"ဝမ်ရွှီ... ဒီမှာ ဘာတွေဖြစ်နေတာလဲ"
ရှီယု၏ မျက်နှာအမူအရာမှာ အလွန်ပင် တင်းမာခက်ထန်နေသည်။ သူသည် နှစ်ပေါင်းများစွာအတွင်း သူ၏ ထူးချွန်လှသော တပည့်ဖြစ်သူအပေါ် အမြဲတမ်း ဂုဏ်ယူဝင့်ကြွနေခဲ့သူ ဖြစ်သည်။ ယခင်က ရှာဝမ်ရွှီကို ဤကဲ့သို့ ပြင်းထန်သော လေသံမျိုးဖြင့် တစ်ကြိမ်တစ်ခါမျှ မေးမြန်းခဲ့ဖူးခြင်း မရှိပေ။
ရှာဝမ်ရွှီသည် သူ့ဆရာ၏ ဒေါသအပေါ် အထူးတလည် အံ့သြခြင်းမရှိပေ။ ယနေ့နံနက်စောစောတွင် ထျန်းချွဲကျီပျောက်ဆုံးသွားမှုနှင့် သိုင်းသူတော်စင်ပြိုင်ပွဲ ရုတ်တရက် ရပ်တန့်သွားမှုတို့ကို ကြားသိရချိန်တွင် သူကိုယ်တိုင်လည်း အတန်ငယ် အံ့အားသင့်ခဲ့ရသည်။
ယန်ပါးဟို၏ ခန္ဓာကိုယ်အတွင်း ထူးဆန်းသော အဆိပ်ရှိနေသည်ကို သူ ကြိုတင်သိရှိထားသော်လည်း ဟောက်ချင်းဘက်မှ ဤကဲ့သို့ ဆုတ်ခွာသွားလိမ့်မည်ဟု သူ မခန့်မှန်းနိုင်ခဲ့ပေ။ အကြောင်းမှာ ယန်ပါးဟိုသည် သေသည်အထိ နောက်မဆုတ်တမ်း ရင်ဆိုင်တတ်သူအဖြစ် ကျော်ကြားလှပြီး ထျန်းချွဲကျီကို မယှဉ်နိုင်မှန်း သိလျက်နှင့်ပင် မည်သည့်အခါမျှ လက်လျှော့မည့်သူ မဟုတ်သောကြောင့်ပင်။
တင်းလွန်းလျှင် ပြတ်တတ်သည်ဆိုစကားအတိုင်း ယန်ပါးဟိုအတွက် ဤသွေးစွန်းသော ဘေးဒုက္ခသည် အကြီးမားဆုံး အဟန့်အတားတစ်ခု ဖြစ်ခဲ့သည်။ ရှာဝမ်ရွှီသည် ထျန်းချွဲကျီအတွက်လည်း နိမိတ်ဖတ်ခဲ့ဖူးသည်။ ထိုစဉ်က ပေါ်ထွက်လာသော နိမိတ်မှာ ပဟေဠိနိမိတ်
ဖြစ်ပြီး သေဆုံးခြင်းလည်း မဟုတ် မသေတာလည်း မဟုတ်သည့်် အခြေအနေမျိုး ဖြစ်သည်။
ယွင်ရှန်းအနေဖြင့် ထိုင်ကြည့်နေမည်မဟုတ်ကြောင်း ရှာဝမ်ရွှီ ခန့်မှန်းထားသော်လည်း ထျန်းချွဲကျီ ပျောက်ဆုံးသွားမှုသည် သူမနှင့် ပတ်သက်နေသည်ဟု ဆိုခြင်းမှာ သူမကို အမွမ်းတင်လွန်းရာ ရောက်နေပေလိမ့်မည်။ သူမသည် မည်သို့ပင်ဖြစ်စေ မှော်ဆရာအဆင့်မျှသာ ရှိသေးသဖြင့် ထျန်းချွဲကျီကဲ့သို့သော ပညာရှင်ကြီးတစ်ဦး၏ ရှေ့မှောက်တွင် ပုရွက်ဆိတ်ကလေးတစ်ကောင်ကဲ့သို့ အားနည်းလွန်းလှသည်။
"ဆရာ... တပည့်လည်း ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို မသိပါဘူး"
ရှာဝမ်ရွှီက ပုံမှန်အတိုင်းပင် ပြန်လည်ဖြေကြားလိုက်သည်။ သူသည် ယွင်ရှန်းကို သတိပေးရုံသာ ပြုလုပ်ခဲ့ပြီး ဤသွေးစွန်းသော ဘေးဒုက္ခကို မည်သို့ရှောင်ရှားရမည်ဆိုသည်ကိုမူ ပြောပြခဲ့ခြင်း မရှိပေ။
