"ငါ့ ဇာစ်မြစ် နဲ့ ငါ သင်ပေးခဲ့ဖူးတဲ့ လူနှစ်ယောက်ရဲ့ ဇာစ်မြစ်ကို သိမှတော့... ဘာဆက်လုပ်ရမလဲ ဆိုတာ မင်း မသိဘူးလား..."
ထိုက်ရှီး ကုလားထိုင်ပေါ်တွင် ထိုင်နေသော ချန်ကျန်း၏ လေသံက ရုတ်တရက် အေးစက်သွားလေသည်။
"ရှောင်လုံ နားလည်ပါပြီ..."
ဒုတိယ သခင်လေး ဆင့်ခေါ်ထားသော နဂါးဝိညာဉ်သည် ထိုစကားကို ကြားလိုက်သည်နှင့် ခေါင်းမော့ကာ ချက်ချင်း ပြန်ဖြေလိုက်သည်။ ထို့နောက် သွေးပျက်နေသော ဒုတိယ သခင်လေးကို ဖမ်းဆွဲလိုက်လေသည်။
"ဟင့်အင်း... မလုပ်ပါနဲ့ ဘိုးဘေး နဂါးဝိညာဉ်..."
ဒုတိယ သခင်လေးမှာ အသဲအူများ ပြတ်ထွက်မတတ် အော်ဟစ်လိုက်သည်။
"ဝေါ..."
သို့သော် ထိုအဖမ်းခံရမှု အောက်တွင် ဒုတိယ သခင်လေးမှာ တစ်စစီ ပြာကျသွားလေတော့သည်။
"မဖြစ်နိုင်ဘူး... ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ... ဘိုးဘေး နဂါးဝိညာဉ်... ခင်ဗျားက နဂါးမိသားစုက အထက်ဘုံ ကနေ ဆင့်ခေါ်ထားတဲ့ နဂါးဝိညာဉ်လေ... ဘာလို့ ကျွန်တော်တို့ကို သစ္စာဖောက်ရတာလဲ..."
နဂါးမိသားစုမှ လူလတ်ပိုင်း အမျိုးသားက အသံကုန် အော်ဟစ်လိုက်သည်။
"သစ္စာဖောက်တယ် ဟုတ်လား... ကမ္ဘာမြေပေါ်က နဂါးမိသားစု ဆိုတာ ငါတို့ရဲ့ လက်အောက်ခံ မိသားစုလေး တစ်ခုပါကွာ... လူကြီးမင်းကို ရန်စတဲ့ကောင်တွေ သေသင့်တာပေါ့... ဝမ်လုံတောင်ရဲ့ အမြင့်ဆုံး နေရာမှာ လူကြီးမင်းရဲ့ ပုံတူ ပန်းချီကားကို ချိတ်ဆွဲထားတုန်းပဲ... နဂါးဧကရာဇ်ရဲ့ ရုပ်တုထက်တောင် ပိုမြင့်တဲ့ နေရာမှာ ချိတ်ထားတာ... မင်းတို့က လူကြီးမင်းကို ရန်စရဲတယ် ဆိုတော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ..."
နဂါးဝိညာဉ်က လှောင်ပြောင်လိုက်ပြီး လက်သည်းများကို မြှောက်ကာ လူလတ်ပိုင်း အမျိုးသား ဘက်သို့ လှည့်လိုက်သည်။
"နဂါးအရိပ် ဓား... နဂါး ထွက်ပေါ်လာခဲ့စမ်း..."
လူလတ်ပိုင်း အမျိုးသားက အလွယ်တကူ အရှုံးမပေးဘဲ လက်ကို မြှောက်ကာ ဓားတစ်ချောင်း ထုတ်လိုက်သည်။
နဂါးအရိပ် ဓားစွမ်းအင် တစ်ခု ထွက်ပေါ်လာလေသည်။
သို့သော် နဂါးအရိပ် ဓားစွမ်းအင်သည် တိုက်ခိုက်မှု မရောက်ခင်မှာပင် နဂါးဝိညာဉ်၏ ရိုက်ချိုးမှုကို ခံလိုက်ရပြီး ပျက်စီးသွားလေသည်။
"ဟင့်အင်း..."
