ကျေးငှက် တိရစ္ဆာန်များ၏ တီတီတာတာ တေးသီသံများက တောင်တန်းတစ်လျှောက် သစ်တောများတွင် ပျံ့နှံ့နေ၏။
ရောင်စုံပန်းများကလည်း ချည်ထည်၌ ပန်းထိုးထားသကဲ့သို့ တောက်ပ လှပနေသည်။ မြင်တွေ့ရသမျှ အရာရာတိုင်းက လှပသော ပန်းချီကားတစ်ချပ်သဖွယ်။
ရောင်စုံငှက်များ ပျံသန်းသွားလာနေကာ လိပ်ပြာငယ်များကလည်း ဟိုမှဒီမှ ပျံဝဲနေကြသည်။ လိပ်ပြာအချို့မှာ ကြီးမားလွန်းလှကာ လူတစ်ယောက်အရွယ်ရှိသည့် လိပ်ပြာတစ်ကောင်ကိုပင် ရန်ချီ မြင်တွေ့ခဲ့ရ၏။ ၎င်းက လေထဲတွင် ပျံသန်းဖို့အတွက် အတောင်ပံခတ်လိုက်တိုင်း အစစ်အမှန် မဟုတ်ပုံရသည့် ဝတ်မှုန်များက ၎င်း၏ အတောင်ပံများမှ ထွက်ပေါ်နေသည်။
"ဒီလိပ်ပြာက ဆရာသခင် အဆင့် ကျင့်ကြံမှု အခြေခံရှိတဲ့ စိတ်ဝိညာဉ် မိစ္ဆာတစ်ကောင်ပဲ"
လိပ်ပြာက ရန်ချီကို သတိထားမိသွားကာ အတောင်ပံကို ခတ်ထုတ်လိုက်ပြီး အစစ်အမှန် စွမ်းအင်စီးကြောင်းကို သူ့ထံ ပို့လွှတ်လိုက်သည်။ သို့သော် မကြာမီမှာပင် လောကအုပ်ချုပ်သူ့ အော်ရာကို ခံစားမိကာ စွမ်းအင်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရန်ချီနှင့်ဝေးရာ ဆန့်ကျင်ဘက်သို့ ထွက်ပြေးသွားတော့သည်။
ရန်ချီ ဖျော့တော့စွာ ပြုံးလိုက်မိ၏။ အမှန်စင်စစ် ထိုတောင်တန်းများမှာ အင်မော်တယ်ခြေနင်း ကျောင်းတော်၏ အစိတ်အပိုင်းများဖြစ်လေရာ လူများကို ဒုက္ခပေးနိုင်သည့် မိစ္ဆာသားရဲများ ထိုနေရာတွင် ပုံမှန်အားဖြင့် ရှိလိမ့်မည် မဟုတ်ချေ။ သူတို့ထဲမှ အများစုမှာ ဤနေရာတွင် နေထိုင်သည့် ကျွမ်းကျင်သူများ၏ သားရဲများသာ ဖြစ်ကြပေလိမ့်မည်။
သူက စွမ်းအင်ကြိုးကြာနောက်လိုက်ရင်း နောက်ဆုံး၌ မရေမတွက်နိုင်သော ပန်းများ ပေါက်ရောက်နေသည့် ပန်းခင်းလမ်းကြီးပေါ် ရောက်လာခဲ့သည်။
ထိုနေရာက ဘယ်လောက် ရှုပ်ထွေး ပြောင်းလဲလွန်းကြောင်း ကြည့်မိရင်း ၎င်းမှာ မှော်အစီအရင် တစ်ခုဖြစ်လိမ့်မည်ဟု ခံစားလိုက်ရသည်။ အကယ်၍ သူသာ ကြိုးကြာနောက် မလိုက်ပါက ထိုနေရာတွင် ပိတ်မိသွားနိုင်ပေသည်။
သူတို့က တောက်ပနေသော ပန်းများ ဖုံးလွှမ်းနေသည့် ကောင်းကင် လျှိုမြောင်တောင်တန်း၏ တောင်ထိပ်တစ်ခုကို ဦးတည်သွားကြသည်။
