ဆရာကြီးကျီယန်က မောက်မာစွာဖြင့် “ငါ နောက်ဆုံးတစ်ခါ ထပ်မေးမယ်... အညံခံမလား၊ မခံဘူးလား”
သူတို့ သုံးဦးစလုံးမှာ တိတ်ဆိတ်နေပြီး ဆရာကြီးကျီယန်၏ ဖိအားကို တောင့်ခံနိုင်ရန် သူတို့၏ ကျင့်ကြံမှုများကို အစွမ်းကုန် ထုတ်သုံးနေကြသည်။ သူတို့၏ မျက်နှာများမှာ ခေါင်းမာမှုများဖြင့် ပြည့်နှက်နေသည်။
“တကယ့်ကို ခေါင်းမာတဲ့ လူတွေပဲ”
ဆရာကြီးကျီယန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း သူ၏ အရှိန်အဝါကို ထပ်မံ မြှင့်တင်လိုက်သည်။
“ဝေါ့...”
ကျင့်ကြံမှု အနိမ့်ဆုံးဖြစ်သော တန်ဖုန်းမှာ ပထမဆုံး လဲကျသွားကာ သွေးများကို အန်ထုတ်လိုက်ရသည်။ သို့သော် သူ၏ မျက်နှာထားမှာမူ အလျှော့ပေးမည့် ပုံစံ လုံးဝ မရှိပေ။
ထို့နောက် တန်ထျန်းယီသည်လည်း သွေးများ အန်လာရပြီး နောက်ဆုံးတွင် ဝူထျန်းရှီးပါ မတောင့်ခံနိုင်တော့ဘဲ သွေးအိုင်ကြီး တစ်ခုကို အန်ထုတ်လိုက်ရချေပြီ။
“ငါ နောက်ဆုံးတစ်ခါ ထပ်မေးမယ်... အညံခံမှာလား”
တန်ထျန်းယီသည် ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ရင်း လှောင်ပြုံး ပြုံးလိုက်၏။ “အဖြေကတော့ အတူတူပဲ... ဆရာကြီးယဲ့ မသေနိုင်သလို ငါတို့ကလည်း မင်းတို့ ထျန်းမိသားစုလို လူယုတ်မာတွေဆီမှာ အညံမခံနိုင်ဘူး”
တန်ဖုန်းကလည်း “ဟုတ်တယ်... အာကာသအဆင့် ဖြစ်နေတော့ကော ဘာဖြစ်လဲ။ ငါ တန်ဖုန်းက တစ်သက်လုံး ဆရာကြီးယဲ့ တစ်ယောက်တည်းကိုပဲ အရှင်သခင်အဖြစ် လက်ခံမှာ။ မင်း ငါ့ကို သတ်ရင်တောင် အညံခံမှာ မဟုတ်ဘူး” ဟု အော်ဟစ်လိုက်သည်။
“တကယ်ပဲ သေလမ်းကို ရှာနေတာပဲ။ ငါက မင်းတို့ကို မသတ်ရဲဘူးလို့ ထင်နေတာလား။ ပုရွက်ဆိတ် တစ်ကောင်ကို ဖိခြေပစ်သလို မင်းတို့ကို ငါ အလွယ်လေး သတ်နိုင်တယ်”
ဆရာကြီးကျီယန် စကားပြောနေစဉ် သူ၏ မျက်နှာထက်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဝင်းလက်လာကာ အဆုံးသတ် တိုက်ကွက်ကို ထုတ်သုံးရန် ပြင်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင် အေးစက်သော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာ၏။ “မင်း ပြောတာ မှန်တယ်... ပုရွက်ဆိတ် တစ်ကောင်ကို ဖိခြေပစ်သလို မင်းကို ငါ အလွယ်လေး သတ်နိုင်တယ်”
