သူတို့ ပြန်သွားရာ လမ်းတစ်လျှောက်၌ ရန်ချီက ယန်ကိုးပါး အင်မော်တယ်စွမ်းအင်ကို ဆက်လက် စုပ်ယူနေရင်းဖြင့် ပြောလိုက်သည်။
"အန်တီလေးစုစု... တစ်နေ့ကျရင် ကျွန်တော် ယွမ်ဟိုက်လန်ကို သတ်မှာပါ... မစိုးရိမ်ပါနဲ့... ဆရာတစ်ယောက် ရှာတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အဲဒါက ကိစ္စကြီး မဟုတ်ပါဘူး... ဆရာသမားဆိုတာ အထောက်အပံ့ပဲ ဖြစ်နိုင်ပေမယ့် ငါက ငါ့ဘာသာ ကြိုးစားနိုင်ပါတယ်"
ထိုအချိန်မှာပင် သူ့ငရဲမီးတောက် မီးပြင်းဖိုအတွင်း အရောင်စုံလင်သည့် နဂါးများဖြင့် ပြည့်နှက်နေလေပြီ။
သူ့အတွက် ဆရာတစ်ယောက် ရှာဖွေရန် ကျရှုံးခဲ့သော်လည်း စကြဝဠာငယ်လေးမှ ရရှိခဲ့သည့် ယန်ကိုးပါး အင်မော်တယ် စွမ်းအင်များက ရန်ချီအတွက် ပိုမို အဖိုးတန်လှပေသည်။
တစ်ဖက်၌ သူက တတ်နိုင်သမျှ စုပ်ယူဖို့ ကြိုးစားကာ အခြားတစ်ဖက်၌ စကြဝဠာငယ်လေးသို့ မကြာခင် အမြန်ဆုံး ပြန်လာနိုင်ဖို့ နည်းလမ်းကို စဉ်းစားနေမိသည်။
ယခုအချိန်၌ သူ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော် ခေါ်ဆောင်လာဖို့သာ ဖြစ်နိုင်ပေလိမ့်မည်။
လတ်တလောတွင် သူ့ငရဲမီးတောက် မီးပြင်းဖိုအတွင်း လိုအပ်သည်ထက် ပိုမိုသည့် အတိုင်းအတာ ထိပင် သိုလှောင်ထားနိုင်ခဲ့သည်။ ထောင်ပေါင်းများစွာသော နဂါးများက မီးပြင်းဖိုအတွင်း ပျံ့နှံ့နေ၏။ အမှန်စင်စစ်တွင် သူက လောကအုပ်ချုပ်သူ အဆင့်(၂)ကို တက်လှမ်းနိုင်ဖို့ လုံလောက်သည့် အသက်ဓာတ် စွမ်းအင်အမြုတေများ ပြုလုပ်နိုင်နေပြီဟူ၍ သေချာနေသည်။ ပထမဆုံး သူ လုပ်ဆောင်ရမည်မှာ စကြဝဠာငယ်လေးမှ ထွက်ကာ တိတ်ဆိတ်သော နေရာကို ရှာဖွေ၍ အဆင့်ချိုးဖောက် တက်လှမ်းဖို့ပင်။
သူက ထိုသို့ပြုလုပ်နေစဉ် ရန်စုစုဖြစ်စေ ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်ဖြစ်စေ မည်သူ့ကိုမှ မသိရှိစေလိုပေ။
သူကိုယ်တိုင်ပင် လောကအုပ်ချုပ်သူ အဆင့်(၂)သို့ရောက်ရှိပါက မည်မျှ အစွမ်းထက်လာမည်ကို မသေချာချေ။ သူသိထားသည်မှာ ထိုအဆင့်က ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေရုံသာမက တစ္ဆေဝိညာဉ်များနှင့် နတ်ဘုရားများပင် စိတ်ရှုပ်ထွေးစေနိုင်သည် ဆိုခြင်းပင်။