ထိတ်လန့်တကြား အော်ဟစ်သံနှင့် အတူ နဂါးမိသားစုမှ လူလတ်ပိုင်း အမျိုးသားလည်း နဂါးဝိညာဉ်၏ ဖမ်းဆွဲမှုကို ခံလိုက်ရလေသည်။
"လူကြီးမင်းကို ပြန်လည် လျှောက်တင်ပါရစေ... လူကြီးမင်းကို မလေးမစား လုပ်တဲ့ ဒီလူ နှစ်ယောက်ကို ရှောင်လုံ ရှင်းပစ်လိုက်ပါပြီ..."
နဂါးမိသားစုမှ လူနှစ်ယောက်ကို ရှင်းလင်းပြီးနောက် နဂါးဝိညာဉ်က ချန်ကျန်း ဘက်သို့ လှည့်ကာ အရိုအသေ ပေးလိုက်သည်။
"သူက ဝူကျိ တာအိုသခင် ကျန်းကျစ်ယာရဲ့ မျိုးဆက်ပဲ... နောက် ဘာလုပ်ရမလဲ ဆိုတာ ငါ သင်ပေးနေစရာ မလိုတော့ဘူး ထင်တယ်..."
ထိုက်ရှီး ကုလားထိုင်ပေါ်မှ ချန်ကျန်းက ကျန်းပိုယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် နဂါးဝိညာဉ်ကို အေးစက်စွာ ကြည့်လိုက်သည်။
"..." နဂါးဝိညာဉ်က ကျန်းပိုယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီး ခေတ္တ ကြောင်အမ်းသွားသော်လည်း ချက်ချင်းပင် မျက်နှာချိုသွေးကာ ပြောလိုက်သည်။ "ဝူကျိ တာအိုသခင်ရဲ့ သွေးမျိုးဆက်ကို ကူညီခွင့်ရတာ ရှောင်လုံ အတွက် ကြီးမားတဲ့ ဂုဏ်ကျေးဇူးပါပဲ... ဒီ အဘိုးအို နဲ့ ရှောင်လုံ အခုချက်ချင်း ဝိညာဥ်စာချုပ် ချုပ်လိုက်ပါ့မယ်... လူကြီးမင်း စိတ်ချပါ... ဝိညာဉ် ကျွန် စာချုပ် ချုပ်မှာပါ... ရှောင်လုံက နောင်ကျရင် ဒီလူသားရဲ့ ကျွန် ဖြစ်သွားပါပြီ..."
"ဘာ..." ကျန်းပိုယွဲ့ အနည်းငယ် ကြောင်အမ်းသွားလေသည်။
နဂါးဝိညာဉ်က ကျန်းပိုယွဲ့၏ မျက်ခုံး ကြားသို့ ဝင်ရောက်သွားပြီး သူ၏ စိတ်ထဲတွင် ရွှေရောင် သင်္ကေတ တစ်ခု ချက်ချင်း ပေါ်လာလေသည်။ ကျန်းပိုယွဲ့ ကိုယ်တိုင် ဘာမှ လုပ်စရာ မလိုဘဲ နဂါးဝိညာဉ်က သူ၏ ခန္ဓာကိုယ် အတွင်းသို့ အလိုအလျောက် ပေါင်းစပ်သွားပြီး သူ၏ကျွန် ဖြစ်သွားလေတော့သည်။
"ဒါက..."
ကျန်းပိုယွဲ့မှာ ချန်ကျန်းကို ကြောင်တောင်တောင်လေး ငေးကြည့်နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်တော့ပေ။
"ဖြည်းဖြည်းချင်း စုပ်ယူလိုက်ပါ... ငါ နဂါးမိသားစုဆီ ခဏ သွားလည်လိုက်ဦးမယ်..."