အကယ်၍ အမှန်တကယ်သာ ပြောင်းလဲသွားခဲ့လျှင် ယန်ပါးဟိုသည် ယခုတစ်ကြိမ်တွင် သေဆုံးရန် ကံမပါသေးဘဲ ဆက်လက်ရှင်သန်ရန် အခွင့်အရေးရှိနေသေးသည်ဟုသာ ဆိုရပေလိမ့်မည်။ ရှာဝမ်ရွှီထံတွင် ထူးခြားသော အမူအရာ တစ်စုံတစ်ရာ မတွေ့ရှိရသဖြင့် ရှီယု၏ ဒေါသမှာ အတန်ငယ် ပြေလျော့သွားတော့သည်။ အနည်းဆုံးတော့ ဤဖြစ်ရပ်တွင် ရှာဝမ်ရွှီ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း သူ သိရှိသွားရသည်။
ဆရာကြီးဝမ်ထံမှ ပေးပို့သောစာတွင် ယန်မိသားစုမှ အမျိုးသမီးငယ်၏ ဆေးခန်း၌ ရှာဝမ်ရွှီကို ရုပ်ဖျက်လျက် ဆုံတွေ့ခဲ့ကြောင်း အပိုဆောင်း ဖော်ပြထားသည်။
ရှီယုသည် တစ်ခဏမျှ တွေးတောမိသော်လည်း မဖြစ်နိုင်ပေ။ ရှာဝမ်ရွှီကို သူကိုယ်တိုင် ငယ်
စဉ်ကတည်းက ပြုစုပျိုးထောင်ခဲ့ခြင်းပင်။ ဤကလေးသည် အစဉ်အမြဲ အေးစက်တည်ငြိမ်ပြီး လောကီရေးရာများကို စိတ်ဝင်စားသူမဟုတ်ပေ။ ယန်မိသားစုမှ မိန်းကလေးတစ်ဦးက သူ့အား သဋ၏ သက်တမ်းကို အလောင်းအစားပြုကာ ကံကြမ္မာလျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားသည့် ရူးသွပ်သော ဆုံးဖြတ်ချက်မျိုး ချမှတ်မိအောင် ဆွဲဆောင်နိုင်မည် မဟုတ်ပေ။
ရှီယုသည် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
"ထျန်းချွဲကျီရဲ့ သဲလွန်စကို အနီးကပ် စောင့်ကြည့်ပါ။ ဟောက်ချင်းက တူကူးရှိုရဲ့ လှုပ်ရှားမှုတွေကိုလည်း သတိထားပါ။ အဲဒီလူက စိတ်ရင်းကောင်းသူ မဟုတ်ဘူး။ အခုလို ကျိုးပြည်ထောင်စုမှာ သိုင်းသူတော်စင်တစ်ယောက်ကို မတရား ဆုံးရှုံးလိုက်ရတာကြောင့် သူက မကျေမနပ်နဲ့ လက်တုံ့ပြန်ဖို့ ကြိုးစားလာမှာပဲ။ ဒီကိစ္စ ငြိမ်သက်သွားတာနဲ့ မင်း မှော်ဘုရားကျောင်းကို ပြန်လာရမယ်"
"တပည့် နာခံပါ့မယ်"
ထိုသို့ ပြောကြားပြီးနောက် မှော်အစီအရင်အတွင်းရှိ မှော်စွမ်းအင်များမှာ ပျောက်ကွယ်သွားပြီး ရှီယု၏ အသံနှင့် ပုံရိပ်မှာလည်း ပျောက်ကွယ်သွားတော့သည်။
ရှာဝမ်ရွှီမှာ အတွေးနက်နေမိသည်။
ရုတ်တရက်ဆိုသလို ယွီမိုသည် အလောတကြီး ပြေးဝင်လာပြီး "ဂိုဏ်းတူညီလေး... အကြီးအကျယ် ဒုက္ခရောက်နေပြီ" ဟု အော်ဟစ်လိုက်သည်။
"ဘာတွေ ဒီလောက်တောင် ထိတ်လန့်နေရတာလဲ"
ယွီမို၏ ပျာယာခတ်နေသော အမူအရာကို မြင်လိုက်ရသောအခါ ရှာဝမ်ရွှီမှာလည်း အံ့အားသင့်သွားရသည်။
ယွီမိုသည် ယွီကျီကဲ့သို့ မဟုတ်ပေ။ သူသည် စကားနည်းသူဖြစ်ပြီး ဤမျှအထိ တုန်လှုပ်ချောက်ချားနေသည်ဆိုပါက အလွန်ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွါးခဲ့ခြင်းပင်။
"စစ်သူကြီးယန် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီ... သူ့အသက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်"
အလားတူ သတင်းစကားမှာပင် ဝူရွှမ်ဝူကျိခန်းမဆောင်သို့လည်း ရောက်ရှိသွားတော့သည်။
ခွမ်း….
