ရန်ချီက ပုံတူပန်းချီကားကို မကြည့်တော့ဘဲ ယွမ်ဟိုက်လန်ကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာမှာ အပြစ်ကင်းမဲ့နေပုံပေါ်သော်လည်း သူမ၏ နှလုံးသားက အကြံအစည်များ၊ ကောက်ကျစ်မှုများနှင့် ပြည့်နှက်နေကြောင်း သူ သိနေ၏။
ရန်ချီ၏ ကျင့်ကြံခြင်း နက်နဲလာသည်နှင့်အမျှ သူက အန္တရာယ်ကို အာရုံခံစားလာနိုင်သည်။ ယခုအချိန်၌ ယွမ်ဟိုက်လန်က သူနှင့် ပတ်သက်၍ စိတ်ကုန်နေပြီဖြစ်ကြောင်း သူ သိသည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် သူမက သူ့ကို ရှင်းလင်းပစ်ဖို့ ကြံစည်နေကြောင်း သံသယရှိစရာပင် မလိုချေ။
မူလက ဤနေ့ရက်ကား သူမအတွက် ဂုဏ်သတင်းကြီးမားကာ အလွန်အရေးကြီးသော နေ့ဖြစ်ပြီး တော်ဝင်အိမ်ရှေ့စံ အဖွဲ့က သူမကို ဝိုင်းဝန်း ချီးမြှောက်ကြပေလိမ့်မည်။ သို့သော်လည်း သူမ၏ လက်ရွေးစင်ကျောင်းသားဖြစ်လာမှု အောင်ပွဲမှာ ရန်ချီကြောင့် ပျက်စီးသွားခဲ့ရသည်။
အကယ်၍ အခြား ကြုံရာကျပန်းတစ်ယောက်ဆိုပါက ကိစ္စသိပ်မရှိချေ။ ရန်ချီကမူ အတိတ်တုန်းက သူမ ကစားခဲ့သည့် အရုပ်တစ်ရုပ် ဖြစ်သည် မဟုတ်ပါလား။
'မင်း ငါနဲ့ ပတ်သက်ပြီး ဘာတွေ ကြံစည်နေလဲတော့ ငါ မသိဘူး... ဒါပေမဲ့ ရှေးစကားတွေ ထဲကလိုပဲ တပ်သားတွေ ချီတက်လာရင် သူတို့ကို တားဖို့ ဗိုလ်ချုပ်တစ်ယောက် လွှတ်ပေးလိုက်ဖို့ပဲ လိုတယ်... ရေလွှမ်းမိုးတာကို တားဆီးဖို့အတွက် မြေကြီးကို အသုံးပြုရတယ်... ငါက အခြေအနေနဲ့ သင့်တော်အောင် စီစဉ်တတ်လာခဲ့ပြီ... နောက်ဆုံး ဘယ်သူက ပိုသန်မာမလဲ စောင့်ကြည့်နေစမ်းပါ'
ရန်ချီက သူ့နှလုံးသားအတွင်း အေးစက်စက် ရယ်မောလိုက်သည်။
'ချူထျန်းကောတောင် သေသွားခဲ့ပြီ... သိပ်မကြာခင်မှာ မင်းလည်း သူ့လို အသတ်ခံရအောင် ငါ လှုပ်ရှားဖို့ အချိန်ကျလာမှာပါ'
"ဘိုးဘေးတွေရှေ့ ဒူးထောက်ပြီး သုံးကြိမ် ကန်တော့မယ်"
ယွမ်ဟိုက်လန်နှင့် ရန်ချီ နှစ်ယောက်လုံး အလျင်အမြန် ဒူးထောက်ကာ သုံးကြိမ် ဦးချကန်တော့လိုက်သည်။ ထို့နောက် သူတို့က အမွှေးတိုင်ဖြင့် ပူဇော်ကာ အခြား ထုံးတမ်း အစဉ်အလာများကို ပြုလုပ်လိုက်ကြသည်။
လူသူ အားလုံးက တိတ်ဆိတ်စွာ ကြည့်ရှုနေကြ၏။
၎င်းက ဘိုးဘေးများကို အရိုအသေပေးပွဲ ကျင်းပနေခြင်းဖြစ်လေရာ မည်သူမျှ ငြိမ်းချမ်းရေး ပျက်စီးအောင် အနှောင့်အယှက် မပေးဝံ့ကြချေ။ တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားများက ရန်ချီကို အလွန်အမင်း မကျေနပ်ဖြစ်နေကြသော်လည်း ကျောင်းတော်၏ စည်းမျဉ်းများကို မချိုးဖောက်ရဲကြပေ။
