တော်ဝင်အိမ်ရှေ့စံအဖွဲ့ဝင်မှာ ဝေ့လည်ကြောင်ပတ်လုပ်မနေတော့။ ရန်လိုစွာဖြင့် ချက်ချင်းပင် စတင် တိုက်ခိုက်လိုက်၏။
"တပ်ဖြိုခွဲခြင်း လက်သီး"
ပြင်းထန်သောလေပြင်း အရှိန်အဟုန်များ ဖြစ်ပေါ်လာပြီး ရန်ချီ၏ ဦးခေါင်းထက်သို့ ကြယ်ကြွေသကဲ့သို့ ထိုးဆင်းလာသည်။ ဧရာမ ကျောက်တုံးကြီးပင် ထိုလက်သီးချက်မိပါက ဖုန်မှုန့် ဖြစ်သွားနိုင်ပေသည်။ ထို့ပြင် ထိုလက်သီးလေလှိုင်း လည်ပတ်နေပုံမှာ ရန်သူ့ အစစ်အမှန် စွမ်းအင် အကာအကွယ်ကို လုံးလုံးလျားလျား ဖျက်ဆီးရန် တီထွင်ထားခြင်း ဖြစ်သည်။
တော်ဝင်အိမ်ရှေ့စံ အဖွဲ့ဝင်က ရန်ချီကို အထင်သေးနေသဖြင့် သူအသတ်ခံရလျှင်ပင် စိုးရိမ်မည့်ပုံ မပေါ်။
မည်သို့ပင်ဆိုစေကာမူ တော်ဝင်အိမ်ရှေ့စံ အဖွဲ့မှာ အင်မော်တယ်ခြေနင်း ကျောင်းတော်၏ အင်အားအကြီးမားဆုံး အဖွဲ့ဖြစ်သည် မဟုတ်ပါလား။
"စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာလား"
ရန်ချီက သတ်ဖြတ်လိုစိတ်များ တောက်လောင်လာပြီး လက်ဝါးရိုက်ချက် တစ်ချက် ထုတ်ဖော်လိုက်၏။ အစစ်အမှန် စွမ်းအင်များ ဖြာထွက်လာကာ ရွှေရောင်ကဲ့သို့ လင်းလက်နေသည်။ ကြီးမားသော လက်ဝါးကြီးမှာ ဘုရင်တစ်ပါး၏ အရှိန်အဝါများကို ခံစားရစေ၏။
လက်သီးလေလှိုင်းမှာ ကြီးမားသော အစစ်အမှန်စွမ်းအင် လက်ဝါးကြီးနှင့် ရင်ဆိုင်မိချိန်တွင် ပျက်စီးသွားတော့သည်။ ရွှေရောင်လက်ဝါးကမူ ရှေ့သို့ ဆက်လက်တိုးဝင်သွားပြီး ထိုအဖွဲ့ဝင်အား ထိမှန်သွားရာ နောက်သို့ ဒယီးဒယိုင် ဆုတ်သွားပြီး သွေးတစ်လုတ် အန်ထွက်လာသည်။
အခြား သရဖူဆောင်း အဖွဲ့ဝင်များမှာ အလွန်ဒေါသထွက်သွားပြီး ရန်ချီကို သတ်ကာ အလောင်းကို အပိုင်းပိုင်း ဖြတ်ပစ်ချင်စိတ်များ ပေါ်ပေါက်လာကြသည်။
"ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ... မင်းက တော်ဝင်အိမ်ရှေ့စံအဖွဲ့ဝင်ကို တိုက်ခိုက်ရဲတယ်... မင်းတော့ သေပြီသာမှတ်"
စွမ်းအင်လှိုင်းများက ထိုနေရာတစ်ဝိုက်ကို လွှမ်းခြုံသွားသည်။
စွမ်းအားပညာရှင် ဆယ်ယောက်ကျော်က သတ်ဖြတ်ခြင်း တိုက်ကွက်ကို ထုတ်ဖော်လိုက်ရာ ဓားစွမ်းအင်များ၊ ဓားစက်ကွင်းများနှင့် လက်သီးထိုးချက်များက မိုးစက်များကဲ့သို့ ဆင်းသက်လာတော့သည်။
စွမ်းအင်များ ပေါက်ကွဲမှုကြောင့် ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ပင် ခက်ခဲလှ၏။
