"ခုတ်... ခုတ်ချလိုက်တယ်... မဟာအရှင်သခင် အဆင့်ကနေ မြေကမ္ဘာ နတ်ဘုရား အဆင့်ကို ဓားတစ်ချက်တည်းနဲ့ ခုတ်ချလိုက်တာပဲ..."
ရှောင်ဖန် တစ်ယောက် အံ့ဩမှု လွန်ကဲပြီး သတိပြန်ဝင်လာချိန်တွင် မျက်တောင် ခတ်ကာ မေးလိုက်သည်။
"ရွှမ်ယွမ်ဓားက တကယ်ကို အံ့ဩစရာ ကောင်းတဲ့ လက်နက်ပဲ... ဒါပေမဲ့ သူရဲ့ စွမ်းအားတွေကို အပြည့်အဝ ထုတ်ဖော်နိုင်ဖို့ ဆိုရင် အရှင်သခင် အဖြစ် အသိအမှတ် ပြုခံရဖို့ လိုတယ်..."
လင်းကျောက်မင်က ရွှမ်ယွမ်ဓားကို ကိုင်ထားသော ဟူဖေးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
စွမ်းအားရှင် အဖွဲ့သည် ရွှမ်ယွမ်ဓားကို ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက ရရှိထားခဲ့သည်။ ထိုအချိန်မှစ၍ သူတို့သည် ရွှမ်ယွမ်ဓားကို သုတေသန ပြုခဲ့ကြသည်။ မည်သည့် သွေးဖြင့် ပူဇော်ရမည်၊ မည်သည့် ဝိညာဉ် စွမ်းအားဖြင့် သုံးရမည် စသည်ဖြင့် နည်းလမ်းပေါင်းစုံ သုံးခဲ့ကြသော်လည်း အားလုံး မအောင်မြင်ခဲ့ပေ။
ယခုတော့ သူ့ဘေးရှိ လူငယ်လေးက ပေါ့ပေါ့ပါးပါး ပြောလိုက်ရုံနှင့် ရွှမ်ယွမ်ဓားက ဟူဖေးကို အရှင်သခင် အဖြစ် အသိအမှတ် ပြုသွားလေပြီ...
ဆိုလိုသည်မှာ ဤ လူငယ်လေး၏ စကား တစ်ခွန်းတည်းက စွမ်းအားရှင် အဖွဲ့၏ ဆယ်စုနှစ်ပေါင်းများစွာ သုတေသန ပြုခဲ့သည့် ရလဒ်ထက် အဆပေါင်း ရာချီ၍ ပိုမို အစွမ်းထက်နေခြင်း ဖြစ်သည်။
ကွာဟချက်...
ဤ ကြီးမားသော ကွာဟချက်က လင်းကျောက်မင်ကို တကယ်ပင် မသက်မသာ ဖြစ်စေသည်။
ထို့ပြင် ရှေးဟောင်း နတ်ဓားကို အသက် ၂၀ အရွယ်သာ ရှိသေးသော လူငယ်လေး တစ်ယောက်က ကိုယ်တိုင် ပုံသွင်း ဖန်တီးခဲ့သည် ဆိုသည့် စကားကိုလည်း သူ ကိုယ်တိုင် ကြားခဲ့ရသည်။ ဒါက တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းလှသည်။
ချန်ကျန်း၏ အချက်အလက်များကို သူ အလွန် သေချာစွာ စစ်ဆေးခဲ့ဖူးသည်။ ဇီနင်မြို့မှ ချန်မိသားစုဝင် ချန်ကျန်း၏ သက်တမ်းမှာ အတိအကျ အသက် ၂၀သာ ရှိသေးသည်။ ထို့ကြောင့် တစ်ခုတည်းသော ရှင်းပြချက်မှာ မူလ ချန်ကျန်းကို ရှေးခေတ် အစွမ်းထက် ဝိညာဉ် တစ်ခုက ဝင်ပူးထားခြင်း ဖြစ်ရမည်။
သို့သော် လင်းကျောက်မင်က ချန်ကျန်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ လုံးဝ ကိုက်ညီနေပြီး ဝင်ပူးခံထားရသည့် အရိပ်အယောင် လုံးဝ မရှိကြောင်း ခံစားမိသည်။ ဒါက လင်းကျောက်မင် အတွက်တော့ စဉ်းစားလို့ မရနိုင်ဆုံး အချက်ပင်။
လွန်ခဲ့သော ၃ နှစ်က သာမန် လူသား တစ်ယောက်သည် ၃ နှစ် အကြာတွင် အရာအားလုံးကို ထိန်းချုပ်နိုင်သည့် စွမ်းအားမျိုး ဘယ်လိုလုပ် ရရှိသွားနိုင်သနည်း။
"ချန်ဘိုးဘေး..."
