“မင်း လုပ်တာက မှားနေတယ်...”
အန်းသောက်ချွမ်းက ရှင်းပြလိုက်၏။ “ဓားသွားဆိုတာ သွေးမှ ထက်တာမျိုးပါ။ မင်း အခုလို လုပ်ပေးနေတာက ရှောင်ယဲ့ရဲ့ ကြီးထွားမှုကို အဟန့်အတား ဖြစ်စေလိမ့်မယ်။ သူက ပါရမီ ထူးချွန်ပေမဲ့ ငယ်သေးတဲ့အတွက် လိုအပ်တဲ့ လေ့ကျင့်မှုတွေ မရှိသေးဘူး။ အခု ဖြစ်ပျက်နေတဲ့ ကိစ္စတွေက သူ့အတွက် စမ်းသပ်ချက် တစ်ခုပဲ”
“အဲဒါကြောင့် ငါတို့က အများကြီး ဝင်မစွက်ဖက်သင့်ဘူး။ အရာအားလုံးကို သူ တစ်ယောက်တည်း ကိုင်တွယ်ပါစေ။ ဒါမှသာ သူ ပိုပြီး တိုးတက်လာလိမ့်မယ်”
စီတုချန်ခုန်းက သူ၏ မုတ်ဆိတ်ကို သပ်ရင်း... “မင်းပြောတာကလည်း ယုတ္တိရှိသားပဲ”
အန်းသောက်ချွမ်းက “ရှောင်ယဲ့ရဲ့ ဓားသွားက လုံလောက်အောင် ထက်မြက်လာမှသာ အနာဂတ်မှာ ရွှမ်ယွမ်စံအိမ်ကို သူ ဦးဆောင်နိုင်လိမ့်မယ်။ ငါတို့ အဘိုးကြီးတွေက အများကြီး လုပ်ပေးနေဖို့ မလိုပါဘူး... သူ့အတွက် ခိုင်မာတဲ့ နောက်ခံအင်အား တစ်ခုအဖြစ် ရှိနေပေးရင်ပဲ လုံလောက်ပါပြီ” ဟု ဆိုသည်။
စီတုချန်ခုန်းက ခေါင်းညိတ်လိုက်ကာ... “ကောင်းပြီလေ... ဒီတစ်ခါတော့ ငါ မင်းရဲ့စကားကို နားထောင်ပါ့မယ်”
ယဲ့ပုဖန်မှာမူ ထိုနေရာတွင် ဖြစ်ပျက်နေသမျှကို ဘာမှ မသိဘဲ မြို့တော်သို့ သွားမည့် လေယာဉ်ပေါ်သို့ တစ်ဦးတည်း တက်ခဲ့သည်။
လေဆိပ်သို့ ရောက်သောအခါ သူသည် လက်မှတ်အရ သူ၏ နေရာတွင် ဝင်ထိုင်လိုက်၏။
ဝမ်မိသားစုက သူ့အတွက် ပထမတန်းစား လက်မှတ်ကို ကြိုတင်မှာယူပေးထားခြင်း ဖြစ်သည်။ သူ၏ ဘေးတွင် အသက် ၄၀ ခန့်ရှိ အမျိုးသားတစ်ဦး ထိုင်နေသည်။ သူသည် ရွှေကိုင်းမျက်မှန် တပ်ထားပြီး လူကြီးလူကောင်း ပုံစံရှိသော်လည်း သူ၏ မျက်နှာထားမှာမူ အနည်းငယ် မောက်မာနေသည်။
သူတို့၏ ရှေ့တွင်မူ အသက် ၅၀ ဝန်းကျင်ခန့်ရှိ လူလတ်ပိုင်း ဇနီးမောင်နှံ တစ်စုံ ထိုင်နေကြသည်။
အမျိုးသားမှာ အနည်းငယ် ဝဖြိုးပြီး သူ၏ ဘယ်ဘက်နားရွက်ဘေးတွင် မြေပဲစေ့ခန့် မှည့်နက်လေး တစ်လုံး ရှိနေသည်။ သူသည် အလွန်ပင် ဖော်ရွေပုံရပြီး ယဲ့ပုဖန်ကိုပင် ခေါင်းညိတ်ကာ ပြုံးပြလိုက်သေးသည်။
ယဲ့ပုဖန်သည်လည်း သူတစ်ပါး၏ စေတနာကို မငြင်းပယ်ဘဲ အပြုံးဖြင့်သာ တုံ့ပြန်လိုက်သော်လည်း စကားမူ အများကြီး မပြောဖြစ်ပေ။
