ခြေအောက်ရှိ မြေပြင်မှာ ဖန်ကဲ့သို့ ချောမွတ်နေပြီး ဆန်းကြယ်သည့် အစစ်အမှန် စွမ်းအင်များဖြင့် ပြည့်နှက်နေ၏။ ထို့အပြင် လမ်းလျှောက်လိုက်တိုင်း ရွှေနှင့် ကျောက်စိမ်းတို့ တိုက်ခတ်သံကဲ့သို့ အသံများ ထွက်ပေါ်နေသည်။
"စုစု... ဒီစကြဝဠာငယ်လေးထဲမှာ ရှိတဲ့ 'နတ်ဘုရား ဖောက်ထွင်း အင်မော်တယ် အလင်း'က မင်းရဲ့ အခြေတည်စ နတ်ဘုရားကို ဖောက်ထွင်းပြီး မသန့်စင်တဲ့ စိတ်ဆန္ဒတွေကို ရှင်းလင်းပစ်နိုင်တယ်... မင်းသာ ဒီနေရာမှာ ကျင့်ကြံရင် အတွင်းစိတ်ရိုင်း နတ်ဆိုးတွေကို ကြောက်စရာ မလိုဘူး... ဒီထဲမှာ တစ်နှစ် ကျင့်ကြံတာက အပြင်လောကမှာ နှစ်တစ်ရာ ကျင့်ကြံတာနဲ့ ညီမျှတယ်"
ထို့နောက် ပန်းပေါင်းစုံ မြင့်မြတ်သောသမီးတော်က လက်ကို ဆန့်ထုတ်လိုက်ရာ အရောင်ကိုးမျိုး စွမ်းအားများ စုဝေးလာပြီး အင်မော်တယ် အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။
"စကြဝဠာငယ်လေးထဲမှာ 'ယန်ကိုးပါး စွမ်းအင်' လို့ခေါ်တဲ့ အရာတစ်ခု ရှိတယ်... ဒီစွမ်းအားက အခြား ဒိုင်မေးရှင်းကနေ ရောက်လာပြီး သန့်စင်တဲ့ ယန်ပင်မ သဘာဝစွမ်းအင် ကိုးမျိုး ပါဝင်နေတယ်... ဒါက မင်းရဲ့ အစစ်အမှန် စွမ်းအင်ကို သိသိသာသာ တိုးတက်စေပြီး သွေးသားကိုပါ အားဖြည့်ပေးရုံမက စွမ်းအင်ပင်လယ်ကိုပါ သန့်စင်ပေးနိုင်တယ်... အချိန်ကြာကြာ ကျင့်ကြံရင် အရမ်း အကျိုးရှိစေတယ်"
ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော် ပြောနေသည့် ယန်ကိုးပါး အင်မော်တယ် စွမ်းအင်မှာ သူမလက်ပေါ်ရှိ အရောင်ကိုးမျိုး စွမ်းအင်ဖြစ်ကြောင်း သိသာလှပေသည်။
ရန်ချီက သူ့အနားတွင် စွမ်းအင်များ စီးဆင်းနေမှုကို ကြည့်ပြီးနောက် ယန်ကိုးပါး အင်မော်တယ် စွမ်းအင်အချို့ကို စုပ်ယူရန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ထိုအရာက သူ့စွမ်းအင်ပင်လယ်ထဲ ဝင်ရောက်လာသော်လည်း ဘာမှ ထူးခြားမလာပေ။
"ဘာဖြစ်တာလဲ..."