ဟူဖေးလည်း သတိပြန်ဝင်လာပြီး ချန်ကျန်း ဆီသို့ ပျံသန်းလာကာ ဓားကိုင်၍ အရိုအသေ ပေးလိုက်သည်။
"နောင်ကျရင် ဟွာရှ စွမ်းအားရှင် အဖွဲ့ကို အကူအညီ ပေးလိုက်ပါ... မူလ သဘောတရား နဲ့ မဆန့်ကျင်တဲ့ ကိစ္စ မှန်သမျှ လုပ်ပေးလိုက်ပါ..."
ချန်ကျန်းက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့..."
ဟူဖေး ဆက်ပြောပြီး လင်းကျောက်မင်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။
"အကူအညီ နည်းနည်း ပေးဖို့... ဒါ... ကောင်းပါပြီ..."
လင်းကျောက်မင် ပါးစပ် ဟလိုက်သော်လည်း ဘာမှ ဆက်မပြောရဲတော့ပေ။ ချန်ကျန်းကို စိတ်အနှောင့်အယှက် မဖြစ်စေလိုသည့်အပြင် ရွှမ်ယွမ်ဓားကို ကိုင်ကာ မြေကမ္ဘာ နတ်ဘုရားကို ခုတ်လိုက်သော မိန်းကလေးကို ကြည့်ရသည်မှာလည်း အတော်လေး ကောင်းမွန်နေသည်။
အမှန်တိုင်း ပြောရလျှင် သူသည် ယခုအခါ ဟူဖေးကို ကြည့်ရသည်မှာ စွမ်းအားရှင် အဖွဲ့၏ ခေါင်းဆောင် ဖြစ်နေသော်လည်း ရင်ထဲတွင် ကြောက်ရွံ့မှု အနည်းငယ် ဖြစ်နေသည်။ ရွှမ်ယွမ်ဓားကို ကိုင်ထားသော ဟူဖေးသည် သူ့ကို ခုတ်ချလိုက်နိုင်သည်မှာ အသေအချာပင်။ ....
"ဝူး..."
"ဟီး..."
"ဂျဲဂျဲ..."
နန်ကျင်း တက္ကသိုလ် နောက်ဘက် တောင်ကုန်းတွင် ထူးဆန်းသော အသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
နန်ကျင်း တက္ကသိုလ် နောက်ဘက် တောင်ကုန်းတင်မက၊ ဤအချိန်တွင် နန်ကျင်း တက္ကသိုလ် တစ်ခုလုံးနှင့် နန်ရှီမြို့ တစ်ခုလုံးတွင် ထို ထူးဆန်းသော အသံများ ပျံ့နှံ့သွားလေသည်။
ကောင်းကင်ယံတွင် အလင်းရောင် အနည်းငယ် ကျန်ရှိနေသေးသော်လည်း ရုတ်တရက် အချိန်ကို အတင်းအဓမ္မ အရှိန်မြှင့်လိုက်သကဲ့သို့ ကောင်းကင်တစ်ခုလုံး အမှောင်ကျသွားလေသည်။
အလွန် အုံ့မှိုင်းနေသော အမှောင်ထည်။
"ဘာလဲ... အမေရေ..."
ရှောင်ဖန် ဘေးတွင် တစ်စုံတစ်ခု ဖြတ်သွားသည်ကို တွေ့လိုက်ရသဖြင့် ဘေးသို့ လှည့်ကြည့်လိုက်ရာ ခဏတာ ငေးမောသွားပြီးနောက် ဆဲဆိုလိုက်သည်။
မျက်နှာဖုံး တစ္ဆေ...
