စီတုချန်ခုန်းက အော်ဟစ်လိုက်၏။ “ဘာက မသင့်တော်ရမှာလဲ။ တုန်းမိသားစုက ရှောင်ယဲ့ကို စပြီး ရန်မူတုန်းက ငါ သူတို့ဆီ သွားခဲ့သေးတယ်။ အဲဒီတုန်းက သူတို့ အကုန်လုံးက မရှိဘူးလို့ပဲ ပြောပြီး ငါ့ကို အရေးမလုပ်ခဲ့ကြဘူး။ ကံကောင်းလို့ ရှောင်ယဲ့က တော်လို့ပေါ့... အဲဒီလူတွေကို အထိနာအောင် လုပ်လိုက်နိုင်လို့ သူတို့ အရှက်တကွဲ ဖြစ်သွားကြတာ။ အခုတော့ ငါ့အလှည့်ပဲ... ငါလည်း သူတို့ကို ပညာလေး နည်းနည်း ပြရမှာပေါ့”
စီတုတျန့်မော့ကလည်း ထောက်ခံလိုက်သည်။ “ဟုတ်ပါတယ်... အဲဒီလူတွေက သေသင့်လို့ သေကြတာပဲ။ နည်းပြချုပ်က တကယ် တော်တာ။ စိတ်မကောင်းတာက အဘိုးက ကျွန်မကို လိုက်သွားခွင့် မပေးတာပဲ... မဟုတ်ရင် ကျွန်မလည်း အဲဒီလူတွေကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်မှာ”
အန်းသောက်ချွမ်းက “မင်းကို မလွှတ်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ ငါတို့ ရွှမ်ယွမ်စံအိမ်က ဒေသတွင်း ကိစ္စတွေမှာ ဝင်ရောက် စွက်ဖက်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတာလေ။ ရှောင်ယဲ့က သူတို့ကို ပြဿနာရှာတာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပဲ... ဒါပေမဲ့ မင်းသာ သွားမယ်ဆိုရင် အဲဒီလူတွေက ငါတို့ကို ပြန်ပြီး အပြစ်တင်စရာ အကြောင်းပြချက် ရသွားလိမ့်မယ်” ဟု ရှင်းပြလိုက်သည်။
ထိုအချိန်မှာပင် မန်နေဂျာက ထပ်မံ၍ ပြေးဝင်လာပြန်သည်။ “အကြီးအကဲတို့... အထူးရေးရာဗျူရိုက ကျောက်ရှင်းကျန်းရောက်လာပြီး မဖြစ်မနေ တွေ့မယ်လို့ ပြောနေပါတယ်။ ကျွန်တော်တို့ လူတွေလည်း သူ့ကို တားလို့ မရတော့ဘူး”
စီတုချန်ခုန်းက မျက်မှောင်ကြုတ်လိုက်ကာ... “အဲဒီ အဘိုးကြီးက ဒီကို ဘာလာလုပ်တာလဲ”
တရုတ်နိုင်ငံတွင် အထူးဌာန နှစ်ခု ရှိသည်။ တစ်ခုမှာ ရွှမ်ယွမ်စံအိမ် ဖြစ်ပြီး နောက်တစ်ခုမှာ အထူးရေးရာဗျူရို ဖြစ်သည်။
ကျောက်ရှင်းကျန်းမှာ အထူးရေးရာဗျူရို၏ အကြီးအကဲ ဖြစ်ပြီး သူ၏ အဆင့်အတန်းမှာ စီတုချန်ခုန်းတို့နှင့် တန်းတူပင် ဖြစ်သည်။
အန်းသောက်ချွမ်းက “မေးနေဖို့ လိုသေးလို့လား။ အဲဒီကောင်လေး ကိစ္စပဲ နေမှာပေါ့။ ဒီတစ်ခါတော့ အထူးရေးရာဗျူရို တော်တော်လေး အထိနာသွားပုံရတယ်” ဟု ဆိုသည်။