သူ စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်မိသည်။
ရန်ချီကို အေးဆေးစွာကြည့်ရင်း ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က ရှင်းပြသည်။ "ယန်ကိုးပါး အင်မော်တယ်စွမ်းအင်ကို ပေါ့သေးသေး မထင်နဲ့... ငါတို့ အင်မော်တယ်ခြေနင်း ကျောင်းတော်က သီးခြား ဒိုင်မေးရှင်းထဲသွားပြီး အဲ့ဒါကို ရိတ်သိမ်းဖို့ ထိပ်သီး ပါမောက္ခတွေကို စေလွှတ်ခဲ့ရတာ... အဲ့ဒါက လက်ရှိ ကောင်းကင်နဲ့ မြေကြီးကြားမှာ မရှိတဲ့ ပင်ကိုယ်သဘာဝစွမ်းအင် တစ်မျိုးပဲ... ဒဏ္ဍာရီအဆင့်တွေသာ အဲ့ဒါကို စုပ်ယူပြီး အစစ်အမှန် စွမ်းအင်အဖြစ် ပြောင်းလဲနိုင်တယ်... အဲ့ဒီစွမ်းအင်ကို ပြောင်းလဲနိုင်ဖို့အတွက် အချိန်နိယာမကို နားလည်ဖို့ လိုအပ်တယ်လေ... တကယ်လို့ လူတိုင်း သုံးနိုင်နေရင် အစကတည်းက လုပ်နေပြီးပြီ... ဒါကြောင့်ပဲ ငါတို့က ကျောင်းသားတွေကို ဒီမှာ ယန်ကိုးပါး စွမ်းအင်နဲ့ ကျင့်ကြံဖို့ ခွင့်မပြုတာ"
"ခွင့်မပြုထားဘူး..."
ရန်ချီ တီးတိုး ရေရွတ်လိုက်မိသည်။ ထို့နောက် သူက ဂရုတစိုက်ဖြင့် စွမ်းအင်ပင်လယ်ထဲ၌ သေးငယ်သော ငရဲမီးတောက်မီးပြင်းဖို ပေါ်လာစေရန် မိစ္ဆာနတ်ဘုရား တံဆိပ်တော်ကို အနည်းငယ် ဖြေလျော့လိုက်၏။
သူက ယန်ကိုးပါး အင်မော်တယ်စွမ်းအင်ကို စုပ်ယူကာ အစစ်အမှန် စွမ်းအင်အဖြစ် မပြောင်းလဲနိုင်မီ ထိုစွမ်းအင်က စွမ်းအင်ပင်လယ်ထဲ၌ ပျောက်ကွယ်သွားနိုင်ခြေရှိသည်။ သို့သော် ငရဲချေမှုန်း နတ်ဆင်စွမ်းအား အချို့ကို ထုတ်ဖော်ကာ ထိုစွမ်းအင်ကို မီးပြင်းဖိုအတွင်းသို့ အလျင်အမြန် ဆွဲသွင်းလိုက်သည်။
ထိုအရာက အင်မော်တယ် စွမ်းအင်ဖြစ်လေရာ အန္တရာယ်ကို အာရုံခံမိသဖြင့် လွတ်မြောက်ဖို့ ရုန်းကန် ကြိုးစားနေသော်လည်း ငရဲမီးတောက် မီးပြင်းဖိုကို မဆန့်ကျင်နိုင်ဘဲ အတွင်းထဲသို့ မျိုသိပ်ခံလိုက်ရသည်။
'ဒါက တော်တော်လေး သန်မာတာပဲ... ဒါပေမဲ့ ငါ့ရဲ့ ငရဲမီးတောက်မီးပြင်းဖိုက ဝိညာဉ်လောကရဲ့ အရှင်သခင်ပဲလေ... သူ့စွမ်းအားက အကျင့်ပျက် နတ်ဘုရားတွေကိုတောင် အရည်ပျော်နိုင်ပြီး နတ်ဘုရား သက်ရှိတွေ အားလုံးကို သန့်စင်ပစ်နိုင်တယ်'
သူ တွေဝေမနေတော့ဘဲ ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို ပိုမိုထုတ်ဖော်ကာ ငရဲမီးတောက် မီးပြင်းဖိုအတွင်း အာရုံစိုက်လိုက်သည်။