ယွင်ရှန်း၏ လက်ထဲမှ အရိုးကြွေဆေးပုလင်းကလေးမှာ ကြမ်းပြင်ပေါ်သို့ ကျသွားပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။ စစ်သူကြီးယန်ပါးဟိုသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး သွေးထွက်လွန်နေသည်ဟူသော သတင်းက သူမ၏ ရင်ဘတ်ကို အားပြင်းသော တူဖြင့် ထုရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
"ဒါ ဘယ်လိုဖြစ်ရတာလဲ ထျန်းချွဲကျီက... ပျောက်ဆုံးသွားပြီ မဟုတ်ဘူးလား"
သွေးသည် ရေထက် နောက်သည်ဟု ဆိုရိုးရှိသည့်အတိုင်း ယန်ပါးဟိုအပေါ် မည်မျှပင် အငြိုးအတေး ရှိနေပါစေ သူမသည် ယန်မိသားစု၏ သွေးသားတစ်ဦးဖြစ်ကြောင်း ငြင်းပယ်၍ မရပေ။
"ဒီနေ့မှာ ဟောက်ချင်းမင်းသားက ထျန်းချွဲကျီ ပျောက်ဆုံးသွားတဲ့အတွက် ဟောက်ချင်းကိုယ်စား တောင်းပန်ဖို့ နန်းတော်ထဲကို ရောက်လာခဲ့တယ်။ ဧကရာဇ်မင်းမြတ်ကလည်း စစ်သူကြီးယန်ကို နန်းတော်ထဲ ဖိတ်ကြားခဲ့တာပေါ့။ ဒါပေမဲ့ နန်းတော်တွင်း တည်ခင်းတဲ့ ပွဲတော်အတွင်းမှာ ဟောက်ချင်းရဲ့ အမှောင်အိမ်ရှေ့မင်းသား တူကူးရှို့က စစ်သူကြီးယန်ကို စိန်ခေါ်ခဲ့တယ်။ စစ်သူကြီးက ပြိုင်ဘက်ကို လျှော့တွက်မိပြီး..."