လေယာဉ် ပျံတက်ပြီးနောက် သူသည် ငြီးငွေ့လာသဖြင့် မျက်လုံးမှိတ်ကာ အနားယူနေလိုက်သည်။ သူ၏ စိတ်ထဲတွင်မူ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြန်လည် စဉ်းစားနေပြီး သူ့ကို ပစ်မှတ်ထားနေသူမှာ ဘယ်သူ ဖြစ်နိုင်မလဲဟု ခန့်မှန်းနေမိသည်။
ခေတ္တအကြာတွင် လေယာဉ်မှာ ပုံမှန် ပျံသန်းနေပြီ ဖြစ်သဖြင့် ရှေ့မှ လူလတ်ပိုင်း အမျိုးသားမှာ ထိုင်ရာမှထကာ အိမ်သာသို့ လျှောက်သွားသည်။
သို့သော် မကြာမီမှာပင် အိမ်သာဘက်မှ ဒုတ်ခနဲ လဲကျသံတစ်ခု ကြားလိုက်ရပြီးနောက် လေယာဉ်မယ်၏ အလန့်တကြား အော်သံ ထွက်ပေါ်လာ၏။
“ခွင့်ပြုပါဦးရှင်... ဒီလူကြီးရဲ့ အဖော် ဒါမှမဟုတ် မိသားစုဝင် ပါသလားရှင်။ အမြန် လာပေးပါဦး။ ပြီးတော့ ဆရာဝန် ပါရင်လည်း ကူညီပေးကြပါဦးရှင်။ လူတစ်ယောက် သတိလစ်ပြီး လဲကျသွားလို့ပါ...”
ယဲ့ပုဖန် လှည့်ကြည့်လိုက်သောအခါ အစောပိုင်းက ထသွားသော လူလတ်ပိုင်း အမျိုးသားမှာ အိမ်သာတံခါး ရှေ့တွင် လဲကျနေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး မျက်လုံးများမှာလည်း မှိတ်ထားသဖြင့် သတိလစ်နေသည်မှာ ထင်ရှားလှသည်။
လေယာဉ်မယ်၏ အော်သံကို ကြားရသောအခါ ရှေ့မှ အမျိုးသမီးမှာ ချက်ချင်း ပြေးသွားကာ အမျိုးသား၏ လက်ကို ဆုပ်ကိုင်ရင်း ငိုယိုတော့သည်။
“ယောက်ျား... ဘာဖြစ်တာလဲ။ နိုးပါဦး... ယောက်ျားရဲ့”
ရှေးဟောင်း ဆေးပညာဂိုဏ်း၏ အမွေအနှစ်ကို ဆက်ခံထားသူဖြစ်သဖြင့် ယဲ့ပုဖန်သည် ဤကဲ့သို့သော အခြေအနေမျိုးတွင် လျစ်လျူရှုမထားနိုင်ပေ။ သူသည် ချက်ချင်း ထရပ်ကာ ထိုနေရာသို့ လျှောက်သွားလိုက်သည်။
“ကျွန်တော် ဆရာဝန် တစ်ယောက်ပါ။ ကျွန်တော့်ကို ကြည့်ခွင့်ပေးပါ”
ထိုအမျိုးသမီးသည် ဆရာဝန်ပါသည်ဟု ကြားသောအခါ အလန့်တကြားဖြင့် “မောင်လေး... ကျေးဇူးပြုပြီး ကျွန်မယောက်ျားကို ကြည့်ပေးပါဦး။ သူ ဘာဖြစ်တာလဲဟင်” ဟု မေးရှာသည်။
ယဲ့ပုဖန် ခေါင်းညိတ်လိုက်ပြီးနောက် လူနာ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ လက်ကောက်ဝတ်ကို ကိုင်၍ စမ်းသပ်ခြင်း ပြုလုပ်လိုက်သည်။
သူသည် စိတ်ဝိညာဉ်အာရုံဖြင့် တစ်ချက်ကြည့်ရုံဖြင့် အခြေအနေကို သိရှိနိုင်သော်လည်း အနှီ အမျိုးသား၏ အခြေအနေမှာ အနည်းငယ် ထူးခြားသဖြင့် အတည်ပြုရန်အတွက် သွေးခုန်နှုန်းကို စမ်းသပ်ရန် လိုအပ်ခြင်း ဖြစ်သည်။