အခြား ကျောင်းသားများက ချက်ချင်း နောက်ဆုတ်သွားကြသည်။ ရန်ချီ ဘယ်သူလဲ ဆိုတာနှင့် စွမ်းအားကြီးမားသည့် တော်ဝင်အိမ်ရှေ့စံ အဖွဲ့၏ ဒေါသကို ဆွရဲလောက်သည့်အထိ အဘယ်ကြောင့် ရဲတင်းလွန်းသနည်းဆိုသည်ကို စိတ်ဝင်စားနေကြသည်။
"ပြိုင်ပွဲတိုင်းကို အနိုင်ယူမည်... တိုက်ပွဲတိုင်းကို အောင်နိုင်စေမည်"
ရန်ချီက အေးဆေးတည်ငြိမ်စွာပင် အစစ်အမှန်စွမ်းအင် လက်တံခြောက်ခုကို ထုတ်ဖော်လိုက် သည်။ ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ သူ့ပခုံးကြားမှတစ်ဆင့် နောက်ထပ် ခေါင်းနှစ်လုံး ထွက်ပေါ်လာခြင်းပင်။ သူတို့ထဲမှ တစ်ခုက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသည့်ပုံ ပေါ်နေပြီး နောက်တစ်ခုကမူ တည်ငြိမ်နေပုံရသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူက ခေါင်းသုံးလုံး လက်ခြောက်ဖက်အဖြစ် ပြောင်းလဲသွားခဲ့၏။
ထိုသည်မှာ ပြိုင်ဘက်ကင်း ရှင်ဘုရင်လက်သီး၏ ပြီးပြည့်စုံသော သဏ္ဍာန်ပြောင်းလဲခြင်း ဖြစ်ပေသည်။
သူ ရှေ့သို့ တိုးသွားသည်နှင့် လက်တံခြောက်ခုက ရှေ့သို့ လိုက်ပါသွားကြသည်။ ထိုအရာများက မြေကမ္ဘာကိုပင် ဖျက်ဆီးနိုင်ပုံ ပေါ်သည်။
"အား..."
တော်ဝင်အိမ်ရှေ့စံ အဖွဲ့မှ ကျောင်းသားများ၏ ကြောက်လန့်တကြား အော်သံများ ထွက်ပေါ်လာပြီး နောက်ဘက်သို့ လွင့်စင်သွားကာ အကယ်ဒမီ လှေကားထစ်များနှင့် ဝင်ဆောင့်မိကြသည်။ အရိုးကွဲအက်သံများမှာ လူတိုင်း ကြားနိုင်လောက်အောင် ကျယ်လောင်လှ၏။
ထိုသူများ အားလုံးကို ရန်ချီက တိုက်ကွက် တစ်ကွက်တည်းဖြင့် အနိုင်ယူလိုက်ခြင်း ဖြစ်သည်။
"လောကအုပ်ချုပ်သူ အဆင့်ပဲ"
အမျိုးသမီးတစ်ယောက်က အော်ဟစ်လိုက်သည်။ "သူက တကယ် လောကအုပ်ချုပ်သူ တစ်ယောက် ဖြစ်နေတာပဲ"
ပြောလိုက်သူမှာ လွန်ခဲ့သည့်အချိန်က ရန်ချီနှင့် စကားပြောခဲ့ဖူးသော အစိမ်းရောင် ကိုယ်ကျပ်ဝတ်နှင့် မာနကြီးသည့် မိန်းကလေးပင်။ သူမ၏ မျက်နှာမှာ ထိတ်လန့်နေသည်။ အပြင်စည်း ကျောင်းသားတစ်ယောက်ဟု သူမ ထင်မြင်ခဲ့သူက စွမ်းအားကြီးမားသည့် လောကအုပ်ချုပ်သူ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။
"လောကအုပ်ချုပ်သူလား... သူက တကယ်ကြီး လောကအုပ်ချုပ်သူလား..."
