ကျိုးချွမ်သည် နောက်ပိုင်းမှသာ ရိပ်မိလိုက်သည်မှာ သူဌေးကြီး ရွှေတွင် အလွန်ထူးကဲသော သင်ယူနိုင်စွမ်းရှိနေခြင်းပင်။ ပထမဆုံး ဆယ်ရက်အတွင်း၌ ၎င်းသည် ပြိုင်ဘက်များ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် မှော်ပညာများကို အဆက်မပြတ် လေ့လာသင်ယူနေခဲ့ခြင်းပင်။
သခင်မလေးယန်၏ ရည်ရွယ်ချက်ကိုလည်း ကျိုးချွမ် သဘောပေါက်သွားတော့သည်။ ၎င်းမှာ အရှုံးမရှိသော သူဌေးကြီး ရွှေကို ခေါ်ဆောင်၍ နေရာအနှံ့တွင် ပြိုင်ဘက်များကို အလဲထိုးကာ ပညာသင်ယူခိုင်းခြင်းပင်။
ထိုနေ့မှစ၍ ကျိုးချွမ်သည် ဂုဏ်ယူဝင့်ကြွစွာဖြင့် သူ၏ ထိပ်တန်းလူမိုက်ကြီး သူဌေးကြီး ရွှေကို ဦးဆောင်ကာ တောက်ယဲ့တောင်မှသည် အရပ်မျက်နှာအနှံ့သို့ လှည့်လည်ခဲ့ရာ ကျိုးပြည်ထောင်စုအတွင်းရှိ မည်သည့် အမဲလိုက်စစ်သည်မြို့တော်မျှ မကျန်တော့ပေ။
သူဌေးကြီး ရွှေ၏ အဆင့်မြင့်လာသည်နှင့်အမျှ ပြိုင်ဘက်များမှာလည်း ပိုမိုသန်မာလာခဲ့သည်။ အစပိုင်းတွင် ရက်အနည်းငယ် ရှုံးနိမ့်လေ့ရှိသော်လည်း ဆယ်ရက်ထက်မပိုသော အချိန်အတွင်း တစ်ခါတစ်ရံ တစ်ရက်အတွင်းမှာပင် ပြန်လည်အနိုင်ရရှိလာခဲ့သည်။ နောက်ဆုံးတွင် ကျိုးပြည်ထောင်စုအတွင်းရှိ အမဲလိုက်စစ်သည်မြို့တော်အားလုံး၌ ကောင်းကင်အမဲလိုက်တပ်ဖွဲ့မှ သူဌေးကြီး ရွှေဆိုလျှင် မသိသူမရှိတော့ပေ။ စကားတစ်ခွန်းမျှ မပြောဘဲ မည်သည့်
တိုက်ခိုက်ရေးပညာကိုမဆို မြင်သည်နှင့် တတ်မြောက်နိုင်သော သူ၏စွမ်းရည်မှာ ကြောက်
ခမန်းလိလိ ဖြစ်လာခဲ့သည်။
ပြိုင်ပွဲတွင် ရှုံးနိမ့်ခြင်းမှာ ပြဿနာမဟုတ်သော်လည်း တစ်ဖက်လူ၏ ကိုယ်ပိုင်တိုက်ခိုက်ရေးပညာနှင့် မှော်ပညာများကို မြင်ရုံနှင့် ချက်ချင်း တတ်မြောက်သွားခြင်းမှာ အခြားအမဲလိုက်စစ်သည်များအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူဌေးကြီး ရွှေရောက်ရှိလာသည့် မည်သည့်ကွင်းတွင်မဆို အမဲလိုက်စစ်သည်များမှာ သူတို့၏ ပညာများ အခိုးခံရမည်စိုးသဖြင့် ဆက်လက်မတိုက်ခိုက်တော့ဘဲ ရှောင်ဖယ်လာကြသည်။
အဆုံးသတ်တွင် အမဲလိုက်စစ်သည် ဗဟိုသမဂ္ဂပင်လျှင် ဤကိစ္စကို သတိပြုမိသွားတော့သည်။ ကျိုးချွမ်တို့ ပြန်လာရခြင်း အကြောင်းရင်းမှာ ကျိုးပြည်ထောင်စုရှိ အမဲလိုက်စစ်သည် သမဂ္ဂများက ပူးပေါင်း၍ သူဌေးကြီး ရွှေအား နောင်တွင် မည်သည့် အမဲလိုက်စစ်သည်မြို့တော်သို့မျှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုရန် ပိတ်ပင်လိုက်သောကြောင့်ပင်။
