ကျိုးပြည်ထောင်စု၏ သိုင်းသူတော်စင် စစ်သူကြီးဂေဟာတွင် အရုဏ်တက်စပြုနေပြီဖြစ်သည်။
"မင်းပြောတာ ထျန်းချွဲကျီက တိုက်ပွဲကနေ ထွက်ပြေးသွားတယ် ဟုတ်လား"
ယန်ပါးဟိုသည် မနက်စောစောစီးစီးတွင်ပင် ဤအံ့အားသင့်ဖွယ် သတင်းဆိုး သို့မဟုတ် သတင်းကောင်း ကို ကြားလိုက်ရသည်။
ယနေ့ကျင်းပမည့် ပြိုင်ပွဲအတွက် ယန်ပါးဟိုသည် ယခင်စစ်တိုက်စဉ်က အသုံးပြုခဲ့သော သူ၏ ချပ်ဝတ်တန်ဆာများကိုပင် ထုတ်ယူကာ တလက်လက်တောက်ပနေအောင် တိုက်ချွတ်ကာ ပြင်ဆင်ထားခဲ့ခြင်းပင်။ ထိုသူခိုးလေး ထျန်းချွဲကျီကို သူ၏ အရှိန်အဝါဖြင့် မှင်သက်သွားအောင် ပြုလုပ်ရန် သူ အသင့်ဖြစ်နေခဲ့သည်။
သို့သော် ယန်ပါးဟိုတစ်ယောက် စိတ်အားထက်သန်စွာဖြင့် စစ်သူကြီးဂေဟာမှ ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် တစ်ုမြို့လုံးကို တုန်လှုပ်သွားစေမည့် သတင်းတစ်ခုမှာ ယွီကျင်းမြို့တော်အတွင်း ပျံ့နှံ့သွားတော့သည်။
ထျန်းချွဲကျီ တိုက်ပွဲမှ ထွက်ပြေးသွားသည်။
မဟုတ်သေးပေ ပို၍ တိတိကျကျ ပြောရလျှင် ထျန်းချွဲကျီ တစ်ယောက် ပျောက်ဆုံးသွားခြင်း ပင်။ အမှောင်အိမ်ရှေ့မင်းသား၏ လူများမှာ ဟောက်ချင်းသံရုံးတစ်ခုလုံးကို မြေလှန်ရှာဖွေခဲ့သော်လည်း ထျန်းချွဲကျီ၏ အရိပ်အယောင်ကိုမျှ မတွေ့ရှိခဲ့ရပေ။
တစ်လောကလုံးက ရိုသေလေးစားကြသော ဟောက်ချင်း၏ သိုင်းသူတော်စင်ကြီးမှာ တိုက်ပွဲမတိုင်မီ ညတွင် ကမ္ဘာမြေပြင်မှ အငွေ့ပျံ၍ ပျောက်ကွယ်သွားခဲ့သည်။ မည်သည့်စာတိုတစ်
စောင်မျှ ချန်မထားခဲ့သလို ရုတ်တရက် နာမကျန်းဖြစ်ခြင်း သို့မဟုတ် မည်သည့်သတင်းစကားမျှ မရှိဘဲ ထျန်းချွဲကျီမှာ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခြင်းပင်။
ဤအခြေအနေအတွက် တစ်ခုတည်းသော အဖြေမှာ သူသည် ယန်ပါးဟိုကို မနိုင်နိုင်တော့ဘူးဟု ယူဆကာ ကြောက်ရွံ့၍ ထွက်ပြေးသွားခြင်းပင်။ ထိုမျှ ကျော်ကြားလှသော သိုင်းသူတော်စင်တစ်ဦးမှာ အကြောင်းရင်းမရှိဘဲ လေထဲသို့ ပျောက်ကွယ်သွားရန် မဖြစ်နိုင်ပေ။
ယန်ပါးဟိုသည် ပထမတွင် ဒေါသတကြီးဖြင့် ဆဲဆိုလိုက်သော်လည်း ထို့နောက်တွင်မူ အားရပါးရ အော်ဟစ်ရယ်မောလိုက်တော့သည်။
ထျန်းချွဲကျီပျောက်ဆုံးသွားမှုကြောင့် ရှုပ်ထွေးသမျှ ပြဿနာအားလုံးမှာ တစ်ခဏအတွင်း ပြေလည်သွားတော့သည်။