ထိုစကားများ ပြန့်နှံ့သွားသည်နှင့် ကျောင်းသားများက ရန်ချီကို ပို၍ အာရုံစိုက်လာကြသည်။ သူက လောကအုပ်ချုပ်သူဖြစ်ကြောင်း သဘောပေါက်သွားသောအခါ သူတို့၏ မျက်လုံးများ အရောင်တောက်လာကြ၏။
"အပြင်စည်း ကျောင်းသားတစ်ယောက်က လောကအုပ်ချုပ်သူအဆင့်ကို တကယ်ကြီး ရောက်လာတာလား... ဒါက တကယ်ကို မယုံနိုင်စရာပဲ... ငါက ဆရာသခင် အဆင့် ဖြစ်ပေမယ့် အဲ့ဒီလိုမျိုး ဖြစ်လာဖို့ နှစ်တွေ ဘယ်လောက်တောင် အချိန်ယူရဦးမလဲ မသိပါဘူး"
"မင်းရဲ့ ကျင့်ကြံခြင်းက အလျင်အမြန် တိုးတက်လာရင် မင်းက ခေါင်းမော့ပြီး နေနိုင်လိမ့်မယ်"
"ကောင်းပြီ... သူက အဆင့်ချိုးဖောက် တက်လှမ်းနိုင်ပေမယ့် သူလုပ်တာက နည်းနည်း မလွန်ဘူးလား... သူက တော်ဝင်အိမ်ရှေ့စံအဖွဲ့နဲ့ ဘယ်လိုတောင် ရင်ဆိုင်ရဲရတာလဲ... သူက သေခြင်းတရားကို နားမလည်ဘူးနဲ့ တူတယ်... သူတို့က သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး"
"မလိုအပ်ပါဘူး... ဒါက သူ ဘယ်အဖွဲ့အစည်းကို ဝင်ရောက်မလဲ ဆိုတာပေါ် မူတည်တယ်... စွမ်းအားကြီးမားတဲ့ အဖွဲ့တွေ အကုန်လုံးက လောကအုပ်ချုပ်သူ အသစ်တွေကို စိတ်ဝင်စားကြတယ်... အကယ်၍ သူက တော်ဝင်အိမ်ရှေ့စံ အဖွဲ့နဲ့ ပြဿနာ ရှိရင်တောင် သုခမိန် အဖွဲ့အစည်းကို သူ ဝင်ရောက်နိုင်တယ်... သူတို့က သူ့ကို ကာကွယ်ပေးလိမ့်မယ်လေ"
"မင်း ပြောတာ မှန်တယ်"
တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားများ တုန်လှုပ်မှုဖြင့် လဲကျနေချိန်မှာပင် ရန်ချီက သူတို့ကို ကျော်ဖြတ်၍ အကယ်ဒမီ၏ ပင်မခန်းမထဲသို့ ဝင်ရောက်သွားတော့သည်။
အပြင်ဘက်၌ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်များကို အတွင်းရှိ လက်ရွေးစင် ကျောင်းသားများက သတိပြုမိပြီး ကြည့်ရှုနေကြ၏။
ရုတ်တရက် ရန်ချီက သူ့အပေါ်သို့ ထောင်နှင့်ချီသော နေမင်းများ လောင်ကျွမ်းခံရသလို ခံစားလိုက်ရသည်။
ခန်းမထဲရှိ လူများမှာ ထိပ်သီး ကျွမ်းကျင်သူများဖြစ်ကြရာ သူတို့အားလုံး၏ စုပေါင်းအကြည့် စွမ်းအား ကြီးမားလွန်းသဖြင့် မည်သည့် ဆရာသခင် အဆင့်မဆို ပျောက်ကွယ်သွားနိုင်ပေသည်။
သို့သော်လည်း ရန်ချီက ပခုံးတစ်ချက်သာ တွန့်လိုက်ပြီး ဆက်လက် လျှောက်လှမ်း သွားလိုက်သည်။
စင်စစ် သူ့အကြည့်က ထိုအခမ်းအနား၏ အဓိက ဇာတ်ကောင် ယွမ်ဟိုက်လန် ထံတွင်သာ ရှိနေသည်။