အရိုအသေပေးခြင်းနှင့် အခြား လုပ်ထုံးလုပ်စဉ်များ ပြီးသွားပြီးနောက် အကြီးအကဲ ငါးယောက်က ခေါင်းညိတ်လိုက်ကြသည်။ ကျောင်းတော်မှ ခေါင်းလောင်းသံ နှစ်ကြိမ် ထွက်ပေါ်လာပြီး ကျောင်းသားနှစ်ယောက် အဆင့်တက်သွားကြသည်။
"အခမ်းအနား ပြီးပြီ" အကြီးအကဲ ချေမှုန်းရေး တပ်သားက ပြောလိုက်သည်။
"အခု မင်းတို့နှစ်ယောက်က ကျောင်းတော်ရဲ့ တရားဝင် လက်ရွေးစင် ကျောင်းသား ဖြစ်သွားပြီ... မင်းတို့ ကျင့်ကြံအားထုတ်ဖို့အတွက် ဗိမာန်ကျောင်းဆောင်တစ်ခုစီ ရကြမယ်... မင်းတို့ လွတ်လွတ်လပ်လပ် နောက်လိုက်တွေ စုစည်းပြီး အဖွဲ့တစ်ခု ထူထောင်နိုင်ပြီ... အဖွဲ့တွေက ကျောင်းတော်အတွက် ကောင်းကျိုးထမ်းဆောင်ရမှာ သာမက ကောင်းကင်နှင့် မြေပြင်ကြားက ငြိမ်းချမ်းရေးကိုပါ တိုးတက်အောင် ထမ်းဆောင်ကြရမည်... ငါတို့ ကျောင်းတော်က သာမန်လူတွေ အတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ ကျန်းမာရေးတွေကို ဆောင်ကြဉ်းပေးဖို့ ရည်မှန်းထားတာကို သတိရပါ... အချိန်မရွေး လူသားတွေအတွက် မင်းတို့ ကူညီနိုင်သမျှ ကူညီပေးကြရမယ်... အင်မော်တယ်ခြေနင်း ကျောင်းတော်က ကျောင်းသားတွေအားလုံးက ကမ္ဘာပေါ်မှာရှိတဲ့ မကောင်းဆိုးဝါးနဲ့ နတ်ဆိုးတွေကို ဖယ်ရှားပစ်ရမယ်... စွမ်းအား အလွဲသုံးစား လုပ်သူတွေကို ရှင်းလင်းပစ်ရမယ်... ပြီးတော့ သာမန် လူသားတွေကို အန္တရာယ်ကင်းအောင် ထားကြရမယ်"
"ဟုတ်ကဲ့ ဆရာ"
ရန်ချီက အမှန်တရားနှင့် ကိုယ်ကျင့်သိက္ခာများ ပါဝင်သည့် စကားများ၌ နစ်မြောသွားခဲ့သည်။ အင်မော်တယ်ခြေနင်း ကျောင်းတော်က တရားမျှတကာ ဖြောင့်မတ်ပြီး ငြိမ်းချမ်းရေးကို လိုလားသည်။ ထိုအရာက လမ်းမှန် အဖွဲ့အစည်းကြီးဖြစ်ရာ အခြား သေးငယ်သော အဖွဲ့အစည်းများနှင့် ကလန်များက ၎င်းကို မယှဉ်ပြိုင်နိုင်ချေ။
ယခုအချိန်၌ အခမ်းအနား ပြီးဆုံးသွားလေရာ ယွမ်ဟိုက်လန်က အကြီးအကဲ ငါးယောက်ကို အရိုအသေပေးပြီး ပြောလိုက်သည်။
"တကယ်လို့ ကိစ္စမရှိဘူး ဆိုရင် ကျွန်မ အရင် သွားလိုက်ပါဦးမယ်"
ထို့နောက် သူမက အခြားတစ်ဖက် လှည့်ကာ ရန်ချီကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများ အေးစက်စက် ရယ်မောကာ စကားအချို့ကို ပြောနေပုံ ပေါက်နေသည်။
'နောက်ဆုံး ဘာဖြစ်မလဲ စောင့်ကြည့်နေစမ်းပါ'
ရန်ချီက သူမကို ပြန်ကြည့်လိုက်ရာ သူက စကားတစ်ချို့ကို မပြောဘဲ ချန်ထားလိုက်သည်။ 'ငါ စောင့်နေမယ်...'
