လျန်တုန်ကို ရန်ချီက ဒီဂျောင်ပူစာ သူတော်စင် ကျောက်စိမ်း ပေးလိုက်ခြင်းအား တစ်ဖွဲ့သားလုံး အနည်းငယ်မျှ မနာလိုခြင်း မဖြစ်ကြချေ။
လျန်တုန်မှာ ကျင့်ကြံခြင်း၌ အထူးသဖြင့် ပါရမီပါကြောင်း သူတို့ အားလုံး သိထားကြသည်။ အကယ်၍ သူသာ လောကအုပ်ချုပ်သူ ဖြစ်လာပြီး လက်ရွေးစင် ကျောင်းသား ဖြစ်လာပါက သူတို့ အားလုံးအတွက် အကျိုးကျေးဇူး ရှိသည်။
သူတို့အုပ်စုထဲ၌ လက်ရွေးစင် ကျောင်းသားနှစ်ယောက် ရှိနေပါက သူတို့ မည်မျှတောင် အင်အား ကြီးမားနိုင်မည်နည်း။
ရန်ချီက လျန်တုန်သည် ကျင့်ကြံခြင်း၌ ပါရမီရှိကြောင်း နားလည်ကာ တတ်နိုင်သမျှ ကူညီပေးဖို့ စိတ်ကူးထားသည်။
"ဒီဂျောင်ပူစာ သူတော်စင် ကျောက်စိမ်း... ကောင်းကင်ဘုံကိုးဆင့် နတ်ဘုရားကျောက်စိမ်း... ဟုတ်တယ်... ငါ သတိရပြီ... ချန်ကလန်ရဲ့ စကြဝဠာကြေးမုံက ကောင်းကင်ဘုံ ကိုးဆင့် နတ်ဘုရား ကျောက်စိမ်းနဲ့ လုပ်ထားတာပဲ... ငါ ရတနာ ပစ္စည်းတွေအကြောင်း တကယ်ကို မသိတာပဲ... ကောင်းကင်ဘုံနဲ့ မြေပြင်အကြားက အဖိုးတန်ပစ္စည်အမျိုးမျိုး အကြောင်း သိရအောင် ငါ အချို့အတန်းတွေ တက်ဖို့ လိုနေပြီ"
အင်မော်တယ်ခြေနင်း ကျောင်းတော်၌ ကျင့်ကြံခြင်း၊ ဆေးပညာ သီအိုရီများ၊ ပင်ကိုယ် သဘာဝ စွမ်းအင် အမျိုးအစား၊ ဆေးလုံး ဖော်စပ်ခြင်း၊ လက်နက် ထုလုပ်ခြင်းတို့ သာမက မိစ္ဆာသားရဲနှင့် နတ်ဆိုး အကြောင်းများ သင်သည့် အတန်းများပင် ရှိသည်။
လက်ရွေးစင် ကျောင်းသားများအနေဖြင့် လျှို့ဝှက်နယ် လေဟာနယ်များအကြောင်းပင် တက်ရောက်နိုင်ခွင့် ရှိလေ၏။
အဆင့်နိမ့် ကျောင်းသားများအနေဖြင့် အတန်းများကို အခမဲ့ တက်ရောက်ခွင့် မရှိဘဲ လုပ်ဆောင်မှု အမှတ်ပေးကာ တက်ရောက်ကြရသည်။
ရန်ချီက ထိုပညာရပ်များနှင့် ပတ်သက်၍ ဘာမှ မသိခြင်းက ဝမ်းနည်းစရာပင်။ သူ ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာကို သူ သိသည်။ ငရဲချေမှုန်း နတ်ဆင်စွမ်းအား တစ်ခုတည်းကိုသာ အားကိုးမနေဘဲ အခြား သင်ကြားမှု နယ်ပယ်များကိုပါ လေ့လာဖို့ လိုအပ်လာလေပြီ။ ကောင်းကင်နှင့် မြေပြင်အကြောင်း သဘောပေါက် နားလည်မှု တိုးတက်လာမှသာ လိုအပ်သော ဘဝသက်တမ်း ခိုးယူခြင်းများကို ပြုလုပ်ကာ ဒဏ္ဍာရီလာ အဆင့်ကို ရောက်ရှိနိုင်ပါလိမ့်မည်။