သူမက ရန်ချီကို ပြန်ကြည့်လိုက်ပြီး မည်သူဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားသည်။ ထို့ပြင် သူ့ စွမ်းအင် အတက်အကျအရ လောကအုပ်ချုပ်သူအဆင့် ရောက်သွားမှန်း သူမ ပြောနိုင်သည်။
ရန်ချီက အေးစက်စက်ရယ်မောကာ ပြောလိုက်၏။ "ငါ လောကအုပ်ချုပ်သူအဆင့်ကို ရောက်သွားမယ်လို့ မင်း ထင်မထားဘူးဆိုတာ ငါလောင်းရဲတယ် ယွမ်ဟိုက်လန်... မင်း အစီအစဉ်တွေ၊ အကြံအစည်တွေနဲ့ အမြဲမလုပ်ဖို့ ငါ မင်းကို ဘယ်လောက်ကြာကြာ သင်ပေးနေရဦးမှာလဲ... မင်းရဲ့ နှလုံးသားက လိမ်ညာမှုတွေ၊ မာယာတွေနဲ့မှ ကျေနပ်တင်းတိမ်နိုင်မှာလား... ငါသာ မင်းကို ဖြတ်ကျော်သွားတဲ့အခါ မင်းက ဖုန်မှုန့်လောက်သာ ကျန်ခဲ့မှာပါလေ"
"သူက တကယ်ကြီး လောကအုပ်ချုပ်သူအဆင့်ကို ရောက်သွားပြီလား..." သူမ သိသိသာသာ တုန်လှုပ်သွားသော်လည်း မျက်နှာ အမူအရာကို ချက်ချင်း ပြန်ထိန်းလိုက်သည်။
"ငါ တကယ်ကို ဂုဏ်ယူပါတယ်" သူမက အေးစက်စွာ ပြောလိုက်သည်။ "ရှင့်ရဲ့ ကျင့်ကြံခြင်းက အရမ်းမြန်တာပဲ... အတိတ်တုန်းက ကျွန်မ ရှင့်ကို မှားယွင်းစွာပြုမိခဲ့တယ်... အခု ရှင်က လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်ပေမယ့် ရှင် မြင့်မြင့်တက်လေလေ ပြုတ်ကျတဲ့ အချိန် ပိုနာလေပဲ... ရိုးရိုးသားသားပြောရရင် ရှင်နဲ့ မြင့်မားတဲ့ကျင့်ကြံမှု အခြေခံနဲ့က မလိုက်ဖက်ဘူး... အကယ်၍ ရှင် အေးအေးချမ်းချမ်းနေချင်ရင် ယန်ကောင်းကင်ကို ပြန်ပြီး အဲဒီမှာပဲ နေလိုက်ပါ... သာမန် လူသား တစ်ယောက်လိုပဲ နေလိုက်ပါ"
"မင်းကို စိတ်ပျက်စေမိတာ စိတ်မကောင်းပါဘူး... ငါက သာမန်လူလို နေမှာမဟုတ်ဘူး... တစ်နေ့ကျရင် ကမ္ဘာကြီးကို လှုပ်ခါနိုင်တဲ့ ပြိုင်ဘက်ကင်း လူတစ်ယောက် ဖြစ်လာမှာပဲ" ယခုအချိန်၌ ရန်ချီက ယွမ်ဟိုက်လန်ကို တိုက်ခိုက်ပြီး သတ်ဖြတ်ဖို့ မဖြစ်နိုင်သော်လည်း ဖိအားပေးလိုက်သည်။
သူက လောကအုပ်ချုပ်သူအဆင့်ကို ရောက်ရှိသော်လည်း သူမက ထိုအဆင့်ကို ရောက်ရှိခဲ့သည်မှာ အချိန်အနည်းငယ်ကြာပြီဖြစ်သည်။ ထို့ကြောင့် သူမကိုယ်သူမ ယုံကြည်ချက် အနည်းငယ် ရှိနေသည်။ သို့သော် ယွမ်ဟိုက်လန်က ရန်ချီ မည်မျှ အစွမ်းထက်ကြောင်း မသိချေ။
'စောင့်နေပါ' သူ စဉ်းစားလိုက်သည်။ 'ငါ လက်ရွေးစင် ကျောင်းသား ဖြစ်ပြီးရင် တစ်ချိန်မဟုတ် တစ်ချိန် နှစ်ယောက်တည်း တွေ့ရဦးမှာပါ... အဲဒီ အချိန်ကျရင် ငါ ဘယ်လောက် သန်မာလဲ မင်းကို ပြရသေးတာပေါ့' ရန်ချီက အစစ်အမှန် စွမ်းအင်များဖြင့် သူ့ကိုယ်သူ တည်ငြိမ်စေဖို့ ကြိုးစား ထိန်းချုပ်လိုက်ကာ ယွမ်ဟိုက်လန်ကို တိုက်ခိုက်ဖို့ အတွေးကို ရပ်တန့်လိုက်သည်။