သူတို့က တစ်ယောက်ကိုတစ်ယောက် တစ်ခဏမျှ စိုက်ကြည့်ပြီးနောက်တွင် ယွမ်ဟိုက်လန် ထွက်ခွာသွားလေရာ တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားများက သူမကို လိုက်ပို့ကြသည်။ လီဟီနှင့် အခြားလူများက ရန်ချီထံ ပြေးဝင်လာကြသည်။ ယခုအချိန်၌ လူတိုင်းက ရန်ချီအပေါ် အမြင်ပြောင်းသွားခဲ့သည်။ သူတို့၏ မျက်လုံးများ၌ မနာလိုမှုများနှင့် ဝန်တိုမှုများ ပြည့်နေသည်။ ထိုအချိန်၌ အစိမ်းရောင် ကိုယ်ကျပ်ဝတ် မိန်းကလေး၏ သဘောထားက လုံးဝ ပြောင်းလဲသွားသည်။ သူမက တွန့်ဆုတ်တွန့်ဆုတ်နှင့် လျှောက်လှမ်းလာကာ ပြောလိုက်သည်။
"အစ်ကိုကြီး ရန်ချီ... ရှင်ကို ကျွန်မ အပြစ်လုပ်မိခဲ့တာ သိပါတယ်... အစ်ကိုကြီးလို ကြီးမြတ်တဲ့ သူက မဖြစ်စလောက် အမှားလေးကို မမှတ်ထားဖို့ မျှော်လင့်ပါတယ်"
"အိုး..." ရန်ချီ သူမကို ကြည့်လိုက်ရာ သူမ ရုတ်တရက် ပြောင်းလဲသွားခြင်းမှာ သူ့ ပုံရိပ်ကြောင့်ဆိုတာကို သတိထားမိသွားသည်။
"အဲဒီကိစ္စကြောင့် မစိုးရိမ်ပါနဲ့... ငါ မင်းကို ပြဿနာ မရှာပါဘူး... အေးဆေးနေပါ"
"ကျေးဇူး အများကြီးတင်ပါတယ် အစ်ကိုကြီး... ကျေးဇူး အများကြီးတင်ပါတယ်"
သူမက ပျော်ရွှင်စွာ ပြောဆိုပြီး အလျင်အမြန် ထွက်ခွာသွားသည်။
အနီးအနားရှိ လီဟီက စိတ်လှုပ်ရှားမှု အပြည့်နှင့် ပြောလိုက်သည်။
"ရန်ချီ... မင်း အခု ဧကရာဇ်များ၏ တာအိုစွမ်းအား ပုံစံရှိတဲ့ လက်ရွေးစင် ကျောင်းဝင်းထဲ သွားနိုင်ပြီ... မင်းရဲ့ ကျင့်ကြံခြင်းက ယခင်ထက် ပိုမြန်လာဦးမယ်... မင်း စွမ်းအင်ပုံစံရဲ့ အမျိုးမျိုးသော တာအိုတွေကိုလည်း သင်ယူနိုင်လိမ့်မယ်... သိပ်မကြာခင်မှာ မင်းကိုယ်တိုင် ကြီးမြတ်တဲ့ စွမ်းအားပုံစံကို ပြုလုပ်နိုင်လာလိမ့်မယ်"
"မင်းတို့အတွက် စွမ်းအားပုံစံ ဘယ်လို ပြုလုပ်ပေးရမလဲဆိုတာ ငါ သေချာတော့ မသိဘူး" ရန်ချီက ပြောလိုက်သည်။
"မင်းတို့ ကျင့်ကြံခြင်း အခြေခံ အမြန်ဆုံး အားကောင်းလာအောင် ငါတို့ လုပ်ဖို့တော့ လိုတယ်... သိပ်မကြာခင် လောကအုပ်ချုပ်သူတွေ ဖြစ်ကြရင် ပိုကောင်းတယ်... ငါ တော်ဝင်အိမ်ရှေ့စံ အဖွဲ့နဲ့ ယွမ်ဟိုက်လန်ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီးတော့ ဒီပြဿနာထဲ မင်းတို့ကို ဆွဲသွင်းခဲ့ မိတယ်လေ... မင်းတို့ လုံခြုံဖို့အတွက် ငါ အတတ်နိုင်ဆုံး လုပ်ပေးမယ်"
