ပန်းပေါင်းစုံ တောင်ထွတ်၌ ဓားစွမ်းအင် စီးကြောင်းနှစ်ခုက နောက်ဆုတ်လိုက် ရှေ့တိုးလိုက်ဖြင့် ရင်ဆိုင်နေကြသည်။
တစ်ခုက နဂါးတစ်ကောင်နှင့် တူညီကာ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းရာသီ၏ လျှို့ဝှက်ဆန်းကြယ်စွာ ပြောင်းလဲခြင်းများ ပါဝင်နေသည်။ လေးရာသီ… တစ်ခါတစ်ရံ ဓားစွမ်းအင်က မိုးရွာကျသလို၊ တစ်ခါတလေ ဆီးနှင်းပွင့်များသဖွယ် ပြောင်းလဲနေပြီး အချို့အချိန်၌ လျှပ်စီးနှင့် မိုးကြိုး ပစ်ချသလို ဖြစ်ပေါ်နေသည်။
အခြား စွမ်းအင်စီးကြောင်းက မရေမတွက်နိုင်သော ပန်းမျိုးစုံ ဖူးပွင့်လာသည်နှင့် တူညီ၏။ ထိုအရာ၌ ပျိုနီပန်း၊ ခေါင်ရမ်းပန်းများ၊ နှင်းဆီပန်းများ၊ သစ်ခွပန်းများနှင့် အခြားပန်းများစွာ ပါဝင်နေသည်။ မရေမတွက်နိုင်သော ပန်းပွင့်များ၌ နက်နဲကာ ခြိမ်းခြောက်နိုင်သော အစစ်အမှန် စွမ်းအင်များ ပါဝင်နေပေသည်။
ပထမ ဓားစွမ်းအင်စီးကြောင်းက ရန်ချီထံမှဖြစ်ကာ ဒုတိယတစ်ခုက သူ့အဒေါ် ရန်စုစုထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
သူက တော်ဝင်အဆင့် စွမ်းအင်ပညာရပ်များဖြစ်သည့် စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားနှင့် လေးရာသီ ဓားပညာတို့ကို ငရဲမီးတောက် မီးပြင်းဖိုနှင့် သန့်စင်ကာ ပြောင်းလဲစေ၍ ပေါင်းစပ် အသုံးပြုခြင်း ဖြစ်သည်။
ထိပ်သီးကျွမ်းကျင်သူများက ထိုပညာရပ်အတွင်း ပါဝင်နေသည့် ကွဲပြားသော ဒြပ်စင်များကို ခွဲခြား သိရှိနိုင်ပေသည်။
သို့သော် ယခုအချိန်၌ ထိုအရာအတွက် သူ မစိုးရိမ်တော့ချေ။ လက်ရှိ သူ့အဆင့်အတန်းအရ သူသာအလိုရှိလျှင် ကျောင်းတော်မှ လေးရာသီ ဓားပညာကို ဝယ်ယူနိုင်သည်။
သူ့မှာ ထိုပညာရပ် မပိုင်ဆိုင်ထားသော်လည်း လွတ်လွတ်လပ်လပ် အသုံးပြုနိုင်သည်။ သူက လက်ရွေးစင် ကျောင်းသားတစ်ယောက် ဖြစ်သဖြင့် ဘယ်သူမှ သူ့ကို သံသယဝင်မည် မဟုတ်ချေ။
ထို့ပြင် ကျောင်းတော်က လက်ရွေးစင် ကျောင်းသားများကို ကိုယ်ပိုင် လျှို့ဝှက်ချက်များ ထားခွင့် ပြုထားသည်။
ဘန်း……