"လာ... သွားကြမယ်... အခုက ညီလေးရန်ချီ သူတော်စင်သင်ကြားရေး အကယ်ဒမီမှာ လက်ရွေးစင် ကျောင်းသားဖြစ်လာအောင် စာရင်းသွင်းဖို့က အရေးကြီးဆုံးပဲ" လျန်တုန်က ပြောလိုက်သည်။
သူက အစစ်အမှန် စွမ်းအင် အနည်းငယ် ထည့်လိုက်ရာ ကျောက်စိမ်းလုံးက သူ့စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားပညာနှင့် အတူတကွ လုပ်ဆောင်သွားပြီးနောက် ၎င်းကို သိမ်းဆည်းလိုက်၏။
ထို့နောက် သူတို့ တစ်ဖွဲ့လုံးက ကျောင်းတော် အတွင်းပိုင်းရှိ ရှေးဟောင်း ရဲတိုက်နှင့် တူညီသည့် အဆောက်အဦထံ ဦးတည်သွားကြသည်။
ထိုအရာက သူတော်စင် သင်ကြားရေး အကယ်ဒမီ ဖြစ်သည်။
ထူးချွန် ထက်မြက်သည့် ပါရမီရှင်များက လောကအုပ်ချုပ်သူအဆင့်သို့ ချိုးဖောက် ဝင်ရောက်ပြီးနောက်၌ ဤနေရာသို့လာကာ စာမေးပွဲဖြေပြီးနောက် လက်ရွေးစင် ကျောင်းသား ဖြစ်လာကြသည်။
အဆင့်နိမ့် ကျောင်းသားများ၊ အပြင်စည်း ကျောင်းသား၊ အတွင်းစည်း ကျောင်းသားများ ဤနေရာသို့ လာကြသည်မှာ ပုရွတ်ဆိတ်များနှင့် တူကာ နေရာအနှံ့ ရှိနေကြသည်။ သို့သော် လက်ရွေးစင် ကျောင်းသားများအတွက်မူ သာမန် မဟုတ်ဘဲ ရတနာကဲ့သို့ ရှုမြင်ခံကြရသည်။
အမှန်စင်စစ် သူတို့က အလွန်အရေးပါကာ ကျောင်းတော်၏ အထူးကာကွယ်ပေးမှုကို ရရှိကြသည်။
ရန်ချီနှင့် သူ့သူငယ်ချင်းများ မည်သည့်နေရာသို့ သွားနေသည်ကို ရှင်းရှင်းလင်းလင်း သိကြသောအခါ အတော်လေး အာရုံစိုက်ခံကြရသည်။
သို့သော်လည်း ရန်ချီက သူ့စွမ်းအားကို ထိန်းချုပ်ထားလေရာ မည်သူ တစ်ဦးတစ်ယောက်မှ သူက လောကအုပ်ချုပ်သူဖြစ်ကြောင်း မပြောနိုင်ကြချေ။ ထို့ကြောင့် လူအများစုက သူတို့ ဒီနေရာကို လာရောက် ကြည့်ရှုကြသည်ဟုသာ ယူဆလိုက်ကြသည်။
