“တုန်းမိသားစု ဟုတ်လား...”
ထိုစကားလုံးကို ကြားလိုက်ရသည်နှင့် ယဲ့ပုဖန်၏ ရင်ထဲတွင် ဒေါသမီးလျှံများ တဟုန်းဟုန်း တောက်လောင်လာတော့သည်။
သူသည် တုန်းမိသားစုဆိုသော အသိုင်းအဝိုင်းကို တစ်ခါမျှ သွားရောက် မပတ်သက်ဖူးသော်လည်း သူတို့ကမူ သူ့ဘေးနားရှိ လူများကို အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့ကြသည်။
ယဲ့ပုဖန် စကားမပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ တုန်းဟိုင်ရှန်းက သူ၏ မိသားစု နောက်ခံကြောင့် တစ်ဖက်လူ ထိတ်လန့်သွားပြီဟု ထင်မှတ်ကာ မောက်မာစွာ ရယ်မောလိုက်၏။
“ကောင်လေး... ငါပြောလိုက်မယ်။ ငါတို့ တုန်းမိသားစုဆိုတာ မင်းလိုကောင်မျိုး လာစော်ကားလို့ ရတဲ့ အသိုင်းအဝိုင်း မဟုတ်ဘူး။ အခုချက်ချင်း ဒူးထောက်စမ်း... ဒါဆိုရင်တော့ မင်း အသက်ရှင်ဖို့ အခွင့်အရေး နည်းနည်း ရှိဦးမယ်...”
သူက အားရပါးရ ကြွားလုံးထုတ်နေဆဲမှာပင် ကြီးမားသော လက်ဝါးတစ်ခုက သူ၏ မျက်နှာရှေ့သို့ ရုတ်တရက် ရောက်ရှိလာသည်။
“ဘန်း...”
ညအမှောင်ထုအတွင်း ကျယ်လောင်ပြတ်သားသော ရိုက်သံတစ်ခု ဟိန်းထွက်သွားပြီး တုန်းဟိုင်ရှန်းမှာ ယဲ့ပုဖန်၏ ပါးရိုက်ချက်ကြောင့် ဆယ်မီတာကျော်ခန့် လွင့်ထွက်သွားတော့သည်။
ထိုပါးရိုက်ချက်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် တုန်းဟိုင်ရှန်းမှာ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲတော့မတတ် ခံစားလိုက်ရကာ သွေးများနှင့်အတူ ကျိုးထွက်သွားသော သွားများကိုပါ ထွေးထုတ်လိုက်ရသည်။
ဤသည်မှာ ယဲ့ပုဖန်က အတော်လေး လက်တွန့်ထားခြင်းပင် ဖြစ်သည်။ အကယ်၍ ဒီကောင့်ဆီကနေ မေးမြန်းစရာတွေ ရှိမနေဘူးဆိုလျှင် ယဲ့ပုဖန်၏ ပါးရိုက်ချက်က သူ့ဦးခေါင်းကို တစ်စစီ ဖြစ်သွားစေမည်မှာ သေချာလှပေသည်။
ထျန်းရုယီသည် ထိုမြင်ကွင်းကို ကြည့်ရင်း ရင်တုန်ပန်းတုန် ဖြစ်သွားရသည်။
ရက်အနည်းငယ် အတွင်းမှာပင် သူမရှေ့ရှိ အမျိုးသားမှာ နူးညံ့သိမ်မွေ့မှုများ ပျောက်ကွယ်သွားကာ ရက်စက် ကြမ်းကြုတ်သော အငွေ့အသက်များ ဖုံးလွှမ်းနေပြီ ဖြစ်သည်။
တုန်းဟိုင်ရှန်းမှာ ထိုးနှက်ချက်ကြောင့် မူးဝေနေပြီး မြေပြင်ပေါ်တွင် အကြိမ်ကြိမ် လူးလှိမ့်နေရသည်။ ထို့နောက် သူက ယဲ့ပုဖန်ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ “သတ်... သတ်ပစ်ကြစမ်း။ အခုချက်ချင်း သူ့ကို သတ်ပစ်လိုက်ကြစမ်း”