မျက်လုံးကို မှိတ်ထားရင်း ငရဲမီးတောက် မီးပြင်းဖိုအတွင်း ကြည့်လိုက်ရာ နတ်ဘုရား ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။ ထိုအရာက ဆင်ခေါင်းနှင့် လူခန္ဓာကိုယ်ရှိကာ ခြေလက်အင်္ဂါများက ကြီးမားလွန်းလှသည်။ သံချပ်ကာ ဝတ်စုံဝတ်ဆင်ထားပြီး ပခုံးထက်၌ တောင်တစ်တောင်ကို ထမ်းထားသည်။ ထိုအရာက နတ်ဘုရား တောင်တစ်လုံးဖြစ်ကာ ကောင်းကင်အပြည့် ကြီးမားလှပေသည်။
ထိုအရာက ဆင်ရိုင်းနတ်ဘုရား ဖြစ်ချေသည်။
ရှေးဒဏ္ဍာရီ ပုံပြင်များအရ ဆင်ရိုင်းနတ်ဘုရားများက နတ်ဘုရားများ နေထိုင်ရာ တောင်ကုန်းကို ပခုံးထက် ပိုးထားကြသည်။ ထိုဆင်ရိုင်းနတ်ဘုရားများက နတ်ဘုရားကို ဂုဏ်ကျက်သရေ ရှိစေရုံမက ကောင်းကင်ဘုံကိုပင် အုပ်ချုပ်ကြရသည်။ သို့သော် မရေမတွက်နိုင်သည့် နတ်ဆိုးများကိုတော့ ခြေထောက်ဖြင့် နင်းချေလေ့ ရှိကြ၏။ နောက်ဆုံးတွင် သူတို့က ကောင်းကင်များကို ထောက်ပံ့ပေးနိုင်ပြီး မြေကမ္ဘာကို နင်းချေနိုင်စွမ်း ရှိကြသည်။
ယခု ရန်ချီက လောကအုပ်ချုပ်ခြင်းအဆင့်သို့ ရောက်ရှိလာလေရာ ငရဲချေမှုန်း နတ်ဆင်စွမ်းအားကလည်း အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး ငရဲမီးတောက်မီးပြင်းဖိုအတွင်း ဆင်ခေါင်းနှင့် လူခန္ဓာကိုယ်ရှိသည့် ဆင်ရိုင်းနတ်ဘုရားတစ်ပါး ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဆင်ရိုင်းနတ်ဘုရားက ပါးစပ်ဟပြီး အသက်ရှူသွင်းသကဲ့သို့ ယန်ကိုးပါး အင်မော်တယ် စွမ်းအင်ကို စုပ်ယူလိုက်သည်။ တစ်ခဏ ကြာပြီးနောက် နှာမောင်းမှ အသက်ရှူထုတ်လိုက်ရာ ချော်ရည်ကဲ့သို့ အစစ်အမှန် မီးတောက်များက ယန်ကိုးပါး အင်မော်တယ်စွမ်းအင်ကို ချည်နှောင်လိုက်တော့သည်။
ကျန်ရှိနေသည့် ယန်ကိုးပါး အင်မော်တယ်စွမ်းအင်များက အပူဒဏ်ကို မခံနိုင်ဘဲ အပိုင်းအစလေးများအဖြစ် ကွဲကြေသွားကာ သေးငယ်သော နဂါးကိုးကောင်အဖြစ် ငရဲမီးတောက် မီးပြင်းဖိုအတွင်းမှ ပြန်ထွက်ပေါ်လာသည်။
ထိုနဂါးများက ကွဲပြားသော အရောင်တစ်မျိုးစီ ပါဝင်သည့် စွမ်းအင်စီးကြောင်းများ ဖြစ်လာခဲ့သည်။
အရောင်ကိုးမျိုး၊ နဂါးကိုးကောင်။
အနီ၊ အစိမ်း၊ စိမ်းပြာ၊ အပြာ၊ ခရမ်းနု၊ အဖြူ၊ အမည်း၊ လိမ္မော်၊ ရွှေရောင်ရှိသည့် နဂါးကိုးကောင်က သူ့အစစ်အမှန် စွမ်းအင်များအတွင်း စီးဆင်းသွားကာ ၎င်းတို့နှင့် တဖြည်းဖြည်း ပေါင်းစပ်ရုံမက ခန္ဓာကိုယ်နှင့်ပါ ပေါင်းစပ်လာတော့သည်။
"ခလွမ်... ခလွမ်..."
