ဤအဆင့်၌ ငရဲချေမှုန်း နတ်ဆင်စွမ်းအားမှာ အဓိက စွမ်းရည်လေးခု ပိုင်ဆိုင်ထားလေပြီ။
ပထမက ငရဲနတ်ဆိုး လှံတံ၊ ဒုတိယက ငရဲနတ်ဆိုး အတောင်ပံဖြစ်ပြီး တတိယတစ်ခုကတော့ ငရဲမီးတောက် အကာအကွယ်စက်ဝန်းမှ အဆင့်မြင့်တင်ကာ ပြောင်းလဲလာသော ငရဲနတ်ဆိုး အကာအကွယ် ချပ်ဝတ်တန်ဆာ ဖြစ်သည်။
စတုတ္ထတစ်ခုမှာ ငရဲနတ်ဆိုး မီးတောက်မီးပြင်းဖိုကြီး ဖြစ်ပေသည်။
ငရဲနတ်ဆိုးလှံတံက အင်အားအကောင်းဆုံး ထိုးစစ်လက်နက်ဖြစ်ကာ ငရဲနတ်ဆိုး အတောင်ပံက မယုံကြည်နိုင်လောက်အောင် လျင်မြန်စေ၏။ ငရဲနတ်ဆိုး အကာအကွယ် ချပ်ဝတ်က အလွန်ခိုင်ခံ့သော ကာကွယ်မှု ပေးစွမ်းနိုင်ပြီး ငရဲမီးတောက်မီးပြင်းဖိုကမူ သူ့ကျင့်ကြံခြင်းကို အဓိက ကူညီထောက်ပံ့ပေးသည်။
နောက်ထပ် စွမ်းရည်တစ်ခုဖြစ်သည့် မိစ္ဆာနတ်ဘုရားစည်းတံဆိပ်မှာ ဖုံးကွယ်ထားဖို့အတွက် ပြီးပြည့်စုံသော စွမ်းရည်တစ်ခု ဖြစ်သည်။
ထို့နောက် ငရဲတံခါးမှာ ဆင့်ခေါ်နိုင်စွမ်းရှိသည့် အစွမ်းထက်သော ကိရိယာ တစ်ခုပင်။
ရန်ချီအနေဖြင့် ငရဲတံခါးပြီးနောက် မည်သည့် စွမ်းရည် ရရှိမည်ကို မသိသော်လည်း ဒဏ္ဍာရီအဆင့် ရောက်သည်အထိ စောင့်ဆိုင်းရမည်ကိုမူ သိထားသည်။
ယခု သူ့ငရဲမီးတောက်မီးပြင်းဖို ပြီးပြည့်စုံသွားပြီ ဖြစ်သဖြင့် မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ကို စတင် ကျင့်ကြံနိုင်လာခဲ့ပြီဖြစ်သည်။ ငရဲချေမှုန်း နတ်ဆင်စွမ်းအားက သူ့စွမ်းအင် ပညာရပ်များနှင့် သွေးအမြုတေများကို စွမ်းအားပင်လယ် အနက်ပိုင်းထဲ၌ ဖုံးကွယ်ပေးထားနိုင်သော်လည်း တစ်စုံတစ်ယောက်ကသာ လုံလောက်အောင် နက်နက်ရှိုင်းရှိုင်း ရှာဖွေပါက တွေ့ရှိသွားနိုင်ပါသေးသည်။
ယခု သူက လောကအုပ်ချုပ်သူအဆင့်ကို ရောက်ရှိနေပြီဖြစ်ရာ အလွန် သန်မာလာသောကြောင့် ဖုံးကွယ်ထားဖို့ မဖြစ်နိုင်တော့ချေ။
သို့သော် ယခု သူ့တွင် မိစ္ဆာနတ်ဘုရား စည်းတံဆိပ် ရှိနေပြီ ဖြစ်လေရာ ထိုပြဿနာများကို အလွယ်တကူ ဖြေရှင်းနိုင်ခြင်းကိုပင် ကျေးဇူးတင်ရပေလိမ့်မည်။
ရန်ချီက မှတ်သားစရာများကို မှတ်သားလိုက်ပြီးနောက် အစစ်အမှန်စွမ်းအင်ကို လှည့်ပတ်လိုက်ရာ အနက်ရောင် နှင်းပွင့်များက သူ့ဝန်းကျင်၌ ဖြစ်ပေါ်လာ၏။
