"ဘာ..."
ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က ရှေ့တိုးသွားလိုက်သည်။
"ဂိုဏ်းအုပ် လေပြည်နဲ့ တိမ်တိုက်... ဒီကိစ္စကို နည်းနည်းလေးကြာအောင် မစဉ်းစားဘဲ ဘာလို့ ဆုံးဖြတ်လိုက်တာလဲ"
ကြီးမြတ်သော အကြီးအကဲ နတ်ဘုရား သိမ်းငှက်က ကျယ်လောင်စွာ ရယ်မောရင်း တုံံ့ပြန်ပြောဆိုလာသည်။
"မင်းခေါ်လာတဲ့ ကောင်လေးက ပါရမီရှင်တစ်ယောက် မဟုတ်ဘူး... တကယ်ကြီး သူ့ကို ဂိုဏ်းအုပ်လေပြည်နဲ့ တိမ်တိုက်က လက်ခံမယ် ထင်နေတာလား... ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်လဲ"
အကြီးအကဲ နတ်ဘုရားသိမ်းငှက်က တစ်ခါမှ ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်နှင့် မတည့်သောကြောင့် ယခုချိန်တွင် အခွင့်ကောင်းယူပြီး လှောင်ပြောင်ခြင်းမှာ အံ့ဩစရာ မဟုတ်ချေ။
"ရှင်.."
ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ပြန်ကြည့်လိုက်သည်။
"နတ်ဘုရားသိမ်းငှက် အဘိုးကြီး... ရှင်က ကြီးမြတ်တဲ့ အကြီးအကဲ ဖြစ်နေတာကနေ တော်ဝင်အိမ်ရှေ့စံ အဖွဲ့ရဲ့ နောက်လိုက် တစ်ယောက် ဖြစ်သွားတာ တကယ်ပဲလား"
"လုံလောက်ပြီ" မီးခိုရောင် ဝတ်စုံဝတ် ဂိုဏ်းအုပ် လေပြည်က ဖြတ်ပြောလိုက်သည်။ "လေပြည်နဲ့ တိမ်တိုက် ဘုံနန်းစေတီက မင်းတို့ စကားများရမယ့်နေရာ မဟုတ်ဘူး... ငါတို့ ဒီထက်ပိုပြီး စိတ်အနှောင့်အယှက် မဖြစ်ချင်တော့ဘူး... နားလည်လား ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်... မင်းရဲ့ ကောင်စုတ်လေးက ယွမ်ဟိုက်လန်နဲ့ တန်းတူဖြစ်ဖို့ အများကြီး လိုသေးတယ်... ငါတို့နှစ်ယောက်က ဒါကို နေ့တစ်နေ့လိုမျိုး ရှင်းရှင်းလင်းလင်း မြင်နေရတယ်"
"အမှန်ပဲ"
မဟာ အကြီးအကဲ နတ်ဘုရား သိမ်းငှက်က လှောင်ပြုံး ပြုံးလိုက်သည်။
"မင်းက လူလတ်တန်းစားတွေလောက်ပဲ ရှာနိုင်တာပါ။ ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်ရာ... ဥပမာ မင်းရဲ့ ပညာသင်တပည့် ရန်စုစုလိုပေါ့... သူဆို လောကအုပ်ချုပ်သူ အဆင့်(၂)ကို တက်ဖို့ (၁၀)နှစ်တောင် အချိန်ယူခဲ့ရတယ်... တကယ်လို့ သူမသာ ပါရမီရှင် တစ်ယောက်ဆိုရင် သူမက လောကအုပ်ချုပ်သူ အဆင့်(၇)၊ အဆင့်(၈)လောက် ရောက်နေသင့်ပြီ"