"အဲဒါကြောင့် ကျွန်တော်တို့ ပြန်လာရတာပေါ့။ သခင်မလေးယန်... ဒီ သူဌေးကြီး ရွှေဆိုတဲ့ ရတနာကို ဘယ်နေရာကနေများ တူးဖော်ရခဲ့တာလဲဗျာ။ အခုဆို သူက အမဲလိုက်စစ်သည် သမဂ္ဂတွေတောင် ကြောက်နေရတဲ့ ထိပ်တန်းလူပုဂ္ဂိုလ်ကြီး ဖြစ်နေပြီ"
ကျိုးချွမ်က ဂုဏ်ယူဝင့်ကြွစွာ ပြောဆို လိုက်သည်။
ဘေးမှ နားထောင်နေသော ယွင်ရှန်းမှာမူ ရယ်လွန်းသဖြင့် မျက်ရည်များပင် ထွက်လာတော့သည်။
ယွင်ရှန်းသည် ဤအတောအတွင်း ကောင်းကင်အမဲလိုက်တပ်ဖွဲ့ထံသို့ သိပ်မသွားဖြစ်သလို အမဲလိုက်စစ်သည်သမဂ္ဂနှင့်လည်း အဆက်အသွယ်မလုပ်ဖြစ်ခဲ့ပေ။ သူမ မရည်ရွယ်ဘဲ ဖန်တီးခဲ့မိသည့် ထာဝရမှော်ပစ္စည်းဖြစ်သော သူဌေးကြီး ရွှေမှာ ဤမျှအထိ ထူးခြားဆန်းပြားသည့် ပုဂ္ဂိုလ်ကြီး ဖြစ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း သူမ၏ ရည်ရွယ်ချက်မှာ အောင်မြင်ခဲ့ပြီဖြစ်သည်။ သူဌေးကြီး ရွှေကို လေ့ကျင့်ပေးခဲ့ခြင်းကြောင့် ယခုအခါ ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သိသိသာသာ တိုးတက်မြင့်မားလာခဲ့ပြီ ဖြစ်သည်။
ကျိုးချွမ်က တတွတ်တွတ် ပြောဆိုနေချိန်တွင် သူဌေးကြီး ရွှေမှာမူ သူ၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေဆဲပင်။ ၎င်းအတွက်မူ လွန်ခဲ့သော ရက်ပေါင်းများစွာက ဖြတ်သန်းခဲ့ရသည့် တိုက်ပွဲများမှာ စက်ရုပ်ဆန်ဆန် တိုက်ခိုက်ရေး လေ့ကျင့်ခန်းတစ်ခုမျှသာ ဖြစ်သည်။ ၎င်းသည် လူသားတစ်ဦး မဟုတ်ဘဲ မှော်ပစ္စည်း တစ်ခုသာ ဖြစ်သဖြင့် ၎င်းကို ဖန်တီးရှင်ဖြစ်သူ ယွင်ရှန်း ခိုင်းစေသမျှကိုသာ လုပ်ဆောင်နေခြင်းပငါ။
ဘေးနားရှိ ယီပိုင်မင်းသည်လည်း သူဌေးကြီး ရွှေကို အကဲခတ်နေမိသည်။ သူ၏ ထူးကဲလှသော အမြင်အာရုံဖြင့်ပင် သူဌေးကြီး ရွှေ၏ ကျင့်စဉ်အဆင့်အတန်းကို ခန့်မှန်း၍ မရနိုင်ပေ။ ယီပိုင်မင်းသည် သူဌေးကြီး ရွှေမှာ လူသားတစ်ဦး မဟုတ်ဘဲ မှော်ပစ္စည်းတစ်ခုသာ ဖြစ်ကြောင်း မသိရှိသဖြင့် အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။
ယီပိုင်မင်း၏ အာရုံခံနိုင်စွမ်းမှာ သာမန်ထက် သာလွန်လှသည်။ ကျိုးချွမ်သည် ဆေးခန်းအနီးသို့ ချဉ်းကပ်လာကတည်းက သူ သိရှိပြီးသား ဖြစ်သည်။ သို့သော် သူဌေးကြီး ရွှေထံမှမူ မည်သည့် လှုပ်ရှားမှုမျှ မရှိသလို နှလုံးခုန်သံ သို့မဟုတ် သွေးခုန်နှုန်းကိုပင် သူ အာရုံမရနိုင်ခဲ့ပေ။