နောက်ဆုံး၌ အနက်ရောင် နှင်းပွင့်များက ပုံသဏ္ဌာန် ပြောင်းလဲလာကာ မဟူရာရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့၏ အစိတ်အပိုင်းများ အလွန်အမင်း တောက်ပလာပြီးနောက် ရန်ချီ၏ ခန္ဓာကိုယ် အနက်ပိုင်းများထံ ဝင်ရောက် သွားကြတော့သည်။
ထို့နောက် သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က စတင် ကျုံ့ဝင်သွားလေ၏။
မဟူရာရွှေရောင် တောက်ပနေသော သွေးများက အနီရောင် ပြန်ပြောင်းလဲသွားကာ သူ့အရိုးများက ပြန်လည် ပျော့ပျောင်းလာခဲ့သည်။ သူ့ကြွက်သားများပင် အားနည်းလာပြီး သန်မာမှု ခွန်အား အားလုံးက ဒီရေအလား ထိုးကျသွားတော့သည်။
ထို့နောက် အစစ်အမှန်စွမ်းအင် နှင်းပွင့်များက သူ့သွေး၊ အရိုးများနှင့် သွေးကြောကြောများရှိ စွမ်းအား အားလုံးကို လက်သီးဆုပ် အရွယ်အစားခန့်စီ ကျုံ့သွားစေကာ စွမ်းအားပင်လယ်အတွင်း ဆွဲသွင်းသွားသည်။ ထို့နောက် ၎င်းတို့က နှမ်းစေ့အရွယ်ခန့် ချက်ချင်း သေးငယ်သွားကာ ပြင်ပစွမ်းအားများဖြင့် လုံးဝ ရှာမတွေ့နိုင်တော့ချေ။
ယခုအခါ သူ့အစစ်အမှန် စွမ်းအင်အားလုံး၏ (၁၀) ရာခိုင်နှုန်းလောက်သာ ပုံမှန် အခြေအနေအတိုင်း ကျန်ရှိတော့ပြီး ကျန်သည်များမှာ တံဆိပ်ဖြင့် ပိတ်လှောင်ခြင်း ခံလိုက်ရလေပြီ။
ယခုအချိန်၌ သူက ချူထျန်းကောနှင့် သိပ်မကွာလောက်သည့် သာမန် လောကအုပ်ချုပ်သူ တစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။
စည်းတံဆိပ်ဖြင့် ပိတ်လှောင်ထားသည့် အစစ်အမှန် စွမ်းအင်များကို သူ အလိုရှိသည့်အချိန်၌ အားလုံး ပြန်လည် အသုံးပြုနိုင်ပါလိမ့်မည်။ ၎င်းက အခြား ပိတ်လှောင်ခြင်း မှော်တံဆိပ်များနှင့် မတူဘဲ ပျက်ပြယ်စေဖို့အတွက် အချိန်ယူနေစရာ မလိုပေ။
လူသားများအနေဖြင့် ပိတ်လှောင်ခြင်း စည်းတံဆိပ်ကို အသုံးပြုကာ အစစ်အမှန် စွမ်းအင်ကို ဖုံးကွယ်ထားခြင်းမှာ အထူးအဆန်း မဟုတ်ချေ။ သို့သော် ထိုသည်မှာ အန္တရာယ်ကြီးမားသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး ပျက်ပြယ်စေဖို့အတွက်လည်း အလွန်ခက်ခဲသည်။ လူတစ်ယောက်က သူ့အစစ်အမှန် ခွန်အားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်းမရှိခင် အသတ်ခံလိုက်ရပါက မည်မျှ ရင်နာစရာ ကောင်းလိုက်မည်နည်း။