တိုက်ပွဲမှ ထွက်ပြေးခြင်းမှာ အလွန်အမင်း ရယ်စရာကောင်းသော ကိစ္စဖြစ်သဖြင့် ဟောက်ချင်း၏ အမှောင်အိမ်ရှေ့မင်းသားမှာလည်း ကျိုးပြည်ထောင်စုထံမှ ခရမ်းရောင်ရွှေကြော လေးပုံတစ်ပုံကို တောင်းဆိုရန် မျက်နှာမရှိတော့ပေ။ ထို့ပြင် ဟောက်ချင်းနှင့် ထန်ယွမ်တို့အကြား လျှို့ဝှက်ထားသော မဟာမိတ်ပြုမှုများမှာလည်း အားလုံး ပျက်ပြားသွားရတော့သည်။
ဤသတင်းကို ကြားလိုက်ရချိန်တွင် နယ်စပ်ရှိ ဟောက်ချင်းစစ်သည်များ၏ စိတ်ဓာတ်မှာလည်း ထိုးဆင်းသွားခဲ့သည်။ စစ်သည်တိုင်းမှာ ထျန်းချွဲကျီ၏ ဘိုးဘေး ၁၈ ဆက်ကိုပါ မကျန်အောင် ဆဲဆိုနေကြသဖြင့် ဟောက်ချင်းရှိ ထျန်းချွဲကျီ၏ မိသားစုမှာလည်း အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရသည်။
ဟောက်ချင်းနှင့် နှိုင်းယှဉ်ပါက ထန်ယွမ်နိုင်ငံ၏ တုံ့ပြန်မှုမှာလည်း အလွန်ပင် ထူးခြားလှသည်။ ထန်ယွမ်၏ ဒုတိယမင်းသား လျိုရှောင်သည် ဤထူးဆန်းသော သတင်းကို အချိန်တိုအတွင်း ရရှိခဲ့သည်။
စီမံကိန်းများ ချမှတ်ရာတွင် ကျွမ်းကျင်လှသော လျိုရှောင်သည် ကျိုးပြည်ထောင်စုထံ ခရမ်းရောင်ရွှေကြောများ ဆုံးရှုံးခဲ့ရခြင်းအပေါ် အစဉ်တစိုက် မကျေမနပ် ဖြစ်နေခဲ့သူ ဖြစ်သည်။ သူ၏ ရွှေကြောတစ်ဝက်ကို လုယူသွားသော ပြိုင်ဘက်မှာ အလွန်အစွမ်းထက်လှပြီး မည်မျှပင် ရှာဖွေစေကာမူ မည်သည့်သဲလွန်စမျှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် လျိုရှောင်သည် ကျိုးပြည်ထောင်စုအပေါ်တွင်သာ အငြိုးအတေး ထားနေခဲ့ခြင်းပင်။
အမှန်စင်စစ် ဟောက်ချင်းနှင့် ထန်ယွမ်တို့ ပူးပေါင်းတိုက်ခိုက်ရန် လျှို့ဝှက်လှုံ့ဆော်ခဲ့သူမှာ လျိုရှောင်ပင်။ ရွှမ်ဝူကျိထံသို့ မိစ္ဆာသားရဲ ရေမြွာရည်ပေးပို့ခဲ့သူမှာလည်း သူပင်။
သူ၏ အစီအစဉ်မှာ အစအဆုံး ပြည့်စုံလွန်းလှသည်။ အကယ်၍ ယန်ပါးဟို ရှုံးနိမ့်သွားပါက ကျိုးပြည်ထောင်စုကို ချက်ချင်း ကျူးကျော်တိုက်ခိုက်ရန်ပင် သူ အသေးစိတ် ပြင်ဆင်ထားခဲ့သည်။ သို့သော် ဤကဲ့သို့ အဆုံးအဖြတ်ပေးရမည့် အချိန်ကျမှ ထျန်းချွဲကျီ တစ်ယောက် ပျောက်ဆုံးသွားလိမ့်မည်ဟု သူ မည်သို့မျှ မထင်မှတ်ထားခဲ့ပေ။
"သူ့ကို အရှင်ဖြစ်ဖြစ် အသေဖြစ်ဖြစ် ရှာတွေ့အောင် ရှာရမယ်"
"ဟောက်ချင်းဘက်က ဘယ်လိုတုံ့ပြန်လဲ"
လျိုရှောင်က မဆုတ်ခွာလိုသေးဘဲ မေးလိုက်သည်။