ပန်းပေါင်းစုံ မြင့်မြတ်သောသမီးတော် သိသမျှက သူ့ထံတွင် အချို့ စွမ်းအားကြီးသည့် ကျွမ်းကျင်သူတစ်ယောက် ကပ်ဘေး၌ကျရှုံးကာ ထိုလူ၏ အသက်ဓာတ်အနှစ်သာရက သူ့ထံ ရောက်ရှိခဲ့သည် ဆိုတာကိုပင်။ သူ့ထံ၌ ငရဲချေမှုန်း နတ်ဆင်စွမ်းအားဆိုသည့် နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ် ရှိနေကြောင်း လုံး၀ တွေးမိနိုင်မည် မဟုတ်ချေ။
အကယ်၍ သူမသာ သိသွားပါက ဘာတွေ ဖြစ်လာမလဲဆိုတာ ပြောဖို့ ခဲယဉ်းလှသည်။
"ကောင်းပြီ စုစု"
ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က ဆုံးဖြတ်ချက် ချထားသည့် လေသံနှင့် ပြတ်သားစွာ ပြောလိုက်သည်။ "မင်း ထိပ်သီး စွမ်းအင်ပညာရပ်ကို ငါနဲ့အတူ ကျင့်ကြံဖို့ အချိန်တန်ပြီ... မင်း ယွမ်ဟိုက်လန်ထက် သာလွန်ပြီး ပြိုင်ပွဲကြီးအတွင်းမှာ ငါ့ကို မျက်နှာသာရအောင် လုပ်ပေးရမယ်... မင်း တတ်နိုင်သမျှ ဂိုဏ်းအုပ် လေပြည်နဲ့ တိမ်တိုက်တို့ မျက်နှာပျက်အောင် သေချာလုပ်ရမယ်"
'ဆရာက ဒဏ္ဍာရီအဆင့်ကို ရောက်တာနဲ့ တကယ်ကြီး သူတို့နဲ့ တိုက်မလို့လား' ရန်စုစု တွေးမိကာ တုန်လှုပ်သွားသည်။ သူမက မြင့်မြတ်သော ပန်းပေါင်းစုံသခင်မ ယခုကဲ့သို့ ဒေါသထွက်နေတာကို တစ်ခါမှ မမြင်ဖူးချေ။
"မင်းအတွက်ကတော့ ရန်ချီ... အချိန်ရရင် ပန်းပေါင်းစုံ တောင်ထွတ်ကို လာခဲ့ပါ... ငါ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကို ကူညီပေးနိုင်တယ်... ယခုအချိန်မှာတော့ မင်းက ယွမ်ဟိုက်လန်နဲ့ ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်သေးဘူး... သူမမှာ ရှေးဟောင်း နတ်နဂါးကဲ့သို့ အရှိန်အဝါတွေ ရှိတယ်... ဂိုဏ်းအုပ် လေပြည်နဲ့ တိမ်တိုက်ကလည်း သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံ တိုးတက်အောင် ကူညီပေးတာကိုပါ ထပ်ပေါင်းလိုက်ရင် ငါ ကြောက်မိတာက နောက်ရက် အနည်းငယ်အတွင်း သူမက ပိုပို သန်မာလာမှာကိုပဲ"
ရန်ချီက ခေါင်းညိတ်လိုက်သည်။
"ကျေးဇူး အများကြီးတင်ပါတယ် မြင့်မြတ်တဲ့ အကြီးအကဲ"
ထို့နောက် သူတို့(၃)ယောက်က စကြဝဠာငယ်လေးမှ ထွက်ခွာလာခဲ့ကြသည်။
ပန်းပေါင်းစုံ တောင်ထွတ်ကို ရောက်ရှိပြီးနောက် ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်နှင့် ရန်စုစုတို့က ကျင့်ကြံဖို့အတွက် ပြင်ဆင်လိုက်ကြ၏။
နှုတ်ဆက်ဖို့အတွက်တော့ အချိန်တန်လာခဲ့ပြီ။
"ဂရုစိုက်ပါ ချီအာ"