ဓားစွမ်းအင် စီးကြောင်းနှစ်ခုက တိုက်မိကာ ပျက်စီးသွားကြတော့သည်။ ရန်စုစု တုန်လှုပ်သွားကာ ပြောလိုက်သည်။ "ချီအာ… မင်းရဲ့ စွမ်းအင်ပညာရပ်က ကြောက်ဖို့ ကောင်းလွန်းတယ်… မင်းက လောကအုပ်ချုပ်သူ အဆင့်တစ်ပဲ ရှိသေးတယ်… ဒါပေမယ့် လောကအုပ်ချုပ်သူ ဒုတိယအဆင့်တွေကို လွှမ်းမိုးနိုင်ပြီး တတိယအဆင့်တွေကိုတောင် ဆန့်ကျင်နိုင်နေပြီ"
"ဒါက ဘာမှ မဟုတ်သေးပါဘူး… အချိန်တန်လာရင် ကျွန်တော် တကယ် ဘယ်လောက် သန်မာလဲဆိုတာ အန်တီလေးကို ပြမှာပါ… ယခုအချိန်၌ ပန်းပေါင်းစုံ တောင်ထွတ်၌ သူတို့နှစ်ယောက်တည်းသာ ရှိနေသဖြင့် ချောင်းမြောင်းနေတဲ့ မျက်နှာတွေကို ကြောက်နေစရာ မလိုချေ"
"မင်းရဲ့ ပါရမီနဲ့ဆိုရင် ဒဏ္ဍာရီအဆင့်တွေတောင် မင်းကို စိတ်ဝင်စားပြီး ပညာသင်အဖြစ် ခေါ်ကြလိမ့်မယ်… ငါ့ဆရာသာ တရားကျင့်ကြံနေတာကနေ ပြန်ထွက်လာရင် မင်းကို ကူညီပေးဖို့ မေးပေးမယ်… အိုး… ဟုတ်သား… ရန်ကလန်က ယန်ကောင်းကင်ကို ထိန်းချုပ်နိုင်သွားပြီဆို… ဘာတွေ ဖြစ်ကုန်တာလဲ"
"အဖေက သူ့ကိုယ်သူ ဘုရင်တစ်ပါးအဖြစ် ခံယူပြီး တိုင်းပြည်အသစ် ထူထောင်နေတယ်… အခု သူက တိုင်းပြည်ကို ဘယ်လိုနာမည် ပေးရမလဲ ဆုံးဖြတ်နိုင်ဖို့ ကြိုးစားနေတယ်… အို… အန်တီလေးစုစု… အန်တီလေးက ကျောင်းတော်ကို ရောက်တာ ကြာလွန်းနေပြီဆိုတော့ ကြိုးပေးတောင်တန်း အကြောင်း သိလား အန်တီလေး"
ရန်စုစု၏ အမူအရာက ပြောင်းလဲသွားသည်။
"ကြိုးပေးတောင်တန်း… ဘာလို့ အဲဒီနေရာကို သိချင်တာလဲ… အဲဒါက တားမြစ်နယ်မြေပဲ"
ရန်ချီက ထိုနေရာအကြောင်း သိရမလား မျှော်လင့်ချက်ဖြင့် နက္ခတ်ဗေဒနှင့် ပထဝီ မြေအနေအထား အတန်းအနည်းငယ်ကို တက်ခဲ့ဖူးသည်။ ကံမကောင်းစွာပင် ထိုနေရာနှင့် ပတ်သက်၍ တစ်ခွန်းမှ မပြောဖူးကြသလို သူကိုယ်တိုင်လည်း ဘယ်သူ့ကို မေးရမလဲ မသိချေ။
ခဏစဉ်းစားပြီးနောက် သူက ရန်စုစုကို အလွန်လေးနက်သည့်ပုံစံဖြင့် ကြည့်ကာ မေးလိုက်သည်။
"ကျွန်တော့်အမေအကြောင်း အန်တီလေး သိတယ်မှတ်လား"
"မင်းအမေ"
သူမ တစ်ခဏလောက် တွေးမိသွားသည်။
"ငါတို့ ကလေးဘဝတုန်းက ဆော့ကစားနေတုန်း သူမကို တစ်ခါမှ မတွေ့ဖူးဘူး … ငါသိတာတော့ သူမက မင်းကို မွေးပြီးပြီးချင်း ထွက်သွားခဲ့တာပဲ… ငါက အဲဒီတုန်းက အဲဒီလိုကိစ္စတွေကို နားလည်ဖို့ ငယ်ရွယ်လွန်းခဲ့တယ်… နောက်ငါ အင်မော်တယ်ခြေနင်း ကျောင်းတော်ကို ရောက်တော့ မိသားစုရေးရာနဲ့ ပတ်သက်ပြီး ဝင်မပါတော့ဘူးလေ… ဘာလို့လဲ… မင်းအမေက ကြိုးပေးတောင်တန်းနဲ့ တစ်ခုခု ပတ်သက်နေတာလား"
