ရန်ချီ အပြင်သို့ ထွက်လိုက်သည်နှင့် သူ့အပေါ် ရန်လိုစွာ စိုက်ကြည့်နေသည့် အကြည့်များကို ချက်ချင်း အာရုံခံမိလိုက်၏။
‘တော်ဝင်အိမ်ရှေ့စံ အဖွဲ့ဘဲနေမယ်… သူတို့ ငါ့ကို သားကောင် ချောင်းသလို ချောင်းနေကြတာပဲ’
ထို့အပြင် သူတို့ထဲမှ တစ်ယောက်၏ အကြည့်မှာ မီးကဲ့သို့ ပူပြင်းကာ အင်မော်တယ်ကိုပင် သုတ်သင်နိုင်စွမ်း ရှိပုံရသည်။
ဂူဖန်းရှန်းတစ်ယောက် ထိုကိစ္စကို အလျှော့မပေးဘဲ လက်စားချေချင်နေကြောင်း သိသာလွန်းလှ၏။
ဂူဖန်းရှန်းမှာ ဂုဏ်သရေရှိ ကလန်ကြီးများမှ ဆင်းသက်လာသူ ဖြစ်သဖြင့် စိတ်သဘောထား ကျဉ်းမြောင်းကာ အထက်စီး ဆန်တတ်သည်။ သူ့ကလန်က အင်ပါယာအဆင့် စွမ်းအင်ပညာရပ် တစ်ခုကို ပိုင်ဆိုင်ထားလေရာ ဒဏ္ဍာရီအဆင့်များစွာ မွေးထုတ်ပေးနိုင်ခဲ့ပေသည်။ ထို့ပြင် ကလန်ကို တည်ထောင်ခဲ့သူမှာ မဟာသူတော်စင် တစ်ယောက်လည်း ဖြစ်နေပြန်၏။ ထို့ကြောင့်ပင် ဂူဖန်းရှန်းက သူ့ကိုယ်သူ အခြားလူများထက် သာလွန်သည်ဟု အမြဲ တွေးထင်နေခဲ့ပြီး လူတိုင်းက သူ့ထံမှ အသိအမှတ်ပြုခံရဖို့ ကိစ္စရပ်အားလုံးကို လိုက်လျော သဘောတူလေ့ ရှိကြသည်။
သူ့အနေဖြင့် သူတော်စင်သင်ကြားရေး အကယ်ဒမီ၌ ရှုံးနိမ့်ခဲ့သည့် အရှုံးအတွက် ဘယ်လောက်တောင် ကိုယ်တိုင် ကလဲ့စား ချေချင်နေလိုက်မည့် ဖြစ်ခြင်း။
ရန်ချီ၏ စိတ်အတွင်း သံသယ မဖြစ်သော်လည်း အပြည့်အဝ သတိထားနေလိုက်သည်။
သူ လက်ရွေးစင် ကျောင်းသားဖြစ်လာသည့် နှစ်လလုံး တော်ဝင်အိမ်ရှေ့စံ အဖွဲ့က သူ့ကို တစ်စုံတစ်ခု အကောက်ကြံဖို့ ကြံစည်နေသဖြင့် သူလည်း တစ်ချိန်လုံး အင်မော်တယ်ခြေနင်း ကျောင်းတော်မှ မခွာဘဲ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ ထိုအစား မှော်အစီအရင် သင်ယူခြင်း အပေါ်၌သာ အာရုံစိုက်ထားခဲ့၏။ ထိုနည်းဖြင့် တော်ဝင်အိမ်ရှေ့စံ အဖွဲ့နှင့် ထိပ်တိုက် ရင်ဆိုင်မည့်အချိန်ကို စောင့်ကာ သူ အမှန်တကယ် ဘယ်လောက် သန်မာကြောင်း ပြသဖို့ အဆင်သင့် ပြင်ထားလိုက်သည်။
ယခုအချိန်၌ သူ လက်ရွေးစင် ကျောင်းသား နယ်မြေအတွင်း ရှိနေပြီဖြစ်ရာ နောက်ဆုံးတွင် သူ့စွမ်းအင်ပညာရပ်နှင့် ကျင့်ကြံမှု အခြေခံ အစစ်အမှန်အဆင့်ကို ထုတ်ဖော်ပြသ လာနိုင်တော့မည်။