အသံနှင့်အတူ လူတိုင်း လှည့်ကြည့်လိုက်ရာ ယဲ့ပုဖန်သည် ယဲ့ထျန်း၊ ချင်ချူးချူးတို့နှင့်အတူ အေးအေးဆေးဆေး လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။
“ဆရာကြီးယဲ့... မင်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီပေါ့”
ဝူထျန်းရှီးနှင့် အခြားသူများမှာ ယဲ့ပုဖန်ကို မြင်လိုက်ရသဖြင့် အတိုင်းမသိ ဝမ်းသာသွားကြကာ စိတ်လှုပ်ရှားမှုကြောင့် သွေးများကို ထပ်မံ အန်ထုတ်လိုက်ကြပြန်သည်။
“စိတ်မလှုပ်ရှားကြပါနဲ့ဦး... အရင်ဆုံး ဒဏ်ရာတွေကို ဂရုစိုက်ကြပါ”
ယဲ့ပုဖန်သည် ကုသရေး ဆေးလုံး သုံးလုံးကို ထုတ်ယူကာ တစ်ယောက်တစ်လုံးစီ ပေးလိုက်သည်။
ထျန်းဖော်ကျွင်းမှာ ပထမတွင် ထိတ်လန့်သွားသော်လည်း “ယဲ့ပုဖန်… မင်းက တကယ့်ကို အသက်ပြင်းတာပဲ။ မသေဘူးပေါ့လေ...” ဟု ဆိုလိုက်သည်။
သူ၏ ဘေးတွင် ဆရာကြီးကျီယန် ရှိနေသဖြင့် သူသည် ယုံကြည်မှု အပြည့် ရှိနေဆဲပင်။
ယဲ့ပုဖန်က ခေါင်းလှည့်ကြည့်လိုက်ကာ... “မင်းက ထျန်းဖော်ကျွင်းလား။ မင်းရဲ့ အစ်မ ထျန်းရုယီနဲ့ မင်းရဲ့ အစ်ကို ထျန်းရှမ်းတို့ကတော့ ငရဲမှာ မင်းကို စောင့်နေကြပြီ။ အခု သူတို့ဆီကို လိုက်သွားပြီး မိသားစု ပြန်ဆုံကြတာပေါ့”
“ဘာ... မင်း ငါ့အစ်မနဲ့ ငါ့ညီလေးကို တကယ် သတ်လိုက်တာလား”
“ငရဲကျမှပဲ သူတို့ကို မေးကြည့်လိုက်တော့”
ယဲ့ပုဖန် စကားဆုံးသည်နှင့် လက်ထဲရှိ နဂါးစွယ်ဓားကို ဝှေ့ယမ်းလိုက်ရာ စူးရှသော ဓားအလင်းတန်းမှာ ထျန်းဖော်ကျွင်း၏ လည်ပင်းကို ဖြတ်သန်းသွားတော့သည်။
ယဲ့ပုဖန်က ဤကဲ့သို့ ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
ထျန်းဖော်ကျွင်းသည် သွေးများ ပန်းထွက်နေသော လည်ပင်းကို ဆုပ်ကိုင်ထားရင်း မကျေမနပ် ဖြစ်နေသော မျက်နှာထားဖြင့် လဲကျသွားတော့သည်။ သူသည် ကျန်းနန်မြို့၏ အရှင်သခင်ပင် မဖြစ်လိုက်ရဘဲ အသေဆိုးဖြင့် သေဆုံးသွားရချေပြီ။
သူ မသေခင်မှာပင် ဘေးရှိ ဆရာကြီးကျီယန်ကို လှည့်ကြည့်လိုက်သေးသည်။ ဆရာကြီးက ဘာလို့ သူ့ကို မကယ်ရတာလဲဆိုတာ သူ လုံးဝ နားမလည်နိုင်ပေ။
အမှန်စင်စစ် ဆရာကြီးကျီယန်တွင်လည်း သူ၏ အခက်အခဲနှင့် သူ ရှိနေသည်။ ယဲ့ထျန်း ပေါ်လာသည်နှင့် သူ၏ အရှိန်အဝါအားလုံးကို ဝါးမျိုသွားရုံမကဘဲ သူ့ကိုပါ ပြန်လည် ဖိအားပေးနေခြင်း ဖြစ်သည်။