နဂါးကိုးကောင်ကို စုပ်ယူနေစဉ် ခန္ဓာကိုယ်ထဲမှ အခု(၃၀)မြောက် အစိတ်အပိုင်းက ပဲ့တင်ထပ်လာခဲ့သည်။
နဂါးကိုးကောင်က အစိတ်အပိုင်းတစ်ခုနှင့် ပဲ့တင်လာခဲ့ခြင်းက ယန်ကိုးပါး အစစ်အမှန် စွမ်းအင်များ အသက်ဓာတ် စွမ်းအားအမြုတေအဖြစ် ပြောင်းလဲနိုင်ခြင်းကို ညွှန်ပြနေခြင်းပင်။
ယခုအချိန်ထိ သူ အစိတ်အပိုင်း (၂၉)ခုသာ နိုးထနိုင်ခဲ့ပြီး ပိတ်ဆို့နေခဲ့သည်။ အကယ်၍ အခု(၃၀)မြောက် အစိတ်အပိုင်းကို ချိုးဖောက်နိုင်ခဲ့ပါက လောကအုပ်ချုပ်သူ အဆင့်(၂)သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။
လောကအုပ်ချုပ်ခြင်း ကိုးဆင့်က ကွဲပြားခြားနားသော စွမ်းအားများကို လိုအပ်ကာ ရန်ချီအနေနှင့် ပိုမို သိသာလှသည်။ ပုံမှန်အားဖြင့် ပြောရလျှင် သူလို နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ် ကျင့်ကြံသူအတွက် များစွာ ခက်ခဲလွန်းလှ၏။
ပြီးခဲ့သည့် ရက်များက ကျင့်ကြံခြင်းကို ကြိုးစားပန်းစား လုပ်ဆောင်ခဲ့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ဧကရာဇ်များ၏ တာအိုစွမ်းအင် အစီအရင်ဖြင့်ပင် တိုးတက်မလာခဲ့ပေ။
ယခု စကြဝဠာငယ်လေးထဲ ရောက်ရှိလာသောအခါ သူနေထိုင်သည့် ကမ္ဘာကြီး၏ အနှစ်သာရနှင့် မှော်ဆန်သော စည်းမျဉ်းများကို ဆန့်ကျင်ကာ အခြားဒိုင်မေးရှင်းမှ ယန်ကိုးပါး အင်မော်တယ် စွမ်းအင်များကို စုပ်ယူနေခြင်းဖြစ်သည်။ သာမန်အားဖြင့် ထိုအရာက ဒဏ္ဍာရီအဆင့် မရောက်မချင်း စုပ်ယူနိုင်မည် မဟုတ်ချေ။
သို့သော်လည်း နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ်ကြောင့် ရန်ချီက ထိုအရာတို့ကို သန့်စင်ကာ အသက်ဓာတ် စွမ်းအားရှိသည့် အရောင်ကိုးမျိုး နဂါးများအဖြစ် ပြောင်းလဲနိုင်ခဲ့လေပြီ။
'မယုံကြည်နိုင်စရာပဲ... ငါ စကြဝဠာငယ်လေးက စွမ်းအင်တွေကို အသုံးပြုနိုင်မယ်လို့ မထင်ထားခဲ့ဘူး... ဒီမှာ အချိန်အကြာကြီးသာ ကျင့်ကြံနိုင်ရင် ပြိုင်ဘက်ကင်းသလောက်ကို တိုးတက်လာမှာပဲ... အဆင့်(၂) တောင် မဟုတ်ဘူး... အဆင့်(၃) လောကအုပ်ချုပ်ခြင်းကိုတောင် ခဏလေးနဲ့ ရောက်သွားနိုင်တယ်'