ကြည့်ရသည်မှာ ထိုနေရာရှိ ပန်းများက ရာသီဥတု မည်သို့ ပြောင်းလဲသွားပါစေ တစ်နှစ်ပတ်လုံး ပွင့်လန်းနေသည့်ပုံ ပေါ်နေ၏။ ထို့အပြင် တောင်တစ်ခုလုံးကို နွေးထွေးသော စွမ်းအင်စီးကြောင်းများက အပေါ်မှအောက်သို့ စီးဆင်းနေသည်။ ထို့ကြောင့်ပင် ထိုနေရာနှင့် တောင်တစ်ခုလုံးက တစ်နှစ်ပတ်လုံး နွေဦးကဲ့သို့ နွေးထွေးနေခြင်း ဖြစ်တန်ရာ၏။
မြေဩဇာနှင့် ပတ်သက်၍လည်း ထိုနေရာက နှစ်ပေါင်း သန်းနှင့်ချီ ကြွေကျခဲ့သော ပန်းများနှင့် ဖွဲ့စည်းထားခြင်းကြောင့် ရနံ့သင်းကာ ဆေးဖက်ဝင်သည့် အရည်အသွေးလည်း ရှိနေပြန်သည်။
သူက သူမြင်တွေ့သမျှကြောင့် အထင်ကြီး အံ့ဩနေမိသည်။ ထိုတောင်ကို ပြုလုပ်ခဲ့သည် မည်သူဖြစ်စေ သူထက် စွမ်းအင်ပညာရပ်မှာ သိသိသာသာ သာလွန်နေပေသည်။
"အန်တီလေးစုစုက ဒီနေရာမှာ တကယ်ကြီး ကျင့်ကြံနေတာလား… ဒါဆို သူ့ဆရာက ဒီတောင်ကို ပြုလုပ်ထားတာလား… စွမ်းအင်ကြိုးကြာ အပေါ်မှာ အန်တီလေးစုစုရဲ့ အော်ရာ ပါလာတာကတော့ သေချာပါတယ်"
သူက ကြိုးကြာနောက် နှစ်နာရီကျော် လိုက်လာပြီးနောက် တောင်ပေါ် အမြင့်ပိုင်းကို ရောက်လာကာ နောက်ဆုံး၌ မြူခိုးများ ထူထဲလာပြီး ခြေဆယ်လှမ်းအကွာထက် ကျော်လွန်၍ မြင်တွေ့နိုင်ဖို့ ခက်ခဲလာသည်။
ရန်ချီက သူမ ဘယ်မှာ ရှိနေသလဲ မသိသကဲ့သို့ လေထဲ ပျံသန်း၍ မရှာဖွေရဲချေ။ သူသိသည်မှာ ကြိုးကြာနှင့် နီးကပ်စွာနေဖို့ တစ်ခုတည်းသာ။
ရုတ်တရက် သူက မြူထဲမှ ထွက်လာသည့် နေအလင်းကြောင့် မျက်လုံးများ အရောင်တောက်လာသည်။ ယခုအချိန်၌ သူက တောင်အလယ်ရှိ ကြီးမားသော ကျောက်တုံးစင်မြင့်တစ်ခု အပေါ် ရောက်ရှိနေကြောင်း ရန်ချီ သိထားလိုက်သည်။
ထိုနေရာက အများပိုင် စတုရန်း မြေပြင်တစ်ခုနှင့် တူညီကာ လူရာဂဏန်းမှ ထောင်ဂဏန်းအထိ ဆံ့လောက်အောင် ကြီးမားသည်။ ထိုနေရာနှင့် ဝေးလံရာ အရပ်၌ နန်းတော်နှင့် တူညီသည့် အိမ်တော်ကြီး တစ်ခု ရှိနေ၏။ သို့သော် ထိုအိမ်တော်ကြီးက တောင်မျက်နှာပြင်ပေါ် တည်ဆောက်ထားခြင်း မဟုတ်ဘဲ တောင်ကိုထွင်းကာ ဆောက်လုပ်ထားခြင်း ဖြစ်ပေသည်။