ယခုအခါ သူသည် ယဲ့ထျန်း၏ စူးစိုက်ကြည့်ခြင်းကို ခံနေရသဖြင့် ထျန်းဖော်ကျွင်းကို ကယ်တင်ရန် စွမ်းအင် မကျန်တော့ပေ။ သူ အနည်းငယ်မျှ လှုပ်ရှားလိုက်သည်နှင့် လျှပ်စီးအလား ပြင်းထန်သော တိုက်ခိုက်မှုကို ခံရမည်မှာ သေချာလှသည်။
ဤသည်မှာ သူ့ကို ထိတ်လန့်စေသလို ဇဝေဇဝါလည်း ဖြစ်စေသည်။ သူ့ရှေ့ရှိ ယဲ့ထျန်းမှာ အာကာသအ ဆင့် သိုင်းပညာရှင် တစ်ဦးနှင့် လုံးဝ မတူသော်လည်း သူ့ကိုမူ ကြီးမားသော ဖိအားများကို ပေးစွမ်းနေသည်။
ယဲ့ပုဖန်သည် ထျန်းဖော်ကျွင်းကို သတ်ပြီးနောက် ဆရာကြီးကျီယန်ဘက်သို့ လှည့်ကြည့်လိုက်၏။ “ငါ့လူတွေကို မင်း ဒဏ်ရာရအောင် လုပ်ခဲ့တာလား”
ဤအခြေအနေသို့ ရောက်မှတော့ ငြင်းဆိုနေလည်း အပိုပင် ဖြစ်သဖြင့် ဆရာကြီးကျီယန်က အားယူကာ ပြောလိုက်သည်။ “ဟုတ်တယ်... ဒီနေ့ သူတို့ အညံခံရမယ်။ မင်းကတော့ သေရမယ်”
ဝူထျန်းရှီးသည် ယဲ့ပုဖန်၏ လက်မောင်းကို ဆွဲကာ နောက်သို့ အလျင်အမြန် ဆုတ်လိုက်၏။ “ဆရာကြီးယဲ့... ဆရာကြီးကျီယန်က အာကာသအဆင့် သိုင်းပညာရှင် တစ်ယောက်ဗျ။ ကျွန်တော်တို့ ဒဏ်ရာရတာက ဘာမှ မဟုတ်ပေမဲ့ သူ့ကိုတော့ ဒေါသထွက်အောင် သွားမလုပ်ပါနဲ့ဦး... မဟုတ်ရင်တော့ တကယ့်ကို ပြဿနာ အကြီးကြီး တက်ပါလိမ့်မယ်”
ယဲ့ထျန်း၏ စွမ်းအားမှာ အာကာသအဆင့် အလယ်အလတ်နှင့် ညီမျှသော်လည်း ဝူထျန်းရှီးနှင့် အခြားသူများမှာမူ ထိုအချက်ကို မသိကြပေ။ ယဲ့ထျန်း၏ ကိုယ်မှ ထွက်ပေါ်နေသော ချီစွမ်းအင် အတက်အကျကိုလည်း သူတို့ မခံစားနိုင်ကြချေ။
သူတို့၏ အမြင်တွင် အာကာသအဆင့်ဆိုသည်မှာ ပြိုင်ဘက်ကင်း တည်ရှိမှုမျိုး ဖြစ်သည်။ ယဲ့ပုဖန်၏ ကျင့်ကြံမှုမှာ မြင့်မားသည် ဆိုသော်လည်း ဆရာကြီးကျီယန်ကိုမူ ယှဉ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားကြပေ။
ဝူထျန်းရှီးသည် ကျီယန်ဘက်သို့ လှည့်ကာ... “ဆရာကြီး... ဒီနေ့တော့ နှစ်ဖက်စလုံး ဒဏ်ရာတွေ ရကုန်ကြပြီ။ ဒီမှာတင်ပဲ ဒီကိစ္စကို အဆုံးသတ်လိုက်ကြရအောင်လား” ဟု စေ့စပ်လိုက်သည်။
တစ်ဖက်လူက အလျှော့ပေးသည်ကို မြင်သောအခါ ဆရာကြီးကျီယန်မှာ ပို၍ ယုံကြည်မှု ရှိလာချေပြီ။ သူ၏ အထင်တွင် ဤသည်မှာ ရန်သူဘက်မှ အင်အားနည်းနေခြင်း၏ လက္ခဏာပင် ဖြစ်သည်။