"ဒီနေ့မှ သူတော်စင် သင်ကြားရေးအကယ်ဒမီမှာ ဘာလို့ လူတွေ အများကြီး ရှိနေကြတာလဲ... တစ်စုံတစ်ယောက်က လောကအုပ်ချုပ်သူ ဖြစ်လာတာလား... ငါတို့ဆီမှာ လက်ရွေးစင် ကျောင်းသားအသစ် ရှိလာတော့မယ်" သူတို့ နီးကပ်လာသောအခါ ရန်ချီ၏ အနားမှ ကျောင်းသားများ ပြောသံကို ကြားနေရပြီး ထူးဆန်းတဲ့ ခံစားချက်အချို့ကို ခံစားမိလာသည်။
တစ်ချိန်တည်းမှာပင် လီဟီကလည်း ကျောင်းသားများ စုဝေးနေသည့်အကြောင်းကို သဘောပေါက်လာခဲ့သည်။
"တစ်ယောက်ယောက်က လက်ရွေးစင် ကျောင်းသားဖြစ်လာတာကို တစ်ခါမှ ငါ မမြင်ဘူး" သူက ပြောလိုက်သည်။ "လူတွေ ပြည့်ကျပ်နေတာပဲ... ငါထင်တာတော့ အရေးပါတဲ့ သူ တစ်ယောက်ယောက် အဆင့်တက်တာ ထင်တယ်... ညီလေးရန်ချီ... ငါတို့တွေသာ မင်းအကြောင်း သိတာလေ... အခြား ဘယ်သူမှ မင်းအကြောင်း မသိလောက်ဘူး"
"အင်း ဟုတ်တယ်... ဘာတွေ ဖြစ်နေလဲလို့ ငါတို့ မေးကြည့်ကြရအောင်"
ရန်ချီက စိမ်းပြာရောင် ကိုယ်ကျပ်အင်္ကျီ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်ထံ လမ်းလျှောက်သွားကာ မေးလိုက်သည်။ "ဟေ့ ဒီမှာ ဂိုဏ်းတူအစ်မတော်... စိတ်မရှိရင် ကျွန်တော် နည်းနည်းလောက် မေးလို့ ရမလား... ဒီမှာ ဘာလို့ လူတွေ ပြည့်သိပ်နေတာလဲ... အရေးကြီးတာ တစ်ခုခု ဖြစ်လို့လား"
ထိုကျောင်းသူ ကောင်မလေးက ဆရာသခင် အဆင့်ဖြစ်ကာ အတွင်းစည်း ကျောင်းသားအဖြစ် သိထားကြသည်။ သူမက တော်တော်လေး လှပသည်။ ရန်ချီကို ကြည့်ကာ သူမက ပြောလိုက်၏။
"ရှင်က အပြင်စည်း တပည့်လား... ဒီသတင်းတွေကို တကယ်ကြီး မကြားသေးတာလား... ထိပ်သီး ကျောင်းသူ တစ်ယောက် အဆင့်မြှင့်ခံရတာလေ... အဲဒါက ဂိုဏ်းတူညီမ... အာ... သူမက အခု လက်ရွေးစင်ကျောင်းသူဖြစ်ပြီပဲ... ငါ သူမကို ဂိုဏ်းတူအစ်မလို့ ခေါ်ရမယ်ထင်တယ်... ဂိုဏ်းတူအစ်မတော် ယွမ်ဟိုက်လန်လေ... သူမက လွန်ခဲ့တဲ့ တစ်လကပဲ လောကအုပ်ချုပ်သူ အဆင့်ကို ရောက်ရှိသွားပြီးတော့ သူမထက် အတွေ့အကြုံ ပိုရှိတဲ့ လောကအုပ်ချုပ်သူတွေကို အနိုင်ယူနိုင်ခဲ့တယ်... ငါ ပြောနိုင်တာတော့ သူမက လွန်ခဲ့တဲ့ နှစ် (၂၀) အတွင်းမှာ ပါရမီအရှိဆုံး ကျောင်းသူတစ်ယောက်ပဲ"