စင်မြင့်၏ မြေပြင်က အလင်း အနည်းငယ် ဖောက်ဝင်နိုင်သည့် ကြွေထည်များနှင့် ပြုလုပ်ထားပုံရကာ မျက်နှာပြင်ပေါ်၌ ရှုပ်ထွေးလွန်းသည့် မရေမတွက်နိုင်သော ပန်းဒီဇိုင်းများ ထွင်းထုထားသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် ထိုအရာက ကြီးမားသော စွမ်းအင်ပညာရပ်ဖြင့် ထွင်းထုထားကြောင်း သိနိုင်ပေသည်။
ဤတောင်ပေါ်၌ နန်းတော်ကဲ့သို့ တည်ဆောက်ရန် မည်သည့်အဆင့်လောက် စွမ်းအား လိုအပ်မလဲ ရန်ချီ စဉ်းစားမိသည်။
လက်ရှိ ထိုနေရာ၌ လူအချို့ရှိနေကာ သူတို့က အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ကျောင်းသားများ မဟုတ်ကြချေ။ ပထမဆုံး ရန်ချီ သတိထားမိသွားသည်မှာ သူတို့၏ ပိုးချည်ဝတ်စုံပေါ်တွင် ထွန်းလင်းနေသော နေမင်းနှင့် တောက်ပနေသော လပုံပါရှိကာ ရှေးဟောင်း စာလုံးအချို့ ရေးသားထားခြင်းပင်။ အံ့ဩဖို့ ကောင်းလွန်းသည်မှာ သူတို့က ချမ်းသာကြွယ်ဝ တိုက်ကြီး၏ နောက်ထပ် သက်တမ်းရင့် အဖွဲ့အစည်းဖြစ်သော နေလကျောင်းတော်မှ ဖြစ်နေခြင်းပင်တည်း။
ထို့ပြင် သူတို့အားလုံးက အမျိုးသားများသာ ဖြစ်ကြသည်။
သူတို့က ဤနေရာသို့ တရားဝင် လည်ပတ်ခွင့် ရရှိထားပုံ ပေါ်နေသည်။ ထို့အပြင် ပို၍ အရေးကြီးသည့် အချက်က ခံ့ညားတည်ကြည်ကြကာ တစ်ယောက်မှ အားနည်းသည့်ပုံ မပေါ်ကြချေ။ သူတို့အားလုံးက လက်ရွေးစင် ကျောင်းသားများ ဖြစ်ကြပေသည်။
ချမ်းသာကြွယ်ဝတိုက်ကြီး၌ သင်ကြားရေး အဖွဲ့အစည်း လေးခုရှိကာ ထိုအရာတို့မှာ အင်မော်တယ်ခြေနင်း ကျောင်းတော်၊ အစစ်အမှန် နဂါးကျောင်းတော်၊ နေလကျောင်းတော်နှင့် ပင်လယ်နတ်ဘုရား ကျောင်းတော်တို့ ဖြစ်ကြသည်။
ယန်ကူဖုန်း၏ သမီး ယန်ဖေးရှက အစစ်အမှန် နဂါးကျောင်းတော်မှ တပည့်တစ်ဦး ဖြစ်သည်။ ရန်ချီ သတ်ဖြတ်ခဲ့သည့် ဂူချယ်က ပင်လယ်နတ်ဘုရား ကျောင်းတော်မှ ဖြစ်သည်။ သို့သော် သူက နေလကျောင်းတော်မှ တစ်ယောက်နှင့်မျှ မဆုံတွေ့ဖူးချေ။
ကျောင်းသားအချို့က သူလျှောက်လှမ်းလာသည်ကို မြင်တွေ့ကြသောအခါ သူတို့ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။
"အဲဒီနေရာမှာ ရပ်နေစမ်း"
ဝှစ်... ဝှစ်...