စီတုချန်ခုန်းက မဲ့ပြုံး ပြုံးလိုက်ရင်း... “သူတို့ဘာသာ ရှာတဲ့ ပြဿနာပဲလေ”
သူတို့ စကားပြောနေစဉ်မှာပင် ထန်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးသည် အပြင်ဘက်မှ ဝုန်းခနဲ ဝင်လာလေသည်။ သူ၏ ဘေးတွင် ကိုယ်ရံတော်များ ပါလာသော်လည်း မည်သူမျှ မတားရဲကြပေ။
“စီတုချန်ခုန်း... မင်း ဒီနေ့ ငါ့ကို ရှင်းပြချက် တစ်ခု ပေးရမယ်”
ထိုအဘိုးအိုမှာ အထူးရေးရာဗျူရိုမှ ကျောက်ရှင်းကျန်းပင် ဖြစ်သည်။ သူ၏ အဆင့်အတန်းကို အားကိုးကာ ဤနေရာသို့ အတင်းအကျပ် တိုးဝင်လာခြင်း ဖြစ်၏။
“အဘိုးကြီးကျောက်... မင်း ဘာရှင်းပြချက် လိုချင်နေတာလဲ”
ကျောက်ရှင်းကျန်းက ဒေါသတကြီးဖြင့် “မင်းတို့ ရွှမ်ယွမ်စံအိမ်က လူတွေက တကယ့်ကို ဥပဒေမဲ့ လုပ်နေကြတာပဲ။ ယဲ့ပုဖန်က ကျန်းနန်မှာ လူတွေ အများကြီး သတ်ခဲ့တာကို မင်းတို့က အကာအကွယ် ပေးဦးမှာလား”
“အကာအကွယ် ပေးတယ် ဟုတ်လား... ဒါက အကာအကွယ် ပေးတာလား”
စီတုချန်ခုန်းက မျက်လုံးပြူးကာ ပြန်ပြောလိုက်သည်။ “အဲဒီလူတွေ ဘာလုပ်ခဲ့လဲ၊ ဘယ်လို သေသွားလဲ၊ သူတို့က သေသင့်လို့ သေတာလားဆိုတာကို မင်း ဘာလို့ မပြောတာလဲ။ ငါတို့ ရွှမ်ယွမ်စံအိမ်က လူတွေက ဒီလောက်တောင် အနိုင်ကျင့်လို့ လွယ်နေလို့လား။ ငါတို့ လည်ပင်းပေါ်လာပြီး ချေးတက်ပါနေတာကို ငါတို့က ဒီအတိုင်း ငြိမ်ခံနေရမှာလား”
ကျောက်ရှင်းကျန်း၏ မျက်နှာမှာ ခဏတာ တောင့်တင်းသွားပြီးနောက်... “ကျန်တဲ့သူတွေကို ငါ ဂရုမစိုက်ဘူး... ဒါပေမဲ့ သူက ငါတို့ အထူးရေးရာဗျူရိုက မူကောင်းဖုန်းကို သတ်ခဲ့တယ်။ အဲဒါအတွက်တော့ သူ ရှင်းပြချက် ပေးရမယ်” ဟု ဆိုလိုက်၏။
စီတုချန်ခုန်းက ပြန်လည် အော်ဟစ်ရန် ပြင်လိုက်သော်လည်း အန်းသောက်ချွမ်းက လက်လှမ်းကာ တားလိုက်သည်။
“ဒေါသမထွက်ပါနဲ့ဦး... ငါ အဘိုးကြီးကျောက်နဲ့ စကားပြောလိုက်ပါ့မယ်”
အန်းသောက်ချွမ်း၏ လေသံမှာ ပို၍ နူးညံ့ပျော့ပြောင်းလှသည်။ သူက ကျောက်ရှင်းကျန်းကို ကြည့်ကာ... “မင်းတို့ အထူးရေးရာဗျူရိုက လူတစ်ယောက် သေသွားတာ သေချာလား”
“ဟုတ်တယ်... မူကောင်းဖုန်းက ငါတို့ အထူးရေးရာဗျူရိုရဲ့ အလားအလာရှိတဲ့ လူငယ်ပါရမီရှင် တစ်ယောက်ပဲ။ သူက ယဲ့ပုဖန်ရဲ့ လက်ချက်နဲ့ သေသွားရတာ”
“အိုး...”
