ဆရာကြီးကျီယန်၏ လက်ထဲတွင် ဓားရိုးသာ ကျန်ရှိတော့သဖြင့် ဘာမှ မတတ်နိုင်ဘဲ လက်သီးချင်း ပြန်လည် ဆိုင်လိုက်ရတော့သည်။
“ဘုန်း...”
လက်သီးနှစ်ခု ထိပ်တိုက် ရိုက်ခတ်မိသွားပြန်သည်။ ဆရာကြီးကျီယန်မှာ အာကာသအဆင့် အစောပိုင်းသာ ရှိသဖြင့် ယဲ့ထျန်းထက် တစ်ဆင့် နိမ့်နေလေသည်။
ထို့ကြောင့် ထိပ်တိုက်တွေ့ဆုံမှုတွင် သူသည် အကြီးအကျယ် ရှုံးနိမ့်သွားကာ သဲအိတ်တစ်ခုအလား လွင့်ထွက်သွားတော့သည်။ ခဏချင်းအတွင်းမှာပင် ဆရာကြီးကျီယန်၏ ကိုယ်တွင်းအင်္ဂါများမှာ ဆောက်တည်ရာ မရ ဖြစ်သွားကာ မြေပြင်ပေါ်သို့ ခြေမချမီမှာပင် သွေးများကို သုံးကြိမ်တိုင်တိုင် အန်ထုတ်လိုက်ရချေပြီ။
“ယဲ့ပုဖန်... ငါ အရှုံးပေးပါတယ်။ ဒီနေ့ကိစ္စကို ဒီမှာတင်ပဲ ကျေအေးကြစို့...”
ဆရာကြီးကျီယန်သည်လည်း လိုက်လျောညီထွေ နေတတ်သူ ဖြစ်သဖြင့် ချက်ချင်းပင် အရှုံးပေးလိုက်သည်။
ယဲ့ပုဖန်က အသာအယာ ပြုံးလိုက်ရင်း... “စိတ်မကောင်းပါဘူး... ဒါပေမဲ့ အခုတော့ အချိန်နှောင်းသွားပြီ”
စကားဆုံးသည်နှင့် ယဲ့ထျန်းက ထပ်မံ တိုက်ခိုက်လိုက်ရာ ကြီးမားသော လက်သီးချက်မှာ ဆရာကြီး ကျီယန်၏ ရှေ့သို့ ရောက်ရှိလာပြန်သည်။
ဘုန်း…
ပြင်းထန်စွာ ဒဏ်ရာရထားသော ကျီယန်တွင် ပြန်လည် ခုခံနိုင်စွမ်း မရှိတော့ပေ။ သူသည် လက်ဝါးဖြင့် ကာကွယ်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ယဲ့ထျန်း၏ လက်သီးချက်မှာ ဆရာကြီး ကျီယန်၏ ရင်ဘတ်ထဲသို့ နစ်ဝင်သွားကာ နံရိုးများကို အစိတ်စိတ် အမွှာမွှာ ကြေမွသွားစေတော့သည်။
ဤသို့ဖြင့် တုန်းမိသားစု၏ ဂုဏ်သရေရှိ အကြီးအကဲ ၊ အာကာသအဆင့် အစောပိုင်း သိုင်းပညာရှင်ကြီးမှာ ဤနေရာ၌ပင် အသက်ပျောက်သွားရချေပြီ။
ဝူထျန်းရှီး၊ တန်ဖုန်းနှင့် တန်ထျန်းယီတို့မှာမူ သူတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ မှင်တက်နေကြတော့သည်။
အာကာသအဆင့် သိုင်းပညာရှင် တစ်ဦးကို လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်နိုင်ခြင်းမှာ မည်ကဲ့သို့သော စွမ်းအားမျိုးနည်း။ တကယ့်ကို ထိတ်လန့်စရာ ကောင်းလှပေသည်။
ဝူထျန်းရှီးသည် သတိပြန်ဝင်လာကာ ရှေ့သို့ တိုးလာပြီး “ဆရာကြီးယဲ့... ဒီ ပုဂ္ဂိုလ်ကြီးက ဘယ်သူလဲဗျာ” ဟု မေးလိုက်၏။
ယဲ့ပုဖန်က “သူ့နာမည်က ယဲ့ထျန်း... ကျွန်တော် အသစ်ရထားတဲ့ အစေခံ တစ်ယောက်ပဲ” ဟု အေးအေးဆေးဆေး ဖြေလိုက်သည်။
“ဟင်...”