ရန်စုစုက သူ့လုံခြုံရေးနှင့် ပတ်သက်၍ မှာကြားလိုက်သည်။ "ယွမ်ဟိုက်လန်က သူမကိုယ်သူမ နာမည်ရအောင် လုပ်နေတာပဲ... သူမက တော်ဝင်အိမ်ရှေ့စံအဖွဲ့နဲ့ အလုပ်တွဲလုပ်နေပြီးတော့ အခုဆို ဂိုဏ်းအုပ်လေပြည်နဲ့ တိမ်တိုက်တို့ကလည်း သူမကို ထောက်ပံ့ပေးနေပြီ... သူမက အခုချိန်မှာ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် အချိန်ကြာတာနဲ့အမျှ ကိုင်တွယ်ဖို့ ခက်ခဲလာလိမ့်မယ်"
ရန်ချီ ခေါင်းညိတ်လိုက်သည်။
"အန်တီလေး ဘာဆိုလိုတာလဲ ကျွန်တော် သိပါတယ်... ဒါပေမဲ့ သူမရဲ့ မာနထောင်လွှားနေတာက တစ်နေ့ကျ ပြီးဆုံးသွားမှာပါ"
ယွမ်ဟိုက်လန်က သူမကိုယ်သူမ နာမည်ကောင်းတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် အခက်အခဲများစွာ ဖြတ်ကျော်နေပုံ ပေါ်သည်။ သူမက တော်ဝင်အိမ်ရှေ့စံ၏ အကူအညီ ရနေသဖြင့် အင်မော်တယ်ကျောင်းတော်မှ အထက်ပိုင်းခေါင်းဆောင်များပင် သူမကို နောက်ကွယ်မှ ထောက်ပံ့နေမှုကို မစွန့်လွှတ်နိုင်သေးချေ။ ထို့ကြောင့် သူမက ပြဿနာကြီး ဖြစ်လာနိုင်ပေသည်။
ရန်ချီက အတိတ်တစ်ချိန်က ကြုံခဲ့သလို ရိုးအသည့် လူတစ်ယောက် မဟုတ်တော့။ 'တော်ဝင်အိမ်ရှေ့စံက တော်ဝင်အိမ်ရှေ့စံအဖွဲ့ကိုတောင် တည်ထောင်နိုင်ခဲ့တာဆိုတော့ သူက မိုက်မဲတဲ့ သူတစ်ယောက်တော့ မဖြစ်နိုင်ဘူး... ယွမ်ဟိုက်လန်ရဲ့ လှပမှုကြောင့်နဲ့တော့ သူက ကလေးဆန်နေမှာ မဟုတ်ဘူး... သူမနဲ့ ပတ်သက်ပြီး အခြား လျှို့ဝှက်ချက်တွေ ရှိနေလိမ့်မယ်'
ပန်းပေါင်းစုံတောင်ထိပ်မှ ထွက်လာပြီးနောက် မြူခိုးများက တောင်ကို ပြန်လည် ပိတ်ဆို့သွားလေရာ သူ့အတွက် နောက်ပြန်လှည့်သွားဖို့ မဖြစ်နိုင်တော့ပေ။
ရန်စုစုနှင့် သူ့ဆရာမတို့က ယခုအချိန်၌ တရားကျင့်ကြံနေသည်မှာ သိသာလှသည်။
စကြဝဠာငယ်လေးသို့သွားခြင်းက သူတို့နှစ်ယောက်အတွက် အကျိုးများစွာ ဖြစ်ထွန်းစေခဲ့ သည်။ ယခုအခါ သူတို့နှစ်ယောက်လုံးက နောက်ထပ် ချိုးဖောက် တက်လှမ်းနိုင်ဖို့အတွက် လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြလေပြီ။
ထို့နောက် ရန်ချီက ကောင်းကင်လျှိုမြောင် တောင်တန်းမှ ထွက်ခွာသွားတော့သည်။ စကြဝဠာငယ်လေးသို့ ခရီးထွက်ခြင်းက သူ့အမြင်များကို ပွင့်လင်းစေခဲ့၏။ အခုတော့ သူ အတိတ်တုန်းက တောရွာလေးမှာသာ နေထိုင်ခဲ့ကြောင်း သဘောပေါက်သွားသည်။ ထိုအချိန်က သူက တိမ်ပင်လယ်မှာ မျောလွင့်နေသော ဒိုင်မေးရှင်းအတွင်း စကြဝဠာငယ်လေးကဲ့သို့ အရာမျိုး တည်ရှိနေကြောင်းကို မသိခဲ့ချေ။