လက်ရွေးစင် ကျောင်းသားများ သီးခြားနေထိုင်ခြင်းမှာ နှစ်ရှည်လများ တည်တံ့ခဲ့သည့် အစဉ်အလာတစ်ခုလို ဖြစ်နေပေသည်။ သူတို့က လျှို့ဝှက်ချက်များကို သိမ်းဆည်းထားနိုင်ကြပြီး ကျောင်းတော်ရှိ အကြီးအကဲများ၊ ပါမောက္ခများပင် ထိုအရာများကို စုံစမ်းစစ်ဆေးခွင့် မရှိကြချေ။
လက်ရွေးစင် ကျောင်းသားများအဖြစ် အချိန်ကြာကြာ ဆက်လက် ရှိနေကြသူများက လျှို့ဝှက်ချက်များ ပိုမို ထိန်းသိမ်းထားကြလေ့ ရှိသည်။
ရန်ချီက သူ့နေရာ တည်ငြိမ်စေဖို့ လေးငါးနှစ်မျှ အတတ်နိုင်ဆုံး စောင့်ဆိုင်းရန် မျှော်လင့်ထားခဲ့သည်။ ထိုအချိန်သို့ ရောက်ရှိပါက သူ နောက်ဆုတ်စရာ မလိုအပ်တော့ပြီ။
‘ဟမ့်… ယွမ်ဟိုက်လန်… မင်းနောက်မှာသာ တော်ဝင်အိမ်ရှေ့စံ အဖွဲ့မရှိရင် မင်းနဲ့ ထိုက်တန်တာ ငါမင်းကို ပေးပြီးပြီ… တစ်နေ့ကျရင် ငါ့ရဲ့ ပညာရှင်ဧကရာဇ် အဖွဲ့အစည်းက တော်ဝင်အိမ်ရှေ့စံ အဖွဲ့ထက် သာလွန်သွားမှာပဲ… အဲဒီအချိန်ကျရင် မင်းကြိုးစားပမ်းစား စုဆောင်းထားတဲ့ စွမ်းအားက ဟာသတစ်ခုပဲ ဆိုတာကို မင်းတွေ့ရမယ်… မင်းဘယ်လောက်ပဲ ငါ့ကို တောင်းပန် တောင်းပန် မင်းကိုငါ လုံးဝ နောက်တစ်ကြိမ် အခွင့်အရေး ပေးမှာ မဟုတ်ဘူး… ဘာမျှော်လင့်ချက်မှ မရှိစေရဘူး’
ရန်ချီက အပြင်စည်း ကျောင်းသား နယ်မြေသို့ သွားနေစဉ် သူ့နောက်ကို နောက်ယောင်ခံ လိုက်မလိုက် အာရုံစိုက်ထားခဲ့သည်။
သူ့စွမ်းအင် ပညာရပ်နှင့် ကျင့်ကြံမှု အဆင့်အတန်းအရ တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေလျှင်ပင် ချက်ချင်း သတိထားမိနိုင်ပေသည်။ အကယ်၍ သူ့ကို စောင့်ကြည့်နေသူများ ပုန်းအောင်းနေလျှင်ပင် သူတို့၏ အကြည့်များကို သိနိုင်၏။
အမှန်စင်စစ် ဂူဖန်းရှန်းနှင့် သူ့သူငယ်ချင်းများမှာ စွမ်းအင်ပညာအရ ရန်ချီ၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။ သူတို့အားလုံးက လောကအုပ်ချုပ်သူများ ဖြစ်ကြသော်လည်း ရန်ချီက သူတို့ထက် အများကြီး ပိုမို အစွမ်းထက်သည်။ ထို့ကြောင့် သူ့အား စောင့်ကြည့်နေသူများကို သတိထားမိခြင်းမှာ ပုံမှန်ပင် ဖြစ်၏။
သို့သော် ရန်ချီ၏ ထောက်လှမ်းတွေ့ရှိခြင်းကို ဂူဖန်းရှန်းတို့ လုံးဝ သတိမထားမိကြချေ။ ရန်ချီက သူတို့လှုပ်ရှားမှုများကို သိရှိရုံမက ဂူဖန်းရှန်း ဘယ်နေရာမှာ ရှိပြီး သူတို့ ဘာတွေ ပြောနေသည်ကိုပင် အတိအကျ ကြားနိုင်သည်။