"ဘာ... ယွမ်ဟိုက်လန်က လောကအုပ်ချုပ်သူဖြစ်သွားပြီးတော့ ဒီနေ့ လက်ရွေးစင် ကျောင်းသူအဖြစ် အဆင့်တိုးမြှင့်ခံရမယ် ဟုတ်လား" ရန်ချီ၏ နှလုံးသားထဲ၌ သတ်ဖြတ်ချင်စိတ်များ ချက်ချင်း ပေါ်ပေါက်လာသည်။ "ဒီမိန်းမက အရမ်းကို အန္တရာယ်များလွန်းတာပဲ... သူလိုချင်တာကို ရအောင် ယူတယ်... အခု သူမက လက်ရွေးစင် ကျောင်းသူ ဖြစ်လာပြီ... တစ်ယောက်ယောက်က သူမကို ကူညီပေးနေတာဖြစ်ရမယ်... ဒါက တစ်ခုတည်းသော အဖြေပဲ"
ယွမ်ဟိုက်လန် လောကအုပ်ချုပ်သူဖြစ်သွားခြင်းက သတင်းကောင်း မဟုတ်ချေ။ ရန်ချီကို ဂုပ်သွေးစုပ်ခဲ့ပြီးနောက် သူမက သူ့ကို အမှိုက်တစ်ခုလို လွှင့်ပစ်ခဲ့သည်။ သူမ လိုချင်သည့် မည်သူကိုမဆို ကြိုးဆွဲခြယ်လှယ်ကာ ဘာမဖြစ်သလို ထွက်မသွားသေးခင်မှာပင် သူမခြေထောက်အောက်၌ နင်းခြေတတ်သည်။
ချူထျန်းကောကို သတ်ဖြတ်ခြင်းက သူ့အမျက်ဒေါသအချို့ကို ပြေလျော့စေသည့် ထွက်ပေါက်မျှသာဖြစ်သည်။ ရန်ချီအနေဖြင့် ယွမ်ဟိုက်လန်အပေါ် မုန်းတီးနေခြင်းက ဘယ်တော့မှ လျော့မသွားခဲ့ချေ။
တစ်ခုတည်းသော နည်းလမ်းက သူမကို တစ်ခါတည်းဖြင့် အပြတ်ရှင်းဖို့သာ ဖြစ်သည်။
ကျောင်းသူက ရန်ချီ တိတ်ဆိတ်စွာ ရပ်နေသည်ကို မြင်သောအခါ ပြောလိုက်သည်။ "ရှင် သိလား... လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ အမျိုးသား ပါရမီရှင် မရှိခဲ့ဘူး... ပထမ တစ်ယောက်က ရန်စုစု ဖြစ်ပြီးတော့ အခု ယွမ်ဟိုက်လန်ပဲ... သူမတို့ နှစ်ယောက်လုံးက ပါရမီရှင် အမျိုးသမီးတွေပဲလေ... တစ်နေ့ကျရင် ဒီအမျိုးသမီး နှစ်ဦးက ယောက်ျားတွေ အားလုံးကို ကျော်လွန်သွားနိုင်လိမ့်မယ်..." သူမက အေးချမ်းစွာ ပြုံးပြရင်း ထွက်သွားတော့သည်။
"ညီလေးရန်ချီ... မင်းရဲ့ ရန်သူ ယွမ်ဟိုက်လန်ကလည်း အဆင့်မြှင့်ခံရတာလား... မင်းတို့ နှစ်ယောက် ထပ်တွေ့တာက ကံကြမ္မာပဲလို့ ငါ ထင်တယ်..." လီဟီက ရန်ချီ ယွမ်ဟိုက်လန်ကို မည်မျှ မုန်းတီးကြောင်း သိထားသည်။ သူမက ငုပ်လျှိုးနေသော နဂါးဆေးလုံးကို ခိုးယူဖို့ ဖြားယောင်းခဲ့ကာ သူ့ကို သေအောင် ပစ်ထားခဲ့သည်။ အကယ်၍ လီဟီသာ ထိုကဲ့သို့ ကြုံတွေ့ပါက ရန်ချီကဲ့သို့ပင် သူလည်း တုံ့ပြန်ပါလိမ့်မည်။