“မင်း ဘာလုပ်နေတာလဲ”
ထိုအချိန်တွင် သူ၏ နောက်ကျောဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ယဲ့ပုဖန် လှည့်ကြည့်သော အခါ သူ၏ ဘေးတွင် ထိုင်နေသော ရွှေကိုင်းမျက်မှန်နှင့် လူလတ်ပိုင်း အမျိုးသား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“လူနာကို စစ်ဆေးနေတာပါ”
သူက သွေးခုန်နှုန်းကို စမ်းသပ်ရင်း ပြန်ဖြေလိုက်၏။
“စစ်ဆေးနေတယ် ဟုတ်လား...။ သူ့လက်ကောက်ဝတ်ကို မင်းက ဘာလို့ ကိုင်နေတာလဲ။ အချိန်ဖြုန်းနေတာလား”
“ကျွန်တော်က တိုင်းရင်းဆေး ဆရာတစ်ယောက်ပါ။ တိုင်းရင်းဆေးမှာ သွေးခုန်နှုန်းကို စမ်းသပ်ဖို့ လိုအပ်ပါတယ်”
“ရယ်စရာပဲ... တိုင်းရင်းဆေးက ရောဂါပျောက်လို့လား။ မင်းက ဒီလို အရေးကြီးတဲ့ အချိန်မှာ ဘာလာပြီး လူပြက်လုပ်နေတာလဲ”
ထိုအမျိုးသား၏ မျက်နှာတွင် အထင်အမြင်သေးသော အရိပ်အယောင်များ ဝင်းလက်သွားသည်။
“အမြန် ဖယ်စမ်း... ဒီလူက အခြေအနေ တော်တော် ဆိုးနေတာ။ မင်းသာ တစ်ခုခုဖြစ်ရင် ဒီတာဝန်ကို မင်း မယူနိုင်ဘူး”
ယဲ့ပုဖန် မျက်မှောင်ကြုတ်လိုက်ကာ... “မင်း ဘာကို ဆိုလိုတာလဲ”
ထိုအချိန်မှာပင် ရှေးဦးသူနာပြုသေတ္တာကို ယူလာသော လေယာဉ်မယ်က “ရှင်ကရော ဆရာဝန် တစ်ယောက်လားရှင်” ဟု မေးလိုက်သည်။
သူမ၏ စိတ်ထဲတွင်မူ ယဲ့ပုဖန်ကို သိပ်ပြီး ယုံကြည်ပုံမရပေ။ အဘယ်ကြောင့်ဆိုသော် ယဲ့ပုဖန်မှာ အလွန် ငယ်ရွယ်နေသောကြောင့် ဖြစ်သည်။
သူမထက်ပင် အသက်များစွာ ငယ်ပုံရသော ဤလူငယ်က မိမိကိုယ်ကိုယ် တိုင်းရင်းဆေးဆရာဟု ပြောနေခြင်းမှာ မည်သူက ယုံနိုင်ပါမည်နည်း…။
သူမသည် တိုင်းရင်းဆေးကို မယုံကြည်ခြင်း မဟုတ်ဘဲ ဤမျှ ငယ်ရွယ်သော တိုင်းရင်းဆေးဆရာကို မယုံကြည်ခြင်း ဖြစ်သည်။ အသက် ၂၀ ကျော် လူငယ်တစ်ဦးမှာ သင်တန်းပင် ပြီးပါဦးမည်လော။
အစောပိုင်းက အခြားဆရာဝန် မရှိသဖြင့်သာ သူမသည် အားကိုးတကြီး တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မျက်မှန်နှင့် အမျိုးသားမှာ ဆရာဝန်နှင့် ပိုတူသဖြင့် သူမသည် ချက်ချင်း အကူအညီ တောင်းလိုက်ခြင်း ဖြစ်၏။
လူနာမှာ သူမ၏ လေယာဉ်ပေါ်တွင် လဲကျသွားခြင်း ဖြစ်သည်။ အကယ်၍ ကုသမှုမှာ တစ်ခုခု မှားယွင်းသွားလျှင် သူမ၌လည်း တာဝန် ရှိလာနိုင်သည် မဟုတ်ပါလား။