အန်းသောက်ချွမ်းက ခေါင်းညိတ်လိုက်ရင်း... “အဲဒါကို ယဲ့ပုဖန် သတ်တာလို့ မင်း ဘယ်လို သိတာလဲ။ တစ်ယောက်ယောက် မြင်လို့လား”
“ဒါက... အဲဒီအချိန်မှာ အခင်းဖြစ်တဲ့နေရာမှာ ဘယ်သူမှ မရှိပေမဲ့လည်း သူ သတ်တာဆိုတာကိုတော့ အတည်ပြုလို့ ရပါတယ်”
အန်းသောက်ချွမ်းက “အဘိုးကြီးကျောက်... အဲဒါကတော့ နည်းနည်း ယုတ္တိမရှိသလိုပဲ။ မျက်မြင် သက်သေလည်း မရှိ၊ ခိုင်လုံတဲ့ သက်သေအထောက်အထားလည်း မရှိဘဲနဲ့ ယဲ့ပုဖန်က မူကောင်းဖုန်းကို သတ်တယ်လို့ မင်းက ဘယ်လို ပြောနိုင်မှာလဲ” ဟု ဆိုလိုက်၏။
ကျောက်ရှင်းကျန်းက “ဘာလို့လဲဆိုတော့ မူကောင်းဖုန်းက ချင်ချူးချူးဆီကို သွားခဲ့လို့ပဲ။ ချင်ချူးချူးက ယဲ့ပုဖန်ရဲ့ မိန်းမလေ။ အဲဒီနောက်မှာ သူ ပြန်မလာတော့ဘူးဆိုတော့ ယဲ့ပုဖန် လုပ်တာပဲ ဖြစ်ရမယ်”
အန်းသောက်ချွမ်းက အသာအယာ ပြုံးလိုက်ရင်း... “ပြီးခဲ့တဲ့ ရက်ပိုင်းက ရှောင်ယဲ့ သေပြီဆိုပြီး သတင်းတွေ ထွက်ခဲ့တာလေ။ ချင်ချူးချူးက ရှောင်ယဲ့ရဲ့ မိန်းမဆိုတာ မင်းတောင် သိနေတာပဲ... အဲဒါကို မူကောင်းဖုန်းက အဲဒီကို ဘာသွားလုပ်တာလဲ။ ငါ အခုလေးတင် ကြားလိုက်တာကတော့ အဲဒီညက ချင်ချူးချူး ပြန်ပေးဆွဲခံခဲ့ရတယ်ဆိုပဲ။ အဲဒါ မင်းတို့လူတွေ လက်ချက်များလား”
“ငါ...”
ကျောက်ရှင်းကျန်းမှာ ခဏတာ ဆွံ့အသွားရသည်။ အမှန်တကယ် ဘာဖြစ်ခဲ့သနည်းဆိုသည်ကို သူ ကောင်းကောင်း သိထားသည်။ မူကောင်းဖုန်းက ချင်ချူးချူးကို ပြန်ပေးဆွဲခဲ့သဖြင့် ယဲ့ပုဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်၏။
သို့သော် သူသည် ထိုကဲ့သို့ ဝန်မခံရဲပေ။ ဝန်ခံလိုက်သည်နှင့် သူတို့ဘက်က အမှား ဖြစ်သွားမည် မဟုတ်ပါလား။
စီတုချန်ခုန်းက “တခြားလူရဲ့ မိန်းမကို စိတ်ထင်တိုင်း ပြန်ပေးဆွဲတာက အထူးရေးရာဗျူရိုက လုပ်သင့်တဲ့ အလုပ်လား။ တကယ်လို့ ငါတို့ ရွှမ်ယွမ်စံအိမ်မှာ အဲဒီလို လူယုတ်မာမျိုး ရှိရင် တခြားလူ လာသတ်စရာတောင် မလိုဘူး... ငါ ကိုယ်တိုင်ပဲ ခေါင်းဖြတ်ပစ်လိုက်မယ်” ဟု ငေါ့လိုက်သည်။
“မင်း...”