ထို့ကြောင့် လီဟီနှင့် အခြားသူများက သူကဲ့သို့ ဒေါသထွက်နေကြသည်။
"သူမက သူမကိုယ်သူမ ပါရမီရှင်လို့ ထင်နေတယ်" ရန်ချီက ပြောလိုက်သည်။ "ဒါပေမဲ့ သူ တိုးတက်လာတာတွေက တော်ဝင်အိမ်ရှေ့စံ ကူညီပေးနေလို့ပဲ... တစ်နေ့ကျရင် သူမ ဘယ်လောက် အားနည်းလဲဆိုတာကို သူမ နားလည်အောင် ငါ လုပ်ပေးမယ်... လာပါ အထဲ သွားကြရအောင်... ငါ လက်ရွေးစင် ကျောင်းသားဖြစ်ပြီးတော့ ယွမ်ဟိုက်လန် စိတ်ထဲ စွဲသွားအောင် သွားလုပ်ကြမယ်"
ထို့နောက် သူက သူတော်စင်သင်ကြားခြင်း အကယ်ဒမီရှေ့၌ စုရုံးနေသော လူအုပ်ဆီ သွားလိုက်သည်။ လူတိုင်းက အတွင်းမှာ ဖြစ်ပျက်သမျှကို မြင်တွေ့ဖို့အတွက် လည်တဆန့်ဆန့် ဖြစ်နေကြ၏။ သို့သော်လည်း တော်ဝင်အိမ်ရှေ့စံ အဖွဲ့က ထိုနေရာ တစ်ဝိုက်ကို တားဆီးထားကာ မည်သူ့ကိုမှ ဝင်ခွင့် မပြုခဲ့ချေ။
ထိုအခမ်းအနားကို ကျင့်ကြံခြင်းအဆင့် အရမ်းနက်နဲသည့် အကြီးအကဲများက ဦးဆောင် ပြုလုပ်နေတာကို တွေ့ရပေလိမ့်မည်။
လောကအုပ်ချုပ်သူများ ဖြစ်ကြသည့် အခြား လက်ရွေးစင်များက အသိသက်သေ အနေဖြင့် တက်ရောက် ပါဝင်ပေးကြသည်။
ယွမ်ဟိုက်လန်က အလွန် ကောင်းမွန်စွာ ချုပ်လုပ်ထားပုံ ပေါ်သည့် နီလာရောင်ကဲ့သို့ အပြာရောင် စွတ်စွတ် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ကျော့ရှင်းလှပသော မျက်နှာအမူအရာက သူမကို နတ်ဘုရားမ တစ်ပါးကဲ့သို့ ရှုမြင်စေသည်။ ကျောင်းသူ ကျောင်းသားများက သူမကို ကြည့်ကာ ရိုသေ မြတ်နိုးလာကြသည်။
မိန်းကလေး ကျောင်းသူတော်တော်များများက သူမကို ထိပ်တန်းခေါင်းဆောင်တစ်ယောက် အဖြစ် ခံယူထားကြကြောင်း ရန်ချီ နားလည်လိုက်သည်။
သူမက သူမကိုယ်သူမ ကျောင်းတော်၌ အချိန်အကြာကြီး အမြစ်မတွယ်လိုပေ။
အမျိုးသားကျောင်းသားများကတော့ သူမကို သိသိသာသာ လေးစားကြောင်း ဖော်ပြကာ သူမနှင့် ချစ်သူဖြစ်ဖို့အတွက် စိတ်ကူးယဉ်နေကြသည်။ သို့သော်လည်း သူတို့အတွက် မတတ်နိုင်ကြချေ။ သူတို့ မျှော်လင့်နိုင်သည့်အရာက သူမအနီး အစေခံအဖြစ်နေကာ သူမ၏ အပြုံးလောက်သာ မျှော်လင့်နိုင်သည်။