"သခင်မလေးယန်... ဒီလူကြီးကို တာဝန်တွေ သွားလုပ်ခိုင်းဖို့ ပြင်ထားလိုက်တော့။ သူ့ရဲ့ ရက်စက်ပုံနဲ့ဆိုရင် ရှေ့မှာတွေ့တဲ့သူမှန်သမျှ အကုန်အပြတ်ရှင်းမှာပဲ။ အဆင့် A တာဝန်တွေကိုတောင် သူက မျက်တောင်တစ်ချက် မခတ်ဘဲ ဖြေရှင်းနိုင်လိမ့်မယ်"
ကျိုးချွမ်က ပြုံးရွှင်စွာ ပြောဆိုလိုက်သည်။ သူ၏ စိတ်ထဲတွင် သူဌေးကြီး ရွှေနှင့်အတူ အဖွဲ့သားများ တာဝန်ထွက်မည့် မြင်ကွင်းကို တွေးတောနေမိသည်။
ယနေ့ခေတ်၏ သူဌေးကြီး ရွှေမှာ လူသားပုံသဏ္ဌာန်ရှိသော သတ်ဖြတ်ရေးစက်ရုပ်ကြီးတစ်ခုကဲ့သို့ပင်။
ယွင်ရှန်းက အသေးစိတ်ကို ထုတ်မပြောသေးဘဲ ကျိုးချွမ်အား အမဲလိုက်စစ်သည် စခန်းသို့ အရင်ပြန်၍ သတင်းပို့ရန်သာ ညွှန်ကြားလိုက်သည်။
ကျိုးချွမ် ထွက်သွားပြီးနောက် ယီပိုင်မင်းသည် သူဌေးကြီး ရွှေကို ကြည့်ကာ မျက်မှောင်ကြုတ်နေဆဲပင်။
"ဒါက လူသားမဟုတ်ဘူးမလား ငါအထင်မမှားဘူးဆိုရင် ဒါက ထာဝရမှော်ပစ္စည်းတစ်ခုလား"
ယွင်ရှန်းက မျက်ခုံးတစ်ချက်ပင့်ကာ ယီပိုင်မင်းကို လက်မထောင်ပြလိုက်သည်။
တကယ့်ကို ပါးနပ်တဲ့ မြေခွေးအိုကြီးပဲ။
ဒီတိုက်ကြီးပေါ်မှာ ထာဝရမှော်ပစ္စည်းဆိုတာ အလွန်ရှားပါးလှတာကို ယီပိုင်မင်းက တစ်ချက်ကြည့်ရုံနဲ့ အကဲခတ်မိသွားခြင်းပင်။
"တကယ်ပဲ ထာဝရမှော်ပစ္စည်းလား"
ယီပိုင်မင်းပင် အံ့အားသင့်သွားရသည်။
ယွင်ရှန်းက သူဌေးကြီး ရွှေ၏ ရွှေရောင်ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော ဝတ်ရုံကို ဖယ်ရှားလိုက်ရာ ခရမ်းရောင်ရွှေများဖြင့် ပြုလုပ်ထားသော လူရုပ်ကြီးမှာ ယီပိုင်မင်း၏ ရှေ့မှောက်၌ ပေါ်လာတော့သည်။
ခရမ်းရောင်ရွှေ…..ခရမ်းရောင်ရွှေနဲ့ လုပ်ထားတဲ့ မှော်ပစ္စည်းလား။
သူဌေးကြီး ရွှေလို့ အမည်ပေးထားတာ မဆန်းတော့ပါဘူး။
ဤမျှအထိ တလက်လက်တောက်နေသော မှော်ပစ္စည်းမျိုးမှာ ပေါ်လာသည်နှင့် လူတိုင်း၏ မျက်စိကို ကျိန်းစပ်သွားစေရန် လုံလောက်လှသည်။
ယီပိုင်မင်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
တောကြောင်မလေးရဲ့ အတွေးအခေါ်က တကယ့်ကို သာမန်လူတွေထက် ကျော်လွန်နေတာပဲ။ ဒီလိုမျိုး မှော်ပစ္စည်း ဒီဇိုင်းက တကယ့်ကို ကြွားဝါလွန်းပြီး အာဏာပြလွန်းတယ်။