သူတို့ သူ့နောက် လိုက်မလာကြောင်း အတည်ပြုပြီးနောက် ရန်ချီက လီဟီနှင့် အခြားလူများ ကျင့်ကြံနေသည့် အခန်းထဲ ဝင်သွားခဲ့သည်။
နှစ်လကြာပြီးသည့်နောက် သူတို့လေးယောက်မှာလည်း သိသိသာသာပင် တိုးတက်လာခဲ့ကြ လေပြီ။
သူတို့အခန်းအတွင်း စိတ်ဝိညာဉ် ဆေးလုံးများ၊ ဆေးကျိုအိုးများနှင့် အခြား အထောက်အပံ့ ပစ္စည်းမျိုးစုံ ရှိနေသည်။ ထိုအရာများက ကျောင်းတော်မှ ထောက်ပံ့ပေးထားခြင်း မဟုတ်ဘဲ သူတို့ကလန်မှ ပေးထားသည့် တန်ဖိုးကြီး ရတနာများသာ ဖြစ်ကြ၏။
သူတို့လေးယောက် ကလန်ကိုပြန်သွားတုန်းက ကလန်မှ စီနီယာများ၏ စစ်ဆေးမှုကို ခံခဲ့ကြရသည်။ သူတို့၏ တိုးတက်မှုအရ သူတို့ကလန်များက ယခုအခါ သူတို့ လောကအုပ်ချုပ်သူ အဆင့် ရောက်နိုင်ကြောင်း နက်နက်ရှိုင်းရှိုင်း ယုံကြည်နေကြတော့သည်။
သူတို့ကလန်မှ ခေါင်းဆောင်များက အရူးအမူး မဖြစ်ကြသည့်တိုင်အောင် တတ်နိုင်သမျှ တက်သစ်စ ကြယ်ပွင့်များကို ပျိုးထောင်ပေးပါလိမ့်မည်။
အမှန်တော့ ရန်ချီ လောကအုပ်ချုပ်သူဖြစ်ကာ လက်ရွေးစင်ကျောင်းသား ဖြစ်သွားကြောင်း သူ့သူငယ်ချင်းများ၏ ကလန်သို့ သတင်းပျံ့သွားသောအခါ သူတို့က သူ့အဖေထံ ချစ်ကြည်မှု အချို့ ပြလာခဲ့ကြသည်။
သူ့အဖေ၏ စာထဲမှာလည်း လီဟီနှင့် အခြားသူများကို ကျေးဇူးတင်ကြောင်း ပြောဖို့ မှာထားခဲ့သေး၏။
ထိုအချက်အရ သူတို့၏ အမျိုးမျိုးသော ဆက်နွှယ်မှုကြောင့် သူတို့အားလုံးအတွက် အပြန်အလှန် အကျိုးရှိစေခဲ့သည်။
ထိုအရာကြောင့်ပင် ရန်ချီက ဧကရာဇ်များ၏ တာအိုစွမ်းအင် အစီအရင်နှင့် ပတ်သက်၍ အလွန်ကြိုးစားကာ လေ့လာခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူ့သူငယ်ချင်းများ ကျင့်ကြံခြင်းမှာ အနည်းငယ် တိုးတက်အောင်မြင်လာလျှင်ပင် သူတို့မဟာမိတ်အတွက် ပိုမို သန်မာလာစေလိမ့်မည်။ သူတို့အဖွဲ့၌ လက်ရွေးစင် ကျောင်းသားငါးယောက် ပါဝင်နေပါက တော်ဝင်အိမ်ရှေ့စံ အဖွဲ့၊ သုခမိန် အဖွဲ့အစည်းနှင့် နတ်ဘုရားစွမ်းရည် အဖွဲ့အစည်းနှင့် မယှဉ်နိုင်သော်လည်း အနည်းဆုံးတော့ ထိုအဖွဲ့အစည်းများက သူတို့ကို ပြဿနာ ရှာနိုင်တော့မည် မဟုတ်ချေ။