သတင်းရရချင်းတွင် ဦးလေးယန်က ယွင်ရှန်းထံသို့ အပြေးအလွှား လာရောက်အကြောင်းကြားခြင်းပင်။
ယန်ပါးဟို၏ ခန္ဓာကိုယ်အတွင်း၌ မိစ္ဆာသားရဲ ရေမြွာရည်အဆိပ် ရှိနေဆဲပင်။ ဒဏ်ရာရရှိသည်နှင့် တပြိုင်နက် ဒဏ်ရာရှိရာနေရာမှ သွေးများက ပြောင်းပြန်စီးဆင်းပြီး သွေးတိတ်ရန် မဖြစ်နိုင်လောက်အောင် ဖြစ်သွားတတ်သည်။ ယန်ပါးဟိုနှင့် ကျိုးဧကရာဇ်တို့ နှစ်ဦးစလုံးက တူကူးရှို့သည် အသက် ၂၀ ပင် မပြည့်သေးသော လူငယ်တစ်ဦးဖြစ်သဖြင့် မည်မျှပင် အစွမ်းထက်စေကာမူ ယန်ပါးဟိုကို ဒဏ်ရာရအောင် ပြုလုပ်နိုင်လိမ့်မည်မဟုတ်ဘူးဟု ထင်မှတ်ထားခဲ့ကြသည်။
သို့သော် တိုက်ပွဲ၏ ရလဒ်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ ဦးလေးယန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယွင်ရှန်းသည် နောက်ထပ် စဉ်းစားနေရန် အချိန်မရှိတော့ပေ။ သူမသည် ဆေးသေတ္တာကို အမြန်ထုပ်ပိုးကာ အဘိုးဖြစ်သူ ဒဏ်ရာရရှိနေသည့် နန်းတော်တွင်းသို့ အပြေးအလွှား သွားရောက်ခဲ့သည်။
နန်းတော်တံခါးဝသို့ ရောက်ရှိချိန်တွင် စိုးရိမ်ပူပန်နေသော ယွင်ရှန်းနှင့် ဦးလေးယန်တို့ကို နန်းတော်အစောင့်များက တားဆီးလိုက်ကြသည်။
"နန်းတော်ဆိုတာ တားမြစ်နယ်မြေပဲ။ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဝင်ခွင့်မရှိဘူး"
အစောင့်နှစ်ဦးမှာ ယန်အိမ်တော်မှ လူများကို ဂရုမစိုက်ဘဲ နန်းတွင်းဝင်ခွင့် လက်မှတ်မပါသဖြင့် ဝင်ခွင့်မပြုပေ။
"ညီအစ်ကိုတို့... ကျွန်တော်တို့က ယန်အိမ်တော်ကပါ။ စစ်သူကြီးယန်က ဒဏ်ရာပြင်းထန်နေလို့ ဒီအမျိုးသမီးငယ်က ဆရာဝန်မို့ ပေးဝင်ပါဗျာ"
ဦးလေးယန်မှာ ငွေစအချို့ကို ထုတ်ပေးကာ အသနားခံသော်လည်း အစောင့်များမှာ လုံးဝ လက်မခံကြပေ။
"စစ်သူကြီးယန်ကို ဆေးဧကရာဇ်ခန်းမက ဆရာကြီးဝမ်ကိုယ်တိုင် ကုသပေးနေပြီ။ သာမန်လူတွေ ဝင်စရာမလိုဘူး"
အစောင့်များက ခပ်ပြတ်ပြတ်ပင် ငြင်းဆိုလိုက် ကြသည်။
နှစ်ပေါင်းများစွာ ဆေးဧကရာဇ်ခန်းမမှ အပြင်မထွက်ခဲ့သော ဆရာကြီးဝမ်ပင် ရောက်ရှိနေပြီဆိုပါက ယန်ပါးဟို၏ အခြေအနေမှာ အလွန်ပင် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း ယွင်ရှန်း ရိပ်မိလိုက်တော့သည်။
"သူတို့ကို အထဲပေးဝင်လိုက်ပါ။ ဒီအမျိုးသမီးက စစ်သူကြီးယန်ရဲ့ မြေးမလေးပဲ"
နန်းတော်ထဲမှ ထွက်လာသော ယီပိုင်မင်း၏ အမိန့်သံကြောင့် အစောင့်များမှာ ဖယ်ပေးလိုက်ကြရသည်။ ယီပိုင်မင်းသည် ယွင်ရှန်းကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် အပြစ်မကင်းသကဲ့သို့ ခံစားချက်အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်။ သူသည် ယနေ့နန်းတွင်း တည်ခင်းဧည့်ခံပွဲတွင် ရှိနေခဲ့ပြီး ယန်ပါးဟိုဒဏ်ရာရသွားပုံ အစအဆုံးကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသော်လည်း တားဆီးရန် အခွင့်မသာခဲ့ပေ။
နန်းတွင်းစင်္ကြံလမ်းတစ်လျှောက် အပြေးအလွှား သွားနေစဉ် ယွင်ရှန်းက "တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ တူကူးရှို့က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အစွမ်းထက်နေရတာလဲ" ဟု မေးမြန်းလိုက်သည်။
ယွင်ရှန်းသည် တူကူးရှို့၏ အစွမ်းကို ယခင်က မြင်တွေ့ဖူးသည်။ သူ၏ အဆင့်မှာ ပုကျိုရှောင်
နှင့် အလားတူနိုင်သော်လည်း သူမ၏ ဦးလေးဖြစ်သူ ယန်ချန်းလန်ကိုပင် မီရန် ခဲယဉ်းလှသည်။ ယန်ပါးဟိုနှင့်ဆိုလျှင်မူ ပြောနေရန်ပင် မလိုပေ။ ယန်ပါးဟိုမှာ အဆိပ်ကြောင့် သတိထားနေရသည်ဆိုဦးတော့ တူကူးရှို့ကဲ့သို့သော လူငယ်တစ်ဦးက သူ့ကို ဒဏ်ရာရအောင် ပြုလုပ်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
"အထဲရောက်ရင် မင်း နားလည်သွားမှာပါ"
ယီပိုင်မင်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ ဟောက်ချင်းအမှောင်အိမ်ရှေ့မင်းသား၏ အစွမ်းမှာ မမျှော်လင့်ဘဲ...