"အမှောင်အိမ်ရှေ့မင်းသားက တပ်ဖွဲ့ကို မိုင် ၁၀၀ ခန့် ဆုတ်ခွာဖို့ အမိန့်ပေးထားပြီး သိုင်းသူတော်စင် ထျန်းချွဲကျီကို ရှာဖွေဖို့က အဓိကဦးစားပေး ဖြစ်တယ်လို့ သတင်းရပါတယ်"
သူလျှိုက ပြန်လည်သတင်းပို့သည်။
"ငါတို့လည်း လောလောဆယ် တပ်ဖွဲ့ကို ထိန်းထားဦးမယ်"
လျိုရှောင်က အမိန့်ပေးလိုက်ပြီး ယွီကျင်းမြို့တော်မှ သတင်းများကို ဆက်လက်စောင့်ဆိုင်းနေတော့သည်။
ဧကရာဇ်မင်းမြတ်ကျိုးအတွက်မူ ထျန်းချွဲကျီပျောက်ဆုံးသွားခြင်းမှာ ဝမ်းသာစရာ အကောင်းဆုံးသတင်းပင်။ ၎င်းသည် သူရည်မှန်းထားသည့် အကောင်းဆုံး ရလဒ်ဖြစ်သဖြင့် ဧကရာဇ်သည် စိတ်ထဲမှ ကြိတ်၍ ဝမ်းသာပီတိ ဖြစ်နေတော့သည်။
ဟောက်ချင်း၏ အမှောင်အိမ်ရှေ့မင်းသားမှာမူ အလွန်အမင်း ဒေါသထွက်သွားပြီး ထျန်းချွဲကျီကို ပြုစုခဲ့သည့် အစေခံနှစ်ဦးကို ချက်ချင်း ကွပ်မျက်လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သို့သော် လူအများ မသိရှိသည့် အချက်မှာ ဤဖြစ်ရပ်ကြောင့် အသံတိတ် အကျိုးအမြတ် အများဆုံး ရရှိသွားသူမှာ ဝမ်လုံလောင်းကစားရုံပင်။ ယခင်က ထျန်းချွဲကျီနှင့် ယန်ပါးဟိုတို့ တိုက်ပွဲအတွက် လောင်းကြေးထပ်သူများမှာ နှစ်ဖက်စလုံးတွင် ထက်ဝက်စီခန့် ရှိနေခဲ့သည်။ သို့သော် ထျန်းချွဲကျီက ဤကဲ့သို့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားသဖြင့် နိုင်သူ၊ ရှုံးသူ မပေါ်တော့ဘဲ လောင်းကြေးငွေအားလုံးမှာ ဝမ်လုံလောင်းကစားရုံ၏ လက်ထဲသို့ အလိုအလျောက် ရောက်ရှိသွားတော့သည်။ လောင်းကစားသမားများမှာ သူတို့၏ ကံဆိုးမှုကို ကျိန်ဆဲနေကြသော်လည်း မတတ်နိုင်ဘဲ ကြိတ်မှိတ်ခံစားနေကြရသည်။
ယွင်ရှန်းသည် မှော်မျှော်စင်မှ ထွက်လာချိန်တွင် ဤသတင်းကို ကြားသိလိုက်ရသည်။ သူမသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ ရက်အနည်းငယ်မျှ မတွေ့ရသော ယီပိုင်မင်းနှင့် သူဌေးကြီးရွှေတို့ကို အမြန်ဆုံး တွေ့ဆုံချင်နေမိသည်။
သူမ တွေ့လိုက်ရချိန်တွင် သူဌေးကြီးရွှေမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ ခြေလက်များကို အနီးကပ် ကြည့်ရှုစစ်ဆေးရာတွင် ယခင် သူမ သန့်စင်စဉ်ကထက် များစွာ ပိုမိုခိုင်မာတောင့်တင်းပြီး စွမ်းအား ပြည့်ဝနေသည်ကို တွေ့ရသည်။ မူလက တလက်လက်တောက်နေသော ခရမ်းရောင်ရွှေမှာလည်း သွေးရောင်များ စွန်းထင်းနေသကဲ့သို့ နီရဲသော အရောင်သို့ ပြောင်းလဲနေသည်။