"ငါ့တပည့်က အားနည်းမနေဘူး" ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က အေးစက်စက် တုံ့ပြန်လိုက်သည်။
"မင်းတို့ ပါရမီရှင်လို့ ထင်နေတဲ့ ယွမ်ဟိုက်လန်က ငါ့တပည့် ခေါင်းပေါ်က ဆံပင်တစ်ချောင်းကိုတောင် နှိုင်းယှဉ်လို့ မရဘူး"
"ခလွမ်…"
ဂိုဏ်းအုပ် လေပြည်က ခြေထောက်ကို ဆောင့်လိုက်ရာ သူ့ ကစားပွဲ အစိတ်အပိုင်းက ပျဉ်ပေါ် ကျသွားတော့သည်။ "သေစမ်း... ငါတို့ ကစားပွဲကို မနှောင့်ယှက်နဲ့လို့ ငါ ပြောထားတယ်လေ... ငါ မဟာဗျူဟာ တစ်ခုဆွဲနေတာ အခု မင်းတို့လို လူစုတ်လေးတွေကြောင့် ပျက်စီးသွားပြီ"
တိတ်ဆိတ်ခြင်းက ကြီးစိုးသွားသည်။ မဟာ အကြီးအကဲ နတ်ဘုရား သိမ်းငှက်နှင့် ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်တို့က အကြီးအကဲ လေပြည်၏ အမျက်ဒေါသကြောင့် အံ့ဩ တုန်လှုပ်သွားကြသည်။
"ဆရာ... သင် ဒေါသထွက်ဖို့ မလိုပါဘူး"
ယွမ်ဟိုက်လန်က ဝင်ပြောလိုက်သည်။
"မဟာ အကြီးအကဲ ပန်းပေါင်းစုံက သင့်ကို အကဲဖြတ်မှု ညံ့တယ်လို့ ဆိုလိုတာပါ... သူမက ဆရာ လက်ခံလိုက်တဲ့ တပည့်က သူ့တပည့်လောက် မကောင်းဘူးလို့ ထင်နေတာပဲ... တကယ်တော့ သူမရဲ့ တပည့် ဘယ်လောက်တော်လဲ ဆရာရဲ့ တပည့်က ကျွန်မလည်း စူးစမ်းချင်မိတယ်... ကျွန်မ ဆရာရဲ့ တပည့်ဖြစ်လာတော့ ကျွန်မ ဘာလက်ဆောင်မှ မယူလာခဲ့မိဘူး... တကယ်လို့ ဆရာကို မျက်နှာသာ ရစေမယ်ဆိုရင်ရော ဘယ်လိုလဲ"
"သိပ်ကောင်းတယ် ငါ့တပည့်... မင်း ဆန္ဒရှိသလိုသာလုပ်"
ဂိုဏ်းအုပ် လေပြည်က ပြန်ထိုင်လိုက်ရာ သူ့ပုံစံက အစောပိုင်းကထက် အနည်းငယ် တည်ငြိမ်သွားပုံ ပေါ်သည်။
'ဒီယွမ်ဟိုက်လန်က စကားကို ဘယ်လိုပြောရမလဲ နားလည်တာပဲ'
