည်။
နဂါးဝိညာဉ်က ချန်ကျန်းကို သိနေပြီး ချန်ကျန်းကို ကြောက်လန့်နေခြင်းပင်။
"မင်းက ဘာကောင်လဲ..." ကျန်းမိသားစု စံအိမ် ဧည့်ခန်းရှိ ထိုက်ရှီး ကုလားထိုင်ပေါ်တွင် ထိုင်နေသော ချန်ကျန်းက ဤ နဂါးဝိညာဉ်ကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
"ဗျာ... လူကြီးမင်းကို ပြန်လည် လျှောက်တင်ပါရစေ... ရှောင်လုံက ဘာမှ မဟုတ်ပါဘူး... အဲ... မဟုတ်ပါဘူး... ရှောင်လုံက ဝိညာဉ်လောက ဝမ်လုံတောင် (နဂါးတစ်သောင်း တောင်)က စစ်မှန်တဲ့ နဂါးမျိုးနွယ် တစ်ကောင်ရဲ့ ဝိညာဉ်ပါ... ကမ္ဘာမြေက နဂါးမိသားစု ကလေးတွေရဲ့ ခေါ်သံကို ကြားလို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကမ္ဘာမြေကို လာပြီး ဒီ နဂါးမိသားစု ကလေးရဲ့ ကိုယ်ထဲ ဝင်ပူးနေတာပါ... ဒီ နဂါးမိသားစုက ကျွန်တော်တို့ စစ်မှန်တဲ့ နဂါးမျိုးနွယ်ရဲ့ သွေးဆက် ပါနေလို့ ကျွန်တော်တို့ မျိုးနွယ်ရဲ့ လက်အောက်ခံ မိသားစု လို့ သတ်မှတ်ထားလို့ပါ... ဒါပေမဲ့... ဒါက အရေးမကြီးပါဘူး... အရေးကြီးတာက ရှောင်လုံ ခုနက လူကြီးမင်းကို ရိုင်းရိုင်းစိုင်းစိုင်း အနှောင့်အယှက် ပေးမိသွားတဲ့ အတွက် လူကြီးမင်း အနေနဲ့ အပြစ်မယူဖို့ တောင်းပန်ပါတယ်..."
နဂါးဝိညာဉ်က ခေါင်းမော့ပြီး အမြန် ပြန်ဖြေလိုက်သည်။
"ဝိညာဉ်လောကက ဝမ်လုံတောင် ဟုတ်လား... ငါ မမှတ်မိဘူး..."
ချန်ကျန်းက မျက်ခုံး အနည်းငယ် ပင့်လိုက်ပြီးနောက် ခေါင်းခါလိုက်သည်။
"ဗျာ..." နဂါးဝိညာဉ် အနည်းငယ် ကြောင်သွားပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။ "လူကြီးမင်း... အဲဒီတုန်းက လူကြီးမင်းက ဝမ်လုံတောင်က ကျွန်တော်တို့ရဲ့ နဂါးဧကရာဇ် တစ်ပါးကို သတ်ခဲ့တယ်လေ... လူကြီးမင်း မှတ်မိသေးရဲ့လား..."
နဂါးဧကရာဇ်...
ချန်ကျန်းက နဂါးဧကရာဇ်ကို သတ်ခဲ့သည်လား။
နဂါးဝိညာဉ်၏ စကား တစ်ခွန်းကြောင့် နဂါးမိသားစု ဒုတိယ သခင်လေးနှင့် လူလတ်ပိုင်း အမျိုးသား တို့၏ ခန္ဓာကိုယ်များ ချက်ချင်း တုန်လှုပ်သွားလေသည်။
ထိုအရာကား ဘယ်လို အဓိပ္ပါယ်လဲ ဆိုလျှင် မိစ္ဆာကြီးများ ထဲမှ မဟာ မိစ္ဆာကြီးပင် ဖြစ်သည်။
ကမ္ဘာမြေပေါ်တွင် ထိုအဆင့် ရှိသော သက်ရှိများ မရှိတော့ပေ။ အထက်ဘုံ ဝိညာဉ်လောက မှ နဂါးဧကရာဇ် ဆိုသည်မှာလည်း လုံးဝ ထိပ်သီး တစ်ပါး ပင် ဖြစ်သည်။ သို့သော် ချန်ကျန်းက နဂါးဧကရာဇ်ကို သတ်ခဲ့သည်တဲ့လား။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူတစ်ယောက်တည်း နဂါးဧကရာဇ်ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။
နဂါးမိသားစု လူလတ်ပိုင်း အမျိုးသား၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ အပြည့်အဝ ပေါ်လွင်နေသည်။
ကျန်းပိုယွဲ့ တစ်ခုခု ပြောချင်သော်လည်း ယခုအခိုက်အတန့်တွင် သူ ဘာစကားမှ ပြော၍ မထွက်တော့ပေ။
အထက်ဘုံက စစ်မှန်တဲ့ နဂါးဧကရာဇ် လား...
