ယဲ့ပုဖန်က မဲ့ပြုံး ပြုံးလိုက်ရင်း “ဒီနည်းလမ်းက ငါ့အပေါ်မှာ အလုပ်ဖြစ်မယ်လို့ မင်း ထင်နေတာလား”
မူကောင်းဖုန်းက ရူးသွပ်စွာ အော်ဟစ်လိုက်၏။ “ယဲ့ပုဖန်... ငါ့ကို လာမစမ်းနဲ့။ မင်းသာ ငါ့ကို အတင်းအကျပ် ဖိအားပေးမယ်ဆိုရင် ငါတို့ အတူတူ သေရမှာပဲ”
“မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ။ နွယ်ပင်ရိပ်မခို၊ ငါးစာလည်းမဖြစ်... ငါးသေရင် သေမယ်၊ ပိုက်ကွန်ကတော့ ပြတ်မှာမဟုတ်ဘူး”
“မင်းကတော့ အခေါင်းမြင်မှ မျက်ရည်ကျမယ့်ကောင်ပဲ”
မူကောင်းဖုန်းက အံကြိတ်ကာ လက်ထဲမှ ဓားမြှောင်ဖြင့် ချင်ချူးချူး၏ လည်ပင်းကို လှီးဖြတ်ရန် ပြင်လိုက်သည်။ ယဲ့ပုဖန်ကို ခြောက်လှန့်ရန်အတွက် သွေးအနည်းငယ် ထွက်အောင် လုပ်ရန် သူ ကြံစည်လိုက်ခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်တွင် သူ၏ နားထဲ၌ အရိုးကျိုးသံတစ်ခု ကြားလိုက်ရသည်။
ဂျွတ်... ဓားကိုင်ထားသော သူ၏ ညာလက်မှာ လိမ်ချိုးခံလိုက်ရကာ ဓားမြှောင်မှာ ထန်းခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ ကျသွားတော့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်မှာ လွင့်ထွက်သွားကာ ဘေးရှိ နံရံနှင့် ဘုန်းခနဲ အားပြင်းစွာ ဆောင့်မိသွားလေသည်။ မူကောင်းဖုန်းမှာ ပါးစပ်မှ သွေးများကို အန်ထုတ်လိုက်ရပြီး အံ့အားသင့်စွာ နောက်သို့ လှည့်ကြည့်လိုက်ရာ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိသော အသက် ၃၀ ခန့်ရှိ လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
ထိုသို့ တိုက်ခိုက်လိုက်သူမှာ ယဲ့ထျန်းပင် ဖြစ်သည်။ သူသည် မူကောင်းဖုန်းကို လွင့်ထွက်သွားအောင် လုပ်ပြီးနောက် ချင်ချူးချူး၏ ကိုယ်ပေါ်မှ ကြိုးများကို ဖြတ်တောက်ပေးလိုက်သည်။
“ချူးချူး... အဆင်ပြေရဲ့လား”
ယဲ့ပုဖန်သည် အနားသို့ လျှောက်သွားကာ ချင်ချူးချူးကို ရင်ခွင်ထဲ ထည့်ပြီး အသာအယာ နှစ်သိမ့်ပေးလိုက်သည်။
ချင်ချူးချူးက “ကျွန်မ အဆင်ပြေပါတယ်... ဒီကောင် လိမ်နေမှန်း ကျွန်မ သိပြီးသားပါ။ ရှင်က ဘယ်လိုလုပ် သေမှာလဲ” ဟု ဆိုသည်။
ယဲ့ပုဖန်က ယဲ့ထျန်းကို ကြည့်ကာ “သွား... သူ့ကို သတ်ပစ်လိုက်” ဟု အမိန့်ပေးလိုက်သည်။
ထိုစကားကို ကြားသောအခါ မူကောင်းဖုန်းမှာ အလွန်အမင်း ထိတ်လန့်သွားတော့သည်။
“ယဲ့ပုဖန်... မင်း ငါ့ကို သတ်လို့ မရဘူး။ ငါက အထူးရေးရာဗျူရိုရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ မင်းသာ ငါ့ကို သတ်ရင် မင်းအတွက် ပြဿနာ အကြီးကြီး တက်လိမ့်မယ်”
“မင်း ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... ကောင်းကင်ဘုံက နတ်မင်းကြီး ဖြစ်နေရင်တောင် ငါ့မိန်းမကို လာထိတဲ့သူဆိုရင်တော့ သေရမှာပဲ”
“မင်း...”