ရန်ချီက တွေးလိုက်ကာ အေးစက်သော အပြုံးက သူ့မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ ကံဆိုးချင်တော့ ထိုနေရာမှာ ထိပ်သီး ကျွမ်းကျင်သူများစွာရှိကာ သူ့အတွက် စကားပြောခွင့် မရှိပေ။ ဂိုဏ်းအုပ်လေပြည်နှင့် တိမ်တိုက်တို့က ထူးခြားသော တော်ဝင်အိမ်ရှေ့စံ၏ အလိုကို ဖြည့်ဆည်းပေးဖို့အတွက် ယွမ်ဟိုက်လန်ကို လက်ခံထားကြောင်း သိသာလှသည်။ ထိုသို့မှ မဟုတ်ပါက သူမက သူတို့၏ မျက်နှာသာပေးမှုကို ရရှိကာ ပညာသင်တပည့် မြန်မြန် ဖြစ်လာလိမ့်မည် မဟုတ်ချေ။
တော်ဝင်အိမ်ရှေ့စံက ဂိုဏ်းအုပ်လေပြည်နှင့် တိမ်တိုက်တို့ကို ကြိုတင်ဆက်သွယ်ပြီး ယွမ်ဟိုက်လန်အတွက် အသေးစိတ် ပြင်ဆင်ထားခြင်းက အဖြစ်နိုင်ဆုံးပင်။ ထိုကြောင့် ယွမ်ဟိုက်လန်က စကြဝဠာငယ်လေးအတွင်း မဝင်ခင် ယုံကြည်မှုအပြည့် ရှိနေခြင်းသာ ဖြစ်ရပေမည်။
"ဆရာ... မဟာ အကြီးအကဲ ပန်းပေါင်းစုံရဲ့ တပည့် ရန်စုစုနဲ့ ကျွန်မကို သိုင်းကွက် အနည်းငယ် ဖလှယ်ခွင့်ပြုပါ... အဲဒီတော့မှ သူမရဲ့ ကျင့်ကြံမှု အခြေခံကို သေချာ အကဲဖြတ်နိုင်လိမ့်မယ်... တကယ်လို့ ကျွန်မ ထင်တာမမှားရင် ရန်စုစုက အဆင့်(၂) လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်ရမယ်... တခြားတစ်ဖက်မှာ ကျွန်မက အဆင့်(၁) လောကအုပ်ချုပ်သူပဲ ဖြစ်သေးတယ်... လောကအုပ်ချုပ်သူ အဆင့်(၁)နဲ့ အဆင့်(၂)က အရမ်း ကွာခြားသလားလို့ တစ်ချိန်တည်းနဲ့ ဆုံးဖြတ်ဖို့က ခက်ခဲတယ်လေ... ဒါပေမဲ့ သူမရဲ့ စွမ်းအင်ပညာရပ်က ပိုကောင်းသလား။ ကျွန်မရဲ့ စွမ်းအင် ပညာရပ်က ပိုကောင်းသလား ဆိုတာကို စိတ်ဝင်စား နေမိတယ်"
သူမက အေးအေးဆေးဆေး ပြောနေရာမှ ရုတ်တရက်ဆိုသလို အသံက ပြတ်သားလာတော့သည်။ "ရန်စုစု... ကျွန်မ ရှင်နဲ့ ဒီလေပြည်နဲ့ တိမ်တိုက် ဘုံနန်းစေတီမှာ ယှဉ်ပြိုင်ချင်တယ်... ရှင့်ဘက်က လက်ခံလား လက်မခံဘူးလား"
"ကောင်းပြီလေ ငါ လက်ခံတယ်" ရန်စုစုက အေးစက်စက် ရယ်မောရင်း တုံ့ပြန်လိုက်သည်။ "နင်က ငါ့ရဲ့ ချီအာကို လှည့်စားဖို့ ရွံစရာကောင်းတဲ့ နည်းလမ်းတွေကို သုံးခဲ့တယ်... အဲဒါကြောင့်ပဲ သူ့ရဲ့ သိုင်းပညာတွေ ပျက်စီးသွားခဲ့တာ... ဒီနေ့တော့ ငါ နင့်ကို မှတ်သားလောက်အောင် သင်ခန်းစာပေးဖို့ အခွင့်ကောင်းပဲ... ဒါမှ အနာဂတ်မှာ ဂုဏ်ရှိဖို့အတွက်နဲ့ ယုတ်မာ လှည်စားမှုတွေ အစီအစဉ်ဆွဲတာတွေကို ရှောင်ရှားသွားမှာ"