မိစ္ဆာနတ်ဘုရား စည်းတံဆိပ်တွင်မူ ထိုကဲ့သို့ အားနည်းချက်မျိုး မရှိပေ။ ရန်ချီဘက်မှ တစ်ချက် တွေးလိုက်ရုံမျှဖြင့် သူ့စွမ်းအင်ပညာရပ် အားလုံးကို ထုတ်ဖော်ပေးကာ ကြီးမားသော စွမ်းအားကို ပေးစွမ်းသည်။
အပြင်လူ တစ်ယောက် အနေဖြင့်မူ သူ့အရှိန်အဝါက အားနည်းပုံ ပေါ်နေ၏။ သူက အားနည်းနေပုံ ပေါက်နေသော်လည်း မည်သည့် ဆရာသခင် အဆင့်ထက်မဆို အင်အား ကြီးမားသည်။
အစစ်အမှန် စွမ်းအင်ကို တတ်နိုင်သမျှ ပိတ်လှောင်ဖို့ ပြုလုပ်ပြီးနောက် ရန်ချီလည်း လေထဲသို့ ပျံတက်ကာ အင်မော်တယ်ခြေနင်း ကျောင်းတော်သို့ ပြန်လာခဲ့သည်။
လမင်းကြီးပင် ကွယ်ပျောက်လုနီးနီးဖြစ်ကာ ညအချိန်ကား ကုန်ဆုံးလာခဲ့လေပြီ။ သိပ်မကြာခင်မှာပင် နေမင်း၏ ပထမဆုံးရောင်ခြည်များက ပင်လယ်ရေပြင်ပေါ်သို့ ကျရောက်လာခဲ့သည်။
ထို့နောက် နေမင်းကြီး ထွက်ပေါ်လာကာ နေ့သစ်တစ်နေ့ကား စတင်လာခဲ့လေ၏။
ရန်ချီက မွန်းတည့်ချိန်လောက်မှ ကျောင်းတော်သို့ ပြန်ရောက်လာခဲ့သည်။ ကျောင်းတော်၌ သက်ရှိများဖြင့် သက်ဝင် လှုပ်ရှားနေသည်။ အချို့ ကျောင်းသားများက ကျင့်ကြံနေကြကာ အချို့က မိစ္ဆာသားရဲများကို အမဲလိုက်ဖို့ ထွက်ခွာနေကြပြီး လူတချို့က အချင်းချင်း တိုက်ခိုက် ဖလှယ်နေကြရာ အချို့လူများကတော့ အတန်းများကို တက်ရောက်နေကြသည်။ လူအချို့ကလည်း ဥယျာဉ်ထဲ၌ သောက်စားနေကြကာ ပျော်ရွှင်စရာ ရှုခင်းကို ခံစားနေကြ၏။ စုံတွဲအချို့ကလည်း သူတို့၏ အဖော်နှင့်ပျော်ရွှင်နေကြသည်။
နွေဦးရာသီ ရောက်ရှိလာသဖြင့် ထိုနေရာရှိ လူများမှာ နေပူလောင်ခြင်းကို ခံစားနေကြရသည်။
အင်မော်တယ် ကြိုးကြာများနှင့် ဖီးနစ်ငှက်များသာမက အဆင့်မြင့် ကျောင်းသားများ ပိုင်ဆိုင်သည့် အရောင်အသွေး စုံလင်သည့် ဒေါင်းငှက်များနှင့် ဂရစ်ဖင်းခေါ် ငှက်သတ္တဝါများပါ လေထဲ ပျံဝဲနေကြသည်။
ဂရစ်ဖင်းများကို မြင်သောအခါ အကယ်၍ သူသာ အလိုရှိပါက အပြင်စည်း ကျောင်းသား အနေဖြင့် လုပ်ဆောင်ချက် အမှတ်အချို့ကိုသုံးကာ တစ်ကောင် ဝယ်ယူနိုင်မှန်း ရန်ချီ သဘောပေါက်လိုက်သည်။
သို့သော် ထိုကဲ့သို့ ပြုလုပ်ဖို့က အဓိပ္ပာယ်တော့ မရှိလှချေ။ ထိုအကောင်များကို ဂရုစိုက်ဖို့အတွက် ဈေးကြီးသော ဆေးများကို ဝယ်ပေးရပေလိမ့်မည်။ ထို့ပြင် ဂရစ်ဖင်းများက သူ့ငရဲနတ်ဆိုး အတောင်ပံ၏ အမြန်နှုန်းကို ယှဉ်နိုင်မည် မဟုတ်ပေ။