မူကောင်းဖုန်းသည် လျင်မြန်စွာ ထပြေးရန် ကြိုးစားသော်လည်း ယဲ့ထျန်းမှာ သူ၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယဲ့ထျန်းသည် လက်နှစ်ဖက်ဖြင့် မူကောင်းဖုန်း၏ လည်ပင်းကို ဆွဲညှစ်လိုက်ရာ နောက်ထပ် အရိုးကျိုးသံ တစ်ခုနှင့်အတူ မူကောင်းဖုန်း၏ အသက်ဝိညာဉ်မှာ လွင့်စင်သွားတော့သည်။
မူကောင်းဖုန်း၏ မျက်နှာမှာ မကျေနပ်မှုများဖြင့် ပြည့်နှက်နေလေသည်။ ယဲ့ပုဖန်က မသေဘဲ သူကသာ တကယ် သေဆုံးသွားရသည့် အဖြစ်ကို သူ လုံးဝ လက်မခံနိုင်သေးပေ။
ချင်ချူးချူးမှာ ထိတ်လန့်သွားကာ “ရှောင်ဖန်... ရှင် သူ့ကို တကယ်ပဲ သတ်လိုက်တာလား။ ပြဿနာတွေ အများကြီး တက်လာနိုင်တယ်နော်” ဟု စိုးရိမ်တကြီး ပြောရှာသည်။
“မင်း စိတ်မပူပါနဲ့... ဒါတွေကို ကိုယ် ကိုင်တွယ်ဖြေရှင်းပါ့မယ်”
ယဲ့ပုဖန် စကားဆုံးသည်နှင့် သူ၏ လက်ညှိုးမှ ဒန်မီးတစ်စက်ကို ပစ်လွှတ်လိုက်ရာ မူကောင်းဖုန်း၏ အလောင်းမှာ ခဏချင်းအတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
……………….
တန်မိသားစု စံအိမ်ဝင်းအတွင်း၌ မိသားစုအရှင်သခင် တန်ထျန်းယီနှင့် ဝူထျန်းရှီးတို့သည် လက်ဖက်ရည် သောက်ရင်း စစ်တုရင် ကစားနေကြပြီး တန်ဖုန်းကမူ ဘေးမှနေ၍ တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။
အဘိုးအို နှစ်ဦးမှာ ကစားပွဲတွင် အာရုံစိုက်နေစဉ်မှာပင် တံခါးအပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာပြီးနောက် လုံခြုံရေးဝန်ထမ်း တစ်ဦးမှာ ထိတ်လန့်တကြား ပြေးဝင်လာ၏။ “အရှင်သခင်... မကောင်းတော့ဘူး။ တစ်ယောက်ယောက် အတင်းဝင်လာလို့...”
“ဘယ်သူလဲ... ငါတို့ တန်မိသားစု စံအိမ်ကို လာပြီး ဘယ်သူက ပြဿနာရှာရဲတာလဲ”
တန်ဖုန်းမှာ ဒေါသထွက်သွားသည်။ သူသည် ကျန်းနန်မြို့၏ မြေအောက်လောကကို စိုးမိုးထားသူ ဖြစ်သလို တန်မိသားစုမှာလည်း နာမည်ကျော် သိုင်းမိသားစု ဖြစ်သည်။ မည်သူက ဤနေရာတွင် လာရောက် ရန်စရဲသနည်း။
“ငါပဲလေ”
အသံနှင့်အတူ ထျန်းဖော်ကျွင်းသည် လူတစ်စုနှင့်အတူ ဝင့်ကြွားစွာ ဝင်လာလေသည်။
“ထျန်းမိသားစုက ကောင်စုတ်... မင်း သေချင်နေတာလား”
တန်ဖုန်းမှာ ဒေါသတကြီး အော်ဟစ်လိုက်၏။ တန်မိသားစုသည်လည်း ကျန်းနန်မြို့၌ ဩဇာရှိသော မိသားစု ဖြစ်သဖြင့် ထျန်းဖော်ကျွင်းကဲ့သို့သော လူငယ်တစ်ဦးကို သူက အလေးအနက် မထားပေ။
“တန်ဖုန်း... ခင်ဗျားမှာ အရည်အချင်းက သိပ်မရှိဘဲနဲ့ ဒေါသကတော့ တော်တော်ကြီးတာပဲ”
သာမန်ရက်များတွင်ဆိုလျှင် ထျန်းဖော်ကျွင်းသည် တန်ဖုန်းကို ရှောင်ရှားလိမ့်မည် ဖြစ်သော်လည်း ယနေ့တွင်မူ သူ၌ အားကိုးရမည့် နောက်ခံအင်အား ရှိနေပြီ ဖြစ်သည်။