ထိုအချိန်မှာပင် ရန်ချီ၏ မျက်လုံးများက အရောင်တောက်လာကာ ဖြတ်ပြောလိုက်သည်။ "အန်တီလေးစုစု... ဘာလို့ ကျွန်တော့်ကို အန်တီလေးအစား ယှဉ်ပြိုင်ဖို့ မလွှတ်ရတာလဲ... ကျွန်တော့်ကိစ္စတွေကို ကျွန်တော် ဘာသာပဲ ဖြေရှင်းချင်တယ်"
ယွမ်ဟိုက်လန်နှင့် ပတ်သက်၍ ရန်ချီက အလွန်ထူးဆန်းသော ခံစားချက်ကို ရရှိနေခဲ့ပြီး သူမက ရန်စုစုကို ကိုင်တွယ်နိုင်ဖို့ အစွမ်းထက်သည့် လျှို့ဝှက်အရာတစ်ခုခု ပိုင်ဆိုင်ထားလိမ့်မည်ဟု ယုံကြည်နေမိသည်။ သူက သူမ၏ ကျင့်ကြံမှုအခြေခံအဆင့်ကို မသိသော်လည်း သူမက လျှို့ဝှက်ချက်များစွာရှိကာ ခွန်အားကို ဖုံးကွယ်ထားတတ်ကြောင်း သူ သိနေသည်။ သူက ယခုအချိန်၌ သူ့စွမ်းအားအားလုံးကို မထုတ်ဖော်ချင်သော်လည်း ရန်စုစု အန္တရာယ် ကျရောက်မှာကို မလိုလားခဲ့ချေ။
"နောက်ဆုတ် စုစု" ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ ဆရာမ"
"ကျောင်းတော်တွေက သိုင်းပညာပြိုင်ပွဲက နီးကပ်နေပြီး သူမကို အားလုံးရဲ့ မျက်စိရှေ့မှာမှ အနိုင်ယူပြလိုက်... အဲဒါက ပိုကောင်းတယ်"
မမျှော်လင့်ဘဲ ပန်းပေါင်းစုံမြင့်မြတ်သောသမီးတော်က သူမ၏ တပည့်ကို ယှဉ်ပြိုင် တိုက်ခိုက်ခြင်းမှ တားဆီးခဲ့ခြင်း ဖြစ်သည်။
ယွမ်ဟိုက်လန်ကလည်း ပန်းပေါင်းစုံမြင့်မြတ်သော သမီးတော်က ထိုယှဉ်ပြိုင်ခြင်းကို နည်းနည်းမှ ခွင့်မပြုဘဲ ငြင်းဆန် တားဆီးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"တကယ်လို့ မင်းသာ သန်မာနေရင် အချိန်မရွေး တိုက်ခိုက်ရဲရမှာပေါ့... ဘာလို့ ကြောက်နေမှာလဲ... ငါကတော့ အချိန်မရွေး နေရာမရွေးပဲ"
"သူပြောတာ မှန်တယ် ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်" ဂိုဏ်းအုပ် လေပြည်က အေးစက်စွာ ဝင်ပြောသည်။
"မင်းပြောတုန်းက မင်းရဲ့တပည့်က ငါ့တပည့်ထက် သန်မာတယ်ဆို... မင်းက အကြီးကြီးတွေ ပြောပြီးမှ နောက်ဆုတ်သွားပါလား"