ကျောက်ရှင်းကျန်း၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာသော်လည်း သူ ဘာမှ ပြန်မပြောနိုင်ပေ။
တကယ်လို့ မူကောင်းဖုန်း လုပ်တာမှန်တယ်လို့ ဝန်ခံရင် သူက သေသင့်လို့ သေတာ ဖြစ်သွားမယ်။ ဝန်မခံပြန်ရင်လည်း ညကြီးမင်းကြီး သူများမိန်းမဆီကို ဘာသွားလုပ်တာလဲဆိုတာ သူ ယုတ္တိရှိရှိ ရှင်းမပြနိုင်ပြန်ဘူး။
အန်းသောက်ချွမ်းက သူ၏ ပုခုံးကို ပုတ်ပေးလိုက်ရင်း... “ငါ ထင်တာတော့ အထူးရေးရာဗျူရိုက လူတွေက အဲဒီလိုမျိုး လုပ်မှာ မဟုတ်ပါဘူး။ မူကောင်းဖုန်းက ချင်ချူးချူးဆီကို လုံးဝ မသွားခဲ့တာလည်း ဖြစ်နိုင်တာပဲ။ သူ ပျောက်နေတယ်ဆိုရင်လည်း သေချာ လိုက်ရှာကြည့်ပါဦး။ ဘယ်သူသိမှာလဲ... တစ်နေ့နေ့ကျရင် သူလည်း ရှောင်ယဲ့လို ပြန်ပေါ်လာချင် ပေါ်လာမှာပေါ့”
“ငါ ပြောလိုက်မယ်... ဒီကိစ္စက ဒီမှာတင် ပြီးမှာ မဟုတ်ဘူး”
ကျောက်ရှင်းကျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း လှည့်ထွက်သွားတော့သည်။
သူသည် ရှင်းပြချက် တောင်းရန် လာခဲ့သော်လည်း အဘိုးကြီး နှစ်ယောက်က တစ်ယောက်က အလျှော့ပေး၊ တစ်ယောက်က အတင်းလုပ်ပြီး သူ့ကို လှည့်ပတ် ပြောဆိုသွားကြသဖြင့် သူ ဘာမှ မတတ်နိုင်ခဲ့ပေ။
စီတုချန်ခုန်းက နောက်မှ လှမ်းအော်လိုက်၏။ “အဘိုးကြီးကျောက်... ငါ ပြောလိုက်မယ်။ ဘယ်သူပဲ ဖြစ်ဖြစ် ငါတို့ ရွှမ်ယွမ်စံအိမ်က လူကို အကြောင်းမဲ့ လာထိရင်တော့ ငါ ကိုယ်တိုင် သူ့ခေါင်းကို ဖြတ်ပြီး အမွှေးတိုင်အိုး အဖြစ် သုံးပစ်မယ်”
ကျောက်ရှင်းကျန်းသည် သူ၏ ခြေလှမ်းများကို ရပ်လိုက်သော်လည်း လှည့်မကြည့်တော့ပေ။
စီတုချန်ခုန်း နောက်နေခြင်း မဟုတ်ကြောင်း သူ သိသည်။ အကယ်၍ အထူးရေးရာဗျူရိုက ယဲ့ပုဖန်ကို တကယ် ရန်မူမယ်ဆိုရင် ထိုအဘိုးကြီးက အထူးရေးရာဗျူရို တစ်ခုလုံးကို အစအန မကျန်အောင် ဖျက်ဆီးပစ်လိမ့်မည်မှာ သေချာလှပေသည်။
ကျောက်ရှင်းကျန်း ထွက်ခွာသွားပြီးနောက် စီတုချန်ခုန်းနှင့် အခြားအဘိုးအိုမှာ စစ်တုရင်ခုံရှေ့တွင် ပြန်လည် ထိုင်လိုက်ကြပြန်သည်။
အန်းသောက်ချွမ်းက “အဘိုးကြီး... အဲဒီကောင်လေး ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက နည်းနည်းတော့ ထူးဆန်းနေတယ်လို့ မင်း မခံစားမိဘူးလား။ တစ်ယောက်ယောက်က သူ့ကို တကောက်ကောက် လိုက်ပြီး ပစ်မှတ်ထားနေသလိုပဲ” ဟု ဆိုလိုက်၏။
“ငါ ဒါကို သတိထားမိတာ ကြာပါပြီ... ဒါပေမဲ့ အဲဒီလူက ဘယ်သူလဲဆိုတာကိုတော့ ငါ အခုထိ ရှာမတွေ့သေးဘူး”