ထိုစကားကို ကြားသောအခါ သူတို့၏ မျက်လုံးများမှာ အံ့သြလွန်းသဖြင့် ပြူးကျယ်သွားကြသည်။ ဒါက ဘာဖြစ်တာလဲ...။
ဆရာကြီးယဲ့က အာကာသအဆင့် သိုင်းပညာရှင် တစ်ယောက်ကို အစေခံ အဖြစ် သိမ်းသွင်းလိုက်တာ ဟုတ်လား။
ဤအရာမှာ မယုံနိုင်စရာ ကောင်းသော်လည်း ယဲ့ပုဖန်အပေါ် ယဲ့ထျန်း၏ ရိုသေလေးစားသော အမူအရာကို ကြည့်လျှင် အမှန်တရား ဖြစ်နေသည်မှာ ထင်ရှားလှသည်။
ယဲ့ပုဖန်က တန်ဖုန်းကို ကြည့်ကာ... “ကဲ... ကျန်းနန်က ကိစ္စတွေကတော့ အခြေခံအားဖြင့် ပြီးသွားပါပြီ။ ထျန်းမိသားစုကိုလည်း ငါ အမြစ်ပြတ် သုတ်သင်လိုက်ပြီ။ အဲဒီတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သွားရောက် သိမ်းပိုက်ဖို့ လူလွှတ်လိုက်တော့။ မင်းတို့ နောက်ကျသွားရင် တခြားလူတွေက အခွင့်ကောင်း ယူသွားလိမ့်မယ်” ဟု မှာကြားလိုက်၏။
“ဆရာကြီးယဲ့... တကယ်ပဲလား။ ထျန်းမိသားစုက တကယ်ပဲ အမြစ်ပြတ်သွားပြီလား”
တန်ဖုန်းမှာ ယဲ့ပုဖန် လိမ်ပြောနေသည် ဟု သံသယဝင်ခြင်း မဟုတ်ဘဲ ထျန်းမိသားစု ကဲ့သို့သော အင်အားကြီး မိသားစုတစ်ခု တစ်ညတည်းနှင့် ပျက်စီးသွားသည်ကို မယုံကြည်နိုင် ဖြစ်နေခြင်း ဖြစ်သည်။ အထူးသဖြင့် ထျန်းမိသားစုနောက်တွင် မြို့တော် တုန်းမိသားစု ရှိနေသည် မဟုတ်လား။
“စကားတွေ အပိုမပြောဘဲ အမြန်သွားတော့။ ဟယ်မိသားစုကိုလည်း အသိပေးလိုက်ဦး... အားလုံး အညီအမျှ ခွဲဝေယူကြရအောင်”
“နားလည်ပါပြီ... ဆရာကြီးယဲ့”
တန်ဖုန်းသည် ထိုကိစ္စကို ကိုင်တွယ်ရန် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ထွက်ခွာသွားတော့သည်။ သူသည် ကိုယ်တွင်းဒဏ်ရာ အနည်းငယ် ရထားသော်လည်း ယဲ့ပုဖန်၏ ဆေးကို သောက်ပြီးနောက် အခြေခံအားဖြင့် သက်သာနေပြီ ဖြစ်သည်။
ထိုအချိန်တွင် အရှေ့ဘက် ဆည်းဆာတွင် အလင်းရောင်များ စတင် ပေါ်ပေါက်လာကာ ကောင်းကင်ယံမှာ လင်းထိန်လာချေပြီ။
သာမန်လူများ၏ အမြင်တွင် ဤသည်မှာ ပုံမှန် ညတစ်ညသာ ဖြစ်သော်လည်း ကျန်းနန်မြို့၏ အထက်တန်း လောကတွင်မူ ထိတ်လန့်ဖွယ်ရာ မုန်တိုင်းတစ်ခု ပေါက်ကွဲသွားခဲ့လေသည်။
