ယဲ့ပုဖန်သည် ဝမ်မိသားစုထံ ရောက်ရှိလာပြီးနောက် ဝမ်ရွှယ်နင်၏ ကိုယ်တွင်းအဆိပ်ကို စတင် ဖြေဖျောက်ပေးခဲ့သည်။
လောကတွင် အရာအားလုံးမှာ အပြန်အလှန် အမှီသဟဲ ပြုနေကြသည်။ အိပ်ပျော်နေသော အလှလေး အဆိပ်မှာ ထိပ်သီး အဆိပ်ဆယ်မျိုးတွင် ပါဝင်သည်ဆိုသော်လည်း ဝိညာဉ်နှိုးမြက်ရှိနေပါက အဆိပ်ဖြေရေး ကိစ္စမှာ အလွန် လွယ်ကူသွားသည်။
သူသည် ဝိညာဉ်နှိုးမြက်၏ အရွက် နှစ်ရွက်ကိုသာ အသုံးပြု၍ ဝမ်ရွှယ်နင်ကို နိုးထလာစေခဲ့သည်။
ဝမ်ရွှယ်နင်သည် အိပ်ရာပေါ်မှ ထထိုင်ကာ မျက်လုံးများကို ပွတ်ရင်း ယဲ့ပုဖန်ကို ကြည့်လိုက်၏။ “ရှောင်ဖန်... ရှင် ဘယ်တုန်းက ပြန်ရောက်တာလဲ”
သူမ နိုးထလာသည်ကို မြင်သောအခါမှ ယဲ့ပုဖန်သည် ရင်ထဲမှ ဝန်ထုတ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ သက်ပြင်းချလိုက်မိသည်။
“ကိုယ် ပြန်ရောက်တာ ကြာပါပြီ”
“ပြန်ရောက်နေတာကို ဘာလို့ ကျွန်မကို စောစော မနှိုးတာလဲ”
ဝမ်ရွှယ်နင်သည် ပျင်းကြောဆန့်လိုက်ရင်း သူ၏ လည်ပင်းကို လှမ်းဖက်ကာ ပါးပြင်ကို နမ်းလိုက်သည်။
ထို့နောက် တစ်ခုခု မှားနေသည်ကို သတိထားမိကာ ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်ရင်း... “ဒါက မဟုတ်သေးဘူး... ဒါက ကျွန်မအိမ် မဟုတ်ဘူးလေ” ဟု ဆို၏။
“မင်း အိပ်ပျော်နေတာ တစ်လတောင် ရှိသွားပြီ...”
ထို့နောက် ယဲ့ပုဖန်သည် သူမ အဆိပ်မိခဲ့ပုံနှင့် ယခုနေရာသို့ ရောက်လာပုံကို အစမှ အဆုံးတိုင် ရှင်းပြလိုက်သည်။
“ဘုရားရေ... ကျွန်မကတော့ ခဏလေးပဲ အိပ်လိုက်ရတယ် ထင်နေတာ။ ရှင် ကျွန်မကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်”
ဝမ်ရွှယ်နင်၏ အမြင်တွင်မူ သူမသည် ခဏမျှ အိပ်ပျော်သွားခြင်းသာ ဖြစ်ပြီး ဤမျှ အချိန်များစွာ ကုန်ဆုံးသွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ယဲ့ပုဖန်က ခါးသီးစွာ ပြုံးလိုက်ရင်း... “ဒီလို ကိစ္စမျိုးကို ကိုယ်က ဘာလို့ လိမ်ရမှာလဲ”
ထိုအချိန်တွင် တံခါးပွင့်သွားကာ ဝမ်ရွှမ်ချဲ့နှင့် ဝမ်ရှင်းယဲ့တို့ ဝင်လာကြသည်။
“သမီးလေး... သမီးလေး နောက်ဆုံးတော့ နိုးလာပြီပေါ့။ အဖေတော့ ထိတ်လန့်သွားတာပဲ”
“ညီမလေး... မင်း အိပ်နေတာ တစ်လကျော်ပြီ။ ကံကောင်းလို့ ရှောင်ဖန်က အဆိပ်ဖြေဆေး ရှာပေးနိုင်လို့ပေါ့...”
