ရန်ကျန့်က သူ့ကိုယ်သူ ဘုရင်အဖြစ်သတ်မှတ်ကာ ဂုဏ်ကျက်သရေရှိ ကလန်များကို လက်အောက်ခံများနှင့် မှူးမတ်များအဖြစ် ခန့်အပ်လိုခြင်းကြောင့် သူတို့ မပျော်မရွှင် ဖြစ်သွားခြင်းမှာ အံ့ဩစရာ မဟုတ်ချေ။
ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် ရန်ကလန်က သူတို့ထက် သာလွန်ကြောင်း အသိအမှတ် ပြုလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် ကလန်၏ တပ်အင်အားက ရန်ကလန်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထို့အပြင်ကိုမှ တော်ဝင်နန်းတော်အသစ်က သူတို့ ကလန်များ၏ ဝင်ငွေ၊ သတ်မှတ်ချက်များ၊ ဆေးလုံးများနှင့် အခြားအရာအားလုံးကို ထိန်းချုပ်သွားပေလိမ့်မည်။ သူတို့က နယ်မြေများကို ကြီးကြပ်အုပ်ချုပ်ရန် မင်းမှုထမ်းများအဖြစ်ပင် စေလွှတ်ခံရနိုင်သည်။
အတိတ်ကာလတုန်းက ကလန်များက သူတို့၏ ကိုယ်ပိုင်နယ်မြေများကို ထိန်းချုပ်ကာ သူတို့ အလိုရှိသလို လုပ်ဆောင်နိုင်ကြသည်။ ထိုအချိန်၌ သူတို့က အင်ပါယာတစ်ပါးနှင့်ပင် တူညီသည်။ သို့သော် ယခုတော့ သူတို့ကို တော်ဝင်နန်းတော်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ဖို့အတွက် ပြောဆိုလာခဲ့သည်။
သူတော်စင် ဘိုးဘေးမင်းဆက်က အင်အား နည်းလာကာ ကျဆင်းလာသည်။ ချမ်းသာကြွယ်ဝ တိုက်ရှိ မြို့တော်ဝန်များနှင့် အင်အားကြီး ကလန်များက လွတ်လပ်လာကြသည်။ အချို့မြို့များက ကိုယ်ပိုင် နယ်မြေအဖြစ် သတ်မှတ်လာကြကာ ကိုယ်ပိုင် အုပ်ချုပ်ရေးကို ထူထောင်လာခဲ့ကြသည်။
နောက်ဆုံး၌ ယန်ကောင်းကင်ရှိ ယန်ကလန်ကလည်း အလားတူ ပြုလုပ်လာသည်။
ယန်ကလန်ကလည်း ထိုကဲ့သို့ အရာမျိုးကို ပြုလုပ်ခဲ့သော်လည်း နောက်ဆုံး၌ ရှုံးနိမ့်ကာ မောင်းထုတ်ခံခဲ့ရသည်။
ယခုအခါ ရန်ကလန်ကလည်း တပ်သားစုဆောင်းရေးနှင့် တပ်ဆိုင်ရာ၌ ပါဝင်ဖို့အတွက် အခြား ကလန်များကို မေးမြန်းလာခဲ့သည်။ တရားဝင် ရာထူးအဆင့်အတန်းများ မပါရှိဘဲ နိုင်ငံတစ်နိုင်ငံ ထူထောင်ခြင်း အကြောင်းမျိုးက အနည်းငယ်မျှပင် ရှိသည်။ ကလန်များက ရုံးတော်၏ အမိန့်ကို လိုက်နာရန် သဘောမတူညီပါက မငြိမ်မသက်မှုများနှင့် အကျိုးဆက်များ ဖြစ်လာနိုင်သည်။
အကယ်၍ ထိုအချိန် အခြား စွမ်းအားကြီး အင်အားစုများ ကျူးကျော်လာပါက ဂုဏ်သရေရှိ ကလန်များက အဓိက အားနည်းချက်တစ်ခု ဖြစ်လာနိုင်သည်။
သို့သော်လည်း ကလန်များက အမိန့်အာဏာများကို လိုက်နာကာ မှူးမတ်အရာရှိများအဖြစ် ထမ်းဆောင်ပြီး တိုက်ခိုက်ဖို့ တပ်များ အဆင်သင့် ရှိနေပါက ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာသည်။ ထိုအခါ အသစ်တည်ထောင်လိုက်သည့် ရန်တိုင်းပြည်ကား နဂိုထက် ဆယ်ဆခန့်လောက် ပိုမို အစွမ်းထက်လာပေလိမ့်မည်။