တစ်ညတာ အတွင်းမှာပင် ကျန်းနန်မြို့၏ နာမည်ကျော် ထျန်းမိသားစုမှာ ကွယ်ပျောက်သွားရသည်။ အထက်တန်းလောက၏ အင်အားစုများမှာ ပြန်လည် နေရာချထားခြင်း ခံရကာ ယဲ့ပုဖန်နှင့် ပတ်သက်သော မိသားစု အင်အားစုများမှာမူ အဆမတန် တိုးတက်လာခဲ့ကြသည်။
ယွင်တင့်တောင်ကုန်းရှိ အမှတ် (၁) ဗီလာသို့ ပြန်ရောက်လာသောအခါ ယဲ့ပုဖန်မှာ ရင်းနှီးသော ခံစားချက်ကို ပြန်လည် ရရှိလိုက်သည်။ သူ၏ ရှေ့တွင် ချင်ချူးချူး၊ ဟယ်ရွှမ်ရွှမ်နှင့် အန်းယီမော့တို့ အမျိုးသမီး သုံးဦး ထိုင်နေကြသည်။
“ကိုယ် တောင်းပန်ပါတယ်... ဒီတစ်ခါ မင်းတို့ကို တော်တော်လေး ထိတ်လန့်သွားအောင် လုပ်မိသွားတယ်”
ယဲ့ပုဖန်က အားနာသော မျက်နှာထားဖြင့် ပြောလိုက်၏။
ချင်ချူးချူးက “ဘာမှ မဖြစ်ပါဘူး... ကျွန်မတို့ ဂရုမစိုက်ပါဘူး”
ဟယ်ရွှမ်ရွှမ်က “အဲဒီ ထျန်းမိသားစုက လူယုတ်မာတွေကြောင့်ပါ... ရှင် သေသွားပြီဆိုပြီး သတင်းတွေ လွှင့်နေကြတာ။ အဲဒါက ကျွန်မကို တကယ်ပဲ ထိတ်လန့်သွားစေတယ်။ အထူးသဖြင့် ရှင်က ဖုန်းလည်း မကိုင်တော့ ပိုဆိုးတာပေါ့” ဟု ဆိုသည်။
“အင်း... မကြာသေးခင်က ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့လို့ပါ”
ယဲ့ပုဖန်က အားနာစွာ ပြုံးလိုက်ရင်း ရှန်းရှီးမှသည် မြောက်ဝင်ရိုးစွန်း အထိ ဖြစ်ပျက်ခဲ့သမျှကို အစမှ အဆုံးတိုင် ပြောပြလိုက်သည်။
“လေယာဉ် ပေါက်ကွဲသွားတာကြောင့် လူအများစုက ကိုယ့်ကို သေပြီလို့ ထင်သွားကြတာ”
ယဲ့ပုဖန်၏ စွန့်စားခန်းများကို ကြားရသောအခါ အမျိုးသမီးများမှာ အလွန်ပင် ထိတ်လန့်သွားကြကာ သူတို့၏ အသက်ရှူသံများပင် မြန်ဆန်လာရသည်။
ယဲ့ပုဖန်က ဆက်၍ “ကိုယ့်ရဲ့ ဘဝက မရေရာမှုတွေ၊ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေပြီးသားပါ။ အခုဆိုရင်လည်း ကိုယ့်ကို သတ်ဖို့ အတွက် နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ လူတစ်ယောက် ရှိနေသေးတယ်။ အဲဒါ ဘယ်သူလဲဆိုတာ ကိုယ် အခုထိ မသိသေးဘူး”
“အဲဒါက မြို့တော်က တုန်းမိသားစု ဖြစ်နိုင်သလို တခြားလူလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ မင်းတို့ ကိုယ့်နောက်ကို ဆက်လိုက်မယ်ဆိုရင် ဒါဟာ အစပဲ ရှိပါသေးတယ်။ နောက်ထပ် ဘေးအန္တရာယ် အမျိုးမျိုးနဲ့ ကြုံရနိုင်တယ်။
“အဲဒါကြောင့် မင်းတို့ တစ်ခုခုကို ရွေးချယ်ရလိမ့်မယ်...”