တုန်းမိသားစု၏ ကိုယ်ရံတော်များမှာလည်း ယဲ့ပုဖန်က ဤမျှ ရုတ်တရက်နှင့် ပြင်းထန်စွာ တိုက်ခိုက်လိမ့်မည်ဟု မထင်ထားသဖြင့် ကြောင်အသွားကြသည်။
“ကောင်လေး... မင်းက ငါတို့ သခင်လေးကို လက်ဖျားနဲ့ ထိရဲတယ်ပေါ့လေ... မင်း သေဖို့သာ ပြင်ထားတော့”
နီဟန်သည် ပထမဆုံး ခုန်ထွက်လာကာ ယဲ့ပုဖန်၏ ရင်ဘတ်ဆီသို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သူ၏ တိုက်ခိုက်မှုမှာ အလွန် အားပါလှ၏။ မြေကမ္ဘာအဆင့် ပြည့်စုံခြင်းသို့ ရောက်ရှိထားသူ ဖြစ်သဖြင့် အင်မော်တယ် ဆရာကြီးကျီယန်ပြီးလျှင် တုန်းမိသားစုမှ လွှတ်လိုက်သူများထဲတွင် သူသည် အင်အားအကြီးဆုံး ဖြစ်ပေသည်။ ထို့ကြောင့်လည်း တုန်းဟိုင်ရှန်းကို ကာကွယ်ရန် သူက တာဝန်ယူထားရခြင်း ဖြစ်သည်။
သို့သော် ယဲ့ပုဖန်၏ ပါးရိုက်ချက်ကြောင့် သူပါ သိက္ခာကျသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ဤတိုက်ကွက်တွင် သူက အစွမ်းကုန် အားစိုက်ထားလေသည်။ ယဲ့ပုဖန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားကာ သူကလည်း လက်ဝါးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
သူတို့နှစ်ဦးစလုံးမှာ မြေကမ္ဘာအဆင့် ပြည့်စုံခြင်းချင်း တူညီသော်လည်း ယဲ့ပုဖန်မှာမူ ထိုအဆင့်တွင် ပြိုင်ဘက်ကင်းသူ ဖြစ်ပေသည်။ သူသာ ဆန္ဒရှိလျှင် အာကာသအဆင့် အထိပါ တက်လှမ်းနိုင်စွမ်း ရှိလေရာ နီဟန်မှာ မည်သည့်နည်းနှင့်မျှ ယဲ့ပုဖန်၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။
“ဒုတ်...”
လက်ဝါးနှစ်ခု ရိုက်ခတ်မိသောအခါ တုန်းတိတိ အသံတစ်ခု ထွက်ပေါ်လာသည်။ ယဲ့ပုဖန်မှာ မလှုပ်မယှက် ရှိနေသော်လည်း နီဟန်မှာမူ အဝတ်စုတ်တစ်ခုကဲ့သို့ နောက်သို့ လွင့်ထွက်သွားတော့သည်။
နီဟန်မှာ အလွန်ပင် ထိတ်လန့်သွားရသည်။ နူးညံ့ သိမ်မွေ့ပုံရသော ယဲ့ပုဖန်တွင် ဤမျှ အစွမ်းထက်သော ကျင့်ကြံမှု ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အနှီ တိုက်ခိုက်မှုကြောင့် သူ၏ ကိုယ်တွင်းစွမ်းအားများ ကမောက်ကမ ဖြစ်သွားကာ သွေးများပင် အန်ချင်လာသည်။
သို့သော် ပို၍ ဆိုးသည်မှာ သူ အသက်ရှူ မကူနိုင်ခင်မှာပင် ယဲ့ပုဖန်မှာ အရိပ်တစ်ခုအလား သူ့ထံသို့ ရောက်ရှိလာခြင်းပင်။ သူ မြေပြင်ပေါ်သို့ ခြေချမိသည်နှင့် ယဲ့ပုဖန်၏ လက်သီးက သူ့မျက်နှာ တည့်တည့်သို့ ကျရောက်လာသည်။