သူနဲ့ အရမ်းကို ကွာဝေးလွန်းနေပြီလေ...
"ငါက နဂါးဧကရာဇ်ကို သတ်ခဲ့တယ် ဟုတ်လား... ဘာလို့ ငါ မမှတ်မိရတာလဲ..." ချန်ကျန်း မျက်ခုံးများ ထပ်မံ ပင့်သွားပြီး မြေကြီးပေါ် ဝပ်စင်းနေသော နဂါးဝိညာဉ်ကို ခပ်ပေါ့ပေါ့ ကြည့်လိုက်သည်။
"ဒါက..." နဂါးဝိညာဉ် ညည်းတွားလိုက်ပြီး ရွေးချယ်မှု တစ်ခုကို ပြုလုပ်နေပုံရသည်။ ခေတ္တ အကြာတွင် အံကြိတ်ပြီး ပြောလိုက်သည်။ "အဲဒီနှစ်တုန်းက လူကြီးမင်း ဝိညာဉ်လောကကို ရောက်လာတဲ့ အချိန်မှာ မိုးကြိုးကပ်ဘေး အဆင့်က စွမ်းအားရှင် ဒါဇင်ချီကို ဆွဲဆောင်နိုင်ခဲ့တယ်... အဲဒီထဲမှာ ကျွန်တော်တို့ ဝမ်လုံတောင်က နဂါးဧကရာဇ်လည်း ပါတယ်လေ... ဖြစ်နိုင်တာက... ကျွန်တော်တို့ ဝမ်လုံတောင်က နဂါးဧကရာဇ်ကို လူကြီးမင်းက တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်လို့ လူကြီးမင်း သိပ်မမှတ်မိတာ နေမှာပါ... ဒါပေမဲ့ ဒီကိစ္စက တကယ် အမှန်ပါ... ဝိညာဉ်လောကရဲ့ ဝမ်လုံတောင်မှာ နဂါး အသစ်လေးတွေ မွေးလာတိုင်း ပထမဆုံး လုပ်ရတာက သူတို့ကို လူကြီးမင်းရဲ့ ပုံတူ ပန်းချီကားကို ပြပြီး လူကြီးမင်း ဆိုတာ ဘယ်တော့မှ မရန်စရမယ့် တားမြစ်ချက် တစ်ခု ဆိုတာကို သင်ပေးရတာပါ... ဒါကြောင့်လည်း ရှောင်လုံက လူကြီးမင်းကို မှတ်မိနေတာပါ..."
"အော်... အဲဒီတုန်းက နဂါးအရိပ် တစ်ခု ပျံလာတာကိုတော့ ငါ မှတ်မိသလိုပဲ... ဒါပေမဲ့ အဲဒီကောင်က တိုက်ခိုက်လို့တောင် မရဘူးလေ... ငါ အားတောင် မစိုက်လိုက်ရဘူး... ဒါကြောင့် ငါ မမှတ်မိတာ မဆန်းပါဘူး... အဲဒီကောင်က အမြောက်စာ လောက်ပဲ ရှိမှာလို့ ငါ ထင်တာပဲ..."
