"ရှင်ကိုယ်တိုင် ထျန်းချွဲကျီကို သွားပြီး စိန်ခေါ်မလို့လား မြေခွေးယီ... ရှင်က တကယ့်ကို ဖုံးကွယ်ထားတဲ့ မြင်းမည်းတစ်ကောင်ပဲ။ အမှန်အတိုင်းပြောစမ်းပါ... ရှင်က သိုင်းပညာမှာလည်း ထိပ်တန်းအဆင့် ရောက်နေတာလား ဘယ်လောက်တောင် အစွမ်းထက်လဲ ရှင်လည်း သိုင်းသူတော်စင်တစ်ယောက် ဖြစ်နေတာလား"
ယွင်ရှန်းမှာ ရင်ထဲ၌ အလွန်အမင်း ဝမ်းသာသွားရသည်။
ငါ ဘာလို့ အရင်ကတည်းက ဒါကို မတွေးမိခဲ့တာလဲ။ ထျန်းချွဲကျီကို တစ်စုံတစ်ယောက် လွှတ်ပြီး အသံတိတ် ရှင်းလင်းလိုက်ရုံပဲလေ။ အခုလို ပြိုင်ပွဲအထိ စောင့်နေစရာကို မလိုတာ။ သူသာ ဒီလောကမှာ မရှိတော့ရင် ယန်ပါးဟိုအတွက်လည်း အနှောင့်အယှက် မရှိတော့သလို ငါတို့ရဲ့ အကျိုးစီးပွားတွေလည်း မထိခိုက်တော့ဘူး။
သို့သော် ယီပိုင်မင်းကမူ သဘောမကျသည့်အလား သူမ၏ ခေါင်းလေးကို လက်ဆစ်ဖြင့် ခေါက်လိုက်သည်။ သူ၏ ဖီးနစ်မျက်ဝန်းများမှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေသလို မကျေနပ်သည့် အရိပ်အယောင်များလည်း ပါဝင်နေသည်။
"တောကြောင်မလေး... မင်းက မတရားဘူးနော်။ ငါက မင်းအပေါ်မှာ အမြဲတမ်း ပွင့်ပွင့်လင်းလင်းနဲ့ ရက်ရက်ရောရော ရှိခဲ့တာပါ။ အခွင့်အရေးကောင်းတွေ ရှိရင်လည်း မင်းကိုပဲ အရင်ဦးစားပေးခဲ့တာ။ အခုကျတော့ အသေခံရမယ့် တာဝန်ကျမှ ငါ့ကို ရှေ့တိုးခိုင်းနေတာလား"
ယီပိုင်မင်းက စိတ်ကောက်ချင်ယောင် ဆောင်လိုက်သည်။
ယွင်ရှန်းက သူမ၏ခေါင်းကို ပွတ်ရင်း ဘေးသို့ တိုးကပ်ကာ လျှာလေးထုတ်ပြလိုက်သည်။ "ရှင်က ကျွန်မတို့လူပဲဟာ... ဘာလို့ အားနာနေရဦးမှာလဲ ပြီးတော့ ဒါက ရှင့်ရဲ့ အကြံဉာဏ်ပဲလေ။ ကျွန်မကို အပြစ်လာမတင်နဲ့။ ရှင်ကမှ ဒီလောက်အထိ အစွမ်းထက်နေတာကိုး... ရှင်သာ ရှေ့မထွက်ရင် ဒီအလုပ်အတွက် တခြားဘယ်သူကမှ မသင့်တော်ဘူးလေ။ ကျွန်မဦးလေးနဲ့ ဒုတိယညွှန်ကြားရေးမှူးကျန်းတို့ကို ပေါင်းပြီး သွားပြီး လုပ်ကြံခိုင်းလို့မှ မရတာ"
ယီပိုင်မင်းသည် စိတ်ကောက်ချင်နေသော်လည်း ယွင်ရှန်း၏ နှုတ်ဖျားမှ "ကျွန်မတို့လူ" ဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် မျက်နှာမှာ ချက်ချင်းပင် ဝင်းပသွားတော့သည်။
အင်း... ဒီစကားကတော့ တကယ့်ကို နားဝင်ချိုသားပဲ။