သူ စကားမဆုံးမီမှာပင် ချင်ချူးချူးက ပြတ်သားစွာ ပြောလိုက်၏။ “ကျွန်မကတော့ ဘာမှ မရွေးချယ်ဘူး။ ဘယ်လောက်ပဲ အန္တရာယ်ကြီးပါစေ... ရှင့်နားမှာပဲ နေချင်တယ်”
အန်းယီမော့ကလည်း “ရှင့်နားမှာ ရှိနေရမယ်ဆိုရင် ဒီလောက် အန္တရာယ်လေးကတော့ ဘာမှ မဟုတ်ပါဘူး” ဟု ဆိုသည်။
ဟယ်ရွှမ်ရွှမ်ကမူ ပို၍ပင် ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ “ရက်နည်းနည်းလောက် မတွေ့ရတာနဲ့ ရှင်က ဘာလို့ ဒီလောက်တောင် ဝေခွဲမရ ဖြစ်နေတာလဲ။ ကျွန်မတို့ မိန်းမတွေတောင် မကြောက်တာ... ရှင်က ဘာကို ကြောက်နေတာလဲ”
ယဲ့ပုဖန်၏ ရင်ထဲတွင် လှိုက်ခနဲ ခံစားလိုက်ရကာ... “ကိုယ် မင်းတို့အားလုံးအပေါ် အကြွေးတင်နေသလို ခံစားရလို့ပါ”
သူသည် အမှန်တကယ်ပင် ထိုသို့ ခံစားနေရခြင်း ဖြစ်သည်။ သူ၏ ရှေ့ရှိ အမျိုးသမီး သုံးဦးစလုံးမှာ မည်သည့်နေရာတွင်မဆို အားကျရသည့် အလှဘုရင်မများ ဖြစ်ကြပြီး ဝန်းရံသူပေါင်းများစွာ ရှိကြသော်လည်း သူတစ်ယောက်တည်းကိုသာ စွဲစွဲမြဲမြဲ ချစ်မြတ်နိုးကြသည် မဟုတ်ပါလား။
ချင်ချူးချူးက “ကျွန်မတို့အားလုံးက လူကြီးတွေ ဖြစ်နေပြီလေ။ ဒါဟာ ကျွန်မတို့ ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းပဲ... ဘာမှ အားနာနေစရာ မလိုပါဘူး” ဟု ဆိုလိုက်သည်။
ဟယ်ရွှမ်ရွှမ်ကမူ သူ့ကို မျက်စောင်းထိုးကာ... “တကယ်လို့ ရှင်က အားနာတယ်ဆိုရင်လည်း နောင်ကျရင် ပိုပြီး ရိုးရိုးသားသား နေပေါ့။ လျှောက်ပြီး မျက်စိကစားမနေနဲ့ဦး... ကျွန်မတို့အတွက် ညီမလေးတွေ ထပ်တိုးမလာအောင် ဆင်ခြင်ပေါ့”
“အဲဒါကတော့...”