တိုင်းပြည်အသစ် ထူထောင်ခြင်းကား ကံမကောင်းချင်တော့ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ချေ။ စွမ်းအားကြီး ကလန်များကလည်း အလွယ်တကူ အလျော့ပေးဖို့က မဖြစ်နိုင်ပေ။
ကလန်ခေါင်းဆောင်များ အပြင်းအထန် ခုခံကန့်ကွက်တာကိုမြင်တော့ ရန်ကျန့်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ယခုကဲ့သို့ ဖြစ်ပျက်လာမည်မှန်း သူ သိထားခဲ့သည်။ အကယ်၍ ယန်ကူဖုန်းသာ ထိုကဲ့သို့ ကြေညာခဲ့ပါက သူသည်လည်း ထိုနည်းအတိုင်း အပြင်းအထန် ကန့်ကွက် တိုက်ခိုက်ပေလိမ့်မည်။
"မြို့တော်ဝန်ရန်" ကလန်ခေါင်းဆောင် တစ်ယောက်က ပြောလိုက်သည်။
"မင်း မြို့တော်ဝန်အဖြစ် တာဝန်ယူတာကို ငါတို့ လက်ခံပေးနိုင်တယ်... ဒါပေမဲ့ မင်းကိုယ်မင်း ဘုရင်တစ်ပါးလို့ သတ်မှတ်ပြီး ငါတို့ရဲ့ ပစ္စည်းဥစ္စာတွေနဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့တော့ လက်မခံနိုင်ဘူး... ပြီးတော့ မင်း ငါတို့ကို လိုက်နာ ဆောင်ရွက်အောင် လုပ်ဖို့လည်း ခွင့်မပြုနိုင်ဘူး... ဒီကိစ္စ ဒီမှာတင် ရပ်လိုက်တော့... ငါတို့ ကလန်တွေက မင်းတို့ကို အခွန်ပေးနိုင်ပေမယ့် မင်းတို့ရဲ့ တရားဝင် အမှုထမ်းတွေအဖြစ်တော့ မထမ်းဆောင်နိုင်ဘူး... ငါတို့ရဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်တဲ့ စွမ်းအားကို ငါတို့ ဘယ်နည်းနဲ့မှ လုံးဝ မပေးနိုင်ဘူး"
"အမှန်ပဲ... မြို့တော်ဝန် ရန်မင်းသားက အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ တက်ရောက်နေသလို ငါတို့ ဘိုင်ကလန်ကလည်း နဂါးဖြူ အိမ်တော်ရဲ့ နောက်ခံ ရှိတယ်... အကယ်၍ မင်း ကိစ္စတွေကို ခက်ခဲအောင် လုပ်ချင်တာဆိုရင် မင်း သေဖို့လမ်းကို မင်း ရှာသလို ဖြစ်သွားလိမ့်မယ်"
"အတိအကျပဲ... တကယ်လို့ မင်းက ကိုယ်ပိုင်တိုင်းပြည် ထူထောင်တာ လိုချင်ရင် ငါတို့တွေက ရန်သူဖြစ်ပြီပဲ... မင်းကို မြို့တော်ဝန်အဖြစ် ခန့်အပ်တာ ဘာလို့ ထင်နေလို့လဲ"
"ရန်ကလန်မှာသာ ဒီလို အစီအစဉ် မျိုးဆက်လုပ်ဖို့ စီစဉ်နေရင် ငါတို့ ဘာမှ မလုပ်ပေးနိုင်ဘူး... မင်းတို့ ယန်ကလန်ကို မောင်းထုတ်နိုင်လို့ ငါတို့ မင်းကို ကြောက်နေမယ်လို့ ထင်မနေနဲ့"
"ဘာပဲဖြစ်ဖြစ် ရန်ကလန်ကို ငါတို့ ဒီထက် အင်အားကြီးခွင့် မပေးနိုင်တော့ဘူး... တိုင်းပြည် ထူထောင်ချင်နေသေးတယ်... တကယ်ကြီးလား..."