သူ အခန်းထဲသို့ ဝင်ရောက်သွားသည်နှင့် သူ့တိုးတက်မှုကြောင့် သူငယ်ချင်းများပင် မျက်လုံး ပြူးသွားကြရသည်။
"ပြီးခဲ့တဲ့ နှစ်လမှာ မင်းဘယ်လောက်တောင် တိုးတက်လာတာလဲ ရန်ချီ" လီဟီက မေးလိုက်သည်။
"ငါ ဧကရာဇ်များရဲ့ တာအိုစွမ်းအင် အစီအရင်ကို တည်ဆောက်လို့ ပြီးသွားပြီ … အဲဒါက အခု ငါ့ရဲ့ ပင်လယ်နှလုံးသား လက်စွပ်ထဲမှာရှိတယ်… ငါအဲဒါကို အပြင်ထုတ်လိုက်မယ်… မင်းတို့လေးယောက် စမ်းကြည့်လိုက်ကြ… လက်ရွေးစင် ကျောင်းသား နယ်မြေကဟာနဲ့ ဘယ်လောက်တူလဲ ကြည့်ရအောင်… ပြီးရင်တော့ အဲဒါက ယန်ကောင်းကင်က ငါ့အဖေနဲ့ အစ်ကိုတွေကို ကူညီနိုင်ပြီး ကလန်က ပါရမီရှိတဲ့ လူငယ်တွေကို ကူညီနိုင်မယ်လို့ မျှော်လင့်တာပဲ"
ထို့နောက် ရန်ချီက လက်ဝှေ့ယမ်းလိုက်ရာ မှော်အစီအရင်က အခန်းထဲမှာ ထွက်ပေါ်လာတော့သည်။ လေထဲ၌ နို့နှစ်ရောင်ကဲ့သို့ သန့်စင်သော စိတ်ဝိညာဉ် စွမ်းအားများ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် သူ့သူငယ်ချင်း လေးယောက်ထဲ စီးဝင်သွားသည်။
ဧကရာဇ်များ တာအိုစွမ်းအင်များက စွမ်းအင်များနှင့်အတူ သူတို့၏ စိတ်ဝိညာဉ်နှင့် နှလုံးသားကို သန့်စင်ပေးနေ၏။
"ဒါ တကယ်ကြီး ဧကရာဇ်များရဲ့ တာအို မှော်အစီအရင်ပဲ"
လျန်တုန် အံ့အားသင့်သွားရသည်။ "ဒါကို ဘယ်လို လုပ်လိုက်တာလဲ ရန်ချီ… ကျောင်းသား အများစုက ဒါကိုလုပ်ဖို့ ကြိုးစားကြပေမယ့် တစ်ယောက်မှ မအောင်မြင်ခဲ့ဘူး… ဒါကိုလုပ်ဖို့ မြေအောက်က သန့်စင်တဲ့ စိတ်ဝိညာဉ် စွမ်းအားတွေ လိုတယ်… အဲဒီပစ္စည်းက တော်တော်လေး အရိုင်းဆန်ပြီးတော့ စွမ်းအား ပြင်းထန်လွန်းတယ်… လောကအုပ်ချုပ်သူ အဆင့်လေးတောင် ဒီလိုမလုပ်နိုင်ဘူး… ဒါပေမယ့် မင်းလုပ်နိုင်ခဲ့တာလား"
ရန်ချီ၏ တစ်ခုတည်းသော ရှင်းပြချက်မှာ လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလိုက်ခြင်းပင်။ ငရဲချေမှုန်း နတ်ဆင်စွမ်းအားကြောင့် သူက ကမ္ဘာမြေကြီးကို ထိန်းချုပ်နိုင်လေရာ ထိပ်သီးဆရာသခင်များပင် ထိုကဲ့သို့ မပြုလုပ်နိုင်ကြချေ။
"ဒါက အရေးမကြီးပါဘူး" သူက ပြောလိုက်သည်။ "လာ… စပြီး ကျင့်ကြံကြတော့… ငါကူညီပေးမယ်… ပြောလို့ရတာ မဟုတ်ဘူး... လျန်တုန်ကို အခုတောင် လောကအုပ်ချုပ် အဆင့်ရောက်အောင် လုပ်ပေးနိုင်ချင် လုပ်ပေးနိုင်သွားလိမ့်မယ်"