ယီပိုင်မင်းက သူ၏ မေးစေ့ကို ပွတ်သပ်ရင်း "ငါကိုယ်တိုင် တိုက်ပွဲထဲ ဝင်လို့မရဘူးဆိုပေမဲ့... အခု မင်းရဲ့ ဘေးနားမှာတင် ဒီအလုပ်အတွက် အသင့်တော်ဆုံး ကိုယ်စားလှယ်တစ်ယောက် ရှိနေတာပဲ" ဟု ပြောကာ သူမ၏ ဘေးရှိ ထာဝရမှော်ပစ္စည်းကို လှမ်းကြည့်လိုက်သည်။
"သူဌေးကြီးရွှေလား။ သူ့ကို ထျန်းချွဲကျီကို လုပ်ကြံခိုင်းဖို့လား ဒါက သိပ်ပြီး စိတ်မချရသလိုပဲ"
ယွင်ရှန်းက သူမဘေးရှိ ထာဝရမှော်ပစ္စည်းကို ကြည့်ကာ သံသယဝင်စွာ ပြောလိုက်သည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း သူဌေးကြီးရွှေသည် သိသိသာသာ တိုးတက်လာခဲ့သည်မှာ မှန်သော်လည်း ၎င်းသည် အလယ်အလတ်အဆင့် ထာဝရမှော်ပစ္စည်းအဆင့်သို့သာ ရောက်ရှိသေးသည်။ မှော်ပစ္စည်းကျမ်းစာများ၏ ဖော်ပြချက်အရ အလယ်အလတ်အဆင့် ထာဝရမှော်ပစ္စည်းများသည် မည်သည့်တိုက်ခိုက်ရေးစွမ်းရည် သို့မဟုတ် မှော်ပညာကိုမဆို တုပနိုင်
သော်လည်း၊ မူလပိုင်ရှင်၏ စွမ်းအားအစစ်အမှန်ကို အပြည့်အဝ အသုံးမချနိုင်ပေ။ ၎င်းသည် တိုက်ခိုက်ရေးစွမ်းရည် သို့မဟုတ် မှော်စွမ်းအား၏ ၅၀ ရာခိုင်နှုန်း ကိုသာ အများဆုံး ထုတ်ဖော်နိုင်သည်။
ထို့ကြောင့် သာမန်သိုင်းပညာရှင်များ သို့မဟုတ် မှော်ဆရာများအတွက် သူဌေးကြီးရွှေ၏ စွမ်းအားမှာ တပ်ဖွဲ့တစ်ခုလုံးကို ချေမှုန်းနိုင်လောက်အောင် ပြင်းထန်သော်လည်း တိုက်ကြီးပေါ်ရှိ တကယ့်ထိပ်တန်း ပညာရှင်ကြီးများနှင့် တွေ့ဆုံပါက သူဌေးကြီးရွှေမှာ အားနည်းချက်များ ရှိနေဦးမည် ဖြစ်သည်။
"စိတ်ချရလား မချရဘူးလားဆိုတာ ငါ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိပါတယ်။ မင်းသာ စိတ်ချမယ်ဆိုရင် သူ့ကို ငါ့လက်ထဲ အပ်လိုက်ပါ။ ဒီကိစ္စအတွက် ထပ်ပြီး စိုးရိမ်မနေနဲ့တော့။ ပြိုင်ပွဲနေ့ကျရင် ထျန်းချွဲကျီ ဘယ်လိုမှ ပေါ်လာမှာ မဟုတ်ဘူးဆိုတာ ငါအာမခံတယ်"
ယီပိုင်မင်း၏ စကားလုံးများမှာ ဖော်ပြ၍မရနိုင်လောက်အောင် ယုံကြည်မှုအပြည့် ရှိနေသည်။ ၎င်းမှာ တကယ့်အစွမ်းထက်သော ပညာရှင်ကြီးများထံမှသာ ထွက်ပေါ်လာတတ်သည့် လွှမ်းမိုးချုပ်ကိုင်မှု အရှိန်အဝါပင်။
ယွင်ရှန်းသည် သူဌေးကြီးရွှေကို တစ်လှည့်၊ ယီပိုင်မင်းကို တစ်လှည့် ကြည့်လိုက်သည်။ မြေခွေးယီ၏ အစွမ်းအစမှာ သူမထင်ထားသည်ထက် များစွာ ပိုမိုနက်ရှိုင်းလှသည်။ သူဌေးကြီးရွှေမှာ အလွန်တန်ဖိုးကြီးလှသော်လည်း ယန်ပါးဟိုနှင့် နှိုင်းယှဉ်ပါက ယွင်ရှန်းသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ပြီး သူဌေးကြီးရွှေကို ယီပိုင်မင်းထံသို့ သုံးရက်တိုင်တိုင် အပ်နှံရန် သဘောတူလိုက်တော့သည်။