ကလန်ခေါင်းဆောင်များက တစ်ချိန်တည်း ပြောလာသော်နှင့်အမျှ သူတို့၏ ဆန့်ကျင်မှုက အားကောင်းလာသည်။
တကယ်တော့ စွမ်းအားပညာဆရာသခင်များ ဖြစ်ကြသည့် ဝါရင့်အကြီးအကဲအချို့က အစစ်အမှန် စွမ်းအင်များကို တိတ်တဆိတ် လှည့်ပတ်ကာ တိုက်ခိုက်ဖို့ အသင့်ပြင်လာကြသည်။
ရန်ယွမ်ကျုံးနှင့် ရန်ဟွာလုံတို့ နှစ်ယောက်က ချွေးစေးများပင် ကျလာခဲ့ကြသည်။
သူတို့ ယန်ကလန်ကို တိုက်ခိုက်စဉ်က သူတို့ဘက်၌ ဆရာသခင် အဆင့် အယောက် သုံးဆယ်ကျော်နှင့် အဆင့်ရှစ် ကျွမ်းကျင်သူ အယောက်တစ်ရာကျော် ပါဝင်ခဲ့သည်။ ယွမ်တိုင်းပြည်၏ နယ်မြေကျူးကျော်မှု ရပ်တန့်သွားသောအခါ သူတို့က အိမ်ကို ပြန်သွားခဲ့ကြသည်။ အကယ်၍ ဂုဏ်သရေရှိ ကလန်များက အင်အားပူးပေါင်းပြီး တိုက်ခိုက်လာပါက သူတို့အနေဖြင့် ပြန်လည် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။
"ကောင်းပြီလေ... မင်းတို့ ဘာဖြစ်ချင်နေတာလဲ" ရန်ကျန့်က အေးစက်စွာ ပြောလိုက်သည်။ "မင်းတို့က ဒီအတိုင်းပဲ ဆက်နေချင်လို့လား... တကယ်လို့ အခြားလူတွေသာ ကျူးကျော်လာရင် ငါတို့ အားလုံး သေသွားလိမ့်မယ်... ငါတို့ ဘိုးဘေး အမွေအနှစ်တွေ ပျက်စီးကုန်လိမ့်မယ်"
အကြီးအကဲ တစ်ယောက်က မတ်တပ်ရပ်ကာ ပြောလိုက်သည်။
"တကယ်လို့ ကျူးကျော်မှုတစ်ခုရှိလာရင် ငါတို့ အင်အားပေါင်းပြီး တိုက်ခိုက်မယ်... ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံ ထူထောင်တယ်ဆိုတာ ငါတို့ စွမ်းအားတွေကို ဖယ်ရှားပစ်လိုက်သလိုပဲ... အဲဒီအစား အသေသာခံလိုက်မယ်... ဒီလို အစီအစဉ်မျိုးကိုတော့ ငါတို့ လက်မခံနိုင်ဘူး"
ခန်းမထဲ၌ အငြင်းပွားမှုများ ပိုမို များပြားလာစဉ် မြို့တော်ဝန်အိမ်တော် အပြင်ဘက်၌ လေတိုးသံများကို သူတို့ ကြားလိုက်ရသည်။
ကလန်ခေါင်းဆောင်များနှင့် အကြီးအကဲများက တုန်လှုပ်သွားကာ အပြင်သို့ ပြေးထွက်သွားကြသည်တွင် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားပြီး အနက်ရောင် မျက်နှာဖုံးများ အုပ်ထားသည့် လူတစ်စုကို တွေ့လိုက်ကြသည်။
သူတို့ အားလုံးက ဆရာသခင် အဆင့်များ ဖြစ်ကြသည်။ သူတို့က ကလန်ခေါင်းဆောင်များ၊ အကြီးအကဲများကို ကြည့်သည့် ပုံစံက တောသားများအဖြစ် သတ်မှတ်ယူထားကြသည့် ပုံပေါ်သည်။