နီဟန်မှာ အသည်းအသန် ဖြစ်သွားကာ သူ၏ ချီစွမ်းအင်များကို အတင်းအကျပ် စုစည်း၍ ထိုလက်သီးကို ခုခံလိုက်ရသည်။
နောက်ထပ် ကျယ်လောင်သော အသံတစ်ခုနှင့်အတူ သူသည် ခုနစ်မီတာ၊ ရှစ်မီတာခန့် လွင့်ထွက်သွားပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူ၏ ကိုယ်တွင်းရှိ သွေးလေများကို မထိန်းချုပ်နိုင်တော့ဘဲ ပါးစပ်မှ သွေးအိုင်ကြီး တစ်ခုကို ဝေါခနဲ အန်ထုတ်လိုက်ရတော့သည်။
ဤအခိုက်အတန့်တွင် ယဲ့ပုဖန်၏ သတ်ဖြတ်လိုသော ဆန္ဒမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် လွှတ်ပေးရန် ရည်ရွယ်ချက် လုံးဝမရှိပေ။ နီဟန် မြေပြင်ပေါ်သို့ မကျခင်မှာပင် ယဲ့ပုဖန်က ထပ်မံ လိုက်ပါသွားကာ ပြင်းထန်သော ကန်ချက်တစ်ခုဖြင့် ဧည့်ခံလိုက်ပြန်သည်။
ဘုန်း…
နီဟန်မှာ ရှိသမျှ အားကို သုံး၍ ခုခံလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ လေထဲသို့ ဆယ်မီတာကျော် မြောက်တက်သွားကာ သွေးများကို တောက်လျှောက် အန်နေရတော့သည်။
ယဲ့ပုဖန်က မြေပြင်ကို ခြေတစ်ချက် ဆောင့်ကာ လေထဲသို့ မြောက်တက်သွားပြီး နီဟန်၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲလိုက်သည်။ ထို့နောက် ဂုံနီအိတ်တစ်ခုကို လွှဲရိုက်သကဲ့သို့ နီဟန်ကို မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ဆောင့်ချပစ်လိုက်သည်။
ဘန်း…
ဤသို့ဖြင့် သနားစရာကောင်းသော တုန်းမိသားစု၏ သိုင်းပညာရှင် နီဟန်မှာ ယဲ့ပုဖန်၏ လက်ထဲတွင် အသေသတ်ခြင်းကို ခံလိုက်ရလေသည်။
ဒေါသကို အတန်ငယ် ဖြေလျှော့ပြီးသောအခါမှ ယဲ့ပုဖန်က သူ့ကို ကန်ထုတ်လိုက်တော့သည်။
ဤအချိန်တွင် နီဟန်၌ သက်ရှိ အငွေ့အသက်များ မကျန်တော့ဘဲ လူသေအလောင်း တစ်ခုသာ ဖြစ်နေချေပြီ။
ထိုအခါမှ တုန်းမိသားစု၏ အခြားအဖွဲ့ဝင်များမှာ သတိပြန်ဝင်လာကြသည်။ တုန်းဟိုင်ရှန်းက သူ၏ ကိုယ်ရံတော်များကို ထပ်မံအော်ဟစ်လိုက်၏။
“မင်းတို့က လူသေတွေလား... ဘာကို ကြည့်နေကြတာလဲ။ အခုချက်ချင်း သူ့ကို သတ်စမ်း”
ကိုယ်ရံတော်များမှာ အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားကာ ခါးကြားမှ သေနတ်များကို ထုတ်ယူ၍ ပစ်ခတ်ရန် ပြင်လိုက်ကြသည်။
သို့သော် ထိုအခိုက်အတန့်တွင် ယဲ့ပုဖန်၏ ပုံရိပ်မှာ သူတို့ရှေ့မှ ပျောက်ကွယ်သွားကာ စူးရှသော ဓားအလင်းတန်း တစ်ခုသာ သူတို့မျက်စိရှေ့သို့ ရောက်ရှိလာသည်။
“ရွှပ်... ရွှပ်... ရွှပ်...”