ချန်ကျန်းက အတိတ်က အဖြစ်အပျက် အချို့ကို ပြန်တွေးနေသကဲ့သို့ ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်သည်။
နဂါးဝိညာဉ် ထိုစကားကို ကြားလိုက်ချိန်တွင် ဘာမှ ပြန်မပြောရဲတော့ပေ။
ချန်ကျန်းက ဝမ်လုံတောင် မှ နဂါးဧကရာဇ်ကို အမြောက်စာ လောက်သာ ရှိသည်ဟု ပြောသော်လည်း နဂါးဝိညာဉ် အနေဖြင့် မည်သို့မျှ ငြင်းဆန်ရဲခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဒါက အမှန်တရား ဖြစ်နေသောကြောင့်ပင်။ ယခုအချိန်တွင် သူသည် မြေကြီးပေါ် ဝပ်စင်းပြီး တုန်ရီနေကာ သူ၏ ဝိညာဉ် အနက်ရှိုင်းဆုံး နေရာမှပင် ကြောက်လန့်တကြား အော်ဟစ်နေမိသည်။
‘ တကယ်ပဲ... ဒီ လူငယ်လေးက ဝိညာဉ်လောကရဲ့ ဒဏ္ဍာရီ တွေထဲက အကြောက်ရဆုံး ပုဂ္ဂိုလ်ပဲ... ’
‘ တကယ်ပဲ... ’
‘ ငါ မှတ်မိတာ မမှားဘူး ဆိုတာ ဝန်ခံရမယ်... ’
‘ နှစ်ထောင်ချီ ကြာအောင် ဝိညာဉ်လောက ကနေ ထွက်သွားတဲ့ အဲဒီ ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်က ကမ္ဘာမြေပေါ်ကို ရောက်နေတာပဲ... ’
‘ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ကြီး... ’
‘ ဒါ လက်ညှိုး တစ်ချောင်းတည်းနဲ့ ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ ပုဂ္ဂိုလ်ကြီးပဲ... ’
"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... အတုအယောင်တွေ... ဘိုးဘေး နဂါးဝိညာဉ်... ဒီကောင် လိမ်တာကို မယုံနဲ့... ဒီကောင်မှာ အလွန်ဆုံး ရှိလှ မြေကမ္ဘာ နတ်ဘုရား အဆင့်ပဲ ရှိတာ... သူက နဂါးဧကရာဇ်ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ..." ထိုအချိန်တွင် နဂါးမိသားစု ဒုတိယ သခင်လေးက ရုတ်တရက် ရူးသွပ်သွားသကဲ့သို့ အော်ဟစ်လိုက်သည်။
‘ နဂါးဧကရာဇ်က အမြောက်စာ ဟုတ်လား... ’
‘ လေလုံး ထွားလိုက်တာ... ’
‘ ချန်ကျန်း... မင်း အဲဒီလောက် လေလုံး ထွားနေတာ... ဘယ်သူက ယုံမှာလဲ... ’
"မြေကမ္ဘာ နတ်ဘုရား အဆင့်..."
နဂါးဝိညာဉ် ကြောင်အမ်းသွားပြီး ချန်ကျန်းကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် သံသယများ ပေါ်လာသည်။
"ဘိုးဘေး နဂါးဝိညာဉ်... ဒီကောင်လေးက တကယ်ပဲ မြေကမ္ဘာ နတ်ဘုရား အဆင့်လောက်ပဲ ရှိတာပါ... သူက အရင်က ကြောက်စရာ ကောင်းတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့ရင်တောင် အခု ကမ္ဘာမြေပေါ်မှာ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က မြေကမ္ဘာ နတ်ဘုရား အဆင့်လောက်ပဲ ကျန်တော့တာပါ... ဘိုးဘေးရဲ့ အဆင့်နဲ့ ဆိုရင် ဒီကောင်လေးကို လွယ်လွယ်ကူကူ သတ်နိုင်ပါတယ်... ကျေးဇူးပြုပြီး ဘိုးဘေး နဂါးဝိညာဉ်... ဒီကောင်လေး နဲ့ ကျန်းမိသားစုကို သတ်ပေးပါ..."