ယွင်ရှန်းသည် နန်းဆောင်အတွင်းသို့ အမြန်ဝင်ရောက်ခဲ့သည်။ နန်းဆောင်အပြင်ဘက်တွင် လူအများအပြား ရှိနေကြပြီး သူတို့အနက် ဦးလေးဖြစ်သူ ယန်ချန်းလန်ကိုလည်း တွေ့ရသည်။ အပြင်ဘက်အစွန်တွင် တူကူးရှို့၊ ရွှမ်ဝူကျိနှင့် အခြားသူများ ရှိနေကြပြီး အလယ်တွင်မူ ကျိုးဧကရာဇ်၊ မိဖုရားကြီးချီ၊ အိမ်ရှေ့မင်းသားနှင့် ချန်လျန်လျန်တို့ ရှိနေကြသည်။
အတွင်းဘက်ဆုံးရှိ ကုတင်ဘေးတွင်မူ ဆေးဧကရာဇ်ခန်းမမှ လူများက ဝိုင်းရံထားကြသည်။ ယွင်ရှန်းကို မြင်လိုက်ရချိန်တွင် တူကူးရှို့၏ မျက်ဝန်းများမှာ အရောင်တောက်သွားပြီး အောင်နိုင်သူတစ်ဦးကဲ့သို့ လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ယွင်ရှန်းကို သားကောင်တစ်ကောင်ကို မြင်လိုက်ရသည့်အလား စူးစိုက်ကြည့်နေခဲ့သည်။
သူမ ဒေါသထွက်နေချိန်တွင် ယခင်ကထက် ပိုမိုတောက်ပနေသည်ကို သူ သတိထားမိလိုက်သည်။ ပုံမှန်အားဖြင့် သူမသည် အရုဏ်ဦးမှ နှင်းပန်းလေးတစ်ပွင့်နှင့် တူသော်လည်း ယခုအခါတွင်မူ ဆူးများပါသော နှင်းဆီတစ်ပွင့်ကဲ့သို့ ထူးခြားသော အလှတရားမျိုး ရှိနေသည်။ တူကူးရှို့၏ အကြည့်များမှာ အလွန်ပင် ရိုင်းစိုင်းလှသဖြင့် ယွင်ရှန်းသည် သူ့ကို မြင်လိုက်ရသည်မှာ ယင်ကောင်တစ်ကောင် မျိုချလိုက်ရသကဲ့သို့ ရွံရှာဖွယ်ကောင်းလှသည်။
တူကူးရှို့ ဝတ်ဆင်ထားသော ဝတ်ရုံ၏ ညာဘက်လက်မောင်းပေါ်တွင် လတ်လတ်ဆတ်ဆတ် သွေးစွန်းနေသည်ကိုလည်း သူမ တွေ့ရှိလိုက်ရသည်။ မည်သူမျှ ပြောပြရန် မလိုဘဲ ထိုသွေးများမှာ ယန်ပါးဟို၏ သွေးများဖြစ်ကြောင်း သူမ သိလိုက်သည်။
***