ကြောက်မက်ဖွယ် အရှိန်အဟုန် ပါဝင်သည့် နဂါးစွယ်ဓားက ကိုယ်ရံတော် ဆယ်ဦးစလုံး၏ လည်ချောင်းများကို တစ်ခဏချင်း အတွင်း လှီးဖြတ်သွားရာ သွေးများမှာ ပန်းထွက်လာတော့သည်။
ယဲ့ပုဖန်သည် သွေးစွန်းနေသော နဂါးစွယ်ဓားကို ကိုင်ထားရင်း သတ်ဖြတ်လိုသော အရှိန်အဝါများကို အစွမ်းကုန် ထုတ်ဖော်ထားလေသည်။
ယနေ့ညတွင် သူသည် မည်သည့်အရာကိုမျှ ညှာတာနေမည် မဟုတ်ပေ။ သူ့ဘေးနားရှိ လူများကို ထိပါးလာသူတိုင်း ရရှိမည့် ရလဒ်မှာ သေခြင်းတရား တစ်ခုတည်းသာ ဖြစ်ပေလိမ့်မည်။
ထျန်းမိသားစု စံအိမ်တစ်ခုလုံးမှာ တိတ်ဆိတ်မှုအတွင်း နစ်မြှုပ်သွားရသည်။ ယဲ့ပုဖန်၏ စွမ်းအားမှာ လူတိုင်း၏ စိတ်ကူးထက် ကျော်လွန်နေလေပြီ။
နီဟန်၏ ကျင့်ကြံမှုကို သူတို့ သိကြသည်။ မြေကမ္ဘာအဆင့် ပြည့်စုံခြင်း သိုင်းပညာရှင်မျိုးမှာ ကျန်းနန်မြို့ တစ်ခုလုံးတွင် တစ်ယောက်မှ မရှိပေ။ ကျန်းနန် သိုင်းအသင်းချုပ် ဥက္ကဋ္ဌပင်လျှင် မြေကမ္ဘာအဆင့် အလယ်အလတ်သို့သာ ရောက်ရှိသေးသည်။
ထိုကဲ့သို့သော လူမျိုးက ယဲ့ပုဖန်၏ လက်ထဲတွင် ခွေးတစ်ကောင်လို အရိုက်ခံလိုက်ရပြီး ပြန်လည် တိုက်ခိုက်နိုင်စွမ်းပင် မရှိခဲ့ပေ။ ဤသည်မှာ လက်ခံနိုင်သေးသော်လည်း ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာ သူ၏ လျင်မြန်သော လှုပ်ရှားမှုပင် ဖြစ်သည်။
ယေဘုယျအားဖြင့် သိုင်းပညာရှင်များ မည်မျှပင် ကောင်းစေကာမူ သေနတ်ကို ကြောက်ရစမြဲ ဖြစ်သည်။ သို့သော် တုန်းမိသားစု၏ ထိပ်သီး ကိုယ်ရံတော် ဆယ်ဦးမှာမူ ယဲ့ပုဖန်၏ ရှေ့တွင် သေနတ်ကို ဆွဲထုတ်ခွင့်ပင် မရလိုက်ကြဘဲ ခဏချင်းအတွင်း အလောင်းများ ဖြစ်သွားရသည်မှာ အမှန်တကယ်ပင် ကျောချမ်းစရာ ကောင်းလှပေသည်။
ယဲ့ပုဖန်သည် ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ကျန်ရှိသူများကို လျစ်လျူရှုကာ အန်းယီမော့ထံသို့ လျှောက်သွားလိုက်သည်။
မူလက အန်းယီမော့ကို ထျန်းမိသားစုဝင် နှစ်ဦးက စောင့်ကြပ်နေသော်လည်း သေမင်းတမန် တစ်ပါးနှယ် ကြမ်းထား ရမ်းထားသော ယဲ့ပုဖန်ကို မြင်သောအခါ မည်သူမျှ မတားရဲကြတော့ပေ။ သူတို့သည် အန်းယီမော့ကို လွှတ်ပေးလိုက်ကာ ထိတ်လန့်တကြား နောက်ဆုတ်သွားကြသည်။