"ပတ်သက်နေတယ်… အဖေပြောတာတော့ သူမမှာ အရမ်းကြီးမားတဲ့ နောက်ခံ ရှိတယ်တဲ့… သူမက အဲဒီနေရာရဲ့ မြင့်မြတ်သော သမီးတော် ဖြစ်နိုင်လောက်တယ်"
"ဘာ … ကြိုးပေးတောင်တန်းရဲ့ မြင့်မြတ်သောသမီးတော်… ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ… ကြိုးပေးတောင်တန်းက ဘယ်လိုမျိုးလဲ မင်းသိတယ်မှတ်လား… အဲဒါ နတ်ဆိုးမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ နယ်မြေပဲ… အဲဒီနေရာမှာ မဟာသူတော်စင်တွေ အများကြီးရှိတယ်… အဲဒီနေရာနဲ့ နှိုင်းယှဉ်ရင် ရန်ကလန်က ပုရွက်ဆိတ်သာသာပဲလေ… တကယ်လို့ မင်းအမေသာ မြင့်မြတ်တဲ့ သမီးတော်ဆိုရင် မင်းအဖေနဲ့ ဘာလို့ အခုလို ရင်းနှီးခဲ့ရတာလဲ… သူတို့နှစ်ယောက်မှာ ကောင်းကင်ဘုံက တစ်ယောက်နဲ့ မြေပေါ်ကတစ်ယောက် အတူတကွ ရှိနေကြသလိုပဲ… သူတို့နှစ်ယောက်ကြား ကွာဟချက်က သိပ်ကြီးမားလွန်းတယ်"
"ကျွန်တော် သိပါတယ်"
ရန်ချီက ပြန်ပြောလိုက်ကာ အနည်းငယ် ပြုံးလိုက်သည်။
"ဒါကြောင့် သတင်းအချက်အလက်တွေ ပိုသိချင်တာပဲ… ကျွန်တော်အမှန်တရားကို သိရဖို့အတွက် ကြိုးပေးတောင်တန်းတောင် သွားသင့်ရင် သွားရမှာပဲ … အမေက အဖေကို ပြောခဲ့တာတော့ သူသာ ချမ်းသာကြွယ်ဝတိုက်ကြီးရဲ့ အုပ်စိုးသူဖြစ်လာတဲ့ တစ်နေ့ကျရင် သူတို့ ပြန်လည်ပေါင်းစည်းနိုင်ပြီတဲ့"
"ချမ်းသာကြွယ်ဝတိုက်ကြီးရဲ့ အုပ်စိုးသူတဲ့လား … ကောင်းပြီလေ… ဒီမှာ အင်အားကြီးမားတဲ့ အဖွဲ့ ဘယ်နှဖွဲ့တောင် ရှိလဲသိလား … ကျောင်းတော်လေးခု၊ သူတော်စင် ဘိုးဘေးမင်းဆက်၊ အခြား စွမ်းအားကြီးတဲ့ အဖွဲ့အစည်းတွေ၊ ကလန်တွေသာ မကဘူး ပင်လယ်မျိုးနွယ်စုနဲ့ အခြား မိစ္ဆာနတ်ဆိုးတွေ အများကြီး ရှိသေးတယ်… သူတို့အားလုံးက ပိုမို လွှမ်းမိုးချင်နေကြတယ်… တကယ်တော့ တိုက်ကြီးတစ်ခုလုံးကို အမှန်တကယ် အုပ်စိုးနိုင်တဲ့သူ မရှိသေးဘူး… သူတော်စင် ဘိုးဘေးမင်းဆက်က အင်ပါယာနေရာကို ယူထားပေမယ့် အဲဒါက နာမည်ခံပဲ ရှိတော့တယ်… ကျောင်းတော်ကြီး လေးခုကို ဘယ်သူမှ တကယ် မေးခွန်းမထုတ်ရဲကြဘူး"