သူတို့က သူတော်စင် ဘိုးဘေးမင်းဆက်၏ မြို့တော်မှ ဖြစ်လေရာ ယန်ကောင်းကင်နှင့် နှိုင်းယှဉ်လို့ မရချေ။
နောက်ဆုံး သူတို့အကြည့်က ရန်ကျန့်ထံ ရောက်သွားသောအခါ သူတို့၏ မျက်လုံးများ၌ လေးစားမှုများကို သိသိသာသာ မြင်ကြရသည်။
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက်က မျက်နှာဖုံးချွတ်ကာ ရှေ့ထွက်လာရင်း ပြောလိုက်သည်။
"မြို့တော်ဝန်ရန်... ငါ့ကို နှုတ်ဆက်ခွင့် ပြုပါ"
ရန်ကျန့်က ထိုလူကို မှတ်မိသွားသည်။ သူက ယွမ်ပြည်ထောင်နှင့် ယန်ကလန်ကို ရင်ဆိုင်ဖို့ အကူအညီအဖြစ် လွှတ်လိုက်သော ဟွာကလန်၏ ဆရာသခင် အဆင့်များမှ တစ်ယောက် ဖြစ်သည်။
"ဒါက ဝိညာဉ်ဖမ်းသူ ရွှေကျောက်တုံး လူကြီးမင်း ဟွာကန်း မဟုတ်လား" သူက ပြောလိုက်သည်။
ဟွာကလန်က မြို့တော်၌ အာဏာ တော်တော်လေးကြီးမားကာ ထိုကလန်၏ လူငယ်ခေါင်းဆောင် ဟွာရင်းဟူက ရန်ချီ၏ သွေးသောက်ညီအစ်ကို ဖြစ်သည်။ သူက ထိုကလန်၏ အမှုထမ်း တစ်ယောက်မျှသာဖြစ်သည်။ သို့သော်လည်း သူက အဆင့်အတန်း ရှိကာ ဆရာသခင် အဆင့် တစ်ယောက် ဖြစ်သည်။
"လူကြီးမင်း ဟွာကန်း... ဒီနေ့ ရောက်လာတာ ဘာကိစ္စများ ရှိလို့လဲ" ရန်ကျန့်က အနည်းငယ် အံ့အားသင့်နေကာ မေးမြန်းလိုက်သည်။
"ဘာလို့လဲ ဆိုတော့ မြို့တော်ဝန်ရန်ကို ဂုဏ်လာပြုတာပါ"
ထို့နောက် သူနှင့် အတူပါလာသော ဆရာသခင် အဆင့်များနှင့် အတူ ခါးကိုင်းကာ အရိုအသေ ပေးလိုက်သည်။
ရန်ကျန့်က မူးနောက်နောက်ပင် ဖြစ်သွားကာ ပြောလိုက်သည်။
"ကျေး... ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့... ငါက ဘယ်လိုလုပ် ဒီလို အရိုအသေ ပေးတာကို ခံယူနိုင်မှာလဲ"
ထိုသူများက မြို့တော်မှဖြစ်ကာ အဘယ်ကြောင့် ယခုလို ရိုသေနေသနည်းဟု စိတ်ရှုပ်ထွေးနေမိသည်။
ရန်ကျန့်က ပြန်ဦးညွှတ်ဖို့ ပြင်လိုက်သောအခါ ဟွာကန်းက တားဆီးဖို့ အလျင်အမြန် ရှေ့တိုးလိုက်သည်။
"ဖခင်တစ်ဦးက သားတစ်ယောက်ရဲ့ အောင်မြင်မှုကြောင့် ဂုဏ်ကျက်သရေ ရှိလာခြင်းက သဘာဝပဲလေ" သူက ပြောလိုက်သည်။