ဂိုဏ်းအုပ် တိမ်တိုက်ကလည်း ရိုင်းပျစွာ နှာခေါင်းရှုံ့လိုက်သည်။ "မင်းလို ကလေးမလေးက ဒဏ္ဍာရီအဆင့်တောင် မရောက်သေးဘဲ နားရွက်မခြောက်သေးတဲ့ ကလေးနှစ်ယောက်ကို တိမ်တိုက်နဲ့ လေပြည် ဘုံနန်းစေတီကို ခေါ်လာပြီးတော့ စိတ်အနှောင့်အယှက် ဖြစ်စေတယ်... သူမကြောင့် ငါတို့ ကစားပွဲက ပျက်စီးသွားပြီ... သွားတော့ ပန်းပေါင်းစုံ မြင့်မြတ်သောသမီးတော်... ဒဏ္ဍာရီအဆင့် ရောက်မှ ပြန်လာခဲ့"
"ရှင်တို့မှာလည်း ရှင်တို့ရဲ့ တပည့်ရှိတာပဲ... သိပ်မကြာခင်မှာ သိုင်းပညာပြိုင်ပွဲက လာတော့မယ်... အဲဒီအချိန်ကျရင် ရှင်တို့ အမြင်ချို့ယွင်းတာကို သက်သေပြပေးမယ်... ဒီကောင်လေးက ရှင်တို့ လက်ခံထားတဲ့ တပည့်ထက် သာစေရမယ်"
ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်၏ စကားလုံးများက ဒေါသများ ပြည့်နေသည်။ "ဒဏ္ဍာရီအဆင့်... သိပ်မကြာခင် ငါ ချိုးဖောက် တက်လှမ်းနိုင်တော့မယ်... အဲဒီအချိန်ကျရင် ကျွန်မ ရှင်တို့ နှစ်ယောက်လုံးကို စိန်ခေါ်ပြမယ်... မှော်ပညာစည်းမျဉ်းနဲ့ပတ်သက်ပြီး ဘယ်သူက ပိုနားလည်လဲ ကြည့်ကြသေးတာပေါ့"
"အို... အပြောကြီးလှချည်လား ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်... မင်းက ဒဏ္ဍာရီအဆင့်တောင် မရောက်သေးဘဲ ငါတို့အမြင်ကို မေးခွန်းထုတ်ရဲတယ်လား... မင်းက စိတ်ကြီးဝင်တာလား မာနကြီးနေတာလား... ငါတို့နဲ့ ယှဉ်ချင်တယ်... ငါတို့ ဒဏ္ဍာရီအဆင့်ကို ရောက်တာ ဘယ်လောက် ကြာပြီလဲ မင်း သိရဲ့လား"
"အဲဒါက ကိစ္စမရှိပါဘူး... ပြိုင်ပွဲကို စောင့်နေပါ... အဲဒါဆို အရာအားလုံး ရှင်းလင်းသွားလိမ့်မယ်" ထို့နောက် ရန်စုစုနှင့် ရန်ချီဘက်လှည့်ကာ ပြောလိုက်သည်။ "သွားကြရအောင်... ငါတို့ စကြဝဠာငယ်လေးကနေ ထွက်သွားရအောင်... ဒါပေမဲ့ သိပ်မကြာခင် အမြဲတမ်းအတွက် ငါ ပြန်လာခဲ့မယ်"
သူမက အင်္ကျီလက်ကို ခါကာ တိမ်တိုက်နှင့် လေပြည် ဘုံနန်းစေတီမှ ထွက်ခွာသွားသဖြင့် ရန်ချီနှင့် ရန်စုစုတို့ကလည်း သူမနောက်မှ လိုက်သွားကြတော့သည်။
ယွမ်ဟိုက်လန်က သူမ ထွက်သွားတာကိုကြည့်ရင်း မျက်လုံးများက စိတ်ပျက်နေသည့်ပုံ ပေါ်နေသည်။
"တွေ့လား... တွေ့လား..."