"ဒါပေမဲ့ ငါ့မှာလည်း အခြေအနေတစ်ခု ရှိတယ်။ ငါက မင်းကို ဒီလောက်ကြီးမားတဲ့ အကူအညီ ပေးတာဆိုတော့... မင်းဆီကနေ တစ်ခုခု ပြန်ရသင့်တယ် မဟုတ်လား"
ယီပိုင်မင်းက သူ၏ လေသံကို ပြောင်းလိုက်ပြီး သူ၏ ရှည်လျားသော လက်မောင်းကြီးဖြင့် ယွင်ရှန်းကို ရင်ခွင်ထဲသို့ အသာအယာ ဆွဲသွင်းလိုက်သည်။
ယွင်ရှန်းမှာ ဒေါသထွက်သွားသော်လည်း သူမ လုပ်နိုင်သည်မှာ သူ့ကို စိုက်ကြည့်နေရုံသာ ယီပိုင်မင်းသည် သူမအပေါ် ဤကဲ့သို့ လက်ရဲဇက်ရဲ ပြုမူသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ သို့သော် သူမသည် ဤလူကို ယခုအချိန်အထိ မယှဉ်နိုင်သေးသည်မှာ အမှန်ပင်။
ချီစွမ်းအားအရဆိုလျှင် ယီပိုင်မင်းမှာ သံမဏိခံတပ်တစ်ခုကဲ့သို့ပင်။ အကယ်၍ ဘိုဘိုသာ သူနှင့် တိုက်ရိုက်တိုးမိပါက နာကျင်ရလိမ့်မည်ဟု ယွင်ရှန်း သံသယဝင်မိသည်။
မှော်ပညာပိုင်းမှာဆိုလျှင်လည်းသူမ၏မှော်မှာ သူ့ကို ယှဉ်နိုင်စွမ်းမရှိပေ။ ယီပိုင်မင်းသည် မှော်လှံတံကို အသုံးမပြုသော်လည်း ယွင်ရှန်း၏မှော်အတတ်များကို အမြဲတမ်း လွယ်လွယ်ကူကူပင် ချေဖျက်နိုင်ခဲ့သည်။
အင်အားသုံး၍ မရနိုင်တော့သဖြင့် သူမသည် ငြိမ်သက်စွာပင် အလိုက်သင့် နေလိုက်တော့သည်။ အမှန်အတိုင်းပြောရလျှင် ယီပိုင်မင်းမှာ မျိုးရိုးမြင့်သူဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံမှာလည်း အလွန်ပင် စွဲမက်ဖွယ်ကောင်းလှသည်။
ယွင်ရှန်း၏ အမြင်တွင် ယီပိုင်မင်း၏ မျက်နှာမှာ အပြစ်ဆိုဖွယ်မရှိအောင် ပြည့်စုံလွန်းသည်။ သူ၏ မျက်တောင်များမှာပင် ထူထဲနက်မှောင်နေပြီး အနည်းငယ် လှုပ်ခတ်သွားတိုင်း ကြည့်နေသူ၏ နှလုံးခုန်သံကို မသိမသာ မြန်ဆန်သွားစေသည်။
သူ့ရင်ခွင်ထဲတွင် အပွေ့ခံထားရခြင်းမှာလည်း မဆိုးလှပေ။ ယွင်ရှန်းသည် သူမကိုယ်သူမ လူသားပုံသဏ္ဌာန်ရှိသော ခေါင်းအုံးကြီးတစ်ခုကို ဖက်ထားရသကဲ့သို့ပင် သဘောထားလိုက်
သည်။
သူက ဘာအကြောင်းရင်းမှ မရှိဘဲနဲ့ ငါ့ကို ဘာကြောင့် ဒီလောက်အထိ တင်းတင်းကျပ်ကျပ် ဖက်ထားရတာလဲ။
ယွင်ရှန်း အသိပြန်ဝင်လာချိန်တွင် ယီပိုင်မင်း၏ ချောမောလှသော မျက်နှာကြီးမှာ သူမနှင့် ပို၍နီးကပ်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ ပြည့်စုံလှသော နှုတ်ခမ်းအစုံမှာ သူမ၏ ပါးပြင်နှင့် ထိလုနီးပါးပင်။