ယဲ့ပုဖန်မှာ ခဏတာ ဆွံ့အသွားရသည်။ သူ၏ အချစ်ကံဇာတာမှာ အမှန်တကယ်ပင် ဆန်းကြယ်လှပေသည်။
ဤတစ်ခေါက် မြောက်ဝင်ရိုးစွန်း ခရီးစဉ်တွင်လည်း လန်ချင်းချိုးနှင့် မထင်မှတ်ဘဲ ပတ်သက်ခဲ့ရသေးသည် မဟုတ်ပါလား။
သူသည် ချောင်းအနည်းငယ် ဟန့်လိုက်ပြီးနောက်... “ဒါဆိုရင်လည်း ကိုယ် မင်းတို့ကို အစွမ်းကုန် ကူညီပေးပါ့မယ်။ မင်းတို့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ပေးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိအောင် လုပ်ပေးမယ်”
နောက်ထပ် နှစ်ရက်အတွင်းတွင် သူတို့တစ်ဖွဲ့လုံး အိမ်၌ပင် ရှိနေကြသည်။
ယဲ့ပုဖန်သည် ယင်ဝိညာဉ်ဆေးလုံးနှင့် ကောင်းကင်ယွမ် ဆေးလုံးများကို အဆက်မပြတ် ဖော်စပ်ကာ တူနှစ်ကိုယ် ကျင့်ကြံခြင်းနည်းလမ်းဖြင့် အမျိုးသမီးများ၏ ကျင့်ကြံမှုကို မြှင့်တင်ပေးခဲ့သည်။
အန်းယီမော့၏ အခြေအနေမှာ ပို၍ လွယ်ကူသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးမှာ ယခင်ကတည်းက အကြိမ်ကြိမ် ပေါင်းစပ်ကျင့်ကြံခဲ့ဖူးသောကြောင့်ပင်။ ယင်ဝိညာဉ်ဆေးလုံး၏ အစွမ်းဖြင့် သူမသည် မြေကမ္ဘာအဆင့် ပြည့်စုံခြင်းအဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ချင်ချူးချူးနှင့် ဟယ်ရွှမ်ရွှမ်တို့မှာမူ ပထမဆုံးအကြိမ် ဖြစ်သဖြင့် အနည်းငယ် ပို၍ အချိန်ပေးလိုက်ရသည်။
သူတို့နှစ်ဦးစလုံးသည် သုံးကြိမ်ဆက်တိုက် ပေါင်းစပ်ကျင့်ကြံမှု ပြုလုပ်ပြီးနောက် ယင်ဝိညာဉ်ဆေးလုံး သုံးလုံးစီ သောက်သုံးကာ မြေကမ္ဘာအဆင့် ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့ကြသည်။
ဤအရာအားလုံး ပြီးဆုံးသွားသောအခါမှ ယဲ့ပုဖန်သည် သက်ပြင်းအေးအေး ချနိုင်တော့သည်။
အနည်းဆုံးတော့ သူ၏ အမျိုးသမီးများသည် ယခုအခါ အာကာသအဆင့်အောက်ရှိ မည်သည့် သိုင်းပညာရှင်ကိုမဆို ရင်ဆိုင်နိုင်စွမ်း ရှိသွားပြီ ဖြစ်သည်။ မနိုင်လျှင်တောင် လွတ်အောင် ပြေးနိုင်စွမ်း ရှိကြချေပြီ။
ထို့နောက် သူသည် ဝူထျန်းရှီး၊ တန်ထျန်းယီနှင့် အခြားသူများကိုလည်း ဆေးလုံးများ ဝေငှပေးကာ ကျင့်ကြံမှုအဆင့် တစ်ဆင့် မြင့်တက်စေပြီးနောက် ကျန်းနန်မှ ထွက်ခွာကာ ကျန်းပေ့မြို့သို့ ဦးတည်ခဲ့သည်။
ယခုအခါ ကျန်းပေ့မြို့သည် သူ၏ နယ်မြေ ဖြစ်နေပြီ ဖြစ်ကာ နံပါတ်တစ် မိသားစုအဖြစ် ခိုင်မာစွာ ရပ်တည်နေချေပြီ။ ကဲ့ဝန်ကုန်း၏ အကူအညီဖြင့် သူသည် တစ်မြို့လုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်။
***