ယွမ်ဟိုက်လန်က သူမ၏ ရည်ရွယ်ချက် အောင်မြင်စေရန် သူ့သူငယ်ချင်းများကို ဒုက္ခပေးလာနိုင်ကြောင်း သူ သိသည်။ သူမက ယန်ကောင်းကင်ရှိ ရန်ကလန်နှင့် ပတ်သက်၍ပင် လှုပ်ရှားမှု လုပ်လာနိုင်သည်။
ရန်ကလန်က ယန်ကောင်းကင်ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း သူတို့၏ စွမ်းအားက ယွမ်ဟိုက်လန်နှင့် တော်ဝင်အိမ်ရှေ့စံအဖွဲ့ကို မယှဉ်နိုင်ချေ။ ထိုကဲ့သို့သော အခြေအနေနှင့် ပတ်သက်၍ သူက အများကြီး စဉ်းစားထားဖို့ လိုအပ်သည်။
ယခုအချိန်၌ အရေးကြီးဆုံးက သူ့ ညီနောင်လေးယောက်ကို လောကအုပ်ချုပ်သူ ဖြစ်လာစေဖို့ပင်။ သူတို့သာ လက်ရွေးစင် ကျောင်းသားများ ဖြစ်လာကာ ကလန်၏ ကျောထောက်နောက်ခံနှင့်တကွ ဩဇာညောင်းလာပြီး ယန်ကောင်းကင်ကို ကာကွယ်ပေးနိုင်ပါလိမ့်မည်။
"လီဟီ... မင်း ကလန်မှာရှိတဲ့ မင်းရဲ့ စွမ်းအားကို အသုံးချပြီးတော့ ယန်ကောင်းကင်ကို သတင်းပါးပေးပါ... ငါ လောကအုပ်ချုပ်သူတစ်ယောက်ဖြစ်ပြီး လက်ရွေးစင် ကျောင်းသား ဖြစ်လာတာကို သူတို့လည်း သိသင့်တယ်"
"သေချာတာပေါ့" လီဟီက ပြောလိုက်သည်။ သူက ရန်ချီ ဘာတွေးနေမှန်း နားလည်သည်။ ယန်ကောင်းကင်က ယခုအချိန်၌ သူတို့၏ ရန်သူများက ထိုးဖောက်နိုင်စွမ်း မရှိသော်လည်း စွမ်းအားကြီးမားသည့် အချို့လူများက သူတို့အတွက် အန္တရာယ် ဖြစ်လာနိုင်သေးသည်။ ယန်ကောင်းကင်က အန္တရာယ်များမှ ယာယီ ငြိမ်းချမ်းနေခြင်းသာ ဖြစ်၏။
"လာ... သွားကြရအောင်... ငါ မင်းတို့ကို လက်ရွေးစင် ကျောင်းသားအဆောင်တွေ ဘက်ခြမ်းကို လိုက်ပြပေးမယ်" ရန်ချီက လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဆယ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။
ရန်ချီနှင့် တော်ဝင်အိမ်ရှေ့စံ အဖွဲ့အကြား ဖြစ်ပွားခဲ့သည့်ကိစ္စက ကျောင်းတော်အတွင်း လူပြောအများဆုံး ဖြစ်လာခဲ့သည်။ တော်ဝင်အိမ်ရှေ့စံ အဖွဲ့နှင့် ရန်ချီတို့ ပြဿနာများ ဖြစ်လာလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထိုကိစ္စက ငြိမ်သက်လာကာ ဘာမှဖြစ်မလာခဲ့ချေ။ သို့သော်လည်း အကြောင်းသိ လူအချို့က ထိုအရာကား မုန်တိုင်း မလာခင် ငြိမ်သက်ခြင်း ဖြစ်ကြောင်း သဘောပေါက် ထားကြသည်။