သူ စိတ်လှုပ်ရှားမှုကြောင့် ရင်တုန်သွားကာ အရောင်ကိုးမျိုး နဂါးလေးများကို အခု(၃၀)မြောက် အစိတ်အပိုင်းဆီ စေလွှတ်လိုက်ရာ ထိုအရာက ချက်ချင်း နိုးထလာသည်။
စွမ်းအားကြီးမားသည့် ယန်ကိုးပါး အင်မော်တယ်စွမ်းအင်က ပိတ်ဆို့နေမှုကို ထိခိုက်စေနိုင်သော်လည်း မချိုးဖောက်နိုင်ခဲ့ပေ။
ထိုသို့ ဖြစ်ပျက်နေစဉ် ရန်ချီက မျက်စိထောင့်မှ ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်နှင့် ရန်စုစုကို လှမ်းကြည့်လိုက်သည်။
သို့သော် သူတို့နှစ်ယောက်လုံးက သူ့အပေါ် အာရုံမစိုက်ကြချေ။
ထို့ကြောင့် သူက လျှို့ဝှက်စွာဖြင့် ယန်ကိုးပါး အင်မော်တယ် စွမ်းအင်များကို ငရဲမီးတောက် မီးပြင်းဖိုအတွင်း ဆွဲသွင်းနေလိုက်ရာ တစ်ခေါက်ထက်တစ်ခေါက် ပိုမို ချောမွေ့စွာ ဆွဲသွင်းနိုင်လာခဲ့သည်။ ထို့ပြင် နဂါးကိုးကောင်အဖြစ် သန့်စင်ရာတွင်လည်း ပိုမို လွယ်ကူလာ၏။
ငရဲမီးတောက် မီးပြင်းဖိုအတွင်း အချိန်များ ကုန်လွန်လာသည်နှင့်အမျှ နဂါးများ ပိုမို ပေါ်ထွက်လာခဲ့သည်။
ထိုနဂါးများကို ခန္ဓာကိုယ် အစိတ်အပိုင်းများသို့ ပို့ဆောင်မည့်အစား အားလုံးကို စုဆောင်းကာ တစ်ပြိုင်တည်း အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။ စွမ်းအားများ လုံလုံလောက်လောက်ရှိပါက လောကအုပ်ချုပ်သူ အဆင့်(၂)သို့ ချိုးဖောက် တက်လှမ်းသွားနိုင်ပေလိမ့်မည်။
အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက် ငရဲမီးတောက် မီးပြင်းဖိုအတွင်း သေးငယ်သော နဂါးတစ်ရာခန့် စုဆောင်းမိသွားသည်။ ထိုအချက်ကား ဆင်ရိုင်းနတ်ဘုရားက ယန်ကိုးပါး အင်မော်တယ် စွမ်းအင်များကို အလွယ်တကူ သန့်စင်ပေးနိုင်ခြင်းကြောင့် ဖြစ်ပေသည်။
ထိုအချိန်မှာပင် ရုတ်တရက် ထိုနဂါးများက ဆင်ရိုင်းများနှင့် အလွန်ဆင်တူကြောင်း သဘောပေါက်လာကာ စိတ်ထဲတွင် တစ်စုံတစ်ခု ပေါ်လာခဲ့သည်။ နဂါးဆင်ရိုင်းစွမ်းအား….