ယခုအချိန်၌ သူက လောကအုပ်ချုပ်သူတစ်ယောက်ဖြစ်လာကာ အရင်ကထက် စွမ်းအား ပိုကြီးမားလာခဲ့ပြီ။ သူသာ လက်ရွေးစင်ကျောင်းသား ဖြစ်လာကာ သူ့ပုံရိပ်က ပိုမို မြင့်မားလာခဲ့မည် ဆိုလျှင် ပိုမို ကောင်းမွန်သည့် ပစ္စည်းများ ရရှိလာပါလိမ့်မည်။
မျှော်စင်တစ်ခုကို ရှာဖွေပြီးနောက် ရန်ချီက အခန်းတစ်ခုဆီသို့ တိတ်တဆိတ် သွားလိုက်သည်။
ထိုနေရာ၌ လီဟီ၊ ဟီဂျီလီ၊ လျန်တုန်နှင့် ဟွာရင်းဟူတို့က စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား နည်းစနစ်ကို ကျင့်ကြံနေကြခြင်း ဖြစ်သည်။
နေကျောက်မြတ်ကို ထုတ်ဖော်ကာ အထဲရှိ နေမင်းအမြုတေကို ထုတ်ယူပြီးနောက် သူတို့၏ အစစ်အမှန်စွမ်းအင်ကို ပူးပေါင်းခြင်းဖြင့်ပင် တန်တစ်ထောင်လေးသည့် ဓားပိုက်ကွန်ကို သူတို့ ထုတ်ဖော်နိုင်လာခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် သူတို့ ခက်ခက်ခဲခဲ ကျင့်ကြံရမည့် လများမက တစ်နှစ်ကျော်လောက်ပင် သက်သာစေခဲ့၏။
ထိုနည်းစနစ်က စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား ဖြစ်သော်လည်း ချူထျန်းကော အသုံးပြုသည်နှင့် မတူညီတော့ချေ။ ယခုက သူတို့အတွက် ကျင့်ကြံရန် ရိုးရှင်းသည့် အရာတစ်ခု ဖြစ်လာခဲ့ပြီ။
သူတို့က ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားသောကြောင့် နေကျောက်မြတ်က တဖြည်းဖြည်း ကျုံ့ဝင်လာခဲ့သည်။
မမျှော်လင့်ဘဲ လျန်တုန်၏ နောက်၌ ဓားစွမ်းအင် သဏ္ဌာန် ဖြစ်ပေါ်လာကာ ၎င်းက ချူထျန်းကော အသုံးပြုစဉ် အချိန်နှင့် တူညီလုနီးနီး ဖြစ်နေခဲ့သည်။ သူက သူတို့လေးယောက်ထဲ၌ ကျင့်ကြံမှု အခြေခံ အမြင့်ဆုံးဖြစ်ကာ ကျင့်ကြံခြင်း၌ သဘာဝအရ အရည်အချင်း အရှိဆုံး ဖြစ်ပေသည်။
ရန်ချီက အခန်းထဲဝင်လာကာ ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ တောက်ပနေသော အစစ်အမှန် စွမ်းအင်စီးကြောင်းက နေကျောက်မြတ်ထံ ဝင်ရောက်သွားခဲ့သည်။
နေကျောက်မြတ်က စွမ်းအားများ ထွက်ပေါ်လာကာ အနီရောင် အလင်းတန်းအဖြစ် သူ့သူငယ်ချင်းလေးယောက်၏ ဦးခေါင်းထံ တိုးဝင်သွားခဲ့သည်။ ထိုအလင်းက သူတို့ထံ စီးဆင်းပြီးနောက် နေကျောက်မြတ်က အလျင်အမြန် ကျုံ့သွားကာ ပျောက်ကွယ်သွားလေ၏။