တစ်ရက်နှင့် တစ်ညအတွင်းမှာပင် သူဌေးကြီးရွှေသည် အလယ်အလတ်အဆင့်၏ အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး အဆင့်မြင့်သို့ ကူးပြောင်းရန် လက်တစ်ကမ်းအလိုသို့ ရောက်နေပြီ ဖြစ်သည်။ ၎င်းသည် သူတုပထားသော တိုက်ခိုက်ရေးစွမ်းရည်နှင့် မှော်ပညာများ၏ ၅၀ ရာခိုင်နှုန်း ကျော်ကို ထုတ်ဖော်နိုင်စွမ်း ရှိနေ၏။ ယခု သူဌေးကြီးရွှေကို တကယ့် စစ်ပွဲသုံး မှော်ပစ္စည်းတစ်ခုဟု ခေါ်ဆိုနိုင်သည်။
ယွင်ရှန်းသည် ဤအခြေအနေကို မြင်ပြီး ဝမ်းသာသွားရသည်။ မြေခွေးယီသည် တကယ့်ကို အလုပ်လုပ်ရာတွင် စိတ်ချရသူပင်။
ထျန်းချွဲကျီမှာ တကယ်ပင် ပျောက်ကွယ်သွားခဲ့သည်။ သို့သော် သူမ၏ စိတ်မှာ ချက်ချင်းပင် ပြန်၍ မကောင်းဖြစ်သွားပြန်သည်။
ငါ အတွက်မှားသွားပြီ။ ဝမ်လုံလောင်းကစားရုံမှာ တိုက်ပွဲရလဒ် သရေကျမှာကို လောင်းကြေး ထည့်ထားခဲ့သင့်တာ။ ဒါဆိုရင် ငါ သူဌေးဖြစ်သွားမှာပဲ။ အခုတော့ ဝမ်လုံလောင်းကစားရုံကပဲ မမျှော်လင့်ဘဲ ချမ်းသာသွားတာပေါ့။ ဒါပေမဲ့ ငါလည်း မြေခွေးယီဆီကနေ ခရမ်းရောင်ရွှေတွေ ခိုးယူထားနိုင်ခဲ့တာပဲလေ။ ဒါကိုပဲ ဖြေသိမ့်စရာအဖြစ် မှတ်ယူရမှာပေါ့။
ယွင်ရှန်း တွေးတောနေမိသည်။ ထျန်းချွဲကျီ ပျောက်ဆုံးသွားသဖြင့် ဝမ်လုံလောင်းကစားရုံမှာ အနည်းဆုံး ဧကရာဇ်ရွှေဒင်္ဂါး ဆယ်သန်းခန့် အကျိုးအမြတ် ရရှိသွားလိမ့်မည်ဟု ခန့်မှန်းရသည်။
ဝမ်လုံလောင်းကစားရုံ၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ယီပိုင်မင်း ဖြစ်ကြောင်းသာ ယွင်ရှန်း သိရှိသွားပါက ဒေါသထွက်လွန်း၍ သွေးအန်မိမည်မှာ အသေအချာပင်။ အမှန်စင်စစ် မြေခွေးသည် မည်သည့်အခါမျှ အရှုံးမခံတတ်ပေ။
နောက်ရက်များတွင် ယွီကျင်းမြို့တော်တစ်ခုလုံး ထျန်းချွဲကျီ ပျောက်ဆုံးမှုသတင်းဖြင့် ဆူညံနေစဉ် ယွင်ရှန်းသည် သူမ သန့်စင်ပြီးစီးသည့် ခရမ်းရောင်ရွှေ နတ်ဘုရားလက်နက်အချို့ကို အမဲလိုက်တပ်ဖွဲ့ဝင်များထံ ခွဲဝေပေးနေခဲ့သည်။
တစ်ဖက်တွင်မူ ဝမ်လုံလောင်းကစားရုံ၏ သီးသန့်နေရာတစ်ခု၌ ယီပိုင်မင်းသည် သူ၏ လက်ယုံတော်များနှင့်အတူ ရှိနေသည်။ ဝမ်လုံလောင်းကစားရုံ၏ အဓိကစီမံခန့်ခွဲသူ လေးဦးဖြစ်သော လုံဟော့၊ လုံရွှေ၊ လုံဖုန်းနှင့် လုံထူတို့သည် ယနေ့တွင် စုံစုံလင်လင် ရောက်ရှိနေကြသည်။ သူတို့သည် အသက်အရွယ်နှင့် အသွင်အပြင် ကွဲပြားကြသော်လည်း ယီပိုင်မင်း၏ ရှေ့မှောက်တွင်မူ အလွန်အမင်း ရိုသေခန့်ညားစွာ ရှိနေကြသည်။