'ငါ ပိုပြီး ကြိုးစားလုပ်ရမယ်' သူ စိတ်ထဲတွင် ကြုံးဝါးလိုက်သည်။ 'ဒီစွမ်းအားတွေ ပိုစုပ်ယူမှ အသက်ဓာတ် စွမ်းအားအမြုတေ ငါ ပိုလုပ်နိုင်မှာ... ပြီးမှ သူတို့အားလုံး တစ်ပြိုင်တည်း သုံးလိုက်ရင် ပိုတောင် အကျိုးရှိဦးမယ်... ယွမ်ဟိုက်လန်ကတောင် ငါ့အတွက် စကြဝဠာငယ်လေးမှာ အကျိုးပိုရှိတယ် ဆိုတာ နားလည်သေးတာပဲ... ငါ အခုလိုလုပ်နေတာကို စွမ်းအားကြီးတဲ့ ကျွမ်းကျင်သူတွေ မမြင်အောင် သတိထားရမယ်... ငါသာ ဒီထဲမှာ ကြာကြာနေရင် လောကအုပ်ချုပ်သူ အဆင့်(၃)ကို ရောက်သွားနိုင်ပြီးတော့ အဆင့်(၄)ကိုတောင် ရောက်သွားနိုင်သေးတယ်... အဲဒီလိုသာဆို ငါ ဘယ်လောက်တောင် သန်မာလိုက်မလဲ'
ထိုအခိုက်အတန့်၌ သူ တတ်နိုင်သမျှ စွမ်းအားများကို များများစုပ်ယူနိုင်ဖို့ ကြိုးစားနေလိုက်သည်။
"ငါ မင်းကို လူအိုကြီး နှစ်ယောက်နဲ့ တွေ့ဖို့ ခေါ်လာတာပဲ ရန်ချီ" ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က ပြောလိုက်သည်။ "သူတို့နှစ်ဦးကို လေပြည်နဲ့ တိမ်တိုက် ဂိုဏ်းအုပ်တွေလို့ ခေါ်ကြတယ်... သူတို့နှစ်ယောက်လုံးက ဒဏ္ဍာရီအဆင့်ဖြစ်ပြီးတော့ အင်မော်တယ်ခြေနင်း ကျောင်းတော်ထဲမှာ အဆင့်အတန်း အရမ်းမြင့်တယ်... သူတို့က သူတို့ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ ပညာသင်တပည့် ရှာနေတယ်လို့ လူတွေ သိထားတာ ကြာပြီ... အကြီးအကဲ နတ်ဘုရား သိမ်းငှက်က ယွမ်ဟိုက်လန်ကို ခေါ်လာတာ သူတို့ကို တွေ့ဖို့လို့ ငါခံစားရတယ်... ဒါကြောင့် ငါ့မျက်နှာ မပျက်စေနဲ့... သူတို့ရဲ့ ပညာသင်တပည့် ဖြစ်အောင် သေချာလုပ်"
"ကောင်းပါပြီ သခင်မ" ရန်ချီက ပြန်ဖြေလိုက်သည်။ သူ ယန်ကိုးပါး အင်မော်တယ် စွမ်းအားများကို စုပ်ယူနေသော်လည်း ပတ်ဝန်းကျင်က အရာတိုင်းကို အာရုံစိုက်ထားဆဲပင်။
'ဂိုဏ်းအုပ် လေပြည်နဲ့ တိမ်တိုက်တွေက ဘယ်လိုလူတွေလဲ' သူ စဉ်းစားလိုက်သည်။ 'ဒဏ္ဍာရီအဆင့် လူတွေ... အင်း ကောင်းသားပဲ... ငါ အရင်က တစ်ခါမှ ဒဏ္ဍာရီအဆင့်က လူတွေကို မတွေ့ဖူးဘူး'
"ရှေ့မှာ သူတို့ရဲ့ လေပြည်နဲ့ တိမ်တိုက် ဘုံနန်းစေတီတွေပဲ" ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က သတိပေးသည်။
"ရိုရိုသေသေနေဖို့ သတိထားဦး"