လီမင်းယန်က မောက်မာသော လေသံဖြင့် “ကျုပ်က လီမင်းယန်ပါ။ မြို့တော် ဗဟိုဆေးရုံကြီးရဲ့ ဒုတိယညွှန်ကြားရေးမှူးနဲ့ အတွင်းလူနာဌာနရဲ့ ထိပ်သီး ပညာရှင်ကြီး တစ်ယောက်ပေါ့” ဟု မိတ်ဆက်လိုက်သည်။
“ဘုရားရေ... သူက မြို့တော် ဗဟိုဆေးရုံကြီးရဲ့ ဒုတိယညွှန်ကြားရေးမှူးနဲ့ ထိပ်သီး ပညာရှင်ကြီးပါလား။ အဲဒီလူငယ်ထက်စာရင် သူက ပိုပြီး အားကိုးရမှာ သေချာတယ်”
“ဒီဘက်ခေတ် လူငယ်တွေကတော့ တကယ့်ကို သတ္တိကောင်းတာပဲ... ဘာမဆို လုပ်ရဲကြတာ။ လူက သတိလစ်နေတာကို။ လူအသက်နဲ့ ပတ်သက်လာရင် တာဝန်ယူရမှာကို မကြောက်ကြဘူးလား မသိဘူး”
“ငါ တိုင်းရင်းဆေးကို မယုံတာ မဟုတ်ဘူးနော်... ဒါပေမဲ့ ဒီလောက် ငယ်ငယ်လေးနဲ့ တိုင်းရင်းဆေးဆရာလို့ ပြောနေတဲ့သူကိုတော့ လုံးဝ မယုံနိုင်ဘူး”
“အခုတော့ ကောင်းပြီလေ... ဒုတိယညွှန်ကြားရေးမှူးလီ ရှိနေတာဆိုတော့ သူ့ကိုပဲ ကုခိုင်းလိုက်ကြရအောင်။ လူငယ်လေး... မင်း လျှောက်မလုပ်ပါနဲ့တော့”
လီမင်းယန်၏ ဂုဏ်ပုဒ်ကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်မှ လူများမှာ ယဲ့ပုဖန်ကို ပြစ်တင်ဝေဖန်ကြကာ သူ့နေရာကို အမြန်ဖယ်ပေးရန် ပြောကြတော့သည်။
လေယာဉ်မယ်ကလည်း “ရှင်... ရှင့်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်ရှင်။ ဒါပေမဲ့ ဒီလူနာကို ညွှန်ကြားရေးမှူး လီကိုပဲ ကုသခွင့် ပေးလိုက်ပါရှင်” ဟု ဆိုလိုက်၏။
ထို့နောက် သူမသည် လူနာ၏ မိသားစုဝင် ဖြစ်သော အမျိုးသမီးကို ကြည့်လိုက်သည်။
ထိုအမျိုးသမီး၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများ ပေါ်လာသော်လည်း နောက်ဆုံးတွင်မူ... “မောင်လေး... ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ညွှန်ကြားရေးမှူး လီကိုပဲ ကျွန်မယောက်ျားကို ကြည့်ခွင့် ပေးလိုက်ပါရှင်” ဟု ပြောလိုက်ရှာသည်။
ယဲ့ပုဖန်သည် ဘာမှ မတတ်နိုင်တော့ပေ။ လူနာ၏ မိသားစုဝင်ကပင် ထိုသို့ ဆုံးဖြတ်လိုက်မှတော့ သူ ဘာမှ လုပ်၍ မရတော့ပါ။ သူသည် ထိုင်ရာမှ ထလိုက်ကာ သူ့နေရာကို ဖယ်ပေးလိုက်ရတော့သည်။
လီမင်းယန်သည် လေယာဉ်မယ် ကမ်းပေးသော ရှေးဦးသူနာပြုသေတ္တာထဲမှ အပူချိန်တိုင်းကိရိယာကို အရင်ဆုံး ထုတ်ယူလိုက်သည်။ ထို့နောက် လူနာ၏ ဂျိုင်းအောက်သို့ ထည့်ပေးလိုက်ပြီး မျက်စိ သူငယ်အိမ်၊ လျှာနှင့် အခြားနေရာများကိုပါ စေ့စေ့စပ်စပ် စစ်ဆေးလေတော့သည်။