"ကြိုးပေးတောင်တန်း ကိစ္စကကော"
ရန်ချီ မေးလိုက်သည်။ ထိုအရာ သူအဓိက စိုးရိမ်ပူပန်နေသော အကြောင်းတစ်ခုပင်။
"အဲဒါက ဘယ်လိုနေရာမျိုးလဲ"
"ကြိုးပေးတောင်တန်းက… သီးခြား တည်ရှိမှုတစ်ခုပဲ… အဲဒါက ငါတို့ ကုန်းမြေတိုက်ကြီးက မဟုတ်ဘူး… အခြား အချိန်စကြဝဠာမှာ တည်ရှိနေတာပဲ… ချမ်းသာကြွယ်ဝ တိုက်ကြီးက သူတို့အတွက် နည်းနည်းလေးပဲ အရေးပါတယ်… ပြောရရင် ချမ်းသာကြွယ်ဝ တိုက်ကြီးမှာ ကြိုးပေးတောင်တန်းရဲ့ လက်အောက်ခံ လိုဏ်ဂူ ၇၂ ခုက မိစ္ဆာဘုရင်တွေ ရှိတယ်… မိစ္ဆာဘုရင်တိုင်းက ဒဏ္ဍာရီအဆင့်မှာ ရှိကြတဲ့ သူတွေချည်းပဲ… ဒါတောင် သူတို့က ကြိုးပေးတောင်တန်းရဲ့ တပ်ဖွဲ့ နည်းနည်းလောက်ပဲ အမိန့်ပေးနိုင်ကြတယ်လေ… သူတို့က အခြား ကုန်းမြေတိုက်ကြီးမှာ လက်ရှိ ရှိနေကြတာပဲ… မင်းက ကြိုးပေးတောင်တန်းအကြောင်း သိချင်တယ်ဆိုတော့လည်း ငါသိသမျှ မင်းကို ပြောပြပေးပါ့မယ်… ဟိုးအရင် ရှေးကျတဲ့ခေတ်တုန်းက ငါတို့ ချမ်းသာကြွယ်ဝ တိုက်ကြီးက တိုက်ကြီးတစ်ခုတည်း မဟုတ်ခဲ့ဘူး… အဲဒါကို ချမ်းသာစီရင်စုလို့ ခေါ်ပြီး ကြီးမားလွန်းတဲ့ ရှေးသဘာဝ ကုန်းမြေတိုက်ကြီးရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့တယ်… နတ်ဘုရားနဲ့ မိစ္ဆာ ကမ္ဘာပျက်တိုက်ပွဲမှာ အနီးနားရော အဝေးကရော ကုန်းမြေတွေ ပျက်စီးသွားခဲ့ရတယ်… အဲဒီ ပျက်စီးမှုတွေအတွင်းမှာ ချမ်းသာကြွယ်ဝ တိုက်ကြီးက ရှေးသဘာဝ ကုန်းမြေတိုက်ကြီးက ကျိုးပဲ့လာခဲ့ပြီးတော့ ကုန်းမြေတိုက်ကြီး အသစ်တစ်ခု ဖြစ်သွားခဲ့တာပဲ… ဒါပေါ့ ဒီတစ်ခုတည်းတောင် မဟုတ်ဘူး… ကမ္ဘာဦး အချိန်တွေတုန်းက မဟာစစ်ပွဲအတွင်းမှာ အချိန်စကြဝဠာက မတည်မငြိမ် ဖြစ်သွားပြီးတော့ ကြိုးပေးတောင်တန်းက ကမ္ဘာသစ်အဖြစ် ဖန်တီးခံခဲ့ရတယ်… ဒီဟာက ဘယ်လောက်တောင် မယုံနိုင်စရာ ကောင်းလိုက်လဲ"
"ဒါဆို ဘယ်လိုလုပ်ရမလဲ" ရန်ချီ ရေရွတ်လိုက်ကာ ခေါင်းညိတ်လိုက်သည်။ သူက ကောင်းကင်ကို ငေးကြည့်ရင်း အဝေးဆုံးတစ်နေရာမှာရှိနေသည့် သူ့မိခင်အကြောင်း စဉ်းစားနေလိုက်၏။