“ကျုပ် ဒီနေ့ လာတာက ခင်ဗျားတို့ကို အသိပေးဖို့ပဲ... ဒီနေ့ကစပြီး တန်မိသားစုဟာ ကျုပ်တို့ ထျန်းမိသားစုရဲ့ လက်အောက်ခံ ဖြစ်ရမယ်။ တစ်မြို့လုံးမှာ ငါတို့ ထျန်းမိသားစု တစ်ခုတည်းကပဲ ထိပ်သီးမိသားစု ဖြစ်ရမယ်”
“ကောင်လေး... မင်း ရူးနေတာလား။ ငါ မင်းကို ဆုံးမပေးဖို့ လိုနေပြီ ထင်တယ်”
တန်ဖုန်းမှာ ဒေါသအလွန်ထွက်ကာ ရယ်မောလိုက်ရင်း ထျန်းဖော်ကျွင်းထံသို့ လက်သီးဖြင့် အရှိန်ပြင်းစွာ ထိုးနှက်လိုက်သည်။
မကြာသေးမီကပင် ယဲ့ပုဖန် ပေးခဲ့သော ဆေးလုံး၏ အကူအညီဖြင့် သူသည် မြေကမ္ဘာအဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်လာခဲ့ချေပြီ။ ထို့ကြောင့် သူ၏ လက်သီးချက်မှာ အားပါလှပြီး ပတ်ဝန်းကျင်ကိုပင် တုန်ခါသွားစေသည်။
ထျန်းဖော်ကျွင်း၏ မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ရှိနေပြီး ထိတ်လန့်သည့် အရိပ်အယောင် လုံးဝ မရှိပေ။
ထိုအချိန်မှာပင် သူ၏ နောက်ကွယ်မှ မီးခိုးရောင် ဝတ်စုံဝတ်ထားသော တာအိုဆရာကြီး တစ်ဦး ထွက်ပေါ်လာသည်။ သူသည် အရပ်မရှည်ဘဲ ပိန်ပိန်ပါးပါး ဖြစ်သော်လည်း သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
တာအိုဆရာကြီးက လက်ညှိုးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ စူးရှသော လေဓာတ်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး တန်ဖုန်း၏ လက်သီးနှင့် ထိမှန်သွားတော့သည်။
“ရွှပ်...”
တုန်ခါသွားသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် တန်ဖုန်း၏ လက်သီးမှာ ထိုလေဓာတ်ကြောင့် အပေါက်ဖြစ်သွားကာ သွေးများမှာ တောက်လျှောက် စီးကျလာတော့သည်။
တန်ဖုန်းမှာ နာကျင်စွာ ငြီးတွားရင်း လက်ကို ဆုပ်ကိုင်ကာ နောက်သို့ ဆုတ်ခွာလိုက်ရသည်။ သူ၏ ရင်ထဲတွင် ဖော်ပြ၍ မရသော တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားချေပြီ။
တစ်ဖက်လူက လက်ညှိုးတစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် သူ၏ လက်သီးကို အပေါက်ဖြစ်အောင် လုပ်နိုင်သည်ဆိုခြင်းမှာ ထိုသူ၏ ကျင့်ကြံမှုမှာ အံ့သြစရာကောင်းလောက်အောင် မြင့်မားနေကြောင်း သက်သေခံနေလေသည်။
ထိုအခိုက်အတန့်တွင် ဝူထျန်းရှီးသည် တာအိုဆရာကြီး၏ မျက်နှာကို သေချာမြင်လိုက်ရသဖြင့် အလန့်တကြား အော်ဟစ်လိုက်မိ၏။ “မင်းက... အင်မော်တယ်ဆရာကြီး ကျီယန် မဟုတ်လား”
ဆရာကြီးကျီယန်က မောက်မာသော လေသံဖြင့် “ငါပဲလေ... ဒီလို ကျန်းနန်မြို့လေးမှာ ငါ့ကို မှတ်မိတဲ့သူ ရှိသေးတယ်ဆိုတော့ အံ့သြစရာပဲ” ဟု ဆိုလိုက်သည်။
တန်ထျန်းယီက “ဆရာကြီးကျီယန်ဆိုတာ ဘယ်သူလဲ” ဟု မေးလိုက်၏။
ဝူထျန်းရှီးက အသံကို နှိမ့်ကာ... “မြို့တော်ရဲ့ လက်ချိုးရေလို့ရတဲ့ အာကာသအဆင့် သိုင်းပညာရှင်တွေထဲက တစ်ယောက်ပဲ... သူက တုန်းမိသားစုရဲ့ အကြီးအကဲ တစ်ယောက်လေ”
“အာကာသအဆင့် သိုင်းပညာရှင်...”