ချန်ကျန်းက ကျန်းပိုယွဲ့ကို ပြုံးပြလိုက်ပြီး ထိုက်ရှီး ကုလားထိုင်ပေါ်မှ ထကာ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လေထဲ ပျောက်ကွယ်သွားလေတော့သည်။
စံအိမ် ဧည့်ခန်းထဲတွင် ဇူချင်းဟုန်၊ ကျန်းရို၊ ကျန်းပိုယွဲ့၊ ကျန်းဖန်းနှင့် အခြားသူများ အားလုံး ခြံဝင်း အပြင်ဘက်ကို ငေးကြည့်နေမိကြသည်။ ဤအခိုက်အတန့်တွင် အရာအားလုံးက အိပ်မက် တစ်ခုလို ဖြစ်နေပြီး တကယ့် လက်တွေ့ဟု မထင်ရပေ။
လွန်ခဲ့သော စက္ကန့်အနည်းငယ်က နဂါးမိသားစု မှ လူများ နဂါးဝိညာဉ် နှင့်အတူ ရောက်လာပြီး ကျန်းမိသားစုကို ဖျက်ဆီးတော့မည့် အလား ကြိမ်းဝါးနေခဲ့ကြသည်။ သို့သော် မျက်တောင်တစ်ခတ် အတွင်းမှာပင် နဂါးဝိညာဉ်က နဂါးမိသားစု မှ လူများကို ရှင်းလင်းပစ်လိုက်ပြီး ကျန်းပိုယွဲ့နှင့် အလိုအလျောက် စာချုပ် ချုပ်လိုက်ကာ အန္တရာယ် အားလုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့လေပြီ။
"ငါတို့နဲ့ ချန်ကျန်းကြားက အကွာအဝေးက ဘယ်လောက်တောင် ကွာဟနေတာလဲ..."
ကျန်းပိုယွဲ့က ခေတ္တမျှ ငြိမ်သက်နေပြီးနောက် သက်ပြင်းချလိုက်မိသည်။
"လူကြီးမင်း နဲ့ အကွာအဝေး ဟုတ်လား... ဒါက... မြေကမ္ဘာ နတ်ဘုရား အဆင့် ဆိုတဲ့ အပေါ်ယံ အဆင့်ကိုပဲ ပြောမယ် ဆိုရင်တော့ လူကြီးမင်း နဲ့ သိပ်မကွာဘူးလို့ ပြောလို့ ရပါတယ်... ဒါပေမဲ့ ဝိညာဉ်လောကက လူကြီးမင်းရဲ့ အဆင့်ကို ပြောမယ် ဆိုရင်တော့... ကောင်းကင် နဲ့ မြေကြီးလို ကွာပါတယ်... ခင်ဗျားတို့ သေချာ နားလည်ထားရမှာက ကျွန်တော်တို့ ဝမ်လုံတောင်ရဲ့ နဂါးဧကရာဇ် ဆိုတာ မိုးကြိုးကပ်ဘေး အဆင့်ကို တကယ် ကျော်ဖြတ်နိုင်ခဲ့ပြီး မသေမျိုး အဆင့်ဝက်ကို ရောက်နေတဲ့ သူပါ... အဲဒီလို လူမျိုးတောင် နာမည် ပြောချိန် မရလိုက်ဘဲ လူကြီးမင်းရဲ့ တစ်ချက်တည်း သတ်တာကို ခံလိုက်ရတာ... နဂါးဧကရာဇ်က ဝမ်လုံတောင်မှာ အလောင်း မကျန်ခဲ့တဲ့ တစ်ပါးတည်းသော နဂါးဧကရာဇ်ပဲ... ဘာလို့လဲ ဆိုတော့ အရိုးတောင် မကျန်ခဲ့လို့လေ..."
နဂါးဝိညာဉ်၏ အသံ ထွက်ပေါ်လာလေသည်။
ထိုစကားကြောင့် အားလုံး ဆွံ့အသွားကြ၏။
...
ညဉ့်နက်သန်းခေါင်...