သူတို့ထဲမှနှစ်ယောက်က အရိပ်သဖွယ် ပျံသန်းလာရင်း ရန်ချီ၏ လမ်းကို ပိတ်ဆို့ထားလိုက်ကြ သည်။
"မင်းက ဘယ်သူလဲ"
သူတို့ထဲက တစ်ယောက် အေးစက်စွာ မေးလိုက်သည်။
"ဒါက ပန်းပေါင်းစုံ တောင်ထွတ်ပဲ… ငါတို့ ဂိုဏ်းတူအစ်ကိုကြီးက ဒီမှာ လုပ်စရာကိစ္စ ရှိတယ်… နောက်ထပ် ရှေ့တိုးမလာနဲ့… တိုးလာရင်တော့ မင်းကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး"
ရန်ချီက လုံးဝ သဘောမကျတော့ချေ။ ထိုနေရာက အင်မော်တယ်ခြေနင်း ကျောင်းတော်၏ နယ်မြေဖြစ်သော်လည်း သူပတ်လည်မှ နေလကျောင်းသားများက သူ့ကို အမိန့်ပေးဖို့ ကြိုးစားနေသည်။ ကျောင်းသားနှစ်ယောက်ကိုကြည့်ကာ သူက ရှေ့တိုးရင်း ပြောလိုက်သည်။
"ဒါက အင်မော်တယ်ခြေနင်း ကျောင်းတော်ပဲ… မင်းတို့လို အခြားကျောင်းကကောင်တွေက ငါ့လမ်းကို ပိတ်ထားဖို့ ကြိုးစားနေတယ်ပေါ့"
"အတင့်ရဲလွန်းတယ်"
ဒုတိယကျောင်းသားက ငေါက်လိုက်သည်။
"မင်းနာမည်က ဘယ်သူလဲ ကောင်စုတ်လေး… ငါအခု ချက်ချင်း မင်းတို့ အကြီးအကဲတွေဆီ တိုင်ကြားလိုက်မယ်... ပြောစမ်း … သူတို့က မင်းကို အပြစ်ပေးလိမ့်မယ်… ငါတို့ ဂိုဏ်းတူအစ်ကိုကြီးက ပန်းများစွာ တောင်ထွတ်ရဲ့ တပည့် မြင့်မြတ်သော သမီးတော်ဖြစ်တဲ့ ရန်စုစုကို လာတောင်းရမ်းတာပဲ… ဒါဆို ငါတို့ ကျောင်းတော်နှစ်ခုကြားက ဆက်ဆံရေးက ပိုမို အဆင်ပြေလာလိမ့်မယ်… မင်းလိုကောင်လေးက အခုလို အချိန်မျိုးမှာ ပြဿနာ လာရှာရဲတယ်လား"
ရန်ချီ ရင်ထဲ တုန်လှုပ်သွားကာ မျက်နှာညှိုးငယ်သွားတော့သည်။
"တောင်းရမ်းတာ… လက်ထပ်ဖို့" သူက ဘာကြောင့်မှန်း သေချာမသိသော်လည်း ရင်ထဲ ပူလောင်ကာ ဒေါသထွက်လာသည်။
"နေလကျောင်းတော်က လူစုတ်တွေကများ ငါ့အန်တီလေး ရန်စုစုကို တောင်းရမ်းချင်သေးတယ် … ဘာက ပိုပြီး အံ့ဩလဲသိလား… အဲဒီကောင်က သူ့ကိုယ်သူ ထိုက်တန်တယ် ထင်နေတာကိုပဲ"
သူ့စကားလုံးများက အလွန် ပြင်းထန်သဖြင့် နေလကျောင်းတော်မှ ကျောင်းသားများပင် သူတို့ ကြားရသည်ကို မယုံမကြည် ဖြစ်သွားကာ ဘာပြန်ပြောရမလဲ မသိ ဖြစ်သွားကြသည်။
"ဘာ… မင်းဘာပြောလိုက်တယ်"