ရန်ချီနှင့် ယွမ်ဟိုက်လန်တို့ စကားပြော၍ မပြီးသေးခင်မှာပင် လူတစ်ယောက် ရှေ့ထွက်လာပြီး ပြောလိုက်သည်။ "ဒါက ဘယ်သူလဲ ယွမ်ဟိုက်လန်... သူက တကယ်ပဲ တော်ဝင်အိမ်ရှေ့စံ အဖွဲ့အစည်းက ကျင်းပတဲ့ အခမ်းအနားကို ကြားဖြတ်ရဲတာ မယုံနိုင်စရာပဲ"
ထိုလူမှာ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်နှင့် ဓားကဲ့သို့ မျက်ခုံးများရှိကာ အသားအရေက ကျောက်စိမ်းရောင် တောက်ပနေ၏။ သူ့ကို တစ်ချက်ကြည့်ရုံမျှဖြင့် အလွန်အင်အားကြီးမားသော လူတစ်ဦးဟု ထင်မှတ်ကြပေလိမ့်မည်။ ထို့ပြင် သူ့ ဝံပုလွေကဲ့သို့ ကျဉ်းမြောင်းသော မျက်လုံးများက သူ့ကို အကျိုးအကြောင်း မဆီလျော်ကာ သည်းမခံတတ်သည့် လူတစ်ဦးအဖြစ် ထင်မြင်စေသည်။ တစ်ချိန်တည်းမှာပင် သူက ဒုက္ခပေးတတ်သော အခြေအနေများကို ကိုင်တွယ်လေ့ရှိသည့် လူတစ်မျိုး ဖြစ်သည်။
"မင်းက ဘယ်သူလဲ..." ရန်ချီက မေးလိုက်သည်။ ထိုသူ၏ အရှိန်အဝါအရ ချူးထျန်းကောထက် အစွမ်းမနိမ့်ကြောင်း ပြောနိုင်ပေသည်။ သူက လက်ရွေးစင်ကျောင်းသား တစ်ယောက်ဖြစ်ပြီး တော်ဝင်အိမ်ရှေ့စံ အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိသာလှ၏။
"ငါ ဘယ်သူလဲ မင်း သိစရာမလိုဘူး" ထိုလူက ပိုင်စိုးပိုင်နက် ပြောလိုက်သည်။ "ငါ မင်းကို အသက်သုံးခါရှူချိန်ပေးမယ်... မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်... တစ်ခုက ယွမ်ဟိုက်လန်ကို တောင်းပန်ပြီး မြည်းတစ်ကောင်လို ထွက်သွား... နောက်တစ်နည်းကတော့ ငါသတ်တာ မင်း ခံရမယ်... ရွေးချယ်စမ်း... ငါ မင်းကို မြည်းလို ထွက်သွားလို့ ပြောတာက လေးဖက်ထောက်ပြီး သွားခိုင်းတာနော်... တကယ်လို့ မင်းသာ လမ်းလျှောက်ပြီး ထွက်သွားမယ်ဆိုရင် မင်းရဲ့ ခြေဆစ်တွေကို ငါ ရိုက်ချိုးပစ်မယ်"
တော်ဝင်အိမ်ရှေ့စံ အဖွဲ့မှ နောက်ထပ် ကျောင်းသားတစ်ယောက်က လက်ကိုယမ်းရင်း ငြင်းပယ်လိုက်သည်။ "အရမ်းကြီး ဖိအားမပေးပါနဲ့ ဂူဖန်းရှန်း... ဒီကျောင်းသားက လောကအုပ်ချုပ်သူ တစ်ယောက်ပဲလေ... သူ့ကို မျက်နှာသာ နည်းနည်းတော့ ပေးရမှာပေါ့... ဒါ့အပြင် သူ ထွက်သွားဖို့ နောက်မကျသေးပါဘူး"