ထိုအခါမှ ဝမ်ရွှယ်နင်သည် အရာအားလုံးမှာ အမှန်တရား ဖြစ်ကြောင်း ယုံကြည်သွားတော့သည်။ မိသားစုဝင်များ ဝမ်းသာအားရ ဆုံတွေ့ကြပြီးနောက် သူတို့နှစ်ဦးသည် ယခင် ဗီလာသို့ အတူတူ ပြန်လာခဲ့ကြသည်။
“ရှောင်ဖန်... ကျွန်မအတွက် အဆိပ်ဖြေဆေး ရှာပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီအတောအတွင်း ရှင် တော်တော် ပင်ပန်းသွားမှာပဲ”
“မင်းက ကိုယ့်မိန်းမပဲလေ... ဒါက ပင်ပန်းစရာ မဟုတ်ပါဘူး”
သူတို့နှစ်ဦး ခဏတာ နွေးထွေးစွာ စကားပြောဆိုပြီးနောက် ယဲ့ပုဖန်သည် ယင်ဝိညာဉ်ဆေးလုံး တစ်လုံးကို ထုတ်ယူကာ ပေါင်းစပ်ကျင့်ကြံမှုဖြင့် ဝမ်ရွှယ်နင်၏ ကျင့်ကြံမှုကို မြှင့်တင်ပေးခဲ့သည်။
ထိုအခါမှ ဝမ်ရွှယ်နင်၏ စိတ်ဝိညာဉ်စွမ်းအင်မှာ အလွန်အမင်း အားကောင်းလာသည်ကို သူ တွေ့ရှိလိုက်ရသည်။ သူမသည် ကျင့်စဉ်များကို ခဏချင်းအတွင်း သင်ယူနိုင်စွမ်း ရှိသလို နားလည်နိုင်စွမ်းမှာလည်း အံ့မခန်း မြင့်မားနေသည်။
ထို့ကြောင့်ပင် သူမသည် နာရီအနည်းငယ်အတွင်းမှာပင် မြေကမ္ဘာအဆင့် ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဤသည်မှာ ဝိညာဉ်နှိုးမြက်၏ အာနိသင်ကြောင့် ဖြစ်နိုင်ကြောင်း ယဲ့ပုဖန် တွေးတောလိုက်သည်။ အနှီ ဆေးမြက်မှာ အဆိပ်ဖြေပေးရုံသာမက စိတ်ဝိညာဉ်စွမ်းအင်ကိုပါ တိုးမြှင့်ပေးနိုင်စွမ်း ရှိသဖြင့် ၎င်းကို ဘေးအန္တရာယ်ကြားမှ ကံကောင်းခြင်းဟု ဆိုရပေလိမ့်မည်။
ထို့နောက် ယဲ့ပုဖန်သည် ဝိညာဉ်သိမ်းပိုက်ခြင်း အတတ်ကို ဝမ်ရွှယ်နင်အား သင်ကြားပေးလိုက်သည်။ ဤအတတ်မှာ စိတ်ဝိညာဉ်စွမ်းအင်ကို အခြေခံထားခြင်း ဖြစ်သဖြင့် သူမနှင့် အလွန် လိုက်ဖက်လှပေသည်။
နောက်ရက်များတွင် ယဲ့ပုဖန်သည် ဝမ်ရွှယ်နင်ကို သိုင်းပညာ လေ့ကျင့်ပေးသလို ကဲ့ဝန်ကုန်းနှင့် အခြားသူများကိုလည်း ကျင့်ကြံမှုများ လမ်းညွှန်ပေးခဲ့သည်။
သုံးရက်အကြာတွင် သူသည် လူတိုင်းအတွက် လုံလောက်သော ဆေးလုံးများကို ထားရစ်ခဲ့ကာ မြို့တော်သို့ တစ်ဦးတည်း ထွက်ခွာခဲ့တော့သည်။ တုန်းမိသားစု၏ ကိစ္စကို မရှင်းရသေးသလို နောက်ကွယ်မှ ကြိုးကိုင်သူကိုလည်း မတွေ့ရသေးသဖြင့် သူ မြို့တော်သို့ သွားရန် လိုအပ်ပေသည်။
သူ မထွက်ခွာမီ သူ့ချစ်သူများ အားလုံးက လိုက်ပါပို့ဆောင်ကြကာ လမ်းခွဲရန် တွန့်ဆုတ်နေကြသည်။ ယဲ့ပုဖန်သည် အမြန်ပြန်လာမည်ဟု ကတိအထပ်ထပ် ပေးပြီးနောက်မှသာ မြို့တော်သို့ သွားမည့် လေယာဉ်ပေါ်သို့ တက်ခွင့်ရခဲ့သည်။