စီတုချန်ခုန်းက ဆက်၍ “ဒီတစ်ခါ တုန်းမိသားစု ကိစ္စကိုပဲ ကြည့်ဦး... သူတို့က ရှောင်ယဲ့နဲ့ ဘာရန်ငြိုးမှ မရှိဘဲနဲ့ အစွမ်းကုန် တိုက်ခိုက်ခဲ့ကြတာ။ သူတို့ရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက်က မြှောက်ပင့်ပေးနေတာ မဟုတ်ဘူး ဆိုရင်တော့ ငါ့ကို သတ်ရင်တောင် ငါ မယုံဘူး”
“မကြာသေးခင်က ကိစ္စတွေက များလွန်းနေလို့ ငါ အချိန်မပေးနိုင်ခဲ့တာပါ။ နောက် နှစ်ရက်လောက် နေရင်တော့ ငါ ကိုယ်တိုင် စုံစမ်းပြီး အဲဒီကောင်က ဘယ်သူလဲဆိုတာ ဖော်ထုတ်ပစ်မယ်”
သို့သော် အန်းသောက်ချွမ်းက ခေါင်းယမ်းလိုက်ကာ... “ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်သင့်တယ်လို့ ငါ ထင်တယ်။ ဆက်ပြီး စုံစမ်းမနေပါနဲ့တော့”
စီတုချန်ခုန်းက မျက်လုံးပြူးသွားပြီး “အဘိုးကြီးအန်း... မင်း ဘာကို ဆိုလိုတာလဲ။ အဲဒီလူက ဘယ်သူလဲ ဆိုတာ မင်း သိနေလို့လား။ သူက ငါတို့ တောင်မှ မထိရဲတဲ့ ပုဂ္ဂိုလ်မျိုးမို့လို့လား” ဟု မေးလိုက်သည်။
“ကြည့်စမ်း... အသက် ၁၀၀ နားနီးနေတဲ့ အဘိုးကြီးက အခုထိ ဒေါသက မလျော့သေးဘူး။ အဲဒီ နောက်ကွယ်က လက်မည်းက ဘယ်သူလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ”
“ဒါဆိုရင် မင်းက ဘာလို့ ဒီလို ပြောရတာလဲ။ ငါတို့ကို ဘာလို့ စုံစမ်းခွင့် မပေးတာလဲ”
အန်းသောက်ချွမ်းက သက်ပြင်းချလိုက်ရင်း... “မင်း တစ်ခါလောက် စဉ်းစားကြည့်ဖူးလား... မျက်စိတစ်မှိတ် အတွင်းမှာ ငါတို့ အဘိုးကြီး သုံးယောက်စလုံးက အသက် ၁၀၀ ပြည့်တော့မယ်”
“အဲဒါ ဘာဖြစ်လဲ...”
“ဘာဖြစ်လဲ ဟုတ်လား... တစ်နေ့နေ့မှာ ငါတို့ သုံးယောက်စလုံး မရှိတော့ရင် ရွှမ်ယွမ်စံအိမ်ကို ဘယ်သူက ဆက်ပြီး တာဝန်ယူမှာလဲ”
“ဒါကတော့...”
စီတုချန်ခုန်းမှာ ခဏတာ ဆွံ့အသွားရသည်။ သူသည် ဤမေးခွန်းကို တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။
“အခု ငါတို့မှာ ဆက်ခံသူ မရှိဘူး။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးမှ ရှောင်ယဲ့ဆိုတဲ့ ကောင်လေး ပေါ်လာတာ။ သူ့မှာ ကောင်းမွန်တဲ့ ကျင့်ကြံမှု ရှိတယ်၊ ဆေးပညာကလည်း မြင့်မားတယ်၊ အရည်အချင်းကလည်း အရမ်း ကောင်းတယ်။ ဒီတစ်ခါ အစီအစဉ်ကနေတစ်ဆင့် သူက လုံလောက်တဲ့ ဂုဏ်သိက္ခာကိုလည်း တည်ဆောက်နိုင်ခဲ့ပြီ။ သူက ငါတို့အတွက် အသင့်တော်ဆုံး ဆက်ခံသူ ဖြစ်လာလိမ့်မယ်”
စီတုချန်ခုန်းက “အဲဒါကြောင့်ပဲ သူ့ကို ငါတို့ ပိုပြီး ကာကွယ်ပေးရမှာပေါ့။ အဲဒီ နောက်ကွယ်က ကြိုးကိုင်သူကို အမြန်ဆုံး ဖော်ထုတ်ရမယ်” ဟု ဆိုသည်။
***