"နားထောင်စမ်း ကောင်စုတ်လေး... အပြင်ထွက်ပြီး ငါတို့ အခမ်းအနား ပြီးတာကို စောင့်နေ... ပြီးမှ အဆင့်မြှင့်ဖို့ အထဲဝင်လာခဲ့... ပြီးတော့ မင်း ငါတို့ တော်ဝင်အိမ်ရှေ့စံ အဖွဲ့ထဲကို ဝင်ရောက်နိုင်တယ်... ကိစ္စတွေ အားလုံး တစ်ခါတည်း ငါတို့ ရှင်းပေးနိုင်တယ်"
"ငါ ပြောနေတာ ကြားလား... အခု ထွက်သွားတော့" ဂူဖန်းရှန်းက ပြောလိုက်သည်။
သူ အင်္ကျီလက်ကို ခါလိုက်သည်နှင့် လေထုထဲ၌ အရှိန်အဟုန် ပြင်းထန်သည့် လေဆင်နှာမောင်း တစ်ခု ပေါ်လာကာ ရန်ချီထံ ဆင်းသက်လာခဲ့တော့သည်။
"ဝှစ်"
ဂူဖန်းရှန်း၏ လေဆင်နှာမောင်းက ရန်ချီအား ထိမှန်သွားသောအခါ ရန်ချီ၏ စွမ်းအင်ပညာရပ်ကြောင့် ခေါင်းလောင်းသံ အကျယ်ကြီး မြည်ဟည်းသွားခဲ့သည်။ ထို့နောက် လေဆင်နှာမောင်းမှာ အပိုင်းအစများအဖြစ် ပြိုကွဲသွားလေတော့သည်။
"မင်းက ငါ့ကို ဒီကနေ ထွက်သွားစေချင်တယ်ပေါ့... မင်းတို့လူက စကားကြီး စကားကျယ်တွေ ပြောနေတာ မင်းတို့သိလား" တော်ဝင်အိမ်ရှေ့စံ အဖွဲ့၏ မာနထောင်လွှားခြင်းနှင့် ဆရာကြီးလုပ်သည့် အပြုအမူများကြောင့် ရန်ချီ ဒေါသထွက်လာသည်။ ဂူဖန်းရှန်းကို လက်ညှိုးထိုးကာ သူက ပြောလိုက်၏။ "မင်းက ငါ့ကို မတိုက်ချင်တာ မဟုတ်ဘူး... မတိုက်နိုင်တာပါကွာ"
ခန်းမထဲ၌ လက်ရွေးစင် ကျောင်းသား အဆင့်မြှင့်ဖို့ တာဝန်ယူပေးနေသည့် ကျောင်းတော်မှ အသက်ကြီးပြီး မြင့်မားသောနေရာရှိသည့် အကြီးအကဲ အချို့လည်း ရှိကြသည်။ သို့သော်လည်း ရန်ချီနှင့် တော်ဝင်အိမ်ရှေ့စံ အဖွဲ့ ငြင်းခုံနေကြတာကို မသိကျိုးကျွံ ပြုနေကြ၏။ တကယ်တော့ သူတို့၏ မျက်နှာပေါ်၌ အနည်းငယ် ပြုံးနေတာကို မြင်တွေ့ကောင်း မြင်တွေ့နိုင်ပေလိမ့်မည်။ သူတို့က ဘယ်သူ ထိပ်ဆုံး ဖြစ်မလဲ မြင်တွေ့ဖို့ကို စိတ်ဝင်စားနေကြသည်။
"ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ" ရန်ချီ၏ စကားများကြောင့် ဂူဖန်းရှန်း ဒေါသထွက်သွားသည်။ သူ့ လက်များကို လှုပ်ရှားလိုက်ရာ အပူချိန်က ချက်ချင်း တိုးလာခဲ့ပြီး မီးလျှံမြင်းများ၊ မီးလျှံကျီးကန်းများ၊ မီးလျှံကြွက်များ၊ မီးလျှံကျားများ၊ မီးလျှံမြွေများ အစရှိသဖြင့် ပြောင်းလဲသွားသည်။
လေထဲ၌ မီးလျှံများ ပြည့်နှက်သွားကာ ရန်ချီထံ တိုက်ရိုက် ဦးတည်သွားတော့သည်။
ရန်ချီက ထိုမီးလျှံများကို ကြည့်ပင် မကြည့်ချေ။ သူက အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်သည်နှင့် သူ့အနီး၌ စွမ်းအင်လေပွေကြီး ဖြစ်ပေါ်လာကာ မီးလျှံပုံရိပ် သဏ္ဍာန်များကို အလွယ်တကူ စုပ်ယူလိုက်သည်။ ထို့နောက် ၎င်းတို့ကို ဖျက်ဆီးလိုက်ရာ မီးပွားများက နေရာအနှံ့ ကျသွားသည်။