ထိုကဲ့သို့သော အရာမျိုးနှင့် ပတ်သက်၍ နားလည် သဘောပေါက်လာခြင်းက သူ့ကျင့်ကြံခြင်းကို အကျိုးများစွာ ဖြစ်စေသည်။
'အင်မော်တယ်ခြေနင်း ကျောင်းတော်ကနေ ထွက်ပြီး သင့်တော်တဲ့နေရာကို ရှာဖွေဖို့ လိုနေပြီ... ပြီးရင် လောကအုပ်ချုပ်ခြင်းအဆင့်(၂)ကို တက်လှမ်းရမယ်' သူက အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ကီလိုမီတာရာချီ ပြေးလွှားခဲ့သည်။ ထို့နောက်တွင်တော့ မိုးတိမ်များအတွင်း ပစ်ဝင်လိုကာ ငရဲနတ်ဆိုးတောင်ပံကို ထုတ်ဖော်လိုက်တော့သည်။ ထိုအချိန်မှာပင် အနက်ရောင် စွမ်းအင်များက ပျံ့နှံ့လာကာ တိမ်များပင် ညကဲ့သို့ နက်မှောင်သွားသည်။
ယခုအချိန်၌ သူက စောင့်ကြည့်နေမည့် မျက်လုံးများကို စိတ်မပူတော့ဘဲ လေထဲ မြင့်မားစွာ ပျံတက်သွားသည်။
နောက်ဆုံး သူက တိမ်ပင်လယ် အပေါ်သို့ ရောက်လာသည်နှင့်အမျှ ကောင်းကင်မှ လေများက ပိုမို စွမ်းအားကောင်းလာခဲ့သည်။ သိပ်မကြာခင်မှာပင် လေထဲ ကီလိုမီတာ ရာထောင်ချီခန့်သို့ ရောက်ရှိလာပြီး လေပွေမုန်တိုင်းများကလည်း ပိုမို ကြီးမားလာခဲ့သည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့ လေပွေများက လူသားများကို သေစေနိုင်လောက်အောင် ဖျက်ဆီးပစ်နိုင်ပေသည်။
အကယ်၍ ရန်ချီသာ သူ့အစစ်အမှန် စွမ်းအင်များဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အသုံးမပြုခဲ့ပါက ထိုကဲ့သို့ပင် ဖြစ်ပျက်သွားပေလိမ့်မည်။
သတ္တုဖြင့် ပြုလုပ်ထားသော တောင်ပင်လျှင် ထိုကဲ့သို့ နေရာမျိုး၌ ဖျက်ဆီးခံရနိုင်သည်။
သူက ကောင်းကင်မိုးတိမ်များဆီ အရှိန်မြှင့်ကာ ကိုယ့်ကိုယ်ကိုယ် ခက်ခဲအောင် ပြုလုပ်ပြီး အတားအဆီးများကို ကျော်ဖြတ်ကာ လောကအုပ်ချုပ်ခြင်း ဒုတိယအဆင့်သို့ ချိုးဖောက် တက်လှမ်းနိုင်ဖို့ မျှော်လင့်ထားခြင်းဖြစ်သည်။ ထိုနေရာ၌ စွမ်းအင်များက သဘာဝအလျောက် စီးဆင်းနေကာ ကောင်းကင်မှ လေများကြောင့် မျက်စိဖြင့်ပင် ဖောက်ထွင်း မမြင်နိုင်တော့ချေ။
များစွာသော လောကအုပ်ချုပ်သူများပင် အစစ်အမှန် စွမ်းအင်များစွာသုံးစွဲပြီး သိသိသာသာ အားထုတ်လျှင်ပင် တိမ်ပင်လယ်များကို ဖြတ်သန်းမသွားနိုင်ကြပေ။ အကယ်၍ ကောင်းကင်ဘုံ လေများသာ သူတို့ကို ထိမိပါက သူတို့၏ သွေးကြောများပင် အေးခဲကာ အစစ်အမှန် စွမ်းအင် စီးဆင်းဖို့အတွက် အဟန့်အတားများ ဖြစ်စေပေလိမ့်မည်။ ထိုအခါ သူတို့က အေးခဲသွားပြီး လေပေါ်မှ ပြုတ်ကျကာ သေဆုံးသွားပေလိမ့်မည်။