ထိုအုပ်စုရှိ လူလေးယောက်လုံး၏ရှေ့၌ သေးငယ်သော ဓားငယ်လေးများ ဖြစ်ပေါ်လာကာ သတ္တုခေါင်းလောင်းသံကဲ့သို့ မြည်ဟီးလာခဲ့သည်။ ဓားအလင်းများက အလွန်အမင်း တောက်ပလာပြီး နက်နဲသည့် စကြဝဠာ အော်ရာများ ထွက်ပေါ်လာသည်။
ထိုအရာက စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား၏ ဓားအနှစ်သာရ အမြုတေ ဖြစ်ပေသည်။
ထိုပုံရိပ်သဏ္ဌာန်က ချူထျန်းကော စွမ်းအား၏ (၇၀)၊ (၈၀) ရာခိုင်နှုန်းလောက်ရှိသည်။ နောက်ဆုံး၌ သူတို့က ချူထျန်းကော၏ အကြိုကောင်းကင် ဓားသဏ္ဌာန်နှင့် နေကျောက်မြတ်ကို စုပ်ယူနိုင်ခဲ့လေပြီ။
ယခုအချိန်၌ သူတို့က လောကအုပ်ချုပ်သူ အဆင့်တစ်နှင့် ရင်ဆိုင်ရလျှင်ပင် အသက်ရှင်လျက် ထွက်ပြေးနိုင်ပေလိမ့်မည်။
အကယ်၍ သူတို့သာ စွမ်းအင်များကို ပေါင်းစပ်ကာ ဓားစွမ်းအား ပုံစံကို ဖွဲ့စည်းနိုင်ပါက ချူထျန်းကောကဲ့သို့ အဆင့်တူ လူများကို ရင်ဆိုင်နိုင်ပါလိမ့်မည်။
လျန်တုန်က ပထမဆုံး မျက်လုံးပွင့်လာသူ ဖြစ်သည်။ ထို့နောက် သူက ရန်ချီကို ကြည့်လိုက်ကာ ခုနက နေကျောက်မြတ် အဖြစ်အပျက်ကို တွေးမိသွားပြီး တုန်လှုပ်သွားတော့သည်။ "ညီလေးရန်ချီ... မင်းပြန်လာပြီ... မင်းအော်ရာက...... "
"ဟုတ်တယ်... မနေ့ညက ငါ လောကအုပ်ချုပ်သူအဆင့်ကို ရောက်သွားခဲ့ပြီ" ရန်ချီက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
သူ့သူငယ်ချင်းသုံးယောက်က အစစ်အမှန် စွမ်းအင်များကို ပြန်ရုပ်သိမ်းကာ မတ်တတ်ရပ်လာပြီး အံ့အားသင့်နေကြသည်။
"တကယ်ကြီးလား"
"မင်း လောကအုပ်ချုပ်သူအဆင့် ရောက်သွားပြီလား"
"ဒါက မယုံနိုင်လောက်တဲ့ တိုးတက်မှုကြီးပဲ"
ရန်ချီက စကားပြန်ပြောရမည့်အစား သူတို့၏ နှလုံးသား ငြိမ်းချမ်းသွားအောင် စွမ်းအားများကို အလျင်အမြန် ရုပ်သိမ်းလိုက်သည်။
ခဏကြာပြီးနောက်၌ လီဟီက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်၏။ "ညီလေးရန်ချီ... မင်းရဲ့ အရှိန်အဝါက ဘာလို့ ပိုမို သန်မာလာပုံ မပေါ်တာလဲ"
"ဘာလို့လဲဆိုတော့ ငါ့ရဲ့ အနှစ်သာရအမြုတေ ကိုးဆယ်ရာခိုင်နှုန်းကို ငါ ပိတ်လှောင်ထား လိုက်လို့ပဲလေ... ငါသာ အဲလို မဟုတ်ရင် အရမ်းကြောက်ဖို့ ကောင်းသွားလိမ့်မယ်... အခုတောင် လောကအုပ်ချုပ်သူ အဆင့်တစ်ကို တိုက်ခိုက် ချေမှုန်းနိုင်သေးတယ်"