"လုပ်လိုက်ကြရအောင်"
သူတို့လည်း ကြက်ခြေခတ် ထိုင်ကာ စတင် လုပ်ဆောင်ကြတော့သည်။
ရန်ချီက အလယ်၌ထိုင်ကာ သူ့လက်ကို လေထဲ ဝှေ့ယမ်းလိုက်ရာ နို့နှစ်ရောင်ကဲ့သို့ စိတ်ဝိညာဉ် စွမ်းအင်များက အစစ်အမှန် စွမ်းအင်များနှင့် အတူတကွ စီးဆင်းလာသည်။ ဧကရာဇ်များ၏ တာအို အစစ်အမှန်အနှစ်သာရကို ဆွဲထုတ်ကာ စိတ်ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲလိုက်ပြီး ထိုစွမ်းအင်များက မြွေများကဲ့သို့ သူ့သူငယ်ချင်းများ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားတော့သည်။
သူတို့၏ ခန္ဓာကိုယ်သာမက အရိုးများပင် ချက်ချင်း ပြောင်းလဲလာသည်။ သူတို့၏ သွေးများက စိတ်ဝိညာဉ် စွမ်းအားများအဖြစ် ပြောင်းလဲကာ ၎င်းတို့က စကြဝဠာ နေရောင်ခြည် လွှမ်းမိုးဓားအဖြစ် စတင် တည်ဆောက်လာကြ၏။
ထိုအချက်ကြောင့် သူတို့က အစစ်အမှန် စွမ်းအင် ကျင့်ကြံခြင်းကို စွန့်ပယ်ကာ စကြဝဠာ နေရောင်ခြည် လွှမ်းမိုးဓားကိုသာ အာရုံစိုက်လာခဲ့ကြသည်။ သူတို့က သူတို့၏ ဓားစွမ်းအင်များကို အသုံးပြုသည်နှင့် စကြဝဠာနှင့် လောင်ကျွမ်းနေသော နေမင်း၏ အပူကို ခံစားမိလိုက်ကြသည်။
ထိုဓားနည်းစနစ်ကို ကျင့်ကြံခြင်းက ခန္ဓာကိုယ်ကို အလွန်ထိခိုက်စေနိုင်သည်။ ဓားစွမ်းအင်များက ချွန်ထက်နေသည့်ပုံပေါ်ကာ သူတို့၏ သွေးကြောများကို ပြင်းပြင်းထန်ထန် ထိခိုက်စေလေ့ရှိသည်။
သို့သော် ယခုအချိန်၌ ရန်ချီ၏ ဧကရာဇ်များ တာအိုစွမ်းအင် အစီအရင် အကူအညီနှင့် နို့နှစ်ရောင်ကဲ့သို့ စိတ်ဝိညာဉ် စွမ်းအင်များက သူတို့၏ သွေးများအတွင်း စီးဆင်းကာ သူတို့၏ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပေးနေသည်။ ယခုအခါ စကြဝဠာ နေရောင်ခြည် လွှမ်းမိုး ဓားစွမ်းအင်များကို အရင်ကထက် ပိုမိုချောမွေ့ပြီး မြန်ဆန်စွာ လှည့်ပတ်နိုင်လာခဲ့လေပြီ။
ဓားစွမ်းအင်များ၏ အမြင့်ဆုံးပုံစံမှာ ကောင်းကင်ထိ မြင့်မားအောင် ထိုးတက်သွားကာ ပင်ကိုယ်သဘာဝ စွမ်းအင်များကို ဖျက်ဆီးနိုင်ပြီး ထိုစွမ်းရည်ကို အသုံးပြု၍ ကောင်းကင်ဘုံမှ ဘဝသက်တမ်း ခိုးယူနိုင်ပေလိမ့်မည်။
ရန်ချီကတော့ ပင်ကိုယ်သဘာဝ စွမ်းအင်များကို အရိုင်းဆန်သည့် စွမ်းအင်များဖြင့် ပျောက်ကွယ်စေခဲ့ပြီး ဘဝသက်တမ်းကို ခိုးယူခဲ့ခြင်း ဖြစ်သည်။