သူမ၏ ယခင်ဘဝတုန်းက လျိုမင်လန်နှင့် တွဲခဲ့ဖူးသော်လည်း သူမ၏ စရိုက်ကြောင့် ရင်းနှီးပွင့်လင်းသော အမူအရာမျိုး အလွန်ရှားပါးခဲ့သည်။ အလွန်ဆုံးမှ နမ်းရှုံ့ရုံမျှသာ ရှိခဲ့သည်။ သို့သော် ယခု ယီပိုင်မင်းက သူမကို ခံစားရစေသည့် အရာမျိုးမှာ တစ်ခါမျှ မကြုံဖူးခဲ့ပေ။
ငါ့ရဲ့ လက်ရှိခန္ဓာကိုယ်က အသက်ဘယ်လောက်ရှိသေးလို့လဲ။
မြေခွေးယီက ရုတ်တရက်ကြီး ဝံပုလွေဆိုးကြီးအဖြစ် ပြောင်းလဲသွားမှာတော့ မဟုတ်ပါဘူးနော်။ အကူအညီပေးတာနဲ့တင် ခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်ရမယ်ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးလေ။
ယွင်ရှန်းသည် အလျင်အမြန်ပင် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြီး ခန္ဓာကိုယ်ကို တောင့်ထားလိုက်တော့သည်။
ယီပိုင်မင်းသည် ယွင်ရှန်း၏ ထူးခြားသော အမူအရာကို သတိပြုမိသွားပြီး သူ၏ မျက်ဝန်းအစုံတွင် နောက်ပြောင်လိုသော အရိပ်အယောင်များ လက်ခနဲ ဖြတ်ပြေးသွားသည်။
သူမ၏ ရုန်းကန်မှုကြောင့် ဝတ်ရုံကြားမှ တစ်ဝက်တစ်ပျက် ပေါ်ထွက်နေသော ဖြူဝင်းသည့် လည်ပိုင်နှင့် လှပသော နားသီးလေးကို သူ စိုက်ကြည့်နေမိသည်။ ယီပိုင်မင်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုတစ်ရပ် ရုတ်တရက် အရှိန်အဟုန်ဖြင့် တိုးဝင်လာပြီး သူ၏ နှုတ်ခမ်းများမှာ ယွင်ရှန်း၏ နားရွက်နားသို့ ကပ်သွားကာ ပူနွေးလှသော အသက်ရှူသံများက သူမ၏ နားသီးလေးကို ရိုက်ခတ်သွားတော့သည်။
ယွင်ရှန်းမှာ သူမ၏ နားသီးလေးများ ဆူပွက်နေသည့်အလား ပူလောင်မှုကို ခံစားလိုက်ရပြီး သူ၏ရင်ခွင်ထဲမှ အသည်းအသန် ရုန်းကန်တော့သည်။ ဤအတိုင်းသာ ဆက်သွားပါက သူမမှာ ဤမြေခွေးအိုကြီး၏ ဝါးမြိုခြင်းကို တကယ်ပင် ခံရတော့မည်ပင်။
"တောကြောင်မလေး... ငြိမ်ငြိမ်နေစမ်းပါ။ မဟုတ်ရင် ဒီမင်းသားက မင်းကို တကယ်ပဲ အရှင်လတ်လတ် ဝါးမြိုပစ်မိလိမ့်မယ်"
ယီပိုင်မင်း၏ နှုတ်ခမ်းများမှာ သူမ၏ နားသီးလေးကို အသာအယာ ထိတွေ့နေဆဲပင်။ ယွင်ရှန်းသည် သူ၏အပေါ်တွင် အချစ်ရေးဆိုသည့် ခံစားချက်မျိုး မရှိသေးကြောင်း သူသိထားသဖြင့် အလွန်အမင်း အလောတကြီး မလုပ်လိုပေ။
အနှေးနဲ့အမြန်တော့ ဤတောကြောင်မလေးမှာ သူ၏အပိုင် ဖြစ်လာမည်သာ။ သူမ အနည်းငယ် ပိုပြီး အရွယ်ရောက်လာချိန်တွင်မူ သူ ဤမျှ လွယ်လွယ်ကူကူ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