ချန်ပိုင်တောင် ရှိ မြို့ငယ်လေး တစ်မြို့လုံး နှင်းများ ဖုံးလွှမ်းနေလေပြီ။
ညဉ့်နက်ချိန်တွင် နှင်းများ ထူထပ်စွာ ကျဆင်းနေပြီး သာမန် လူများ အားလုံး အိပ်ပျော်နေကြပြီ ဖြစ်သော်လည်း မြို့နှင့် မိုင်အနည်းငယ် အကွာရှိ နဂါးမိသားစု စံအိမ် အတွင်းရှိ လူများမှာမူ အိပ်မပျော်နိုင် ဖြစ်နေကြသည်။
အကြောင်းမှာ လွန်ခဲ့သော တစ်နာရီခန့်က နဂါးမိသားစုသည် နဂါးဝိညာဉ်နှင့် အဆက်အသွယ် ပြတ်သွားပြီး နဂါးမိသားစုထံ ပို့ထားသော အသက်ဝိညာဉ် တံဆိပ်ပြားများ ကျိုးပဲ့သွားသောကြောင့် ဖြစ်သည်။
ဆိုလိုသည်မှာ နဂါးမိသားစု ဒုတိယ သခင်လေးနှင့် နဂါးမိသားစုမှ မြေကမ္ဘာ နတ်ဘုရား တစ်ပါး သေဆုံးသွားပြီ ဖြစ်သည်။
"ဘိုးဘေး နဂါးဝိညာဉ်က ဒုတိယ သခင်လေးရဲ့ ကိုယ်ထဲ ဝင်ပူးထားတာလေ... ဘိုးဘေး နဂါးဝိညာဉ်ရဲ့ အဆင့်က အပြတ်အသတ် သာလွန်တဲ့ အနေအထား ဖြစ်ရမှာ... ဘယ်လိုလုပ် ရှုံးနိမ့်သွားရတာလဲ... ချန်ကျန်းက ကျန်းမိသားစုမှာ ရှိနေရင်တောင် သူက မြေကမ္ဘာ နတ်ဘုရား အထွတ်အထိပ် အဆင့်လောက်ပဲ ရှိတာလေ... သူက ဘိုးဘေး နဂါးဝိညာဉ်ကို အနိုင်ယူနိုင်လို့လား..."
နဂါးမိသားစု အိမ်တော် ဧည့်ခန်းထဲတွင် နဂါးမိသားစု ခေါင်းဆောင်က ကျိုးပဲ့နေသော အသက်ဝိညာဉ် တံဆိပ်ပြားများကို အေးစက်စွာ ကြည့်ရင်း ရေရွတ်လိုက်သည်။
"ဒါ... ကျွန်တော်လည်း မသိဘူး..."
နဂါးမိသားစုမှ အခြား လူလတ်ပိုင်း အမျိုးသား တစ်ယောက်က တိုးတိုးလေး ပြန်ဖြေသည်။
"ဘိုးဘေးက လုံချီကို ထျန်းချီ (ကောင်းကင်ကန်) ထဲမှာ စစ်မှန်တဲ့ နဂါးသွေးကို စုပ်ယူနိုင်အောင် ကူညီပေးနေတာ... လုံချီသာ နဂါး အဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ရင် သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဘိုးဘေး နဂါးဝိညာဉ် နဲ့ တန်းတူ ဖြစ်လာလိမ့်မယ်... ဒီတစ်ခါတော့ သေချာပေါက် အောင်မြင်ရမယ်..."
နဂါးမိသားစု ခေါင်းဆောင်က ပြတ်သားစွာ ပြောလိုက်သည်။
သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် နဂါးမိသားစု အိမ်တော် ပတ်လည်တွင် ရုတ်တရက် ကျိုးပဲ့သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။
"ဘယ်သူက ငါ့ နဂါးမိသားစုကို လာကျူးကျော်ရဲတာလဲ..."