ထိုအချိန်၌ မြို့တော်ရှိ ဇိမ်ခံဗီလာတစ်ခု အတွင်း၌ အမျိုးသမီးတစ်ဦးသည် မျက်နှာတွင် ပေါင်းတင်ဆေးများ လိမ်းထားရင်း သူမ၏ အလှအပကို အထူးဂရုစိုက်နေသည်။
သူမသည် ရှေ့ရှိ လူလတ်ပိုင်း အမျိုးသားကို ကြည့်ကာ... “ရှင် ဘာပြောလိုက်တယ်... ယဲ့ပုဖန်က အသက်ရှင်လျက် ပြန်ရောက်လာတယ် ဟုတ်လား”
လူလတ်ပိုင်း အမျိုးသားက “ဟုတ်ပါတယ်... ပြန်ရောက်လာရုံတင် မကဘူး၊ ကျန်းနန်နဲ့ ကျန်းပေ့က တုန်းမိသားစုရဲ့ အစီအစဉ်တွေကိုလည်း အကုန် ဖျက်ဆီးပစ်လိုက်တယ်။ ဒီတစ်ခါ စစ်ဆင်ရေးကတော့ လုံးဝ ကျရှုံးသွားပါပြီ” ဟု ဆိုသည်။
အမျိုးသမီးက မယုံကြည်နိုင်စွာဖြင့်... “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တုန်းမိသားစုက ဘယ်လိုတွေ လုပ်လိုက်တာလဲ။ သိုင်းပညာရှင် တစ်ယောက်မှ မလွှတ်လိုက်ဘူးလား”
“တုန်းမိသားစုကတော့ အစွမ်းကုန် ကြိုးစားခဲ့တာပါပဲ။ အာကာသအဆင့် သိုင်းပညာရှင် ဆရာကြီးကျီယန် အပြင် မြေကမ္ဘာအဆင့် ပြည့်စုံခြင်းအဆင့် သိုင်းပညာရှင် လေးယောက်တောင် လွှတ်ခဲ့တာ။ ဒါပေမဲ့ အားလုံးကို ယဲ့ပုဖန်က သတ်ပစ်လိုက်တယ်”
“ဆရာကြီးကျီယန်ကိုတောင် ယဲ့ပုဖန်က သတ်လိုက်တယ် ဟုတ်လား”
“ဟုတ်ပါတယ်... အသေးစိတ် အခြေအနေကိုတော့ မသိရသေးပေမဲ့ တုန်းမိသားစုက ကျန်းနန်ကို လွှတ်လိုက်တဲ့သူ တစ်ယောက်မှ အသက်ရှင်လျက် ပြန်မလာခဲ့ဘူး။ အကုန်လုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရတာ”
အမျိုးသမီးသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခပ်တိုးတိုး ရယ်မောလိုက်၏။ “ဒီကောင်လေးက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ မသေတဲ့အပြင် ငါ့ကိုပါ အံ့သြစရာတွေ အများကြီး ပေးနေတာပဲ။ ဒါပေမဲ့ ဒါက ပိုကောင်းပါတယ်။ သူက ဒီလောက်လွယ်လွယ်နဲ့ သေသွားရင်လည်း ပျော်စရာ ကောင်းတော့မှာ မဟုတ်ဘူးလေ”
လူလတ်ပိုင်း အမျိုးသားက “သခင်မလေး... နောက်ထပ် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ” ဟု မေးလိုက်သည်။