ရန်ချီက လက်ရှိ အချိန်တွင် ရန်စုစုကဲ့သို့ လက်ရွေးစင် ကျောင်းသားများသာ ရရှိနိုင်သည့် ရဲတိုက်နှင့်တူသည့် ဗိမာန်တစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။ ထိုအရာက ဧကရာဇ်များ၏ တာအိုစွမ်းအား ပုံစံများ ပါရှိကာ ရန်ချီ၏ ကိုယ်ပိုင် နေထိုင်စရာ နေရာတစ်ခုပင်။
ကုန်ဆုံးခဲ့သည့် ဆယ်ရက်တာ အတွင်း သူက ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားလေရာ လောကအုပ်ချုပ်သူများ၏ စွမ်းရည်များနှင့် ငရဲချေမှုန်း နတ်ဆင်စွမ်းအားအကြောင်း နက်ရှိုင်းစွာ နားလည်ခဲ့သည်။
ရက်နည်းငယ် ကြာပြီးနောက် သူက လီဟီနှင့် အခြားသူများထံ သွားရောက်ကာ သူတို့၏ ကျင့်ကြံခြင်း တိုးတက်လာစေဖို့ စွမ်းအားပုံစံ အင်အားခိုင်မာလာအောင် ကူညီပေးခဲ့သည်။ သူက ကျောင်းတော်၌ အတန်းအချို့ တက်ရောက်ဖို့အတွက် အချိန်များစွာကိုလည်း အသုံးချခဲ့သည်။ အကြီးအကဲနှင့် ပါမောက္ခများက နက္ခတ္တဗေဒ၊ ပထဝီမြေ အနေအထား၊ ဆေးလုံးများ၊ ပင်ကိုယ် သဘာဝစွမ်းအားများ၊ ကိုယ်ကျင့်တရား၊ သွေးကြောဆုံချက်များအကြောင်း၊ မှော်ရတနာများ၊ လက်နက်ထုတ်လုပ်ခြင်း အစရှိသည်နှင့် ပတ်သက်၍ အကြောင်းအရာ အမျိုးမျိုးကို ပြောပြသည်။
လက်ရွေးစင်ကျောင်းသားဖြစ်လာခြင်းက အတန်းများကို အခမဲ့ တက်ရောက်နိုင်သကဲ့သို့ အကျိုးကျေးဇူးများရရှိသည်။ အဆင့်နိမ့်ကျောင်းသားများ၊ အပြင်စည်း အတွင်းစည်း ကျောင်းသားများက ထိုအတန်းများကို တက်ရောက်ရန် လုပ်ဆောင်ချက် အမှတ်များ လိုအပ်သည်။
လက်ရွေးစင် ကျောင်းသားများကိုမူ အရင်းအမြစ်များပင် ထောက်ပံ့ပေးသည်။
ဥပမာ သူ့ ဗိမာန်သို့ လူဘီလူးကြီးများက ပုံမှန် လာရောက်ကာ သန့်ရှင်းရေးကို လုပ်ဆောင် ညပေးကြရသည်။ သူက မင်းသားတစ်ပါးကဲ့သို့ပင် နေထိုင်ကာ ကျင့်ကြံခြင်းကိုပင် အပြည့်အဝ အာရုံစိုက်ထားနိုင်သည်။
ထိုအရာ အားလုံးကြောင့် သူက ပိုမို သန်မာလာစေရန် အာရုံစိုက်ထားနိုင်ကာ ယွမ်ဟိုက်လန်နှင့် တော်ဝင်အိမ်ရှေ့စံ အဖွဲ့တို့ လှုပ်ရှားမှုကို စောင့်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့ အန်တီလေးစုစုနှင့် ပတ်သက်သည့် သတင်းများကို နားစွင့်ထားခဲ့သည်။
သူတော်စင်မိစ္ဆာပန်းချီကားကို ရရှိပြီးနောက် သူမက သူမ၏ဆရာကိုရှာဖို့ ထွက်ခွာသွား ပြီးနောက် ကျင့်ကြံခြင်းအတွက် ဂူပိတ် အားထုတ်ခဲ့သည်။ သူမ၏ ရည်ရွယ်ချက်သာ အောင်မြင်ပါက လောကအုပ်ချုပ်သူ အဆင့်နှစ် သာမက အဆင့်သုံးကိုပင် ရောက်ရှိလာနိုင်သည်။ သို့သော် လအနည်းငယ် ကြာသည့်အထိ သူမနှင့် ပတ်သက်၍ သတင်း မကြားရသောအခါ ရန်ချီက စတင် စိုးရိမ်လာခဲ့သည်။