အကြီးအကဲ နတ်ဘုရား သိမ်းငှက်က ပြောလိုက်သည်။ သူက မီးလောင်ရာ လေပင့်ချင်နေသည်မှာ သိသာလှပေသည်။ "ဂိုဏ်းအုပ်တို့... ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က အရမ်း စိတ်ကြီးဝင်နေတယ်လို့ မပြောဘူးလား... သူမက ဒီလောက်တောင် အရိုအသေမဲ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး... သူမက ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ခံရသင့်တယ်"
"သူမက မာနကြီးလွန်းတယ်" အကြီးအကဲ လေပြည်က သဘောတူလိုက်သည်။ "သူမက အသက်လေးဆယ် မပြည့်ခင်မှာ လောကအုပ်ချုပ်သူ အဆင့်(၉)ကို ရောက်နေပြီးတော့ ဒဏ္ဍာရီအဆင့်ကို ချိုးဖောက် တက်လှမ်းနိုင်ဖို့ နီးကပ်နေပြီလေ... သူမက ပါရမီရှိတယ်... သူမရဲ့ သဘောထားက ဟိုကောင်လေးအတွက် သူမ လာခဲ့ပေမယ့် ငါတို့က သူမကို မျက်နှာ နည်းနည်း ပျက်အောင် လုပ်လိုက်လို့ပဲ"
သူက အေးစက်စွာ ရယ်မောလိုက်သည်။ "တကယ်လို့ ငါတို့သာ ကျောင်းတော် အပြင်မှာဆိုရင် သူမကို သင်ခန်းစာနည်းနည်း ပေးပြီးပြီ... ငါတို့က စကြဝဠာငယ်လေးထဲမှာဆိုတော့ နည်းနည်း စိတ်ထိန်းရလိမ့်မယ်... ငါတို့ ဒီမှာ တစ်ခုခုလုပ်ရင် အခြား ဘိုးဘေးတွေ ကြားသွားပြီးတော့ ငါတို့က အနိုင်ကျင့်ပါတယ်လို့ စွပ်စွဲခံရလိမ့်မယ်"
"ကောင်းပြီ ယွမ်ဟိုက်လန်... အခုကစပြီး မင်းက ငါတို့ တပည့် ဖြစ်သွားပြီ... မင်း တိုးတက်လာဖို့ ငါတို့ တတ်နိုင်သမျှ ကူညီပေးမယ်... ကျောင်းတော်တွေကြားက သိုင်းပညာ ယှဉ်ပြိုင်ပွဲတွေ ကျရင် မင်းက ရန်စုစုကို အနိုင်ယူရလိမ့်မယ်... ဒါဆို မင်းက ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်ကို သင်ခန်းစာ ပေးနိုင်လိမ့်မယ်... နားလည်လား"
"အမှန်ပဲ" ဂိုဏ်းအုပ် တိမ်တိုက်ကလည်း ဖြည့်စွက်ပြောသည်။ "ပြောရရင် ဒီ ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က တကယ် ပါးနပ်တယ်... သူက မင်း အသက်ဓာတ် စမ်းရေကို သုံးပြီး နဂါးပုလဲကို နဂါးနတ်ဘုရားရဲ့ အခြေတည်စ နတ်ဘုရားအဖြစ် ပြောင်းလဲထားတာ သိနေပုံရတယ်... မင်းရဲ့ စွမ်းအားက မြစ်တွေကို ခြောက်ခန်းစေပြီး ပင်လယ်ပြင်ကို ခြောက်သွေ့သွားစေနိုင်တယ်... သူမရဲ့ တပည့်က မင်းကို အနိုင်မယူနိုင်ဘူးဆိုတာကို သူမ သိသွားလို့ နောက်ဆုတ်သွားခဲ့တာပဲ"
"ဂိုဏ်းအုပ်တို့ နှစ်ယောက်လုံးက တကယ် အမြင်ကျယ်တာပဲ" ယွမ်ဟိုက်လန်က ပြောလိုက်ကာ မျက်လုံးများ အရောင်တောက်လာတော့သည်။