သူတို့ရှေ့မှ ကြီးမားသော ဘုံနန်းစေတီမှာ သစ်သားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ အဆင့်ကိုးဆင့် ရှိကာ တောင်တန်းများ၊ မြစ်များ ဝန်းရံနေသဖြင့် အလွန် လှပတင့်တယ်နေ၏။
ဘုံနန်းစေတီ၏ အပေါ်ဆုံးထပ်၌ သက်လတ်ပိုင်းအရွယ် လူနှစ်ယောက်ရှိနေကြသည်။ သူတို့ထဲကတစ်ယောက်က တိမ်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော ဝတ်စုံကို ဝတ်ဆင်ထားကာ နောက်တစ်ယောက်က လေကဲ့သို့ မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထူးဆန်းသည်မှာ သူတို့၏ အရှိန်အဝါကို အာရုံခံနိုင်ခြင်း မရှိသောကြောင့် စွမ်းအင်ပညာရပ်ကို နားမလည်ထားသည့် သာမန်လူသားများနှင့် တူညီနေခြင်းပင်။
'ဒါတွေက ဒဏ္ဍာရီအဆင့်က လူတွေလား' ရန်ချီ အံ့ဩသွားသည်။
သူတို့ဘေး၌ ယွမ်ဟိုက်လန်နှင့် မဟာ အကြီးအကဲ နတ်ဘုရား သိမ်းငှက်တို့ မတ်တပ် ရပ်နေကြသည်။
ထိုအချိန်မှာပင် ရန်ချီက ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်၊ ရန်စုစုတို့နှင့် ရောက်ရှိလာသည်ကို ယွမ်ဟိုက်လန်က ငုံ့ကြည့်ပြီး ပြုံးလိုက်သည်။
ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က အပေါ်သို့ မော့ကြည့်ကာ ပြောလိုက်သည်။ "ပန်းပေါင်းစုံမြင့်မြတ်သော သမီးတော်က ဂိုဏ်းအုပ်တိမ်တိုက်နဲ့ လေပြည်ကို လာရောက် နှုတ်ဆက်ပါတယ်"
"သြော်... ဒါက ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်ပဲ"
အဖြူရောင် ဝတ်စုံနှင့်လူက ပြောကာ အောက်ဘက်မှ လူစုကို လှမ်းကြည့်လိုက်သည်။
သူတို့၏ မျက်လုံးများက လျှို့ဝှက်ချက်များကို ဖောက်မြင်နိုင်လေရာ ရန်ချီက မိစ္ဆာနတ်ဘုရား တံဆိပ်တော်ကို အသက်သွင်းထားခြင်းကိုပင် ကျေးဇူးတင်နေမိသည်။
ထိုအကြည့်က သူ့အပေါ် ကျရောက်ပြီးနောက် ပြန်လည်ရုပ်သိမ်းလိုက်ကာ အဖြူရောင် ဝတ်စုံနှင့် ဂိုဏ်းအုပ်က ဆက်ပြောလာသည်။
"တကယ်လို့ မင်းက ဒီမှာ ငါတို့အတွက် ပညာသင်တပည့် လက်ခံဖို့ လာခဲ့တာဆိုရင် မင်းရဲ့စိတ်ကို လျှော့လိုက်တော့... ငါတို့ တိမ်တိုက်နဲ့ လေပြည် ဂိုဏ်းအုပ်တွေက ကောင်းမွန်တဲ့ ပညာသင်တပည့်ကို လက်ခံပြီးနေပြီ... ဒုတိယတစ်ယောက်ကို ထပ် လက်မခံတော့ဘူး"
ထိုအခိုက်အတန့်၌ ယွမ်ဟိုက်လန်၏ မျက်လုံးများက လှောင်ပြောင်သရော်သလို အရောင် တောက်ပလာကာ ရန်ချီကို ငုံ့ကြည့်လိုက်တော့သည်။
End
***