ထိုအရာက အမှန်တကယ်ကို အန္တရာယ်များလွန်းသည့် လှုပ်ရှားမှုပင်။
သို့သော်လည်း ရန်ချီက ပိုမိုမြင့်မားသည့်အထိ ပျံသန်းသွားသည်။ အအေးဓာတ် စွမ်းအင်များက သူကိုယ်တွင်း ဝင်ရောက်ကာ သွေးကြောများ အေးခဲသွား၍ အရေပြားများက ရေခဲအဖြစ် ပြောင်းလဲသွားရန်ပင် မျှော်လင့်နေခဲ့၏။
သို့သော် ရန်ချီက ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို ကျင့်ကြံထားလေရာ ခန္ဓာကိုယ်အတွင်း ငရဲမှ အစစ်အမှန်မီးတောက်များ စီးဆင်းနေသည်။ ထိုစွမ်းအားက ကြီးမားလွန်းလေရာ ကောင်းကင်လေများမှ အအေးဓာတ် စွမ်းအင်များကို အလွယ်တကူ ဖျက်ဆီးနိုင်နေသည်။
'အခုတော့ ဟိုးရှေးရှေးတုန်းက အမြင့်ကို တက်လှမ်းဖို့ ဘာလို့ ခက်ခဲကြတယ်ဆိုတာကို ငါ နားလည်သွားခဲ့ပြီ... သူတို့က အပေါ်ပိုင်းနေရာတွေက အရမ်းအေးလွန်းတာကြောင့် အအေးဓာတ်ကို မဆန့်ကျင်နိုင်ကြဘူးလို့ ပြောကြတယ်... ဒီမှာ တကယ်ကို အေးလွန်းတာပဲ... ဒါပေမဲ့ ငါ့ကိုယ်ငါ စမ်းသပ်ရမယ်... ယွမ်ဟိုက်လန်ကို အစွမ်းထက်တဲ့ ကျွမ်းကျင်သူတွေ ကူညီနေကြတော့ သူမ ဘာလုပ်လုပ် လွယ်ကူနေလိမ့်မယ်... ငါကတော့ အကန့်အသတ်ကို ဖြတ်ကျော်ပြီး စစ်မှန်တဲ့ လူသားတစ်ယောက် ဖြစ်ချင်တယ်'
သူက ထိုအခိုက်အတန့်၌ အလွန် သူရဲကောင်းဆန်သလို ခံစားလိုက်ရသည်။
အထက်သို့ ရောက်ရှိလာသောအခါ အလင်းရောင်က အားနည်းလာပြီး မှောင်မိုက်လာသည်။ ငရဲမှ မိုးသက်မုန်တိုင်းကဲ့သို့ ကြမ်းတမ်းသော အစစ်အမှန် စွမ်းအင်များက သူ့ကို ဝန်းရံလာ၏။ လေမုန်တိုင်းများက နေရာအနှံ့ ရှိနေကာ သူတို့ထဲမှ အသေးငယ်ဆုံး တစ်ခုက ကီလိုမီတာ တစ်ရာကျော် ကြီးမားကာ အကြီးမားဆုံး တစ်ခုက ကီလိုမီတာ ရာထောင်ချီ ကြီးမားသည်။ ထိုအဆင့် စွမ်းအားများက အလွန် ပြင်းထန်နေလေရာ သူက အရုပ်တစ်ခုပမာ လှုပ်ယမ်းနေသကဲ့သို့ ခံစားနေရသည်။
ထိုအချိန်မှာပင် ငရဲနတ်ဆိုးတောင်ပံက မီတာအနည်းငယ် ဆက်လက် ရွေ့လျားပြီးသည့် နောက်၌ လေတိုက်စားမှုကြောင့် မီးပွားများ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း သူက တုန်လှုပ်ခြင်း ကင်းမဲ့နေဆဲပင်။
နောက်ဆုံး၌ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်ထိန်းကာ ကိုယ်တွင်းကို ကြည့်လိုက်ပြီး နဂါးထောင်ချီကို လွှတ်ပေးလိုက်တော့သည်။