စစ်ဆေးမှုများ အစီအစဉ်တကျ ပြုလုပ်ပြီးနောက် သူသည် အပူချိန်တိုင်းကိရိယာကို ပြန်ကြည့်ကာ... “လူနာက အအေးမိရာကနေ အဖျားကြီးနေတာပဲ။ အခု ၃၉.၅ ဒီဂရီအထိ ရှိနေပြီ... ဒါကြောင့်လည်း ရုတ်တရက် သတိလစ်သွားတာပေါ့” ဟု ကောက်ချက်ချလိုက်၏။
လူလတ်ပိုင်း အမျိုးသမီးကလည်း အလောတကြီးဖြင့် “ညွှန်ကြားရေးမှူးလီ ပြောတာ အမှန်ပဲရှင်။ ကျွန်မနဲ့ ယောက်ျားက ကျန်းနန်ကို အလည်သွားကြတာ... မနေ့ညက နောက်ကျတဲ့အထိ လျှောက်လည်ရင်း သူ အအေးမိသွားတာ”
“ဒီမနက် ထွက်လာတော့ သူ အဖျားနည်းနည်းရှိပြီး မူးနေတာနဲ့ သာမန် အအေးမိတာပဲဆိုပြီး ကျွန်မတို့ သိပ်ဂရုမစိုက်ဘဲ လေယာဉ်ပေါ် တက်ခဲ့ကြတာပါ။ အခုလို ရုတ်တရက်ကြီး အခြေအနေ ဆိုးသွားလိမ့်မယ်လို့ မထင်ထားမိဘူး...” ဟု ဆိုရှာသည်။
“ဒုတိယညွှန်ကြားရေးမှူးဆိုတာ တကယ့်ကို မတူဘူးနော်... ရောဂါအကြောင်းရင်းကို ချက်ချင်း သိတာပဲ”
“ဒါပေါ့... သူက အတွင်းလူနာဌာနရဲ့ ထိပ်သီးပညာရှင်လို့ ပြောတာ မကြားဘူးလား။ ဒီလို ရောဂါမျိုး ကုရတာက သူ့အတွက်တော့ အပျော်ဖတ်ပဲ ရှိမှာပေါ့”
“ညွှန်ကြားရေးမှူးလီ ရှိနေလို့ တော်သေးတာပေါ့။ တကယ်လို့ အဲဒီလူငယ်ကိုသာ လျှောက်ကုခွင့် ပေးလိုက်ရင် လူအသက်တောင် ပါသွားနိုင်တယ်...”
လေယာဉ်ပေါ်ရှိ လူများမှာ ပျင်းပျင်းရှိသည်နှင့် လူနာ၏ ဘေးတွင် ဝိုင်းအုံကာ အတင်းအဖျင်း ပြောနေကြသည်။ သူတို့သည် လီမင်းယန်ကို မြှောက်ပင့်ချီးမွမ်းကြသလို ယဲ့ပုဖန်ကိုလည်း နှိမ်ချရန် မမေ့ကြပေ။
လီမင်းယန်က “ဘာမှ စိတ်မပူပါနဲ့တော့... ဒါက ကြီးမားတဲ့ ရောဂါ မဟုတ်ပါဘူး။ အခု သူ့ရဲ့ အဖျားကို အရင်ကျအောင် လုပ်ပေးမယ်။ လေယာဉ် ဆင်းသွားရင်တော့ ခင်ဗျားရဲ့ ယောက်ျားကို ကျွန်တော်တို့ ဆေးရုံကို ချက်ချင်း လွှဲပြောင်းပြီး အသေးစိတ် ထပ်စစ်ဆေး ကုသပေးပါ့မယ်” ဟု ဆိုလိုက်၏။
“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ညွှန်ကြားရေးမှူးလီ”
အမျိုးသမီးသည် ယဲ့ပုဖန်ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် တစ်ချက် လှည့်ကြည့်လိုက်သည်။ ကျန်ရှိသော လူများကမူ သူမသည် ထိုလူငယ်အတွက် စိတ်မကောင်း ဖြစ်နေသည်ဟုသာ ထင်မှတ်ကြကာ မည်သူမျှ ဂရုမစိုက်ကြပေ။
***