ထိုအရာက နတ်သမီးပုံပြင်တစ်ခုနှင့် တူညီနေသည်။ သူ့အမေက အင်မော်တယ် တစ်ယောက်ဖြစ်ကာ သူ့အဖေလို သေမျိုးတစ်ယောက်နှင့် ဘယ်လို ပတ်သက်ခဲ့ရသနည်း။ ယခုသူက သူမနှင့် ပြန်လည်ပေါင်းစည်းနိုင်ဖို့ မျှော်လင့်ခဲ့သည်။
သူထင်ထားခဲ့သည့်အတိုင်း ကြိုးပေးတောင်တန်းက ကောင်းကင်ဘုံ၌ တည်ရှိနေသည်။
ယခုအချိန်မှာ သူက လောကအုပ်ချုပ်သူ အဆင့်တွင်သာ ရှိနေသေးသဖြင့် ဘဝသက်တမ်း ပိုရှည်ကြာလာပြီး သက်တမ်း ပိုပိုပြီး တိုးလာအောင် ဆက်လက် ကျင့်ကြံနေရပေမည်။ ထို့ကြောင့် သူက အလျင်မလိုခဲ့ချေ။
စကားစမြည် ပြောနေကြစဉ်အတွင်း တိတ်ဆိတ်ကာ တိမ်များ ဖုံးလွှမ်းနေသည့် တောင်ထွတ်ဆီမှ ရုတ်တရက် အသံထွက်ပေါ်လာသည်။ ထို့နောက် အစစ်အမှန် စွမ်းအင်လှိုင်းလုံးကြီးက တောင်တစ်တောင်လုံးကို ဖုံးလွှမ်းသွားလေရာ မရေမတွက်နိုင်သော မိစ္ဆာသားရဲများက ဝမ်းသာပျော်ရွှင်စွာ ကြည့်လိုက်ကြသည်။ ကြီးမားသော လိပ်ပြာကြီးများက အရေးကြီးသည့် တစ်စုံတစ်ယောက်ကို ကြိုဆိုသလို လေထဲ ပျံသွားကြတော့သည်။
"ဆရာ ကျင့်ကြံရာကနေ ထွက်လာပြီ"
ရန်စုစုက ပြောလိုက်သည်။ သူမက ရန်ချီကို ဆွဲလိုက်ကာ သူမနှင့်အတူ ဒူးထောက်စေလိုက်၏။
ရန်ချီက ဖြစ်ပျက်သမျှကို သိရှိဖို့အတွက် အစစ်အမှန်စွမ်းအင်စီးကို စေလွှတ်လိုက်ရာ တိမ်များအထက်၌ အမျိုးသမီးတစ်ယောက်၏ ကြီးမားသော စွမ်းအင်ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။
သူမက မီတာတော်တော်လေး အရပ်ရှည်ကာ ကောင်းကင်ဘုံမှ နတ်ဘုရားမတစ်ပါးနှင့် တူညီသည်။ သို့သော် တစ်ခဏကြာပြီးနောက် ထိုပုံရိပ်က အစအန ရှာမရအောင် ပျောက်သွားလေ၏။
ထို့နောက် စွမ်းအင်စက်ကွင်းက နန်းတော်ဆီ ဦးတည် ကျရောက်လာကာ ပန်းပေါင်းစုံ ပိုးထည် ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦး ပေါ်လာသည်။ သူမက ၁၅ နှစ် ၁၆ နှစ် အရမ်းငယ်ရွယ်သည့် ပုံစံ ပေါက်နေသည်။ သို့သော် သူမက အံ့အားသင့်ဖွယ်ကောင်းသည့် အရည်အချင်းရှိကာ အစွမ်းထက်လွန်းသည့် စွမ်းအင်စက်ကွင်းက သူမကို ဝန်းရံနေပြီး ရန်ချီ၏ အစစ်အမှန် စွမ်းအင်များကို ချက်ချင်း ပျောက်ကွယ်သွားစေ နိုင်လောက်အောင် လုံလောက်ပေသည်။
‘အရမ်းသန်မာလွန်းတယ်’ သူ တွေးမိလိုက်သည်။