"မင်း (၉၀) ရာခိုင်နှုန်းကို ပိတ်လှောင်လိုက်တာလား" ဟွာရင်းဟူ၏ အသံက အံ့အားသင့်လွန်း နေသည်။ "တကယ်လို့ မင်းသာ အကုန် ထုတ်ဖော်လိုက်ရင် ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းမလဲ"
သူက ထိုစကားလောက်သာ ပြောလိုက်ရှာသည်။ တကယ်တော့ ရန်ချီသာ ပိုမို သန်မာလာပါက သူတို့အုပ်စုအတွက် ပိုအကျိုးရှိစေကာ သူတို့လည်း လောကအုပ်ချုပ်သူအဆင့်သို့ ရောက်လာနိုင်ပါ လိမ့်မည်။
စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား နည်းစနစ်က စကြဝဠာ တစ်ခုလုံးကို သိမ်းပိုက်နိုင်သည့် အမျိုးအစားပင်။ ၎င်းက မယုံကြည်နိုင်လောက်အောင် စွမ်းအား ကြီးမားကာ အန္တရာယ်များလှ၏။ ၎င်းကို သွေးကြောများ အလွန်သန်မာသည့် လူများကသာ ကျင့်ကြံနိုင် သည်။
သူတို့ လေးယောက်လုံးက ရန်ချီ၏ ကောင်းချီးပေးခြင်းခံရကာ သူတို့ခန္ဓာကိုယ်များ ပြန်လည် ပြုပြင်ခံရပြီး သွေးကြောများက ပိုမို သန်မာလာခဲ့သည်။ ထို့ကြောင့် ထိုအန္တရာယ်များသော ဓားနည်းစနစ်ကို ကျင့်ကြံခြင်းက သူတို့အတွက် အလွန်သင့်တော်သည်။
သူတို့က အဆင့်ချိုးဖောက် တက်လှမ်းခြင်း ပိုမိုမြန်ဆန်လာသည် မဟုတ်သော်လည်း အောင်မြင်မှု အလားအလာက တိုးတက်လာခဲ့သည်။ သူတို့က အရင်ကဲ့သို့ လောကအုပ်ချုပ်သူ ဖြစ်လာရန် မျှော်လင့်ချက် ကင်းမဲ့နေသည့် ပုံစံမျိုး ဖြစ်မနေတော့ချေ။
"ရန်ချီ... မင်း သူတော်စင်သင်ကြားရေး အကယ်ဒမီကိုသွားပြီး လက်ရွေးစင် ကျောင်းသားအဖြစ် သွားလျှောက်ပါလား" လီဟီက ပြောလိုက်သည်။ "မင်းက လောကအုပ်ချုပ်သူ ဖြစ်နေပြီးတော့ စမ်းသပ်မှုက အောင်မြင်သွားပြီ ပြောရမယ်... ပြီးရင် မင်းအဆင့်က အရင်ကထက် အများကြီး မြင့်မားလာလိမ့်မယ်... မင်းလမ်းမှာ ဘာမှ ပိတ်ဆို့တော့မှာ မဟုတ်ဘူး... မင်းကလန်လည်း အရင်ထက် အများကြီး ပိုတည်ငြိမ်သွားလိမ့်မယ်"