နဂါးမိသားစု လူလတ်ပိုင်း အမျိုးသားက ဘေးသို့ ရွှေ့လာပြီး နဂါးဝိညာဉ်ကို တိုးတိုးလေး ပြောလိုက်သည်။
"ကျန်းမိသားစု... မင်းတို့က... ကမ္ဘာမြေပေါ်မှာ ကျန်ခဲ့တဲ့ ဝူကျိ တာအိုသခင်ရဲ့ မျိုးဆက်တွေလား..." နဂါးဝိညာဉ်က တိုးတိုးလေး မေးလိုက်ပြီး သူ့မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပေါ်လာလေသည်။
"ဝူကျိ တာအိုသခင် လား..." ကျန်းပိုယွဲ့က နားမလည်စွာဖြင့် ကြည့်လိုက်သည်။
ဇူချင်းဟုန်နှင့် ကျန်းရို တို့လည်း အနည်းငယ် ကြောင်အမ်းသွားကြသည်။ ဝူကျိ တာအိုသခင် ဆိုသည်ကို သူတို့ တစ်ခါမှ မကြားဖူးကြသောကြောင့် ဖြစ်သည်။
"ဝူကျိ တာအိုသခင်က ဘယ်သူလဲ..." ထိုက်ရှီး ကုလားထိုင်ပေါ်မှ ချန်ကျန်းက ခပ်ပေါ့ပေါ့ မေးလိုက်သည်။
"လူကြီးမင်းကို ပြန်လည် လျှောက်တင်ပါရစေ... ဝူကျိ တာအိုသခင်ရဲ့ နာမည်ရင်းက ကျန်းကျစ်ယာ ပါ... လူကြီးမင်း ဝိညာဉ်လောက ကနေ ထွက်သွားပြီး တစ်နှစ် မပြည့်ခင်မှာပဲ ကမ္ဘာမြေက ကျင့်ကြံသူ တစ်ပါး ဝိညာဉ်လောကကို တက်လှမ်းလာပါတယ်... အဲဒီ ကျင့်ကြံသူက သူ့ကိုယ်သူ လူကြီးမင်းရဲ့ တပည့် လို့ ပြောပါတယ်..."
"ဒါက... ဘာလို့လဲ ဆိုတော့ လူကြီးမင်းက ဝိညာဉ်လောကရဲ့ အဓိက မျိုးနွယ်စု အားလုံး နီးပါးကို ရှင်းပစ်ခဲ့လို့ပါ... ဒါကြောင့် ကမ္ဘာမြေက ကျင့်ကြံသူ ကျန်းကျစ်ယာက ဝိညာဉ်လောကရဲ့ အဓိက မျိုးနွယ်စု တွေရဲ့ ဝိုင်းဝန်း တိုက်ခိုက်တာကို ခံခဲ့ရပါတယ်... ဒါပေမဲ့ ကျန်းကျစ်ယာရဲ့ ကံတရားက အရမ်း ကောင်းလွန်းတော့ အကြိမ်တိုင်းမှာ သေဘေးကနေ သီသီလေး လွတ်မြောက်သွားခဲ့တယ်... အဲဒီနောက် ကောင်းကင်ဘုံ ရေစီးကြောင်း ထဲကို ဝင်ပြီး နှစ် ၅၀ လောက် ကျင့်ကြံခဲ့ပါတယ်... သူ ပြန်ထွက်လာချိန်မှာတော့ ပြိုင်ဘက်ကင်း ဖြစ်နေခဲ့ပြီး ဝိညာဉ်လောကရဲ့ မျိုးနွယ်စု အသီးသီးက သူ့ကို ဝူကျိ တာအိုသခင် လို့ သတ်မှတ်ခဲ့ကြပါတယ်... နောက်ပိုင်းကျတော့ ဝူကျိ တာအိုသခင်က လူကြီးမင်းရဲ့ ခြေရာကို လိုက်ဖို့ ဆိုပြီး ဝိညာဉ်လောက ကနေ ထွက်ခွာသွားခဲ့ပါတယ်..."
နဂါးဝိညာဉ်က အသက်ပြင်းပြင်း ရှူသွင်းပြီး စကားရှည်ကြီး တစ်ခုကို ပြောပြလိုက်သည်။
ဝူကျိ တာအိုသခင် ... ကျန်းကျစ်ယာ။
ဝိညာဉ်လောက တွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့သူ။
ဒါက...
ကျန်းပိုယွဲ့နှင့် ကျန်းဖန်း တို့၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ ကျန်းမိသားစု၏ ဘိုးဘေးက ထိုအဆင့်ထိ လုပ်နိုင်ခဲ့သည်လား။ အလွန် စွမ်းအားကြီးလွန်းလှပေသည်။
ဝူကျိ တာအိုသခင်။
ဤဘွဲ့နာမည်က အတော်လေး ထူးခြားလှပေသည်။
"ဝူကျိ တာအိုသခင် ကျန်းကျစ်ယာ..."