‘ငါက သူမရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး… ငါ့ရဲ့ အစစ်အမှန် စွမ်းအင်အားလုံးကို တစ်ပြိုင်တည်း သုံးပြီး တိုက်ရင်တောင် သူ့ကို ဆန့်ကျင်နိုင်မှာ မဟုတ်ဘူး… သူမက ဘယ်အဆင့်မှာတောင်လဲ… လောကအုပ်ချုပ်သူ အဆင့်ကိုးမှာလား’
ထိုအချိန်မှာပင် ရန်စုစုက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ငါ့ဆရာက အဆင့်ကိုး လောကအုပ်ချုပ်သူပဲ… သူမက ဒဏ္ဍာရီအဆင့်ကို တက်လှမ်းဖို့ သူမရဲ့ လမ်းကြောင်းအပေါ်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက နားလည်နေခဲ့ပြီ… ယုံမလားတော့ မသိဘူး သူမက အသက် သိပ်မကြီးသေးဘူး… သူမရဲ့ အသက်က လေးဆယ်ကျော်ပဲ ရှိသေးပြီးတော့ ကျောင်းတော်မှာ နှစ်ရာကျော် ရှင်သန်နေတဲ့ ခေတ်နောက်ကျနေတဲ့ အဘိုးကြီးတွေလို မဟုတ်ဘူး"
ရန်ချီကို ကြည့်ရင်း ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က ရှေ့တိုးလာကာ မေးလိုက်သည်။
"စုစု… ဘာလို့ ပန်းပေါင်းစုံ တောင်ထွတ်မှာ လူတစ်ယောက် ရောက်နေတာလဲ"
အစစ်အမှန် စွမ်းအင်စီးကြောင်းက ရုတ်တရက် ရန်ချီထံ တိုးဝင်သွားသည်။ ထိုအချိန်မှာ သူက ချုပ်နှောင်ခံလိုက်ရကာ သူ့လျှို့ဝှက်ချက်များကို မထိန်းသိမ်းနိုင်တော့သလို ခံစားလိုက်ရသည်။ သူသင်ကြား တတ်မြောက်ထားသည့် မိစ္ဆာနတ်ဘုရား တံဆိပ်တော်၏ ကျေးဇူးကြောင့် ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က သူ့အစစ်အမှန် အံ့ဖွယ် အရည်အချင်းကို ရှာမတွေ့နိုင်ခဲ့ချေ။
ရန်စုစု မတ်တတ်ရပ်လိုက်ကာ ပြုံးရင်း ပြောလိုက်သည်။ "ဆရာမ… ဒါ ရန်ကလန်က ကျွန်မတူလေးပါ… သူက တကယ် ပါရမီရှင်နော်… အသက် ၁၉ နှစ်ထဲနဲ့ လောကအုပ်ချုပ်သူ အဆင့်ကို ရောက်နေပြီ… သူက အင်မော်တယ်ခြေနင်း ကျောင်းတော်ရဲ့ လက်ရွေးစင် ကျောင်းသား တစ်ယောက်လည်း ဖြစ်နေတော့ ဆရာမက သူ့ကို ဆရာကောင်းနဲ့ မိတ်ဆက်ပေးဖို့ မျှော်လင့်ပါတယ်"
ရန်စုစုက သူမ၏ ဆရာမနှင့် ရင်းနှီးကာ နွေးထွေးသော ဆက်ဆံရေးရှိကြောင်း သိသာလွန်းလှသည်။
"အိုး … ၁၉ နှစ်နဲ့ လောကအုပ်ချုပ်သူလား"
သူမ အံ့အားသင့်သွားပုံရကာ ရန်ချီကို ပြန်ကြည့်လိုက်သည်။