"စော်ကားလွန်းတယ်… မင်းက သေဖို့ ပြင်ထား" ကျောင်းသား တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရုတ်တရက် သူ့လက်ထဲ၌ အရာရာတိုင်းကို လောင်ကျွမ်းဖျက်ဆီးနိုင်စွမ်းရှိသည့် မီးဘောလုံးတစ်ခု ပေါ်လာသည်။ ထိုမီးဘောလုံးက လှည့်ပတ်ရင်း ဆေဘာဓားတစ်ချောင်း ပုံသဏ္ဍာန် ဖြစ်လာ၏။
သို့သော် ရန်ချီက ထိုပုံစံကို ဂရုစိုက်မနေချေ။ ရန်ချီက လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ စွမ်းအင်စီးကြောင်းများ ဖြစ်ပေါ်လာပြီး ယခုအချိန်၌ ပွင့်ပွင့်လင်းလင်း အသုံးပြုနိုင်သည့် စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုအရာက သာမန် စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား မဟုတ်ချေ။ သူက ထိုနည်းစနစ်ကို လေးရာသီ ဓားပညာနှင့် ပူးပေါင်းကာ သူ့ကိုယ်ပိုင် ဉာဏ်အလင်း ရရှိခဲ့သည့်အပေါ် အခြေခံထားသည့် ဒြပ်စင်များကိုပါ ထပ်ပေါင်းထည့်ထားသည်။ ရလဒ်အနေဖြင့် သူ့ငရဲမီးတောက် မီးပြင်းဖိုဖြင့် သန့်စင်ထားသော ဓားနည်းစနစ်ကို တစ်စုံတစ်ယောက်မှ မရှိနိုင်ချေ။
အမှန်တော့ ထိုအရာက ရန်ချီကိုယ်တိုင် တီထွင်ထားသည့် ပြီးပြည့်စုံသော သိုင်းပညာ ဥပဒေသတစ်ခုသာ ဖြစ်ပေသည်။
ထိုနည်းစနစ်၌ စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုး ဓားပညာရပ်မှ လောင်ကျွမ်းနိုင်သည့် အစစ်အမှန် စွမ်းအင်များပါရှိသလို လေးရာသီ ဓားပညာမှ ဆင်းသက်လာသည့် နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းရာသီတို့၏ များပြားသော အပြောင်းအလဲများလည်း ပါဝင်နေသည်။ အပင်များ ရှင်သန်လာသလို မိုးကြိုး ပစ်ချလာကာ ရေစက်များလည်း ဆင်းသက်လာပြီး ကောင်းကင်မှ နှင်းများ ကျဆင်းလာသကဲ့သို့ပင်။
ဝှစ်…
အခြားကျောင်းသား၏ စွမ်းအင်ပညာရပ်က အလျင်အမြန် ပျက်ပြယ်သွားကာ သူက နောက်ဘက်သို့ ခြေလှမ်းတစ်ထောင်ကျော် လွင့်သွားသည်။ သူက ခက်ခက်ခဲခဲ အရှိန်သတ်လိုက်ရကာ မျက်နှာ လုံးဝ ပျက်သွားတော့သည်။
"သေစမ်း"
"သူ ဒီလို ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်လို့ ငါမထင်ခဲ့ဘူး"
"ဒီဓားနည်းစနစ်က ဘာလဲ… ဘယ်လိုလုပ်ပြီး အဲလောက်တောင် နက်ရှိုင်းနေရတာလဲ"