နဂါးမိသားစု ခေါင်းဆောင်က ဟိန်းဟောက်လိုက်ပြီး မတ်တပ် ထရပ်ကာ အပြင်သို့ ပြေးထွက်သွားလေသည်။
သူ အပြင်သို့ ရောက်သည်နှင့် နဂါးမိသားစု အိမ်တော်၏ အစီအရင်မှာ ဝေါခနဲ မြည်သံနှင့်အတူ ပျက်စီးသွားလေပြီ။ လေပြင်းနှင့် နှင်းများ ကောင်းကင်ယံမှ ကျဆင်းလာပြီး နှင်းမုန်တိုင်းထဲတွင် လူပုံရိပ် တစ်ခု ရှိနေလေသည်။
နှင်းမုန်တိုင်းကို ထိန်းချုပ်ကာ လူတစ်ယောက် ရောက်လာခြင်းပင်။
"ချန်ကျန်း..."
နဂါးမိသားစု ခေါင်းဆောင်သည် နှင်းထဲမှ ပုံရိပ်ကို ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် ဟိန်းဟောက်လိုက်လေသည်။
ချန်ကျန်း။
မမှားနိုင်ပေ။
ဒီလူငယ်လေးက နဂါးမိသားစု ဆီကို တစ်ယောက်တည်း လာရဲတယ်တဲ့လား။
"မင်း သိလား..."
နဂါးမိသားစု ခေါင်းဆောင်က အသက်ပြင်းပြင်း ရှူသွင်းပြီး စကားစလိုက်သည်။
စကားတစ်ဝက်မှာတင် နှင်းပွင့်များက တောင်ကြီး တစ်လုံးကဲ့သို့ လေးလံသွားပြီး ဧရာမ တောင်ကြီး တစ်လုံး ဖိချလိုက်သကဲ့သို့ နဂါးမိသားစု အိမ်တော် တစ်ခုလုံး ချက်ချင်း ပြိုကျသွားလေတော့သည်။
"ဖူး..."
နဂါးမိသားစု ခေါင်းဆောင်နှင့် နောက်ထပ် နဂါးမိသားစုမှ မြေကမ္ဘာ နတ်ဘုရား တစ်ပါး တို့မှာ ယခုအချိန်တွင် မြေကြီးပေါ် ဒူးထောက်ကျသွားကြသည်။ သူတို့ အတင်းအကြပ် ရုန်းထွက်ရန် ကြိုးစားသော်လည်း ဧရာမ တောင်ကြီး၏ ဖိအားကို မခုခံနိုင်ကြပေ။
နောက်တစ်စက္ကန့်တွင် နဂါးမိသားစု ခေါင်းဆောင်နှင့် နဂါးမိသားစုမှ လူများ အားလုံး နှင်းမုန်တိုင်းထဲမှ လူငယ်လေး၏ အေးစက်သော အသံကို ကြားလိုက်ရလေသည်။
"နောက်တစ်ခါ ဆိုတာ မရှိဘူးလို့ ငါ ပြောခဲ့တယ်... ဒါပေမဲ့ မင်းတို့က မယုံတဲ့ပုံပဲ... ဒါဆိုလည်း ငါ ကိုယ်တိုင် နဂါးမိသားစုဆီ လာခဲ့ရတာပေါ့..."
ဘုန်း...
စကားဆုံးသည်နှင့် တစ်ပြိုင်နက် နဂါးမိသားစု စံအိမ်ကြီးမှာ လုံးဝ အပျက်အစီး ပုံကြီး အဖြစ် ပြောင်းလဲသွားလေတော့သည်။
"ဝူး..."