"လက်ရွေးစင် ကျောင်းသား တော်တော်များများတောင် ၁၉ နှစ်နဲ့ လောကအုပ်ချုပ်သူ မဖြစ်လာနိုင်ကြဘူး … မင်းသိလား ချမ်းသာကြွယ်ဝ တိုက်ကြီးမှာ မရေးမှတ်ထားတဲ့ ဥပဒေအရ အသက် ၂၀ မတိုင်ခင် လောကအုပ်ချုပ်သူဖြစ်လာရင် ပါရမီရှင်လို့ သတ်မှတ်ကြတယ်… ငါတို့လက်ထဲမှာ ဒီလိုပါရမီရှင် တစ်ယောက် ရောက်လာတာပဲ"
ရန်ချီကလည်း အလားတူ မတ်တတ်ရပ်လိုက်ကာ ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်… ကြီးမြတ်တဲ့ အကြီးအကဲက အရမ်းသဘောထား ကြီးလွန်းတယ်… ငါဒီလို ချီးမွမ်းမခံရဲပါဘူး"
သူက လက်ရွေးစင် ကျောင်းသားဖြစ်သော်လည်း ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်ကို ကျင့်ဝတ်နှင့်အညီ နှုတ်ဆက်ရပေသည်။
"ဆရာမ … နေလကျောင်းတော်က လုံရွမ်ရီ နောက်တစ်ခေါက် ထပ်လာပြန်ပြီ… သူက လောကအုပ်ချုပ်သူ အဆင့်သုံးကို ချိုးဖောက် တက်လှမ်းသွားနိုင်ပြီးတော့ သမီးကို လက်ထပ်ဖို့ မေးမြန်းချင်နေတယ် … ချီအာက သူ့ကို မောင်းထုတ်ပေးခဲ့တာကိုပဲ ကျေးဇူးတင်ရမယ်… ဆရာမ နေလကျောင်းတော်ကို ဆက်သွယ်ပြီး ပြောပေးလို့ မရဘူးလား… သမီးကို သူနှောင့်ယှက်နေတာ ရပ်တန့်စေချင်နေပြီ"
"ဘယ်လောက်တောင် အတင့်ရဲလိုက်လဲ"
ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က မျက်နှာထား တင်းမာသွားကာ ပြောလိုက်သည်။
"ဒီလုံရွမ်ရီ မဖြစ်နိုင်တာကို လိုချင်နေတာပဲ… ငါ့ရဲ့ ပညာသင်တပည့်ကို ဘယ်သူမှ လက်မထပ်စေရဘူး… ငါ့ရဲ့ စွမ်းအင်ပညာရပ်ကို ကျင့်ကြံခြင်းမှာ မြှုပ်နှံထားဖို့ပဲ လိုတယ်… အချစ်ဆိုတဲ့ အရာကြောင့် အာရုံမပြန့်စေချင်ဘူး… ခဏလေး တပည့်… ခုနက ဘာပြောလိုက်တယ်… တပည့်ရဲ့ တူတော်မောင်က အဆင့်သုံး လောကအုပ်ချုပ်သူ တစ်ယောက်ကို မောင်းထုတ်လိုက်တယ်… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ရန်ချီကို ကြည့်လိုက်ကာ သူမက မေးမြန်းလိုက်သည်။
"မင်းနာမည်က ရန်ချီလား… လက်ရွေးစင် ကျောင်းသားတစ်ယောက်အနေနဲ့ မင်းက ငါ့လို အကြီးအကဲတွေရဲ့ အာရုံကို ဆွဲဆောင်ထားနိုင်ပြီးသားပါ… ဒါပေမယ့် မင်းလို လောကအုပ်ချုပ်သူ အဆင့်တစ်မှာပဲ ရှိသေးတဲ့သူက ဘယ်လိုလုပ်ပြီး လုံရွမ်ရီလို အဆင့်သုံး လောကအုပ်ချုပ်သူ တစ်ယောက်ကို ဘယ်လိုလုပ် အနိုင်ယူနိုင်ရတာလဲ"
End
***