မီးပွားများကျသွားသည့် မြေပြင်၌ အပေါက်ငယ်များ၊ အပေါက်ကြီးများ ဖြစ်သွားခြင်းက ထိုမီးတောက် မည်မျှ စွမ်းအားကြီးကြောင်းကို ပြသနေသည်။
"မီးလျှံချွီလင်"
ဂူဖန်းရှန်းက အော်ဟစ်လိုက်သည်။ ပူပြင်းလွန်းသည့် အစစ်အမှန်စွမ်းအင်များက သူ့မျက်လုံးများမှ ထွက်ပေါ်လာပြီး ကြီးမားသော ချွီလင်တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ၎င်းအကောင်ကြီးက ခွာများကိုယက်ကာ ရန်ချီထံ ပြေးဝင်လာပြီး မီးမှုတ်ထုတ်လိုက်သည်။ မီးတောက်စွမ်းအင် စက်ဝိုင်းနယ်ပယ်က ရန်ချီကို လွှမ်းခြုံသွားသည်။
လက်ရှိအချိန်၌ ရှိနေကြသူများက ထိုမီးတောက် စွမ်းအင်နယ်ပယ်ရှိ အပူချိန်ကြောင့် မြေကြီးများ အရည်ပျော်လာတာကို မြင်တွေ့လိုက်ကြသည်။
သို့သော်လည်း ဂူဖန်းရှန်းက သူ့ အစစ်အမှန်စွမ်းအင်ကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သဖြင့် အပြင်ဘက်မှ လူများက အပူဒဏ်ကို မခံကြရချေ။
အချို့က မယုံနိုင်ဖွယ်ရာ စွမ်းအင်ပညာရပ်များကို ထုတ်ဖော်နိုင်သော်လည်း အပြစ်မဲ့သည့် ဘေးလူကိုပါ ထိခိုက်စေတတ်ကြသည်။ ထိုကဲ့သို့ လူမျိုးက အံ့ဩဖို့ ကောင်းလွန်းသည်။ သူတို့က အပြည့်အဝ မထိန်းချုပ်နိုင်သဖြင့် အစစ်အမှန် စွမ်းအင် ဖြုန်းတီးရာ ရောက်ပေသည်။
ဂူဖန်းရှန်း၏ စွမ်းအင်ပညာရပ်က ပြီးပြည့်စုံသည့် အမြင့်ဆုံး အခြေအနေကို ရောက်နေသည်မှာ သိသာလှ၏။
ရန်ချီက ပြင်းထန်လွန်းသော မီးများ အလယ်၌ ရှိနေသော်လည်း စိတ်ပူနေခြင်း မရှိချေ။ 'စစ်မှန်သော ရွှေက မီးမကြောက်' ဆိုသည့် ရှေးဆိုရိုးအတိုင်း သူက အဆုံးစွန်ပုံသဏ္ဍာန် ပြောင်းလဲလိုက်သည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်နှင့် ဘေးဘယ်ညာ တိုးထုတ်လိုက်ရာ ကြောက်မက်ဖွယ် လေလှိုင်းများ ဖြစ်ပေါ်လာခဲ့သည်။ ထိုအရာက ပြိုင်ဘက်ကင်း ရှင်ဘုရင် လက်သီးသိုင်း ဖြစ်ကာ ယခုအချိန်၌ အကွက်အားလုံးကို တစ်ကွက်တည်း အဖြစ် ပေါင်းစပ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။
"ဘုန်း..."
သူက မီးတောက်ချွီလင်၏ ခေါင်းကို ထိုးချလိုက်ရာ အလွန်နာကျင်စွာ အော်ဟစ်သံကြီးနှင့်အတူ ၎င်းမှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့သည်။
"ဘုန်း ဘုန်း ဘုန်း"
ဂူဖန်းရှန်း၏ မျက်နှာမှာ သွေးဆုတ်သွားပြီး နောက်သို့ ဒယီးဒယိုင် ရွေ့သွားတော့သည်။
End
***