ယဲ့ပုဖန်သည် သူမ၏ ရှေ့သို့ ရောက်ရှိလာသောအခါ မျက်ဝန်းထဲတွင် နူးညံ့မှုများ ပြန်လည် ပေါ်ပေါက်လာသည်။ သူက သူမကို ရင်ခွင်ထဲသို့ ဆွဲပွေ့လိုက်ကာ “အဆင်ပြေရဲ့လား...” ဟု မေးလိုက်၏။
“ကျွန်မ အဆင်ပြေပါတယ်... ရှောင်ဖန်… ရှင် အသက်ရှင်နေတာ တွေ့ရတာ ဝမ်းသာလိုက်တာ”
အန်းယီမော့သည် သူ၏ ရင်ခွင်ထဲတွင် ခေါင်းကို ဝှက်ထားရင်း ဝမ်းသာမျက်ရည်များ ကျလာတော့သည်။
“ကဲ... အားလုံး အဆင်ပြေသွားပါပြီ။ အရင်ဆုံး ဒီလူတွေကို ငါ ရှင်းလိုက်ဦးမယ်”
ယဲ့ပုဖန်က အန်းယီမော့၏ ကျောကို အသာအယာ ပုတ်ပေးလိုက်ပြီးနောက် နောက်ဘက်ရှိ လူအုပ်ဆီသို့ လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် တုန်းဟိုင်ရှန်းမှာ ထိတ်လန့် တုန်လှုပ်မှုမှ သတိပြန်ဝင်လာပြီး လှည့်ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် ယဲ့ပုဖန်၏ သတ်ဖြတ်လိုသော အရှိန်အဟုန် ပါဝင်သည့် အသံမှာ သူ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာ၏။ “မင်းသာ တစ်လှမ်း ထပ်လှမ်းရဲရင် မင်းရဲ့ ခေါင်းကို အခုချက်ချင်း ဖြတ်ပစ်မယ်”
တုန်းဟိုင်ရှန်းမှာ ကြောက်လန့်တကြား တုန်ရင်သွားကာ မြှောက်ထားသော ခြေထောက်ကို ပြန်ချလိုက်ရသည်။ ယဲ့ပုဖန်၏ ရက်စက်သော လူသတ်နည်းများကို မြင်ထားပြီး ဖြစ်သဖြင့် သူသည် ရှေ့သို့ ဆက်တိုးရန် သတ္တိမရှိတော့ပေ။
“ဒီကို လာခဲ့စမ်း”
ယဲ့ပုဖန်က ထပ်မံ ပြောလိုက်ပြန်သည်။
“ငါ... ငါပြောမယ်နော်။ ငါက တုန်းမိသားစုရဲ့ သခင်လေး... မင်းသာ ငါ့ကို ထိရဲရင်...”
တုန်းဟိုင်ရှန်းသည် တုန်းမိသားစု၏ ဂုဏ်သိက္ခာကို သုံး၍ ခြိမ်းခြောက်ရန် ကြိုးစားသော်လည်း စကားမဆုံးခင်မှာပင် ရေခဲလှံ တစ်ခုက သူ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာကာ ရွှပ်ခနဲ အသံနှင့်အတူ သူ၏ ဘယ်ဘက်လက်မောင်းကို ထိုးဖောက်သွားတော့သည်။
“နောက်ထပ် တစ်ခွန်းပဲ အပိုပြောကြည့်စမ်း... နောက်တစ်ခါကျရင် မင်းရဲ့ ခေါင်းကို ပေါက်ကွဲသွားအောင် လုပ်ပစ်မယ်”
***