"လွန်ခဲ့တဲ့လက သင်သား ရန်ချီက လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်သွားပြီးတော့ ကုန်းမြေတိုက်ကြီးရဲ့ အစွမ်းထက်တဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့တယ်... ပြီးတော့ အင်မော်တယ်ခြေနင်း ကျောင်းတော်က သူ့အောင်မြင်မှုကို အသိအမှတ်ပြုပြီး စစ်ဆေး စမ်းသပ်ပြီးတဲ့ နောက် သူက လက်ရွေးစင် ကျောင်းသားတစ်ယောက် ဖြစ်သွားခဲ့တယ်... ငါတို့ ကလန်က သခင်လေး ဟွာရင်းဟူက ရန်ချီရဲ့ သွေးသောက်ညီအစ်ကိုပဲလေ... သူက ငါတို့ကို ဒီသတင်း လာပို့ခိုင်းတာပဲ"
"ဘာ" ရန်ကျန့်က ပြောလိုက်သည်။ သူက စိတ်လှုပ်ရှားမှုကြောင့် ဒူးပင် တုန်လာသည်။
"မင်း ဘာပြောလိုက်တာ... ချီအာက လောကအုပ်ချုပ်သူဖြစ်ပြီးတော့ လက်ရွေးစင် ကျောင်းသား ဖြစ်သွားပြီ ဟုတ်လား"
ရန်ချီက ကံကောင်းမှုကြီး ကြုံတွေ့ကာ သူ့ထက် ကျင့်ကြံခြင်း၌ သာလွန်သွားကြောင်း အရင်ကတည်းက သိထားသော်လည်း ထိုသတင်းကောင်းကြောင့် သူက တုန်လှုပ်ကာ စိတ်လှုပ်ရှားမှုကိုပင် မဖုံးကွယ်ထားနိုင်ချေ။
ရောက်ရှိနေကြသည့် ကလန်ခေါင်းဆောင်များနှင့် အကြီးအကဲများက မိုးကြိုးပစ်ချသလို ခံစားလိုက်ရသည်။
"ဘာ... လောကအုပ်ချုပ်သူ လက်ရွေးစင် ကျောင်းသား" လူတိုင်းက စဉ်းစားလိုက်ကြသည်။
သူတို့က အင်မော်တယ်ခြေနင်း ကျောင်းတော်မှ လက်ရွေးစင်ကျောင်းသားဆိုသည့် အဓိပ္ပာယ်ကို မသိတာ ဖြစ်နိုင်သော်လည်း လောကအုပ်ချုပ်သူ အဆင့်ကိုတော့ သူတို့ ကောင်းစွာ သိကြသည်။ လောကအုပ်ချုပ်သူများက နတ်ဘုရားလို ပုဂ္ဂိုလ်မျိုးဖြစ်ကာ ထိုကဲ့သို့ လူမျိုးကို မဆန့်ကျင်နိုင်မှန်းတော့ သူတို့ သိထားကြသည်။ လောကအုပ်ချုပ်သူများက မြို့များကို ဖျက်ဆီးကာ ရန်သူတပ် တစ်စုလုံးကိုပင် သတ်ဖြတ်နိုင်သည်။
"အဲဒါက အမှန်ပဲ" ဟွာကန်းက ဆက်ပြောလိုက်သည်။
"သိပ်မကြာခင်ပဲ သူတော်စင် ဘိုးဘေးမင်းဆက်က ဒီကိစ္စကိုကြားပြီး တရားဝင် ကြေညာလိမ့်မယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ကလန်က သတင်းကြိုပို့ဖို့ ဒီကို ရောက်လာတာပဲ" သူ နောက်က လူများကို လက်ပြကာ ဆက်ပြောလိုက်ပြန်သည်။