တန်ထျန်းယီနှင့် တန်ဖုန်းတို့မှာ အသက်ရှူမှားသွားကြသည်။ တာအိုဆရာကြီးမှာ အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသလဲဆိုသည်ကို ယခုမှ နားလည်သွားတော့သည်။ သူကား အာကာသအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးစလုံး အလွန် ဇဝေဇဝါ ဖြစ်သွားကြသည်။ သူသည် တုန်းမိသားစု၏ အကြီးအကဲ ဖြစ်ပါလျက် အဘယ်ကြောင့် ထျန်းမိသားစုနှင့် ပူးပေါင်းနေရသနည်း။
“ဘယ်လိုလဲ... အခုတော့ လက်ခံသွားပြီလား”
ထျန်းဖော်ကျွင်းက ဝင့်ကြွားစွာဖြင့် “ယဲ့ပုဖန်ဆိုတဲ့ကောင် သေသွားပြီကွ။ ဒီနေ့ကစပြီး ကျုပ်တို့ ထျန်းမိသားစုက ကျန်းနန်မြို့ရဲ့ နံပါတ်တစ် မိသားစုပဲ။ ခင်ဗျားတို့အားလုံး ကျုပ်တို့ရှေ့မှာ ဒူးထောက်ရမယ်”
“ဘာ... ဆရာကြီးယဲ့ သေပြီ ဟုတ်လား။ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုသတင်းကို ကြားရသောအခါ ဤနေရာရှိ လူအားလုံးမှာ ဆရာကြီးကျီယန်ကို မြင်လိုက်ရသည်ထက် ပို၍ ထိတ်လန့်သွားကြသည်။
“ဒါ အမှန်တရားပဲ... သူ တကယ် သေသွားပြီ”
ထျန်းဖော်ကျွင်းက “အခု ကျုပ်တို့ ထျန်းမိသားစုက မြို့တော် တုန်းမိသားစုနဲ့ ပူးပေါင်းပြီး ယဲ့ပုဖန်ရဲ့ အကြွင်းအကျန်တွေကို အမြစ်ပြတ် သုတ်သင်နေတာ။ ခင်ဗျားတို့မှာ လမ်းနှစ်သွယ်ပဲ ရှိတယ်။ ကျုပ်တို့ဆီမှာ အညံခံမလား... ဒါမှမဟုတ် သေမလား”
ဝူထျန်းရှီးက “ဆရာကြီးယဲ့ မသေနိုင်ပါဘူး... ငါတို့လည်း မင်းတို့ ထျန်းမိသားစုဆီမှာ အညံခံမှာ မဟုတ်ဘူး” ဟု ပြတ်သားစွာ ပြောလိုက်သည်။
တန်ဖုန်းကလည်း “ထျန်းမိသားစုက ဘာမို့လို့လဲ... ကျန်းနန်မြို့ရဲ့ အရှင်သခင် လုပ်ချင်တယ် ဟုတ်လား။ နောက်ဘဝကျမှသာ အိပ်မက်မက်လိုက်တော့” ဟု ထပ်မံ ဆဲဆိုလိုက်၏။
“တကယ်ပဲ အခြေအနေကို မသိတဲ့ လူမိုက်တွေပဲ။ ခင်ဗျားတို့ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကြည့်ကြတာပေါ့”
ထျန်းဖော်ကျွင်းက ဆရာကြီးကျီယန်ဘက်သို့ လှည့်ကာ “ဆရာကြီး... ဒီမျက်စိမရှိတဲ့ လူအိုကြီးတွေကို အစွမ်းလေး နည်းနည်းလောက် ပြပေးပါဦး” ဟု တောင်းဆိုလိုက်သည်။
“ငါ့ကိုသာ လွှဲထားလိုက်စမ်းပါ”
ဆရာကြီးကျီယန်သည် လူအုပ်ရှေ့သို့ လျှောက်လာသည်နှင့် အာကာသအဆင့်သိုင်းပညာရှင် တစ်ဦး၏ အရှိန်အဝါမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ခဏချင်းအတွင်းမှာပင် တန်ထျန်းယီ၊ တန်ဖုန်းနှင့် ဝူထျန်းရှီးတို့သည် ထိုအရှိန်အဝါ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရကာ အသက်ရှူရန်ပင် ခဲယဉ်းလောက်အောင် ဖိအားပေးခြင်း ခံလိုက်ရသည်။
သူတို့ သုံးဦးအနက် အမြင့်ဆုံး ကျင့်ကြံမှုမှာ မြေကမ္ဘာအဆင့် အလယ်အလတ်သာ ရှိသဖြင့် အာကာသအဆင့် သိုင်းပညာရှင် တစ်ဦးနှင့် ယှဉ်လျှင် ကွာခြားချက်မှာ အလွန် ကြီးမားလှပေသည်။
***