သို့သော် အစွမ်းတက်ကျွမ်းမှုနှင့် အရိုင်းဆန်သော စွမ်းအားမှာ ကွဲပြား၏။ အစွမ်းတက်ကျွမ်းမှုက ပြတ်သားမှုနှင့် တိကျမှုတို့ ပါရှိကာ အရာရာတိုင်းကို ခွဲခြားနိုင်သည်။ အရိုင်းဆန်သည့် စွမ်းအင်ကတော့ ချေဖြတ်ခြင်း၊ ဖျက်ဆီးခြင်း စသည့် စွမ်းရည်တစ်ခုသာ ဖြစ်သည်။
အစွမ်းတက်ကျွမ်းမှုက လုပ်ကြံသတ်ဖြတ်သူနှင့် တူကာ အရိုင်းဆန်သည့် စွမ်းအင်မှာ အင်ပါယာ တစ်ပါးနှင့် တူညီပေသည်။
မျက်မှောက်ခေတ်၌ လူအနည်းစုသာ အရိုင်းဆန်သည့် စွမ်းအင်ကို အသုံးပြုပြီး ဘဝသက်တမ်းကို ခိုးယူကြသည်။ နောက်ဆုံး၌ အရိုင်းဆန်သော စွမ်းအင်များမှာ ရှေးခေတ်မှ နတ်ဘုရားများနှင့် ကောင်းကင်ဘုံမှ နတ်ဘုရားများသာ ပိုင်ဆိုင်သည့် အရာတစ်ခု ဖြစ်သည်။ လူသားများအနေနှင့် ၎င်းတို့ကို အသုံးပြုခြင်းက မရိုမသေပြုရာ ရောက်ပေသည်။
ထို့ကြောင့် လူနည်းစုသာ ရန်ချီပြုလုပ်သလို ပြုလုပ်ကြလေ့ ရှိသည်။ ပုံမှန်အားဖြင့် ပြောရလျှင် အစွမ်းတက်ကျွမ်းမှုကသာ လူသားများ လက်ခံထားသည့် နည်းလမ်းဖြစ်သည်။
အဖွဲ့တစ်ခုလုံးက ကျင့်ကြံခြင်းကိုသာ အာရုံစိုက် ထားကြသည်။ သူတို့က အင်မော်တယ်ခြေနင်း ကျောင်းတော်ရှိ အဖွဲ့အစည်းများနှင့် မယှဉ်နိုင်သော်လည်း တစ်နေ့ကျလျှင် သူတို့၏ အစစ်အမှန် ခွန်အားကို ပြသနိုင်ပေလိမ့်မည်။
သူတို့လေးယောက်က ယခင်က ဧကရာဇ်များ၏ တာအိုစွမ်းအင် အစီအရင်ကို အသုံးပြုရမည်ဟု အိပ်မက်ပင် မမက်နိုင်ခဲ့ကြချေ။ ထို့အတူ လောကအုပ်ချုပ်သူအဆင့်ကို ဘယ်တော့မှ မရောက်နိုင်ဘူးဟု ထင်ထားခဲ့ကြသည်။
ရန်ချီကတော့ ကွဲပြားခြားနား၏။ သူက အန္တရာယ်များလွန်းသည့် အခြေအနေများကို ကျော်လွှားကာ ချူထျန်းကောကို သတ်ပြီး ငရဲနတ်ဆိုး မီးပြင်းဖိုကို တည်ဆောက်နိုင်ခဲ့သဖြင့် သိသိသာသာ တိုးတက်ကာ လောကအုပ်ချုပ်သူ အဆင့်တက်လှမ်းဖို့အတွက် ပင်လယ်ထဲသို့ပင် သွားကာ သီးသန့် အဆင့်တက်လှမ်းခဲ့ရသည်။
အခြားလူများ အတွက်တော့ ကိစ္စရပ်တိုင်းက ထိုကဲ့သို့ မလွယ်ကူလှချေ။
ဥပမာ ယွမ်ဟိုက်လန် အောင်မြင်ခဲ့ခြင်းမှာ အသက်ဓာတ်စွမ်းအား စမ်းရေပေးနိုင်သည့် တော်ဝင်အိမ်ရှေ့စံကို ဆွဲဆောင်နိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်ပေသည်။
ဝှစ်…..