"ငါတို့ အုပ်စုက ဟွာ၊ လီ၊ ဟီ၊ လျန့် ကလန်တွေကို ကိုယ်စားပြုတယ်... ငါတို့က ဂုဏ်ပြုစာတမ်း သာမက လက်ဆောင် အနည်းငယ် ယူလာခဲ့တယ်... အစ်ကို ရန်ကျန့်... ကျေးဇူးပြုပြီး ဒါတွေကို လက်ခံပေးပါ... အိုး နောက်တစ်ခု ကျန်သေးတယ်... ငါတို့ သက်ဆိုင်ရာ ကလန်ခေါင်းဆောင်တွေက ငါတို့ ရောက်နေချိန် သင့်ရဲ့ အမိန့်တွေကို နာခံဖို့ မှာလိုက်သေးတယ်"
"အမှန်ပဲ" အခြား ဝတ်စုံနက်ဝတ် လူတစ်ယောက်က ပြောလိုက်သည်။
"သခင်လေး ရန်ချီက ငါတို့ ကလန်က သခင်လေးတွေကို အများကြီး ကူညီပေးခဲ့တယ်... သူတို့ လောကအုပ်ချုပ်သူဖြစ်လာဖို့တောင် မျှော်လင့်လို့ ရနေပြီ... တကယ်လို့ ဒီကိစ္စသာ အောင်မြင်သွားရင် ငါတို့ ကလန်တွေက ရန်ကလန်ကို အကြွေးကြီး တင်သွားပြီပဲ... ဒါကြောင့် သင်က လန်ဒီနယ်မြေမှာ အုပ်ချုပ်နိုင်ဖို့အတွက် ငါတို့ အစွမ်းကုန် ကူညီပေးမယ်"
"ကောင်းကင်က ငါတို့ ရန်ကလန်ကို ကောင်းချီးပေးတာပဲ" ရန်ကျန့်က ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဝမ်ကလန်ခေါင်းဆောင်က ရှေ့ထွက်ပြီး ဒူးတစ်ဖက်ထောက်ကာ ရန်ကျန့်ကို အရိုအသေ ပေးလိုက်သည်။
"ဝမ်ကလန်က အသင့်နောက်ကိုလိုက်ပြီး တိုင်းပြည်အသစ်ကို ထူထောင်ဖို့ လိုလားပါတယ်"
"သေစမ်း... ကလန်ခေါင်းဆောင် ဝမ်ရဲ့ အပြုအမူက ချက်ချင်းကြီး ပြောင်းသွားပါလား... ဘယ်သူက ဒီလိုဖြစ်မယ်လို့ ကြိုမြင်နိုင်မှာလဲ"
အခြား ကလန်ခေါင်းဆောင်များနှင့် အကြီးအကဲများက စဉ်းစားလာခဲ့သည်။ ယခုအချိန်၌ ရန်ကျန့် လက်အောက်မခံပါက သူတို့အတွက် ပျက်စီးခြင်းသာ ဖြစ်လာမှာကို သိလာကြသည်။ ဝမ်ကလန်ခေါင်းဆောင်က သူတို့ရှေ့မှ လမ်းပြခဲ့သည်။ ထို့ကြောင့် သူတို့က မဆိုင်းမတွ ဒူးထောက်လိုက်ကြသည်။
လွန်ခဲ့သည့် အချိန်က သူတို့က ရန်ကျန့်ကို ဆန့်ကျင်ခဲ့သော်လည်း ယခုတော့ နူးညံ့စွာ ဆက်ဆံနေကြသည်။
ထိုအရာက ရန်ချီ လောကအုပ်ချုပ်သူ ဖြစ်သွားခြင်းဆိုသည့် သတင်းကြောင့်ပင်။
အမှန်စင်စစ် လောကအုပ်ချုပ်သူများက သူတို့ ကလန်ကို ဖုန်မှုန့်တစ်ခုကဲ့သို့ အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။
အချို့ ဆရာသခင် အဆင့်များ နှစ်တစ်ရာတိုင် ခက်ခက်ခဲခဲ ကျင့်ကြံသော်လည်း ထိုအဆင့်ကို မရောက်ရှိနိုင်ကြချေ။
"သိပ်ကောင်းတယ် လူကြီးမင်းတို့" ရန်ကျန့်က ပြောလိုက်သည်။