"ဒီမင်းသားအတွက် လက်နက်အချို့ကို ခရမ်းရောင်ရွှေတွေ ထည့်သွင်းပြီး သွန်းလုပ်ပေးပါဦး"
ယီပိုင်မင်းက အေးအေးဆေးဆေး ပြောလိုက်သည်။
သူသည် ထာဝရမှော်ပစ္စည်းကိုပင် ဖန်တီးနိုင်သည့် သူဌေးကြီးရွှေကို သတိပြုမိခဲ့ပြီးကတည်းက တောကြောင်မလေးမှာ ဆေးဖော်စပ်ရာတွင်သာမက လက်နက်သွန်းလုပ်ခြင်းအတတ်ပညာမှာလည်း သူထင်ထားသည်ထက် များစွာ ပိုမိုထူးချွန်ကြောင်း သိရှိသွားခြင်းပင်။
ရရှိထားသော အရင်းအမြစ်များကို အသုံးမချခြင်းမှာ မြေခွေးယီ၏ အလုပ်လုပ်ပုံ မဟုတ်ပေ။
ယီပိုင်မင်း လက်ဝယ်ရှိ ခရမ်းရောင်ရွှေရိုင်းအများစုမှာ အကြမ်းထည်အဆင့်သာ သန့်စင်ထားခြင်းပင်။ ထိုမှော်ဆရာများ၏ အရည်ကျိုနည်းစနစ်မှာ ယွင်ရှန်းနှင့် နှိုင်းယှဉ်ပါက များစွာ နိမ့်ကျလှသည်။ ထို့ကြောင့် ယီပိုင်မင်းက သူကူညီပေးသည့်အတွက် အပြန်အလှန်အားဖြင့် ခရမ်းရောင်ရွှေလက်နက် အသုတ်လိုက်ကို သွန်းလုပ်ပေးရန် တောင်းဆိုလိုက်ခြင်းပက်။
ယီပိုင်မင်း ပြောလိုက်မှပင် ယွင်ရှန်းသည် ခရမ်းရောင်ရွှေ၏ အဓိကအသုံးဝင်ပုံမှာ ရွှေဒင်္ဂါးပြားများ ပြုလုပ်ရန်မဟုတ်ဘဲ သိုင်းပညာရှင်များနှင့် မှော်ဆရာများ အလွန်အမင်း အလိုရှိကြသော ခရမ်းရောင်ရွှေ မှော်လက်နက်များ ဖန်တီးရန်ဖြစ်ကြောင်း သတိရသွားသည်။
ယွင်ရှန်းနှင့် ယီပိုင်မင်း နှစ်ဦးစလုံးမှာ လွန်ခဲ့သော ခရမ်းရောင်ရွှေကြော ဖြစ်ရပ်တွင် ရွှေရိုင်းအမြောက်အမြား ရရှိထားသူများ ဖြစ်သည်။ သူတို့နှစ်ဦးစလုံးတွင် တူညီသော အချက်တစ်ခုမှာ ငွေကြေး မရှားပါးခြင်းပင်။ ယွင်ရှန်းသည် ဆေးလုံးများ ဖော်စပ်နိုင်သလို စီအန်းဆေးခန်းမမှာလည်း အမြတ်ရစရာ စတင်ဖြစ်လာပြီ ဖြစ်သည်။ ယီပိုင်မင်းမှာလည်း ဝမ်လုံလောင်းကစားရုံ အပါအဝင် အဖွဲ့အစည်းများစွာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ရွှေရိုင်းများကို ချက်ချင်း ရွှေင်္ဒဂါးအဖြစ် မသွန်းလုပ်ကြခြင်းပင်။ ယီပိုင်မင်း၏ တောင်းဆိုချက်မှာ ရိုးရှင်းသည်။ သူက ခရမ်းရောင်ရွှေရိုင်းများနှင့်အတူ သင့်တော်သော လက်နက်များ၊ ချပ်ဝတ်တန်ဆာများနှင့် မှော်လှံတံများကို ထောက်ပံ့ပေးမည်ဖြစ်ပြီး ယွင်ရှန်းက ၎င်းတို့ကို ခရမ်းရောင်ရွှေ နတ်ဘုရားလက်နက်များအဖြစ် ပြောင်းလဲသွန်းလုပ်ပေးရန် ဖြစ်သည်။
***