ရန်ချီက ယခုအချိန်၌ သူ့အဒေါ် ရန်စုစုထက် စွမ်းအား မနည်းတော့ကာ သူမထက်ပင် သာလွန်နေသည်။ သူက သူမကို အကူအညီ ပေးနိုင်သော်လည်း သူမ ဘယ်မှာ ရှိနေမလဲ ဆိုတာကို သူ မသိချေ။
ဤအချိန်အတွင်း အင်မော်တယ်ခြေနင်း ကျောင်းတော်နှင့် အဝေးတစ်နေရာရှိ ယန်ကောင်းကင်၌ ရန်ကျန့်က ကလန် တိုးတက်လာရေးနှင့် ပတ်သက်၍ စီမံခန့်ခွဲနေသည်။ ယန်ကောင်းကင်ကို ရန်ကလန်က ချုပ်ကိုင်ထားလေရာ သူက မြို့တော်ဝန်အသစ်တစ်ယောက် ဖြစ်လာခဲ့သည်။
ရန်ကလန်က ယန်ဂူဖုန်း၏ မြို့တော်ဝန်အိမ်တော်ကို သိမ်းပိုက်ပြီးနောက်၌ သာန်မြို့နေ လူသား သန်းပေါင်းများစွာနှင့် အခြား အင်အားကြီး ကလန်များ၏ ထောက်ခံမှုကို ရရှိခဲ့သည်။
ရန်ကျန့်က ဆရာသခင် အဆင့် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေကာ ရန်ယွမ်ကျုံးနှင့် ရန်ဟွာလုံ နှစ်ယောက်လုံးက ယခုအချိန်၌ ဆရာသခင် အဆင့်များ ဖြစ်လာကြသည်။
ရန်ချီက ရွှေရောင်ကိုးမျိုး ပြောင်းလဲခြင်း ဆေးကဲ့သို့ ထူးခြားဆန်းကြယ်သော ဆေးအမျိုးမျိုးကို သွေးစုတ်ဖုတ်ကောင် ဓားပြများမှ ရရှိထားခဲ့သည်။ ထိုအရာများက မိုးထိ ခေါင်ခိုက်အောင် တန်ဖိုးကြီးမားသော်လည်း သူက ၎င်းတို့ကို သူ့ အဖေနှင့် အစ်ကိုများကို ပေးခဲ့သည်။ ထိုအရာများကြောင့် သူတို့၏ ကျင့်ကြံခြင်းက အလျင်အမြန် တိုးတက်လာခဲ့လေတော့သည်။
သူတို့က ယခုအချိန်၌ ရန်ကလန်၏ ထိပ်သီး ပုဂ္ဂိုလ်များ ဖြစ်လာကြသည်။
ရန်ကျန့်၌ လေထုဆန်းကြယ် သစ်ပင်၏ စွမ်းအားရှိကာ လေးရာသီ ဓားပညာနှင့် စကြာဝဠာ ကြေးမုံတို့ရှိသည်။ ထိုအရာများကြောင့် သူက သိပ်မကြာခင်မှာပင် လောကအုပ်ချုပ်သူအဆင့်ကို ရောက်ရှိလာနိုင်သည်။ သူက ရန်ကလန်၏ စွမ်းအား အကြီးဆုံးသာမက ယန်ကောင်းကင်၌ပင် စွမ်းအား အကြီးမားဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာသည်။
ဆရာသခင် အဆင့် လေးငါးယောက် စုပေါင်းလျှင်ပင် သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်တော့ချေ။
လက်ရှိတွင် သူက မြို့တော်ဝန်အိမ်တော်၏ ခန်းမအတွင်း၌ အစည်းအဝေးတစ်ခုကို ကျင်းပနေသည်။
ယန်ကောင်းကင်၏ ကီလိုမီတာ ငါးရာအတွင်းမှ ကလန်ခေါင်းဆောင် အများစုက ထိုနေရာတွင် ရှိနေကြသည်။