တစ္ဆေ...
အဲဒါ တစ္ဆေ တစ်ကောင်ပဲ...
"ဟဲ..."
နန်ကျင်း တက္ကသိုလ် နောက်ဘက် တောင်ကုန်းရှိ ချန်ကျန်းတို့ ပတ်လည်တွင် ညည်းညူသံများ ထွက်ပေါ်လာပြီး တစ္ဆေ ဒါဇင်ချီ ရုတ်တရက် ပေါ်လာသည်။ ဤတစ္ဆေ များက ချန်ကျန်း တို့ကို သားကောင် တစ်ကောင်ကို ကြည့်သကဲ့သို့ စိုက်ကြည့်နေကြသည်။
"ကျွတ်..."
တစ္ဆေ တစ်ကောင်က ဟူဖေး ဆီသို့ ပျံသန်းလာသည်။ ဟူဖေး မျက်နှာထား အေးစက်သွားပြီး လက်ကို မြှောက်ကာ အေးစက်သော အလင်းတန်း တစ်ချက်ဖြင့် ခုတ်လိုက်ရာ တစ္ဆေမှာ ချက်ချင်းပင် ပျက်စီးသွားလေသည်။ ပတ်လည်ရှိ တစ္ဆေများ ကြောင်အမ်းသွားပြီးနောက် ဟူဖေး လက်ထဲရှိ ရွှမ်ယွမ်ဓားကို ကြည့်ကာ ထိတ်လန့်သွားကြလေသည်။
ဤဓားတွင် မကောင်းဆိုးဝါးများကို သဘာဝအတိုင်း ထိန်းချုပ်နိုင်သည့် စွမ်းအား တစ်ခု ရှိနေပြီး ရှေးဟောင်းခေတ် ကတည်းက အမွေဆက်ခံလာသည့် စွမ်းအားမျိုး ဖြစ်ပေသည်။
"ထွက်ပြေးကြ..."
"အရမ်း ကြောက်စရာ ကောင်းတယ်..."
"အားလုံး ပြေးကြ..."
တစ္ဆေများ၏ ငိုညည်းသံများ အစီအရီ ထွက်လာတော့၏။
ကျွတ်...
ထို့နောက် ဟူဖေးသည် သူတို့ကို ထွက်ပြေးခွင့် မပေးတော့ဘဲ ဓားရောင်ခြည် တစ်ချက် ထပ်မံ လက်သွားရာ တစ္ဆေ ဒါဇင်ချီမှာ တစ်ခဏချင်းပင် ပျက်စီးသွားလေသည်။
"ဒါ... ဒါ ဘာဖြစ်နေတာလဲ... တစ္ဆေ ပွဲတော်ကလည်း ပြီးသွားပြီလေ... ဘာလို့ ဒီလောက် တစ္ဆေတွေ များနေရတာလဲ..."
ရှောင်ဖန် မျက်မှောင်ကြုတ်လိုက်မိသည်။
သူက စိတ်စွမ်းအားရှင် တစ်ယောက် ဖြစ်သော်လည်း အမှန်တကယ်တော့ ရဲရင့်သူ တစ်ယောက် မဟုတ်ပေ။ ဤတစ္ဆေများနှင့် မိစ္ဆာများကို သူ ကြောက်သည်။
"အခြေအနေကို ကြည့်ရမယ်..." လင်းကျောက်မင် မျက်လုံး မှိတ်လိုက်ပြီး ၃ စက္ကန့် မပြည့်ခင်မှာပင် မျက်လုံး ပြန်ဖွင့်ကာ အောက်ကို ငေးကြည့်လိုက်သည်။ သူက ချန်ကျန်းကို ကြည့်ပြီး ပြောလိုက်သည်။ "နန်ကျင်း တက္ကသိုလ် တစ်ခုလုံး၊ နန်ရှီမြို့ တစ်ခုလုံးရဲ့ လမ်းမတွေပေါ်မှာ အနည်းဆုံး တစ္ဆေ ၁၀၀၀၀ လောက် လှည့်လည်နေကြတယ်... တစ္ဆေ တံခါးပေါက် ပွင့်သွားတာတော့ မဟုတ်ဘူး... ဒါပေမဲ့ အနောက်က ကြိုးကိုင်နေတဲ့ လူကို ရှာမတွေ့ဘူး... ကြိုးကိုင်နေတဲ့သူက မြေကမ္ဘာ နတ်ဘုရား အဆင့်ထက် သာလွန်တယ်..."