တစ်ကောင်ပြီး တစ်ကောင် သူတို့က အစိတ်အပိုင်း အသစ်ထံ တိုးဝင်သွားကြသည်။
"ဝှစ်…"
(၃၁)ခုမြောက် အစိတ်အပိုင်း၊ (၃၂)၊ (၃၃)... တစ်ခုပြီးတစ်ခုက ပန်းများ ပွင့်သလို ပွင့်လန်းလာကာ ရန်ချီကိုယ်အတွင်း ကမ္ဘာဦးဆင်ရိုင်းစွမ်းအင်များ ပိုမို ပြည့်နှက်လာခဲ့သည်။ ၎င်းက ကမ္ဘာဦး ခေတ်ကာလ၌ ရှေးဟောင်း ကမ္ဘာဦး သားရဲများကို အုပ်စိုးသော အရှင်သခင်တစ်ပါး ပြန်လည် ရှင်သန် နိုးထလာခြင်းနှင့် တူညီနေပေသည်။
ရှေးအခါက ကြမ်းတမ်းသောကုန်းမြေများမှ အရှိန်အဝါများက သူကိုယ်တွင်း တုန်ခါလာခဲ့သည်။
အစိတ်အပိုင်း တစ်ခုပြီးတစ်ခု နိုးထလာသည်နှင့်အမျှ သူ့အစစ်အမှန် စွမ်းအင်များက တိုးတက်လာသည်။
အချိန် (၂)နာရီ ကြာပြီးနောက် သေးငယ်သောနဂါးများက အသက်ဓာတ်စွမ်းအားအဖြစ် ပြောင်းလဲကာ ငရဲချေမှုန်း ဆင်စွမ်းအား၏ အစစ်အမှန် စွမ်းအင်ဖြင့် ပေါင်းစပ်လာတော့သည်။
ကောင်းကင်မှ လေများအတွင်း လောကအုပ်ချုပ်သူတစ်ယောက်က အချိန်အကြာကြီး ရှင်သန်နိုင်လိမ့်မည်ဟု မည်သူမှ လက်ခံနိုင်မည် မဟုတ်ချေ။
အင်မော်တယ်ခြေနင်း ကျောင်းတော်၏ လူအိုကြီးများပင် ထိုအရာကို ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။ ရန်ချီက ပုံမှန်အားဖြင့် လျှို့ဝှက်ထားသည့် စွမ်းရည်ကို ထုတ်ဖော်လိုက်ပါက ထိုကဲ့သို့ပင် ယုံကြည်လိမ့်မည် မဟုတ်ချေ။
အကယ်၍ ဂိုဏ်းအုပ်တိမ်တိုက်နှင့် လေပြည်သာ ယခုအချိန်၌ ရန်ချီကိုမြင်သွားပါက သူတို့ မကြာခင်က ပြောခဲ့သည့် စကားများကို ပြန်ပြောင်းနိုင်ဖို့ ဆုတောင်းနေရပေလိမ့်မည်။
ရန်ချီ၏ နောက်ဘက်၌ ပေါက်ကွဲသံ (၁၀)ခုနှင့်အတူ ကြီးမားသော ဆင်ရိုင်း အကောင်လေးဆယ်၏ အစစ်အမှန်စွမ်းအင်ပုံသဏ္ဌာန် ပေါ်လာသည်။ ထိုဆင်ရိုင်းများက ကျယ်လောင်စွာ ဟိန်းလိုက်ရာ ကြီးမားသော စွမ်းအင်ထုကြီးက နေရာအနှံ့ ပေါက်ကွဲသွားတော့သည်။
ထိတ်လန့်စရာ ကောင်းလောက်အောင်ပင် ရန်ချီက အစိတ်အပိုင်း (၁၀)ခုကို တစ်ချိန်တည်း နိုးထနိုင်ခဲ့သည်။ ယန်ကိုးပါး အင်မော်တယ်စွမ်းအင်က အစိတ်အပိုင်း (၃၀)မှ (၄၀)သို့ ခုန်တက်သွားစေလေရာ ထိုစွမ်းအင်များက ဘယ်လောက် စွမ်းအားကြီးမားလဲ သိသာလှပေသည်။
ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်ပင် ထိုစွမ်းအင်များကို မစုပ်ယူနိုင်ခဲ့သော်လည်း ရန်ချီက စုပ်ယူနိုင်ခဲ့ပြီး အသုံးပြုခဲ့ကာ မယုံကြည်နိုင်လောက်အောင် အကျိုးသက်ရောက်မှု ရှိခဲ့လေပြီ။