နှင်းများ ပိုမို ထူထပ်လာပြီး ပိုမို လေးလံလာသည်။ နဂါးမိသားစု ခေါင်းဆောင်သည် မြေကမ္ဘာ နတ်ဘုရား အဆင့် ရှိသော်လည်း ဤအခိုက်အတန့်တွင် မြေကြီးပေါ်သို့ ဖိချခံထားရလေသည်။
ထိုအချိန်တွင် ချန်ပိုင်တောင်ဘက်မှ ရုတ်တရက် ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ ညလရောင်အောက်တွင် နဂါးအရိပ် တစ်ခု ကောင်းကင်သို့ ပျံတက်သွားသည်ကို ဝိုးတဝါး မြင်လိုက်ရလေသည်။
"ဟားဟား... ငါ့သား လုံချီက စစ်မှန်တဲ့ နဂါးသွေးကို စုပ်ယူပြီး နဂါး အဖြစ် ပြောင်းလဲနိုင်သွားပြီ... သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက မြေကမ္ဘာ နတ်ဘုရား အဆင့်ထက် အများကြီး သာလွန်နေပြီကွ... ချန်ကျန်း... မင်း အခု ငါတို့ကို သတ်ပြီး နဂါးမိသားစုကို ဖျက်ဆီးလိုက်ရင်တောင် ငါ့သားက ငါတို့ အတွက် လက်စားချေပေးလိမ့်မယ်... ဒီနေ့ နဂါးမိသားစု ပျက်စီးသွားရင် မင်းလည်း နဂါးမိသားစု နဲ့ အတူ သေရမှာပဲ..."
နဂါးမိသားစု ခေါင်းဆောင်က နဂါးအရိပ်ကို မြင်လိုက်ရချိန်တွင် ဝမ်းသာအားရ ဖြစ်သွားပြီး ချန်ကျန်းကို အော်ဟစ် ပြောဆိုလိုက်သည်။
"စစ်မှန်တဲ့ နဂါး ဟုတ်လား... တကယ်တော့ မင်း ပြောလို့ ငါ သတိရသွားတာ... ခုနက နဂါးဝိညာဉ် တစ်ခုက ငါ အရင်က နဂါးဧကရာဇ် တွေကို သတ်ခဲ့ဖူးတယ် ဆိုတာ သတိပေးသွားတယ်... ငါ့အဆင့်က အများကြီး ကျဆင်းသွားပြီ ဆိုပေမဲ့ ကမ္ဘာမြေပေါ်က နဂါးအတုအယောင် တစ်ကောင်ကို သတ်ဖို့က သိပ်ပြီး အားစိုက်ထုတ်စရာ မလိုပါဘူး... ချန်ပိုင်တောင်ရဲ့ ထျန်းချီ (ကောင်းကင်ကန်) ထဲမှာ ပုန်းနေတဲ့ လူတွေ ရှိသေးတယ် ဆိုတာ သတိပေးတဲ့ အတွက် ကျေးဇူးပဲ..."
ချန်ကျန်းက တိုးတိုးလေး ပြောလိုက်ပြီး နဂါးမိသားစု ခေါင်းဆောင်ကို ပြုံးပြလိုက်သည်။
"ဘာ..."
နဂါးမိသားစု ခေါင်းဆောင် ထိတ်လန့်သွားပြီး ဤအခိုက်အတန့်တွင် နောင်တ တစ်ခု ဝင်လာလေသည်။
လုံချီ၏ သတင်းကို ပြောမိလိုက်သည့် အတွက် နောင်တရသွားခြင်း ဖြစ်သည်။
"ဘုန်း..."
သို့သော် နှင်းမုန်တိုင်းက လုံးဝ ဖိချလိုက်လေပြီ။ ဤတစ်ကြိမ်တွင် နဂါးမိသားစု ခေါင်းဆောင် စကားပြောရန် ပြင်လိုက်သည့် အချိန်မှာပင် နဂါးမိသားစု ခေါင်းဆောင်၏ မူလဝိညာဉ်ကို တိုက်ရိုက် ချေမွပစ်လိုက်လေသည်။
မြေကမ္ဘာ နတ်ဘုရား တစ်ပါး ပင်လျှင် လှုပ်ရှားခွင့် မရလိုက်ဘဲ မူလဝိညာဉ် ပျက်စီးကာ သေဆုံးသွားရလေတော့၏။
အခန်း ၁၃၆ ပြီး