လင်းကျောက်မင် စကားကို ခဏ ရပ်လိုက်ပြီး ခေါင်းထဲတွင် ဟွာရှပြည်ရှိ ကျင့်ကြံသူများ၏ အချက်အလက်များကို အမြန် ရှာဖွေနေသည်။
"အရင်တုန်းက ဟွာရှပြည်မှာ တစ္ဆေတွေကို မွေးမြူတတ်တဲ့ တစ္ဆေဂိုဏ်း ရှိဖူးတယ်... နောက်တော့ ခွန်းလွန်၊ ဓားဂိုဏ်း၊ လုံဟူတောင် နဲ့ ငါတို့ စွမ်းအားရှင် အဖွဲ့က အဲဒီဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့တယ်... အဲဒီ ဂိုဏ်းရဲ့ လျှို့ဝှက် ကျင့်ကြံနည်း တွေက အကုန် ပျက်စီးသွားပြီလို့ ထင်ခဲ့တာ... ဒါပေမဲ့ သူတို့ ပျောက်ကွယ်သွားခဲ့တယ်... အခု နန်ရှီမြို့က အခြေအနေ၊ တစ္ဆေ ၁၀၀၀၀ ညဉ့်ယံ ခရီး ဆိုတာ တစ္ဆေဂိုဏ်းရဲ့ အထူး ကျင့်ကြံနည်း နဲ့ တူတယ်..."
"အခု တစ္ဆေတွေကို ကျင့်ကြံသူတွေပဲ မြင်နိုင်သေးပေမဲ့ တစ္ဆေ ၁၀၀၀၀ အစီအရင်က အပြည့်အဝ ဖြစ်လာရင် တစ္ဆေ ၁၀၀၀၀က ညဘက် လှည့်လည်ရုံတင် မကတော့ဘူး... သာမန် လူတွေပါ မြင်နိုင်တော့မှာ... အဲဒီအခါကျရင် နန်ရှီမြို့ တစ်ခုလုံး... ရှုပ်ထွေးသွားတော့မှာပဲ..."
"ပြီးတော့ ငရဲပြည် ကနေ ကြောက်စရာ ကောင်းတဲ့ အရာ တစ်ခု ထွက်လာနေတယ်လို့ ငါ ခံစားမိနေတယ်..." လင်းကျောက်မင်၏ မျက်မှောင် ကြုတ်မှုမှာ ပိုမို နက်ရှိုင်းလာသည်။ ဤအခြေအနေက သူ၏ ထိန်းချုပ်မှု အောက်တွင် မရှိတော့ပေ။ ဤမျှအထိ ထူးဆန်းသော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ကျင့်ကြံခြင်း လောကမှ တစ်စုံတစ်ယောက်က တားမြစ်ချက်ကို ဂရုမစိုက်ဘဲ ခေတ်သစ် လောကကို အတင်းအဓမ္မ ဝင်ရောက် စွက်ဖက်နေခြင်း ဖြစ်သည်။
ဤဝင်ရောက် စွက်ဖက်မှုမှာ သာမန် မဟုတ်ပေ။ တစ္ဆေ ၁၀၀၀၀ အစီအရင် ဖြစ်လာလျှင် နန်ရှီမြို့ ရှိ သာမန် လူများသည် တစ္ဆေတို့၏ အစာ ဖြစ်လာတော့မည်...
ဘယ်သူက ဒီလောက်အထိ ရက်စက်တာလဲ၊ တကယ်တမ်း ခေတ်သစ် လောကကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေတာလဲ...
"အရမ်း ကြောက်စရာ ကောင်းတယ်... ဘာလုပ်ရမလဲ..."