"သူက ငါတို့ကို တကယ် တိုက်ခိုက်ရဲတယ်လား… သူ့ကို ဝိုင်းသတ်ကြ… သူက လက်ရွေးစင် ကျောင်းသား တစ်ယောက်ပဲ… အဓိကက သူက နေလကျောင်းတော်ရဲ့ ဂုဏ်သတင်းကို ဘယ်လိုလုပ် စော်ကားရဲရတာလဲ"
နေလကျောင်းတော်မှ ကျောင်းသားများက ရန်ချီထံ ပျံသန်းကာ ချက်ချင်း ဝန်းရံလိုက်ကြသည်။ အချို့ကလည်း သူတို့၏ ရှုံးနိမ့်သွားသော ကျောင်းသားကို ကုသဖို့အတွက် အစစ်အမှန် စွမ်းအင်များကို ထိုသူ၏ ဒဏ်ရာအတွင်း ပို့လွှတ်လိုက်ကြသည်။
ရန်ချီနှင့် ရင်ဆိုင်နေသည့် လူခုနစ်ဦးက လောကအုပ်ချုပ်သူများဖြစ်ကာ နေလကျောင်းတော်မှ လက်ရွေးစင် ကျောင်းသားများဖြစ်ကြသည်။ သူတို့က သူ့ပတ်လည်၌ ဝင်္ကပါ အစီအရင်အတိုင်း ရပ်နေကြကာ ဓားများကို လှုပ်ယမ်းရင်း သတ်ဖြတ်သည့် တိုက်ကွက်ကို ထုတ်ဖော်တော့မည့်ပုံ ပေါ်နေ၏။
ရန်ချီက ထိုနေရာမှနေ၍ သူတို့ကို အေးအေးဆေးဆေး ကြည့်နေသည်။ သူက အင်မော်တယ်ခြေနင်းကျောင်းသားဖြစ်သဖြင့် လုံးဝ ကြောက်ရွံ့မနေချေ။ အသေအကျေ သတ်ဖြတ်ခြင်းကို သူသာ ချိုးဖောက်နိုင်ပါက သူ့အဆင့်အတန်းက သိသိသာသာ ပိုမြင့်မားသွားပေလိမ့်မည်။
ကျောင်းသား အချို့က သူ့မျက်လုံးမှ သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒများ တောက်ပလာသည်ကို မြင်တွေ့သောအခါ ရုတ်တရက် ကမ္ဘာဦး သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသလို ခံစားမိလိုက်ကြသည်။
ထိုအချိန်မှာပင် နန်းတော်ထဲမှ သာယာလွန်းသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
"ရပ်လိုက်ကြတော့… ရှင်တို့လူတွေ ဘာလုပ်နေတယ်လို့ ထင်နေကြလဲ"
ထို့နောက် ရန်စုစု တစ်ယောက် ထွက်ပေါ်လာသည်။
သူမထံမှ ထွက်ပေါ်လာသည့် စွမ်းအားအရ သူမက အရင်တစ်ကြိမ် တွေ့ဆုံတုန်းကထက် တိုးတက်လာသည်ဟု ရန်ချီ ပြောနိုင်သည်။ သူမ၏ အစစ်အမှန် စွမ်းအင်များက သုံးလေးဆလောက် ပိုမို သန်မာလာကာ သူမ၏ အသက်ဓာတ်က အရင်နှင့် လုံးဝ ကွဲပြား ပြောင်းလဲလာသည်။
သူမက သူတော်စင်မိစ္ဆာ ပန်းချီကားကို အသုံးပြုကာ လောကအုပ်ချုပ်သူ ဒုတိယအဆင့် ရောက်ရှိသွားကြောင်း သိသာလွန်းလှ၏။
သူမက ရန်ချီကို တွေ့သောအခါ သူမ၏ မျက်လုံးများက ပျော်ရွှင် ကြည်နူးသွားတော့သည်။