ယွင်ရှန်းသည် ခရမ်းရောင်ရွှေကြော၏ လေးပုံတစ်ပုံကို ရရှိထားကြောင်း သူသိသော်လည်း ၎င်းမှတစ်ဆင့် ထာဝရမှော်ပစ္စည်းတစ်ခုအထိ သွန်းလုပ်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သူ မသိရှိသည့်အချက်မှာ ဤခရမ်းရောင်ရွှေလူရုပ်ကြီးမှာ ယွင်ရှန်းရရှိခဲ့သော ရွှေကြောမှ ရွှေများဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ ထိုထက်ပင် ပိုမိုတန်ဖိုးကြီးလှသော ခရမ်းရောင်ရွှေ ကျောက်နံရံများနှင့် နတ်သူငယ် ကံကြမ္မာမီးတို့ကို ပေါင်းစပ်ဖန်တီးထားခြင်းပင်။
"တောကြောင်မလေး... ဒီထာဝရမှော်ပစ္စည်းက တော်တော်လေး အစွမ်းထက်တာပဲ။ အခုရော နောက်ရက်ပိုင်းမှာရှိမယ့် တိုက်ပွဲအတွက် စိုးရိမ်နေတုန်းပဲလား"
ယီပိုင်မင်းက သူ၏ မြေခွေးမျက်လုံးများကို မှေးစပ်ကာ အကဲခတ်ရင်း မေးလိုက်သည်။
"ဘယ်သူက စိတ်ပူနေလို့လဲ အဲဒီအဖိုးကြီး ယန်ပါးဟိုအတွက် ကျွန်မ စိတ်မဝင်စားပါဘူး"
ယွင်ရှန်းက မာနတခွဲသားဖြင့် ပြန်ပြောလိုက်သည်။ ဦးလေးယန်နှင့် ယန်ချန်းလန်တို့က အကြိမ်ကြိမ် ဖျောင်းဖျခဲ့သော်လည်း ယန်ပါးဟိုမှာ ခေါင်းမာလွန်းလှသည်။ သူသည် မည်သူ့စကားကိုမျှ နားမထောင်ဘဲ အားလုံးကို အခန်းပြင်သို့ နှင်ထုတ်ခဲ့သည်။ ထို့ကြောင့် ယွင်ရှန်းသည်လည်း ထိုနံစော်ပြီး မာကျောလှသော ကျောက်တုံးကြီးအကြောင်းကို ဆက်၍ မစဉ်းစားချင်တော့ပေ။
ယွင်ရှန်းက ဒေါသထွက်ဟန်ဆောင်နေသော်လည်း သူမ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာလေးကို ကြည့်ကာ ယီပိုင်မင်းသည် သူမ၏ စိတ်ရင်းကို ရိပ်မိနေသည်။ သူသည် ငှက်ပျောရွက်ရွာ၌ နေပူစာလှုံရင်း ပျင်းရိစွာ အိပ်စက်နေတတ်သော တောကြောင်မလေးကို လွမ်းမိသွားသည်။
သို့သော် ယီပိုင်မင်းအနေဖြင့် ဤကိစ္စတွင် တိုက်ရိုက်ဝင်ပါရန် ခက်ခဲလှသည်။ သူ၏ အဆင့်အတန်းမှာ ထူးခြားနေပြီး မိဖုရားကြီးချီနှင့် အိမ်ရှေ့မင်းသားတို့မှာ လက်ရှိတွင် ငြိမ်သက်နေသော်လည်း ဝူရွှမ်ဝူကျိခန်းမကို တိတ်တဆိတ် စောင့်ကြည့်နေသူများစွာ ရှိနေသည်။
"မင်းရဲ့ မျက်နှာမှာ ငါ တော်တော်စိတ်ပူနေတယ်ဆိုတာ အထင်းသား ရေးထားတာပဲ။ ငြင်းမနေပါနဲ့တော့"
ယီပိုင်မင်း၏ စကားကြောင့် ယွင်ရှန်းမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ မြေခွေးယီမှာ သူမ၏ ကံကြမ္မာ ရန်သူတော်ကြီး ဖြစ်နေပြီး သူမ၏ ခံစားချက်မှန်သမျှကို အမြဲတမ်း ဖောက်ထွင်းမြင်နေရသည်။