"မင်းတို့ ငါ့ကို ဘုရင်အဖြစ် သတ်မှတ်တာကို ငါ သဘောတူတယ်... မင်းတို့ ဒီမှာ ရှိတုန်း အဖွဲ့အစည်းနဲ့ တပ်အရာရှိ ကိစ္စတွေ၊ ဖွဲ့စည်းပုံတွေ၊ ဥပဒေ၊ မြေယာပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြရအောင်"
လွန်ခဲ့သည့် လက နွေရာသီကို ရောက်ရှိလာကာ ကုန်းမြေက ပူပြင်းလာသည်။ ရန်ချီက သူ့ ဗိမာန်အမိုးထက်၌ ရပ်ကာ နွေးထွေးသော လေပြေများကို ခံစားနေသည်။ သူ့ လက်ထဲ၌ လွန်ခဲ့သည့် လတွင် ယန်ကောင်းကင်မှ အဖြစ်အပျက်များကို အသေးစိတ် ရေးသားထားသည့် သူ့အဖေ၏ စာကို ကိုင်ထားသည်။ ရန်ကျန့်က သူ့ကိုယ်သူ ရှင်ဘုရင်တစ်ပါးအဖြစ် ကြေညာကာ ကလန်များကို သူ့ ခေါင်းဆောင်မှုအောက်သို့ စည်းရုံးနိုင်ခဲ့သည်။
ယန်ကောင်းကင်၏ ကီလိုမီတာ ငါးရာအတွင်းရှိ အမျိုးမျိုးသော မြို့များ၊ မြို့ငယ်များ၊ ကျေးလက် ရွာငယ်များကို သူ ချုပ်ကိုင်ထားခဲ့သည်။
စာထဲ၌ ရန်ကျန့်ကာလ အနည်းငယ်အတွင်း တိုင်းပြည်တစ်ခု ထူထောင်ကြောင်း တရားဝင် ကြေညာမည့်အကြောင်းနှင့် ထိုတိုင်းပြည်နာမည်ကို ဘယ်လို ပေးသင့်ကြောင်း ရန်ချီအမြင်ကို မေးထားသည်။
စာ၏ အဆုံး၌ ရန်ချီအမေနှင့် ပတ်သက်သော အလွန်အရေးကြီးသည့် ကိစ္စရပ်များကို ရန်ကျန့်က ကတိပေးထားသည့်အတိုင်း ပြောပြခဲ့သည်။
'ချီအာ... မင်း သိတဲ့အတိုင်းပဲ... မင်းအမေက နတ်ဆိုးမျိုးနွယ်စုရဲ့ မြင့်မြတ်ကုန်းမြေ ဖြစ်တဲ့ ကြိုးပေးတောင်တန်းကနေ လာခဲ့တာပဲ... အဲဒီ တောင်တန်းက မိုးကောင်းကင်ကို ကျော်လွန်တဲ့ ထူးခြားဆန်းကြယ်တဲ့ နတ်ဘုရားနေရာ တစ်ခုပဲ... မင်းအမေက သာမန်လူတစ်ယောက် မဟုတ်ဘူး... သူမက နတ်ဆိုးမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ သမီးတော်တစ်ပါးပဲ... အမှန်တိုင်း ပြောရရင် ငါတောင် နာမည်အရင်းကို မသိဘူး... သူမရဲ့ ချစ်စနိုးနဲ့ ခေါ်တဲ့ နာမည် ဂရင်းဆူဒါ (အစိမ်းရောင် အရွက်တစ်မျိုး) ဆိုတာပဲ သိတယ်... သူမရဲ့ ကံကြမ္မာက ငါနဲ့ ဆက်နွယ်နေခဲ့တယ်... ငါတို့ဆီက သူမ မထွက်သွားခင် ညမှာ သူမ ပြောခဲ့တာကို ငါ လုံးဝ မမေ့ဘူး... နှစ်ပေါင်းများစွာ ကြာတဲ့အထိ ငါတို့ ပြန်မတွေ့နိုင်တော့ဘူးလို့ ထင်ထားခဲ့တာ... ဒါပေမဲ့ မင်းလို သားရတနာကြောင့် ငါ မျှော်လင့်နိုင်ပါသေးတယ်...'
End
***