သူ့ရှေ့မှ လူငယ်မှာ ဟန်ရေးပြနေခြင်းသာ ဖြစ်ပြီး စွမ်းအားမှာမူ သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု သူ တွေးတောလိုက်သည်။
ထို့အပြင် သူက အချက်တစ်ခုကို သဘောပေါက်သွားသည်။ ယဲ့ပုဖန်နှင့် ယဲ့ထျန်းတို့၏ ခန္ဓာကိုယ်များအား စစ်ဆေးကြည့်ရာ ယဲ့ပုဖန်မှာ အသက် ၂၀ ကျော်မျှသာ ရှိသေးပြီး ယဲ့ထျန်းမှာလည်း အသက် ၃၀ ပင် မပြည့်သေးကြောင်း သူ သိလိုက်ရလေသည်။
ယင်းကဲ့သို့ အသက်အရွယ်များဖြင့် မိခင်ဝမ်းထဲကတည်းက စတင်ကျင့်ကြံခဲ့လျှင်တောင် အာကာသ အဆင့်သို့ ရောက်ရှိနေသော သူ့ကဲ့သို့သော ပုဂ္ဂိုလ်ကို လာရောက်ယှဉ်ပြိုင်ရန်မှာ မဖြစ်နိုင်ဟု သူ ယူဆလိုက်မိသည်။
ထိုသို့ တွေးတောရင်း သူသည် ပို၍ပင် မောက်မာလာကာ... “မင်းတို့က ငါ ဆရာကြီးကျီယန်နဲ့ ညှိနှိုင်းဖို့ အရည်အချင်း မရှိသေးဘူး။ မင်းတို့ရဲ့ ကျင့်ကြံမှုတွေကို ကိုယ့်ဘာသာကိုယ် ဖျက်ဆီးပစ်မယ်ဆိုရင်တော့ ငါ အသက်ချမ်းသာခွင့် ပေးမယ်။ ယဲ့ပုဖန်ကတော့ မြို့တော်ကို လိုက်ခဲ့ပြီး ငါတို့ မိသားစုအရှင်သခင်ရဲ့ စီရင်မှုကို စောင့်ရမယ်” ဟု ဆိုလိုက်၏။
ကျီယန်၏ တောင်းဆိုချက်ကို ကြားသောအခါ ယဲ့ပုဖန်က ခပ်ရေးရေး ပြုံးလိုက်သည်။ ဤလူမှာ သူ၏ သေမင်းက သူ့ရှေ့သို့ ရောက်နေသည်ကိုပင် သတိမထားမိဘဲ ဖြစ်နေချေပြီ။
“မင်းက ငါ့လူတွေကို ကျင့်ကြံမှု ဖျက်ဆီးခိုင်းရုံတင် မကဘူး... ငါ့ကိုပါ အပြစ်ပေးဖို့ စောင့်နေရမယ်လို့ ပြောရဲတယ်ပေါ့။ မင်း ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တောင် အထင်ကြီးနေတာလဲ”
သူ၏ စကားကြောင့် လူတိုင်း၏ မျက်နှာထားများမှာ ပြောင်းလဲသွားသည်။ ဝူထျန်းရှီးနှင့် တန်ထျန်းယီတို့မှာလည်း အသက်ချင်း လဲ၍ တိုက်ခိုက်ရန်ပင် ပြင်ဆင်လိုက်ကြတော့သည်။
ဆရာကြီးကျီယန်မှာ အလွန်အမင်း ဒေါသထွက်သွား၏။ “ကောင်လေး... မင်း တကယ်ပဲ သေလမ်းကို ရွေးတာပဲ။ မင်း ဘယ်သူနဲ့ စကားပြောနေတယ်ဆိုတာ သိရဲ့လား”
ယဲ့ပုဖန်က အထင်အမြင်သေးစွာဖြင့် “ဘယ်သူဖြစ်ဖြစ် အရေးမကြီးပါဘူး... ဘာလို့လဲဆိုတော့ မင်းက ခဏနေရင် လူသေတစ်ယောက် ဖြစ်သွားတော့မှာမို့လို့ပဲ”
“သေပေတော့...”