အချို့ကျောင်းသားများက သူမကို ချစ်ခင် အလေးအမြတ် ထားနေတာကို ရန်ချီ မြင်ရတော့ မျက်မှောင်ကြုတ်မိကာ ဒေါသ ပိုထွက်လာခဲ့သည်။
"မင်းတို့ တွေ့လား... အဲဒါ ဂိုဏ်းတူ အစ်မတော် ယွမ်ဟိုက်လန်ပဲ... သူမက ဒဏ္ဍာရီတစ်ခု ဖြစ်လာပြီ... သူမက ကျောင်းတော်ကို ဝင်ရောက်တာ တစ်နှစ်တောင် မကြာသေးဘဲ လောကအုပ်ချုပ်သူ ဖြစ်လာခဲ့ပြီ... သူမက လက်ရွေးစင် ကျောင်းသား အများစုထက် သာလွန်နေပြီလေ"
"ဟုတ်တယ်... သူမဆီမှာ ပင်လယ်နတ်ဘုရား သွေးရှိတယ်လေ... သူမက နတ်ဘုရားတွေရဲ့ အကာအကွယ်ကို ရရှိထားတာပဲ"
"သူမက ငါတို့ အမျိုးသမီး ကျောင်းသူတွေထဲမှာ ချန်ပီယံ ဖြစ်လာမှာ အသေအချာပဲ"
"သူမက အံ့မခန်းပဲ... တကယ်လို့ သူမသာ ငါ့ကို ပြုံးပြရင် ငါ့အတွက် နေ့တစ်နေ့ဟာ ပြည့်စုံသွားပြီပဲ"
သူတော်စင် ဘိုးဘေးမင်းဆက်၏ ဂုဏ်ကျက်သရေကြီးမားသည့် ကလန်မှလူများနှင့် ကိုယ့်ကိုကိုယ် ပါရမီရှင်လို့ ယူဆထားသည့်လူများ အပါအဝင် လူအားလုံးက သူမအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။
ဆရာသခင် အဆင့် လူတစ်စုက သူတော်စင် သင်ကြားရေး အကယ်ဒမီသို့ မည်သူမှ မဝင်ရောက်နိုင်အောင် ထိုနေရာ တစ်ဝိုက်၌ ပိတ်ပင် တားဆီးထားကြသည်။ သူတို့က တော်ဝင်အိမ်ရှေ့စံ အဖွဲ့အစည်းမှ ဖြစ်ကြကာ သူတို့၏ နောက်ကျော၌ ဓားကို လွယ်ထားကြပြီး ကျောက်စိမ်း၊ ကျောက်မြတ်ရတနာများ ဝတ်ဆင်ထားကြသည်။ သူတို့က စိတ်လှုပ်ရှားပုံ ပေါ်နေသော်လည်း သူတို့မျက်လုံးထဲ၌ မာနထောင်လွှားနေခြင်းကို တွေ့မြင်ရသည်။ သူတို့က သူတို့ကိုယ်သူတို့ အခြားသူများထက် သာလွန်သည်ဟု ခံယူထားကြသည်။
တော်ဝင်အိမ်ရှေ့စံ အဖွဲ့တွင် ပါဝင်သူများက လေပေါ်မြောက် နေသလို ခံစားကြရသည်။
နောက်ဆုံး၌ သူတို့ အားလုံးက စွမ်းအား၊ အခွင့်အာဏာနှင့် အကြီးမြတ်ဆုံး လေးစားမှုကို ကိုယ်စားပြုသည်။
ကောလာဟလများအရ တော်ဝင်အိမ်ရှေ့စံက ကောင်းကင်ဘုံသားတော်၏ နတ်ဘုရား လက်သီးကဲ့သို့ ရှားပါးသည့် စွမ်းအင်ပညာရပ်ကို ကျင့်ကြံထားသည်။ ထိုပညာရပ်ကို အဆုံးထိ ကျင့်ကြံနိုင်ပါက လူတစ်ယောက်က ကောင်းကင်ဘုံ၏ သားတော်နှင့် တူညီစေကာ ကောင်းကင်ထက်မှ အင်ပါယာတစ်ပါး ဆင်းသက်လာသလို ဖြစ်လာစေသည်။ ထိုလက်သီးထိုးချက်က အင်အား ပြင်းထန်လွန်းလာကာ ၎င်းနှင့် ရင်ဆိုင်ရသူတိုင်း အင်ပါယာ တစ်ပါးနှင့် ရင်ဆိုင်သလို ခံစားရစေသည်။