ယီပိုင်မင်းသည် မွေးရာပါ အုပ်ချုပ်သူတစ်ဦးဖြစ်ကြောင်း သူတို့ လေးဦးစလုံးက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် အသိအမှတ်ပြုခဲ့ကြပြီး ဖြစ်သည်။ ယီပိုင်မင်း၏ ဘေးတွင် လူတစ်ဦး မတ်တပ်ရပ်နေသည်။ ထိုသူသည် တစ်ကိုယ်လုံးကို ငါးကြေးခွံပုံစံ ချပ်ဝတ်တန်ဆာများဖြင့် လုံခြုံအောင် ဖုံးအုပ်ထားသဖြင့် မည်သူဖြစ်သည်ကို ခွဲခြားရန် ခက်ခဲလှသည်။ ဟောက်ချင်း၏ သိုင်းသူတော်စင်ကြီးသည် တစ်ညတည်းဖြင့် ကိုယ်ပိုင်အတွေးအခေါ် ကင်းမဲ့နေသော ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားကြမည် မဟုတ်ပေ။ သူသည် ဟာလာဟင်းလင်း ဖြစ်နေသော မျက်ဝန်းများဖြင့် တိတ်ဆိတ်စွာ ရှိနေပြီး သူ့ကိုယ်သူ ထျန်းချွဲကျီ ဖြစ်ခဲ့ဖူးကြောင်းပင် မေ့လျော့နေပြီ ဖြစ်သည်။
"သခင်... လောင်းကစားရုံက ရရှိတဲ့ စုစုပေါင်း အမြတ်ငွေမှာ ရွှေဒင်္ဂါး ၁၅,၃၃၀,၀၀၀ ပါ"
လုံဟော့က ဘေးရှိလူအား သတိမပြုမိဟန်ဖြင့် တင်ပြလိုက်သည်။ ယီပိုင်မင်း၏ နောက်သို့ ကာလရှည်ကြာ လိုက်ပါလာသူဖြစ်၍ အချို့သော အရာများကို မမေးမြန်းခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း သူ နားလည်ထားသည်။
“အခုရရှိထားတဲ့ အမြတ်ငွေတွေထဲက ရွှေဒင်္ဂါး ၅ သန်းကို လူအင်အား စုဆောင်းတဲ့နေရာမှာပဲ အသုံးချပါ။ နဂါးနက်အစောင့်တပ်ကို အရင်ကထက် ပိုပြီး ချဲ့ထွင်ရမယ်”
ယီပိုင်မင်းက အမိန့်ပေးရင်း သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ပေးလိုက်သည်။
လုံဟော့သည် လက်စွပ်အတွင်းရှိ ပစ္စည်းများကို စစ်ဆေးကြည့်ရာတွင် အလွန်အမင်း အံ့အားသင့်သွားရသည်။ ဝမ်လုံလောင်းကစားရုံကဲ့သို့သော နေရာမျိုးတွင် ကျင်လည်နေသူဖြစ်၍ လုံဟော့၏ အကဲခတ်ဉာဏ်မှာ သာမန်ထက် သာလွန်သော်လည်း လက်စွပ်အတွင်းရှိ လက်နက်များကမူ သူ့ကို မှင်သက်သွားစေခဲ့သည်။ အဆိုပါ လက်နက်များအားလုံးသည် သာမန်လက်နက်များ မဟုတ်ဘဲ ခရမ်းရောင်ရွှေများ ပေါင်းစပ်ထားသည့် နတ်ဘုရားအဆင့် လက်နက်များ ဖြစ်နေသောကြောင့်ပင်။
သူ၏ သခင်သည် ဤမျှ များပြားလှသော ခရမ်းရောင်ရွှေလက်နက်များကို မည်သည့်နေရာမှ ရရှိခဲ့သည်ကို သူ စဉ်းစားမရနိုင်အောင် ဖြစ်နေတော့သည်။
***