သူတို့ ကျင့်ကြံခြင်း ပြုလုပ်နေစဉ်မှာပင် ထူးခြားသော အရာတစ်ခုကို ခံစားမိလိုက်ကြသည်။ သေချာသည်မှာ အလင်းရောင်ခြည်များက ပြတင်းပေါက် အပြင်ဘက်၌ ထွက်ပေါ်နေကာ ထိုအရာက သန့်စင်သော စွမ်းအင်ဖြင့် ပြုလုပ်ထားသည့် စက္ကူကြိုးကြာ တစ်ကောင်နှင့် တူညီနေခြင်းပင်။
ထိုအရာက အသက်ရှိသကဲ့သို့ လက်ရာမြောက်ကာ ရန်ချီ၏ အော်ရာကို အာရုံခံမိသည်။
တစ်ချိန်တည်းမှာပင် ရန်ချီက ၎င်းအပေါ်၌ ရန်စုစု၏ အော်ရာကို အာရုံခံမိလိုက်၏။
‘အန်တီစုစု ကျင့်ကြံရာကနေ ထွက်လာပြီလား… သူက စွမ်းအင်ကြိုးကြာကို ပြုလုပ်ပြီး ငါ့ကို အသိပေးလိုက်တာလား’
သူက လက်ကိုဝှေ့ယမ်းပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ ထို့နောက် မှော်အစီအရင်ကို ထိန်းချုပ်ဖို့အတွက် လူပုံသဏ္ဍာန် အစစ်အမှန် စွမ်းအင်ကို အသုံးပြုလိုက်၏။ ထို့နောက် ပြတင်းပေါက်မှ ခုန်ထွက်ကာ ပျံသန်းသွားတော့သည်။
စွမ်းအင်ကြိုးကြာက ချက်ချင်း နည်းနည်း ဝေးဝေးသို့ ပျံသန်းသွားကာ သူ့ကို လှည့်ကြည့်ရင်း လိုက်လာဖို့ စောင့်ဆိုင်းနေသည်။
သူက တုံ့ဆိုင်းမနေတော့ဘဲ ထိုသတ္တဝါလေး နောက်ကိုလိုက်ရင်း အဆောက်အအုံများစွာ ဖြတ်သန်း၍ ကျောင်းတော်အတွင်းပိုင်းသို့ ရောက်ရှိလာသည်။
အင်မော်တယ်ခြေနင်း ကျောင်းတော်အတွင်း ကီလိုမီတာ ရာချီ ဝင်ရောက်လာပြီးနောက် ဗိမာန်များ၊ စေတီများ ရှိမနေတော့ချေ။ ထိုအစား မြူခိုးမြူငွေ့များနှင့်အတူ ပန်းပင်နှင့် အပင်များ ပေါက်ရောက်နေသည့် တောင်တန်းများသာ ရှိနေတော့သည်။
တောင်တန်းများက နေရာအနှံ့ သွယ်တန်းနေကာ နဂါးကြေးခွံကဲ့သို့ မရေမတွက်နိုင်အောင် များပြားကြ၏။
ထိုအရာက ကျောင်းတော်၏ အရေးပါသော နေရာအစိတ်အပိုင်း တစ်ခုဖြစ်သည့် ကောင်းကင်ဘုံ လျှိုမြောင်တောင်တန်းဖြစ်သည်။ ဒဏ္ဍာရီများအရ ထိုနေရာကို တစ်ချိန်က ချမ်းသာကြွယ်ဝတိုက်ကြီး၏ နဂါးလျှိုမြောင်ဟုလည်း ခေါ်ဆိုကြသည်။ ကမ္ဘာဦးခေတ်တုန်းက ထိုနေရာက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ကျော်ကြားခဲ့သည်။ နောက်ပိုင်း လျှို့ဝှက်တပည့်များနှင့် သူတော်စင် သားတော်များကဲ့သို့ အဆင့်မြင့်ဆုံး အဖွဲ့ဝင်များသာ ထိုနေရာတွင် နေထိုင်ခွင့်ရကြ၏။
"ငါ့အဒေါ်က ဒီနေရာမှာ ကျင့်ကြံခြင်း လုပ်နေတာလား … ကြည့်ရတာ သူ့ဆရာက အရမ်းအရေးပါတဲ့ လူတစ်ယောက်ဖြစ်ရမယ်"
သူက တောင်တန်းတစ်လျှောက် ပျံသန်းလာပြီးနောက် ကြိုးကြာသွားရာ လမ်းမှ အခြားနေရာသို့ မသွားဝံ့ချေ။ ထိုနေရာက အန္တရာယ်များသော နေရာတစ်ခု ဖြစ်ကြောင်း သိသာလှကာ သတ်ဖြတ်ခြင်း မှော်အစီအရင်က သူ့ကို ချက်ချင်းပင် သတ်ဖြတ်ပစ်နိုင်သည်။
End
***