"ကောင်းပြီ စကားပြောတာ လုံလောက်ပြီ... ငါတို့ စွမ်းအင်ပညာရပ်တစ်ခု မင်းကိုပေးမယ်... အဲဒါက မင်းရဲ့ ကျင့်ကြံမှု အခြေခံကို တိုးမြှင့်ပေးလိမ့်မယ်... ကျောင်းတော်ရဲ့ စည်းမျဉ်းတွေအရ မင်း စကြဝဠာငယ်လေးကို တစ်ပတ် (၂)နာရီ လာနိုင်တယ်... ဒဏ္ဍာရီအဆင့်တွေပဲ ဒီထက် ပိုနေလို့ ရတယ်... အခြား ဘယ်သူမဆို ဒီနေရာရဲ့ မှော်ဥပဒေက အတင်း ဖယ်ထုတ်ပစ်တယ်... မင်း ထွက်သွားပြီးနောက် တော်ဝင်အိမ်ရှေ့စံကို ငါတို့ ကတိပေးထားတာကို လုပ်ပေးဖို့ ပြောလိုက်ပါ... ပြီးတော့ သူ လုပ်ပေးမယ်လို့ ငါ မျှော်လင့်မိတယ်"
"ဒါပေါ့" ယွမ်ဟိုက်လန်က ပြုံးကာ ကတိပေးလိုက်သည်။ "တော်ဝင်အိမ်ရှေ့စံက အခြား အချိန်စကြဝဠာတစ်ခုမှာ ကျင့်ကြံနေတယ်... သူက ကမ္ဘာဦးခေတ်က မိစ္ဆာနတ်ဘုရား ရုပ်ကြွင်းတွေနဲ့ မှော်ရတနာ လုပ်ဖို့ ကြိုးစားနေတယ်လေ... သူသာ ကိစ္စပြီးရင် သေချာပေါက် ပြန်လာလိမ့်မယ်"
"ဒါနဲ့ အစောပိုင်းက ကောင်လေးက ဘယ်သူလဲ" အကြီးအကဲ နတ်ဘုရား သိမ်းငှက်က မေးလိုက်သည်။ "မင်းက သူ့ကို သတိထားနေပုံ ရတယ်... သူ့ရဲ့ ကျင့်ကြံမှု အခြေခံက ကောင်းမွန်ပေမယ့် မင်းလောက်တောင် အဆင့်မမြင့်ဘူးလေ"
"သူ့နာမည်က ရန်ချီပါ"
ယွမ်ဟိုက်လန်က အေးစက်စွာ ဖြေလိုက်သည်။
"ငါ သူ့ကို စတွေ့တုန်းက သူက အရူးတစ်ကောင်ထက် မပိုဘူး... ဒါပေမဲ့ သူက ကံကောင်းသွားပြီး ရတနာအချို့ ရရှိခဲ့တယ်... ငါ သူ့ကို တစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ်... အကြီးအကဲနဲ့ ဆရာတို့ သူအတွက်နဲ့ စိတ်ပူနေစရာ မလိုပါဘူး"
"ဒါပေါ့"
ဂိုဏ်းအုပ် လေပြည်က သဘောတူလိုက်သည်။
"ငါတို့ရဲ့ အဆင့်အတန်းတွေအရ မျိုးဆက်သစ်တွေကို ဘာမှ မလုပ်သင့်ဘူးလေ... လူငယ်တွေကြား ကိစ္စက လူငယ်ချင်းချင်း ဖြေရှင်းသင့်တယ်... အခုတော့ ကြက်ခြေခတ် ထိုင်လိုက်ပါ"
သိပ်မကြာခင်မှာပင် တိမ်တိုက်နှင့် လေပြည်ဘုံနန်း အဝေးမှနေရင်း ရန်စုစုက မေးမြန်းလိုက်သည်။ "ဆရာမ... ဘာလို့ ကျွန်မကို ယွမ်ဟိုက်လန်နဲ့ ယှဉ်ပြိုင်ဖို့ တားမြစ်ရတာလဲ"
"ယွမ်ဟိုက်လန်ဆီမှာ မယုံနိုင်စရာ စွမ်းအားတွေ ရှိနေတယ်... ရှေးအခါတုန်းကလို တစ်စုံတစ်ခု ရှိနေတယ် ခံစားရတယ်... သူမရဲ့ ခန္ဓာကိုယ်ထဲမှာ နဂါးနတ်ဘုရား တစ်ပါး ပြန်လည် ရှင်သန်နေတာလေ... သူမက နတ်နဂါးရဲ့ အမွေဖြစ်တဲ့ နဂါးပုလဲ၊ နဂါးဥတစ်ခုခုကို ရရှိထားမှာကို ငါ ကြောက်မိခဲ့တာ... တကယ်လို့ အဲဒီလိုသာဆို မင်း သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... သူမက အရမ်း သန်မာတာကြောင့် အနာဂတ်မှာ မင်း သူ့ကို ဂရုစိုက်ရမယ်"
End
***