ချန်ကလန်က သုတ်သင်ခံရကာ ယန်ကလန်ကလည်း တိုက်ထုတ်ခံခဲ့ရသည်။ သို့သော်လည်း ဝူကလန်၊ ဝမ်ကလန်၊ ခန်းကလန်၊ ချွမ်ကလန်နှင့် အခြား အစွမ်းထက် ကလန်များ ကျန်ရှိနေသေးသည်။
"လူကြီးမင်းတို့... တွေ့ရတာ ဝမ်းသာပါတယ်"
ရန်ကျန့်က ပြောလိုက်ရာ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ရန်ကျန့်က ဆရာသခင် အဆင့် အယောက်သုံးဆယ်နှင့် အဆင့်ရှစ် ကျွမ်းကျင်သူ အယောက်တစ်ရာကို ဘယ်က အကူအညီ ရရှိခဲ့မှန်း ဘယ်သူမှ မသိကြချေ။ ထိုအင်အားဖြင့် သူက ယန်ကလန်ကို အနိုင်ရရှိကာ မြို့တော်ဝန်အသစ် တစ်ယောက်ဖြစ်လာခဲ့သည်။ ထိုတိုက်ပွဲ၏ ခမ်းနားကြီးကျယ်မှုကို လက်ရှိ လူများက ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာကြသည်။
ယန်ကူဖုန်းက သူ့ အစစ်အမှန်စွမ်းအင်ကို နှစ်ဆတိုးတက်စေသည့် မယုံကြည်နိုင်ဖွယ် လက်စွပ်ကို ပိုင်ဆိုင်ထားခဲ့သော်လည်း ရန်ကျန့်ကို ရှုံးနိမ့်ခဲ့သည်။
ထိုအချိန်မှစ၍ ရန်ကျန့်က မြို့ထဲ၌ လူ အလေးစားခံရဆုံး လူတစ်ယောက် ဖြစ်လာခဲ့သည်။
အနီးအနားရှိ ကလန်ခေါင်းဆောင်များကို ရန်ကျန့်က ခေါင်းညိတ်ပြလိုက်ကာ ဆက်ပြောသည်။
"ငါတို့တွေက ထူးဆန်းတဲ့ အခြေအနေမှာ ရှိနေကြတယ်... ယန်ကောင်းကင်က ဂုဏ်သရေရှိ ကလန်အားလုံး စည်းစည်းလုံးလုံးနဲ့ လုပ်ရမည့်အချိန် ရောက်လာပြီ... ငါတို့တွေ ဆက်ပြီး အငြင်းပွား မနေသင့်တော့ဘူး... ဒါကြောင့်ပဲ တော်ဝင်နယ်မြေတစ်ခုကို တရားဝင် ထူထောင်ဖို့ ဆုံးဖြတ်လိုက်တယ်... ငါက ဘုရင်တစ်ပါးဖြစ်လာပြီး ဂုဏ်သရေရှိ ကလန်အားလုံးက အဓိက အသက်သွေးကြောနဲ့ မှူးမတ်တွေ ဖြစ်လာလိမ့်မယ်... ယန်ကောင်းကင် ကီလိုမီတာ ငါးရာလုံးကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ သေချာ ဆွေးနွေးဖို့လိုတယ်... လူကြီးမင်းတို့မှာ အကြံဉာဏ် ကောင်းလေးများ ရှိကြလား"
သူ့ စကားများက ငြိမ်သက်နေသော ရေကန်ကို ခဲလုံးကြီး ကျသွားသကဲ့သို့ ဆူညံသွားစေသည်။
"မဖြစ်နိုင်ဘူး" ကလန်ခေါင်းဆောင် တစ်ယောက်က မတ်တပ်ရပ်ကာ ပြောလိုက်သည်။
"မြို့တော်ဝန်ရန်... မင်းက ငါတို့ကို မင်းရဲ့ မှူးမတ်တွေ ဖြစ်စေချင်နေတာလား... ငါတို့ရဲ့ ဘဝတွေကို သေစေရှင်စေ ဆုံးဖြတ်ပေးနိုင်တဲ့ စွမ်းအား မင်းကို ပေးမယ်လို့ တကယ် ထင်နေတာလား"
End
***