"စိတ်ပူတော့ရော ဘာထူးမှာလဲ ကျွန်မ သူ့ကို မကူညီနိုင်ဘူး။ အဆိပ်ကိုလည်း မဖြေနိုင်သလို ပြိုင်ပွဲမှာလည်း ကူညီပေးလို့ မရဘူး"
ယွင်ရှန်းက မကျေမနပ် ညည်းတွားလိုက်သည်။
"မင်း ယန်ပါးဟိုရဲ့ နေရာမှာ အစားထိုး တိုက်ခိုက်မယ့်သူတစ်ယောက်ကို ရှာလို့ရတာပဲ။ ဘေးဒုက္ခဆိုတာ ရှောင်လွှဲလို့မရရင် ရင်ဆိုင်ရမှာပဲလေ"
ယီပိုင်မင်းက အဓိပ္ပာယ်ပါပါ အရိပ်အမြွက် ပေးလိုက်သည်။
"ယန်ပါးဟိုရဲ့ နေရာမှာ အစားထိုးဖို့လား ဒါက မဖြစ်နိုင်ဘူး။ အဲဒီအဖိုးကြီးက သဘောတူမှာ မဟုတ်ဘူး။ ပြီးတော့ ကျိုးပြည်ထောင်စုရဲ့ သိုင်းသူတော်စင်တွေထဲမှာ ထျန်းချွဲကျီကို ယှဉနိုင်တာဆိုလို့ ယန်ပါးဟိုပဲ ရှိတာ။ ထျန်းချွဲကျီကလည်း ငတုံးမဟုတ်ဘူး။ သူ့ပြိုင်ဘက်က ယန်ပါးဟို ဟုတ်မဟုတ်ဆိုတာ သူ ချက်ချင်း သိမှာပဲ"
ယန်ချန်းလန်သည်လည်း ဖခင်ဖြစ်သူ၏ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားခဲ့ဖူးသည်။ သူ၏ ကျင့်စဉ်မှာ မဆိုးသော်လည်း သိုင်းသူတော်စင် အဆင့်သို့ မရောက်သေးပေ။ ခရမ်းရောင်ဂျင်ဆင်း ရွှေဆေးလုံးကို သောက်သုံးထားသဖြင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ် မြင့တက်လာသော်လည်း သိုင်းဂိုဏ်းချုပ်အဆင့်မှာသာ ရှိနေသေးသည်။ ထိုအဆင့်နှင့် သိုင်းသူတော်စင်အဆင့်ကြားရှိ ကွာဟချက်ကို ရက်ပိုင်းအတွင်းနှင့် မကျော်လွှားနိုင်ပေ။
"မင်း ပြိုင်ပွဲအတွက် စိတ်ပူမနေပါနဲ့။ ဒီလိုတွေးကြည့်လေ... အကယ်၍ ထျန်းချွဲကျီက ကံဆိုးသွားပြီး ပြိုင်ပွဲမတိုင်ခင် တစ်ရက်မှာ ချုံခိုတိုက်ခိုက်ခံရလို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ ဒါမှမဟုတ် သေသွားတာမျိုး ဖြစ်ခဲ့ရင်ကော အဲဒီကျရင် ယန်ပါးဟိုက ဘယ်သူနဲ့မှ ပြိုင်စရာ မလိုတော့ဘူးပေါ့။ အဲဒီသိုင်းသူတော်စင်က လူချစ်လူခင်လည်း မရှိဘူးဆိုတော့... သတ်လိုက်ရုံပဲပေါ့"
ယီပိုင်မင်းက သူ၏ မြေခွေးမျက်လုံးများကို မှေးစပ်ကာ လှပသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ယွင်ရှန်းမှာ ချမ်းစိမ့်သွားရသည်။ မြေခွေးယီ၏ အကြံအစည်များမှာ တကယ့်ကို နတ်ဆိုးဆန်ဆန် ယုတ်မာလှသည်။
သို့သော် သူမ ထိုအကြံကို သဘောကျမိသွားသည်မှာ အမှန်ပင်။
***