"ချီအာ… ဘာဖြစ်နေတာလဲ… ဘာလို့ နေလကျောင်းသားတွေနဲ့ ရန်ဖြစ်နေတာလဲ… မင်း လွန်ခဲ့တဲ့ နှစ်လက လောကအုပ်ချုပ်သူ အဆင့်ရောက်ပြီး လက်ရွေးစင် ကျောင်းသား ဖြစ်လာတယ်လို့ ငါကြားခဲ့တယ်… ကံမကောင်းတာက အဲဒီအချိန် ငါကျင့်ကြံနေခြင်းက မထွက်နိုင်သေးတာပဲ… ဘာပဲဖြစ်ဖြစ် မင်းအောင်မြင်တာ ဂုဏ်ယူပါတယ်လေ… ငါပြီးခဲ့တဲ့ နှစ်ရက်ကပဲ တရားကျင့်ကြံတာ ပြီးသွားလို့ မင်းကို အသိပေးဖို့အတွက် ကြိုးကြာငှက်ကို စေလွှတ်လိုက်တာပဲ"
"အန်တီလေးစုစု… ဒီနေလကျောင်းသားတွေက ဘာလာဖြစ်နေကြတာလဲ… သူတို့ ပြောတာတော့ သူတို့ ဂိုဏ်းတူအစ်ကိုကြီးက အန်တီလေးကို လာတောင်းရမ်းတာဆို … ပြီးတော့ သူတို့ကများ လမ်းကို ပိတ်ရဲသေးတယ် … ဒါ အင်မော်တယ်ခြေနင်း ကျောင်းတော်ပဲ… နေလကျောင်းတော်မဟုတ်ဘူး … သူက ကျွန်တော့်လို လက်ရွေးစင် ကျောင်းသား တစ်ယောက်ကို ဒီလိုဆက်ဆံရဲတာ... ဒါ ကျွန်တော်တို့ ကျောင်းတော်ကို စော်ကားလိုက်တာပဲ… သူတို့ ပြောနေတဲ့ ဂိုဏ်းတူအစ်ကိုကြီးက ဘယ်သူလဲ … ကျွန်တော်က သူ့ကို နှုတ်ဆက်ဖို့ လိုသေးလား… သူက စူပါလူသားလား ဒါမှမဟုတ် တစ်ခုခုပဲလား… သူကများ ဒီကျောင်းတော်မှာ ဘယ်လိုလုပ်ပြီး ဟောင်ဖွာဟောင်ဖွာ လုပ်ရဲရတာလဲ"
"ချီအာ…."
ရန်စုစုက ရန်ချီ ထိုကဲ့သို့ ပြောလိုက်ခြင်းအားဖြင့် နေလကျောင်းတော်မှ ကျောင်းသားများကို အလျော့ပေးမည် မဟုတ်ကြောင်း သိလိုက်ရသည်။ ရန်ချီကို ကြည့်ကာ သူမက တစ်စုံတစ်ခု ပြောမည် ပြုလိုက်စဉ် ရုတ်တရက် နန်းတော်ထဲမှ အသံတစ်သံ ထွက်ပေါ်လာတော့သည်။
"စုစု… ဒါမင်းပြောတဲ့ ပါရမီရှင် တူတော်မောင် ဆိုတာလား… တကယ်လို့ သူသာ ဒီလို ဆက်လုပ်နေရင် သူကိုယ်သူ သတ်ဖို့ ကြိုးစားနေတာပဲ… သူက ငါတို့ ကျောင်းတော်က ကျောင်းသားတွေကို တိုက်ရဲတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး… လက်ရွေးစင် ကျောင်းသား တစ်ယောက်လို ကောင်စုတ်လေးတစ်ယောက်က ငါတို့ ကျောင်းနှစ်ကျောင်းကြားမှာ သဘောထား ကွဲလွဲအောင် ဘယ်လိုတောင် လုပ်ရဲတာလဲ … ကောင်းပြီ … သူက နှုတ်ဆက်ချင်မှတော့ ငါက သူ့ကို အထဲ ဆွဲခေါ်ပေးရတာပေါ့"
ဝှစ်….
ရုတ်တရက် စွမ်းအင်စီးဆင်းမှုများ ဖြစ်ပေါ်လာကာ ကြီးမားသော လက်ကြီးတစ်ခုက ရန်ချီထံ ဦးတည် ဆင်းသက်လာသည်။
End
***