နဂါးမိသားစု ဒုတိယ သခင်လေးနှင့် လူလတ်ပိုင်း အမျိုးသား တို့ နောက်တစ်ကြိမ် ကြောင်အမ်းသွားကြပြန်သည်။
ကျန်းမိသားစု... သူတို့ နဂါးမိသားစုနှင့် ကျားနဂါးတောင် တို့ ပေါင်းပြီး ကျင့်ကြံခြင်း လောက ထိပ်သီး ၃ ခု စာရင်းမှ နှင်ထုတ်ခဲ့သော ဤ ကျန်းမိသားစု တွင် ဤမျှ ကြီးမားသော နောက်ခံ ရှိနေသေးသည်လား။
"ကျစ်ယာက ဒုက္ခရောက်ခဲ့ရတာပဲ..." ချန်ကျန်းက ခေါင်းညင်သာစွာ ညိတ်လိုက်ပြီး အနည်းငယ် စဉ်းစားပြီးနောက် ထပ်မေးလိုက်သည်။ "တာ့ကျီကရော ဘယ်လိုလဲ..."
"တာ့ကျီ လား..." နဂါးဝိညာဉ်သည် ထိုနာမည်ကို ကြားလိုက်ရချိန်တွင် နောက်တစ်ကြိမ် တုန်လှုပ်သွားပြီး ခေါင်းကို မြေကြီးပေါ် ဝပ်ကာ မလှုပ်ရဲတော့ပေ။ "လူကြီးမင်းကို ပြန်လည် လျှောက်တင်ပါရစေ... ကျွန်တော် ကြားဖူးတာ တစ်ယောက်ပဲ ရှိပါတယ်... အဲဒါက ဟုန်မုန် ကောင်းကင်ဘုံ မိစ္ဆာ နယ်မြေရဲ့ မိစ္ဆာ ဧကရာဇ်... အမြီး ၉ ချောင်း မိစ္ဆာ မြေခွေး တာ့ကျီ ဧကရီပါ... လူကြီးမင်း ပြောတဲ့ တာ့ကျီ ဆိုတာ အဲဒီ မွန်မြတ်တဲ့ မိစ္ဆာ ဧကရာဇ်ကို ပြောတာလားတော့ ကျွန်တော် မသိပါဘူး... အဲဒီ ပုဂ္ဂိုလ်က ကျွန်တော်တို့ နဂါးမျိုးနွယ်ရဲ့ အမြင့်မြတ်ဆုံး နဂါးဧကရာဇ် နဲ့ တန်းတူ ရှိတဲ့ ပုဂ္ဂိုလ်ကြီး ပါ..."
"သူ ဖြစ်လောက်ပါတယ်... ငါက သူ့ကို တာ့ကျီ ဆိုတဲ့ နာမည် ပေးခဲ့တာကိုး... သူနဲ့ ကျစ်ယာ နဲ့က အခြေအနေ အတော်လေး ကောင်းပုံရတယ်..." ချန်ကျန်းက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
"ဧကရီ တာ့ကျီရဲ့ နာမည်ကို လူကြီးမင်းက ပေးခဲ့တာလား..."
နဂါးဝိညာဉ် ခေါင်းမော့ကြည့်လိုက်ပြီး အထွတ်အထိပ်သို့ ရောက်အောင် ထိတ်လန့်သွားလေသည်။
"ဖူး..."
နဂါးမိသားစု ဒုတိယ သခင်လေးနှင့် လူလတ်ပိုင်း အမျိုးသား တို့ ဤအခိုက်အတန့်တွင် ဆက်ပြီး မခံနိုင်တော့ပေ။ မြေကြီးပေါ်သို့ ဖုန်းခနဲ ဒူးထောက်ကျသွားပြီး သူတို့နှစ်ယောက်၏ စိတ်ဝိညာဉ်များ တိုက်ရိုက် ဖျက်ဆီးခံလိုက်ရသကဲ့သို့ ဖြစ်သွားလေတော့သည်။
အခန်း ၁၃၅ ပြီး