'ငါ့ဆီ ပြန်လာစမ်း'
ဆင်ရိုင်း အကောင်လေးဆယ်က ရန်ချီကိုယ်တွင်း ချက်ချင်း ပြန်လည် ဝင်ရောက်သွားသည်။
ရန်ချီက စပါးအုံးမြွေ အရေခွံလဲသလို၊ ပိုးတုံးလုံးမှ လိပ်ပြာအဖြစ် ပြောင်းလဲသလို အဓိက ပြောင်းလဲခြင်းကို ကြုံတွေ့လိုက်ရသည်။ သူ့ချွေးပေါက်များမှ သတ္တုရောင် တောက်နေသော သွေးများ ထွက်ပေါ်လာကာ ရွှေရောင်အရေခွံ ဖြစ်လာသည်။
ထိုအရာက လောကအုပ်ချုပ်ခြင်း ဒုတိယအဆင့်၏ အံ့ဖွယ်အရာများထဲမှ တစ်ခုဖြစ်သော အတွင်းအပြင် ပြောင်းလဲခြင်းပင်။
"ဝုန်း …"
ထိုသို့ အဆက်မပြတ် လုပ်ဆောင်နေရင်းဖြင့် ရန်ချီ၏ အစစ်အမှန်စွမ်းအင်များက ပိုမို အားကောင်းလာခဲ့ကာ ကောင်းကင်နှင့် မြေပြင်မှ ပင်ကိုယ်သဘာ၀ စွမ်းအင်များကို လှုံ့ဆော်လာခဲ့သည်။ သိပ်မကြာခင်မှာပင် မိုးခြိမ်းသံလို အသံက လေထဲ၌ ပျံ့နှံ့လာသည်။
"ဒိန်း... ဂျလိန်း..."
ပြင်းထန်သော မိုးကြိုးက ရန်ချီကို ထိမှန်သွားကာ သူ့အစစ်အမှန် စွမ်းအင်များက မတည်မငြိမ် ဖြစ်လာတော့သည်။
'ဒါက လောကအုပ်ချုပ်ခြင်းအဆင့်ရဲ့ ကပ်ဘေးလား' ကောင်းကင်နှင့်မြေပြင်မှ ပင်ကိုယ်သဘာဝ စွမ်းအင်များက သူ့ကို ခုခံ တွန်းလှန်နေတာကို ခံစားလိုက်ရသည်။
"ကောင်းပြီလေ... မိုးကြိုးက ငါ့ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီးတော့ ငါ့ရဲ့ အစစ်အမှန် စွမ်းအင် ဖြစ်နေခဲ့တာ... ဒီလို မိုးကြိုးလေးလောက်နဲ့တော့ ငါ့ကို မနာကျင်စေနိုင်ဘူး... ဒါပေမဲ့ ဒါက ငါ့ခန္ဓာကိုယ်ကို ပြုပြင်ပေးလိမ့်မယ်... လာစမ်းပါ"
သူ့သွေးကြောများကို ဖွင့်လှစ်ကာ မိုးကြိုးကို စီးဆင်းစေပြီး အစစ်အမှန် စွမ်းအင်များကို ပုံမှန် စီးဆင်းစေခဲ့သည်။
လူတော်တော်များများက မိုးကြိုးကို ကင်းမြီးကောက်ထက် ပိုကြောက်ကြသော်လည်း ရန်ချီကတော့ ဆန့်ကျင်ဘက်ပင်။
'လောကအုပ်ချုပ်သူ အဆင့်(၂)'
မုန်တိုင်းများနှင့် လေဆင်နှာမောင်းများက သူ့အနီးတွင် လှည့်ပတ်နေသော်လည်း ကောင်းကင်နှင့် မြေပြင်မှ စိတ်ဝိညာဉ် စွမ်းအင်များ ကိုယ်တွင်းဝင်ရောက်ကာ အသက်ဓာတ် စွမ်းအင်အဖြစ် ပြောင်းလဲသွားခြင်းကိုတော့ မတားဆီးနိုင်ချေ။
သူ့အခြေခံ အကျဆုံး အဆင့်များ ပြောင်းလဲလာသည်။
ယခုအချိန်က လောကအုပ်ချုပ်ခြင်းအဆင့်၏ အရေးပါသောအချိန်ဖြစ်ပေသည်။ သူသာ အောင်မြင်ခဲ့ပါက သိသိသာသာ တိုးတက်လာပေလိမ့်မည်။
End
***