အမျိုးသမီး၏ အပြုံးများ ပျောက်ကွယ်သွားကာ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“ဘာမှ စိတ်ပူမနေနဲ့... တုန်းမိသားစုကိုပဲ ဆက်ကိုင်တွယ်ခိုင်းလိုက်။ မြို့တော်ရဲ့ ဒုတိယအဆင့် မိသားစု ဖြစ်နေပြီးတော့ ဒီကောင်လေး တစ်ယောက်ကိုတောင် မရှင်းနိုင်ရင်လည်း သူတို့ ဆက်ပြီး တည်ရှိနေဖို့ မလိုတော့ဘူး”
“နားလည်ပါပြီ... သခင်မလေး”
လူလတ်ပိုင်း အမျိုးသားသည် အလေးပြုကာ နောက်သို့ ဆုတ်ခွာသွားတော့သည်။
အမျိုးသမီးသည် မျက်နှာမှ ပေါင်းတင်ဆေးများကို ခွာချလိုက်ရာ လှပနုပျိုသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။ သူမ၏ အလှမှာ အသက် ၃၀ ကျော်၊ ၄၀ ခန့်ရှိ အမျိုးသမီးတစ်ဦးကဲ့သို့ ရင့်ကျက် လှပသော်လည်း အသားအရေ ထိန်းသိမ်းမှုကြောင့် အသက် ၂၅ နှစ်၊ ၂၆ နှစ်အရွယ်ကဲ့သို့ပင် ထင်မှတ်ရသည်။
သူမသည် ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်ရင်း အေးစက်စက် အပြုံးတစ်ခုဖြင့် ရေရွတ်လိုက်၏။ “ယဲ့ပုဖန်... မင်း ငါ့ကို နောက်ထပ် ဘယ်လို အံ့သြစရာတွေ ပေးနိုင်ဦးမလဲဆိုတာ ကြည့်ကြတာပေါ့”
မြို့တော်၏ တောင်ဘက်ခြမ်း ဆင်ခြေဖုံးရှိ တောင်ကုန်းလေးတစ်ခုသည် ပန်းချီကားတစ်ချပ်အလား သာယာ လှပနေသော်လည်း ပတ်ဝန်းကျင် တစ်ခုလုံးတွင်မူ လုံခြုံရေးများ တင်းကျပ်စွာ ချထားလေသည်။ ဤနေရာကား ရွှမ်ယွမ်စံအိမ်၏ ဌာနချုပ်ပင် ဖြစ်၏။
တောင်ကုန်း၏ အလယ်လောက်ရှိ အပန်းဖြေ နွေရာသီ စံအိမ်ငယ်လေး တစ်ခုအတွင်း စီတုချန်ခုန်းနှင့် အခြား အဘိုးအို တစ်ဦးတို့သည် လက်ဖက်ရည် သောက်ရင်း စစ်တုရင် ကစားနေကြသည်။ ထိုအဘိုးအိုမှာ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်ဖြူဖြူနှင့် ဖြစ်ပြီး မျက်နှာမှာလည်း နုပျိုကျန်းမာသဖြင့် အင်မော်တယ် နတ်မင်းကြီးတစ်ပါးကဲ့သို့ ခန့်ညားသော အရှိန်အဝါ ရှိလေသည်။
သူသည် ရွှမ်ယွမ်စံအိမ် ရွှမ်ဌာနကို အုပ်ချုပ်သည့် အကြီးအကဲ အန်းသောက်ချွမ်း ဖြစ်ပြီး မှော်အတတ်ပညာရပ်ဆိုင်ရာ မဟာဆရာကြီး တစ်ဦးလည်း ဖြစ်သည်။ ဘေးနားတွင် စီတုတျန့်မော့က ရပ်နေပြီး သူတို့နှစ်ဦးအတွက် လက်ဖက်ရည် ငှဲ့ပေးရင်း ကစားပွဲကို စိတ်ဝင်တစား ကြည့်ရှုနေ၏။
အန်းသောက်ချွမ်းက စစ်တုရင်ရုပ်တစ်ခုကို ရွှေ့လိုက်ပြီးနောက် မော့ကြည့်ကာ ပြောလိုက်သည်။ “အဘိုးကြီးစီတု... မင်း ရှာထားတဲ့ အဲဒီကောင်လေးကတော့ တကယ့်ကို ပါရမီရှင်ပဲ။ လေယာဉ်က အစိတ်စိတ် အမွှာမွှာ ပေါက်ကွဲသွားတာတောင် သူက ဘာဒဏ်ရာမှ မရဘဲ ပြန်ရောက်လာတယ်။ အဲဒီကောင်လေးက ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲဆိုတာ ငါ တကယ် စဉ်းစားလို့ မရဘူး”