ဧကရာဇ်များ၏ တာအိုက မိုးကောင်းကင်အောက်၌ ယှဉ်ပြိုင်မရသည့် အရာတစ်ခုပင်။
ကောင်းကင်သားတော်၏ တာအိုကတပ်သားများ မစေလွှတ်ဘဲ စစ်ပွဲများကို အောင်မြင်နိုင်စေသည်။
ရန်ချီက တော်ဝင်အိမ်ရှေ့စံ အကြောင်းများကို ကြားခဲ့ဖူးသော်လည်း တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။ သို့သော်လည်း တော်ဝင်အိမ်ရှေ့စံအဖွဲ့မှ ကျောင်းသားများ၏ ပုံစံအရ တော်ဝင်အိမ်ရှေ့စံက သူကိုယ်သူ မည်သို့ ထင်နေသလဲ အရိပ်အမြွတ် သိလာခဲ့သည်။
"ရပ်လိုက်စမ်း" ထိုနေရာကို ထိန်းသိမ်းထားသည့် တော်ဝင်အိမ်ရှေ့စံအဖွဲ့က ပြောလိုက်သည်။ သူက ရန်ချီကို အေးစက်စွာ ကြည့်လိုက်ကာ ဆက်ပြောလိုက်၏။ "အခမ်းအနားကို ကြည့်မယ့် ကျောင်းသားတွေက အတားအဆီးနောက်မှာပဲ ကြည့်ရမယ်... ဒါကို ဖောက်ဖျက်ဖို့ ကြိုးစားရင် ငါတို့ကို အပြစ်မတင်နဲ့"
"ငါ ဒီမှာ လက်ရွေးစင် ကျောင်းသားအဖြစ် အဆင့်မြှင့်ဖို့ ရောက်လာတာပဲ" ရန်ချီက အေးစက်စွာဖြင့် ပြန်ဖြေလိုက်သည်။ "ပြီးတော့ သူတော်စင်သင်ကြားရေး အကယ်ဒမီကို ပိတ်လှောင်ထားဖို့ ဘယ်သူက မင်းကို အာဏာနဲ့ စွမ်းအား ပေးလိုက်တာလဲ"
"ဘာပြောတယ်... လက်ရွေးစင်ကျောင်းသားဖြစ်ဖို့ အဆင့်လာမြှင့်တာ... မင်းက လောကအုပ်ချုပ်သူလား"
အခြား တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားများလည်း တုန်လှုပ်သွားကာ သူ့ကို ကြည့်လိုက်ကြ သည်။
သူတို့ထဲမှ တစ်ယောက်က မျက်လုံးများ မှေးသွားကာ ပြောလိုက်သည်။ "မင်းက လောကအုပ်ချုပ်သူအဆင့်ကို ရောက်ပြီလား... ငါနဲ့ မတူပါဘူးကွာ" ထို့နောက် သူက သတိမပေးဘဲ လက်သီးထိုးချက် တစ်ခုဖြင့် တိုက်ခိုက်လိုက်တော့သည်။
တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားများက ရဲတင်းလွန်းကာ သူတို့ကိုယ်သူတို့ ယုံကြည်ကြပေသည်။
End
***