ဆရာကြီးကျီယန်သည် ဒေါသကြောင့် စိတ်မထိန်းနိုင်တော့ဘဲ ကျောနောက်မှ ဓားရှည်ကို ဆွဲထုတ်ကာ ယဲ့ပုဖန်ထံသို့ လွှဲယမ်းတိုက်ခိုက်လိုက်သည်။ သူသည် စိတ်ကို အေးအေးထားရန် ကြိုးစားသော်လည်း ဘေးကင်းစေရန်အတွက် ဤဓားချက်တွင် သူ၏ အစွမ်းကုန် အားစိုက်ထားလေသည်။
သူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ယဲ့ထျန်းသည်လည်း ရှေ့သို့ တိုးထွက်လာကာ ဓားရှည်ဆီသို့ လက်သီးဖြင့် ထိုးနှက်လိုက်၏။
ရန်သူက လက်ဗလာဖြင့် သူ၏ ဓားရှည်ကို ခုခံရန် ကြိုးစားသည်ကို မြင်သောအခါ ဆရာကြီးကျီယန်၏ မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် လက်ကို ပြန်မရုတ်သည့်အပြင် ဓားချက်တွင် သူ၏ စွမ်းအား ၁၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကာ ခုတ်ချလိုက်တော့သည်။
တန်ထျန်းယီနှင့် အခြားသူများမှာလည်း မှင်တက်သွားကြသည်။ ယဲ့ပုဖန် ခေါ်လာသော ဤလူမှာ ရူးနေသလားဟု သူတို့ တွေးတောနေကြ၏။
သူသည် ဆရာကြီးကျီယန်ကို အဘယ်ကြောင့် ဤမျှ လျစ်လျူရှုရဲသနည်း။ ထို့အပြင် ဓားရှည် တစ်လက်ကို လက်ဗလာဖြင့် ခုခံခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် ဘာခြားမည်နည်း…။
တိုတောင်းကာ လျင်မြန်လှသော အချိန်အတွင်းမှာပင် ဓားနှင့် လက်သီးတို့ ရိုက်ခတ်မိသွားတော့သည်။
“ထန်း... ဂျွတ်...”
နှစ်ဖက် ထိပ်တိုက် တွေ့ကြသည့်အခါ ယဲ့ထျန်း၏ လက်သီးချက်ကြောင့် ဆရာကြီးကျီယန်၏ ဓားမှာ ယဲ့ထျန်းကို မထိခိုက်စေသည့်အပြင် နှစ်ပိုင်းကျိုးသွားတော့သည်။ ထို့အပြင် ဆရာကြီး ကျီယန် ကိုယ်တိုင်လည်း ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် နောက်သို့ အရှိန်ပြင်းစွာ ဆုတ်ခွာလိုက်ရ၏။
ယခုအခါတွင်မူ လူတိုင်းမှာ ထိတ်လန့်သွားကြချေပြီ။
အာကာသအဆင့် သိုင်းပညာရှင် တစ်ဦး၏ စွမ်းအားပြင်း ဓားချက်ကို လက်သီးတစ်ချက်တည်းနှင့် ခုခံပြီး ဓားကိုပါ ချိုးပစ်နိုင်ရန် မည်ကဲ့သို့သော ကျင့်ကြံမှုအဆင့် ရှိရမည်နည်း…။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ အအံ့သြဆုံးမှာ ဆရာကြီးကျီယန်ပင် ဖြစ်သည်။
ကြည့်ရသည်မှာ တစ်ဖက်လူမှာ ဟန်ရေးပြနေခြင်း မဟုတ်ဘဲ သူ၏ ခံစားချက်မှာ အမှန်ပင် ဖြစ်နေချေပြီ။ သူ့ပြိုင်ဘက်မှာ အနည်းဆုံး ခန္ဓာကိုယ်သန့်စင်ခြင်း အာကာသအဆင့် အလယ်အလတ် အဆင့်ခန့် ရှိသော သိုင်းပညာရှင် ဖြစ်ပေလိမ့်မည်။
ထိုသို့ တွေးတောရင်း ဆရာကြီး ကျီယန်သည် လှည့်ထွက်ပြေးရန် ပြင်လိုက်သော်လည်း ယဲ့ထျန်းကမူ ထိုအခွင့်အရေးကို လုံးဝ မပေးချေ။ ယဲ့ထျန်း၏ ပုံရိပ်မှာ ဝေဝါးသွားကာ ဆရာကြီးကျီယန်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားပြီး ပြင်းထန်သော လက်သီးချက် တစ်ခု ထပ်မံ ပစ်လွှတ်လိုက်သည်။
***