“ဒါပေါ့... ဘယ်သူက ရွေးထားတာလဲဆိုတာကိုလည်း ကြည့်ဦးလေ”
စီတုချန်ခုန်းက ဝင့်ကြွားသော မျက်နှာထားဖြင့် “ငါ အသက် ၁၀၀ အထိ နေလာတာ လူပေါင်းစုံကို တွေ့ဖူးပြီးပြီ။ ဒါပေမဲ့ ရှောင်ယဲ့လောက် ထူးချွန်တဲ့ လူငယ်မျိုး တစ်ခါမှ မမြင်ဖူးသေးဘူး။ သူ ငါတို့ ရွှမ်ယွမ်စံအိမ်ကို ရောက်ကတည်းက အဲဒီ အဘိုးကြီး ကာလို့စ်ကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့တယ်”
“ဒါ့အပြင် X-တပ်ဖွဲ့ရဲ့ နမူနာကို ရအောင် ယူပေးခဲ့သလို ကောင်းကင်စစ်သည်တော်လေ့ကျင့်ရေး စီမံကိန်းကိုလည်း အောင်မြင်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ဒီကောင်လေးက ငါတို့ ရွှမ်ယွမ်စံအိမ်အတွက် တကယ့်ကို ကျေးဇူးကြီးတဲ့သူပဲ” ဟု ဆိုလိုက်သည်။
အန်းသောက်ချွမ်းက “မင်းပြောတာ မှန်ပါတယ်... ရှောင်ယဲ့က တကယ်ပဲ အရည်အချင်းရှိတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ သူ ပြဿနာ တော်တော်ကြီးကြီး ရှာလိုက်ပုံပဲ”
စီတုချန်ခုန်းက သူ၏ မုတ်ဆိတ်မွေးများကို တစ်ချက်သပ်ကာ... “ဒါက ဘာပြဿနာလဲ။ အဲဒီကောင်တွေက ငါတို့ ရွှမ်ယွမ်စံအိမ်ရဲ့ ခေါင်းပေါ်လာပြီး ချေးတက်ပါချင်နေကြတာလေ။ ငါတို့က ဒါကို ဒီအတိုင်း ငြိမ်ခံနေရမှာလား။ သူတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးရမယ်”
ထိုအချိန်တွင် မန်နေဂျာတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူလတ်ပိုင်း တစ်ဦး ပြေးဝင်လာ၏။ “အကြီးအကဲတို့... အပြင်မှာ လူတွေ အများကြီး ရောက်နေပြီး အကြီးအကဲတို့ကို တွေ့ချင်နေကြပါတယ်”
စီတုချန်ခုန်းက လက်ကို ဝှေ့ယမ်းပြလိုက်ရင်း... “မတွေ့ဘူး... ငါတို့ ဒီမှာ မရှိဘူးလို့ပဲ သွားပြောလိုက်”
မန်နေဂျာက အလေးပြုကာ အပြင်သို့ ပြန်ထွက်သွားတော့သည်။
အန်းသောက်ချွမ်းက ပြုံးလိုက်ရင်း... “ပြောနေစရာတောင် မလိုဘူး... အဲဒီလူတွေကလည်း ဒီကောင်လေး အတွက် ရောက်လာကြတာပဲ။ ငါတို့ ရွှမ်ယွမ်စံအိမ်ရဲ့ ခွင့်ပြုချက် မပါဘဲနဲ့ သူတို့က ငါတို့ရဲ့ စတုတ္ထအကြီးအကဲကို ဘယ်ထိရဲပါ့မလဲ။ ဒါပေမဲ့ သူတို့ကို ဒီအတိုင်း လွှတ်ပြန်လိုက်တာက နည်းနည်းတော့ မသင့်တော်ဘူး ထင်တယ်နော်”
***