ရှောင်ဖန် အလိုအလျောက် ချန်ကျန်းကို ကြည့်လိုက်သည်။
အရင်တုန်းက အန္တရာယ် တစ်ခုခု ရှိရင် သူက လင်းကျောက်မင် ကိုသာ အားကိုးတတ်သည်။ သို့သော် ယခုတော့ သူက ချန်ကျန်း ကိုသာ အားကိုးမိနေသည်။
"နဂါးမိသားစုက လူဆိုရင် မင်းတို့ ဘာလုပ်မလဲ..."
ချန်ကျန်း ခေါင်းမော့ကာ မှောင်မည်းနေသော ညကောင်းကင်ယံကို တစ်ချက် ကြည့်လိုက်ပြီး စကားတစ်ခွန်း ထွက်လာလေသည်။
"နဂါးမိသားစုလား... ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
လင်းကျောက်မင် အံ့သြသွားသည်။
"နဂါးမိသားစုရဲ့ အရှင်သခင်က တစ္ဆေနဲ့ ပတ်သက်တဲ့ အရာတွေကို ကျွမ်းကျင်တာ မဟုတ်ဘူးလား... ပြီးတော့ တခြား အစွမ်းထက် ဂိုဏ်းတွေလည်း အဲဒီလို မလုပ်လောက်ဘူး..."
ရှောင်ဖန်လည်း မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"ဒါဆို ဘယ်သူလဲ..."
ချန်ကျန်းက ရယ်မောလိုက်ပြီး သူ့ညာလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
"ဝေါ..."
ဤဝှေ့ယမ်းမှု အောက်တွင် မိုးတိမ်များ အားလုံး ပျောက်ကွယ်သွားလေသည်။
"နောက်ကျသွားပြီ..."
သို့သော်...
ညကောင်းကင်ယံ အထက်တွင် အေးစက်သော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာ၏...
အော်ဟစ်သံ နှင့်အတူ မြေအောက်ထဲမှ ကြောက်မက်ဖွယ် ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာသည်။ နန်ကျင်း တက္ကသိုလ် နောက်ဘက် တောင်ကုန်း အောက်မှ သတ္တဝါကြီး တစ်ကောင် ထွက်လာသည်။ သတ္တဝါကြီး ဟိန်းဟောက်လိုက်ချိန်တွင် အမှောင် စွမ်းအင် အစီအရင် တစ်ခုက နောက်ဘက် တောင်ကုန်းကို ပိတ်ဆို့ထားလိုက်လေသည်။
"တစ္ဆေဘုရင်..." လင်းကျောက်မင်က ထို သတ္တဝါကြီးကို တစ်ချက်ကြည့်လိုက်ပြီး ကောင်းကင်မှ ဆင်းသက်လာသော ပုံရိပ်ကို ကြည့်လိုက်သည်။ ထို ပုံရိပ်ကို ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် သူ၏ မျက်မှောင်များမှာ ချက်ချင်းပင် လိုင်းတစ်ခုလို တွန့်ချိုးသွားတော့သည်။
"လုံဟူတောင်၊ တီရှီး နန်းတော်က တစ္ဆေဘုရင်..."
ဤပုံရိပ်ကို မြင်လိုက်သည်နှင့် လင်းကျောက်မင်မှာ ချန်ကျန်း၏ စကားကို ချက်ချင်း နားလည်သွားပြီး နဂါးဝိညာဉ်၏ လျှို့ဝှက် ထိန်းချုပ်မှု ပျောက်ကွယ်သွားရခြင်း၏ အမှန်တရားကို ချက်ချင်း သိလိုက်ရသည်။
"ဂါး....." တစ္ဆေဘုရင် ဟိန်းဟောက်လိုက်သည်။
"ဂါး...ဂါး......"
နန်ရှီမြို့ အတွင်းတွင်ရှိ တစ္ဆေ ၁၀၀၀၀ တုံ့ပြန်လိုက်သည်။
ရုတ်ချင်း တစ္ဆေတို့၏ ငိုညည်းသံနှင့် ဝံပုလွေတို့၏ ဟိန်းဟောက်သံတို့ ညကောင်းကင်ယံထက် ပြည့်နှက်သွားသည်။
နောက်တစ်စက္ကန့်တွင် လူသားတို့၏ ငရဲခန်း ဖြစ်လာတော့မည့် အလားပင်။
အခန်း ၁၄၀ ပြီး