"ဟုတ်တယ်" ဟီဂျီလီက ဝင်ပြောလိုက်၏။ သူက ကျောင်းတော်မှာ ရှစ်နှစ်ခန့် နေခဲ့ရသဖြင့် လက်ရွေးစင် ကျောင်းသားများကို မည်မျှ အလေးအမြတ် ထားသည်ကို နားလည်သည်။ "ညီလေးရန်ချီ... မင်းသာ လက်ရွေးစင် ကျောင်းသားဖြစ်လာခဲ့ရင် အကယ်၍ ချူထျန်းကောကို သတ်တဲ့ ကိစ္စက မင်းကြောင့်ဆိုတာ ပေါ်သွားရင်တောင် အလွန်ဆုံး အပြစ်ပေးခံရတာပဲရှိမယ်... သူက ငါတို့ကို သတ်ချင်နေတာလေ... ငါတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တာပဲ ရှိတယ်"
"ငါလည်း အဲလိုပဲ တွေးမိပါတယ်" ရန်ချီက ပြန်ဖြေလိုက်သည်။ "လာ... သွားကြရအောင်"
နောက်ဆုံး၌ သူ့ထံတွင် မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ရှိသဖြင့် သူ့လျှို့ဝှက်ချက်များ ထုတ်ဖော်မခံရမှာကို ယုံကြည်ချက် အပြည့်ရှိသည်။ ထို့နောက် သူက လျန်တုန်ကို ကျောက်စိမ်းလုံးလေး တစ်ခု ပစ်ပေးလိုက်၏။ "ငါ မကောင်းဆိုးဝါး တောင်တန်းက မိစ္ဆာဗိုလ်ချုပ်ကို သတ်ပြီးတော့ အဲဒါကို ရလာတာပဲ... ဒါက အစစ်အမှန် စွမ်းအင်ကို ထိန်းသိမ်းထားပေးနိုင်ပြီးတော့ အဓိက စွမ်းအားကို တိုးမြှင့်ပေးတယ်... လျန်တုန် မင်းက ဒီထဲမှာ အသန်မာဆုံးဆိုတော့ လောကအုပ်ချုပ်သူ အဆင့်ကို မြန်မြန်ရောက်ရင် ကောင်းမယ်... ဒီအလုံးလေးကို ကောင်းအောင် အသုံးချလိုက်ပါ"
"ဒါက ဒီဂျောင်ပူစာ သူတော်စင် ကျောက်စိမ်းနဲ့ လုပ်ထားတာပဲ" လျန်တုန်က ပြောလိုက်သည်။
"ဒါက ဘာလဲ" ရန်ချီက မေးလိုက်၏။
"ချမ်းသာကြွယ်ဝ တိုက်ကြီးမှာ အမျိုးအစား ကိုးမျိုး ကွဲပြားတဲ့ ဒဏ္ဍာရီလာ ကျောက်စိမ်းတွေ ရှိတယ်" လီဟီက ရှင်းပြသည်။ "ဥပမာ ကောင်းကင်ကိုးဆင့် နတ်ဘုရား ကျောက်စိမ်း၊ ဒီဂျောင်ပူစာ သူတော်စင် ကျောက်စိမ်း၊ ကြယ်မြစ်ဧကရာဇ် ကျောက်စိမ်း... အဲလိုမျိုးတွေပေါ့... တစ်မျိုးချင်းစီက အဖိုးတန်ပြီး ထူးခြားတဲ့ စွမ်းအားတွေ ပြည့်နေကြတယ်... ဒီဂျောင်ပူစာ သူတော်စင် ကျောက်စိမ်းက ပြီးပြည့်စုံတဲ့ သိုလှောင်မှုအတွက် ပြုလုပ်ထားတာဖြစ်ပြီးတော့ အသက်ဓာတ် စွမ်းအားတောင် သိုလှောင်ထားနိုင်တယ်... ဒါက အရမ်း ဈေးကြီးပြီးတော့ ပုံမှန်အနေနဲ့ လောကအုပ်ချုပ်သူတွေတောင် မရရှိနိုင်ကြဘူး... ဆရာသခင် အဆင့် တစ်ယောက်ကသာ ဒါကို ပိုင်ဆိုင်ရင် အရင်ထက် အများကြီး အစွမ်းထက်လာလိမ့်မယ်"
(စာရေးသူ စကားချပ် - ဒီဂျောင်ပူစာက ဤဝတ္ထု၏ စကြဝဠာထဲ၌ ပါဝင်နိုင်သည့် ဇာတ်ကောင်တစ်ဦးအဖြစ် ပါဝင်ခြင်း ရှိမရှိ ထပ်မံ စောင့်ကြည့်ရပါဦးမည်)
End
***