ရန်ချီက လောကအုပ်ချုပ်သူ အဆင့်(၂) ကပ်ဘေးကြောင့် ခက်ခဲလွန်းသည့် အခိုက်အတန့်ကို ရင်ဆိုင်နေရသည်။
သူက အစစ်အမှန်စွမ်းအင်များကို စုပ်ယူနေစဉ်အတွင်း ပတ်ဝန်းကျင်ရှိ မုန်တိုင်းက ပြင်းထန်လာကာ ကြမ်းတမ်းသောမိုးကြိုးများကို ပစ်လွှတ်နေတော့သည်။ အဆုံးသတ်သို့ ရောက်ခါနီးသော အချိန်၌ မိုးကြိုးများက ဓားများ၊ ဆေဘာများ၊ တူများနှင့် အခြား လက်နက်မျိုးစုံ ပုံသဏ္ဍာန် ပြောင်းလဲသွားကာ သူ့ထံ အဆက်မပြတ် ဆင်းသက်လာခဲ့သည်။
ရန်ချီကတော့ မိုးကြိုးစွမ်းအင်များ အစုလိုက်အပြုံလိုက် ကျရောက်မှုကြောင့် မူးဝေနောက်ကျိ သွားသည်။
သူ့ဝန်းကျင်၌ လျှပ်စီးသင်္ကေတများ တဖြည်းဖြည်းနှင့် သေချာစွာပင် နတ်ဘုရားနှင့် မိစ္ဆာများ၊ ကောင်းကင်တမန်တော်နှင့် ဝိညာဉ်များ ပုံသဏ္ဍာန် ဖြစ်လာခဲ့သည်။
ထိုကောင်းကင်တမန်တော်နှင့် မိစ္ဆာသရဲများ၏ အလယ်၌ ကောင်းကင်ကို ပင့်မြှောက်ကာ ငရဲကို ခြေထောက်ဖြင့် နင်းချေနိုင်သည့် ဆင်ဦးခေါင်းနှင့် လူခန္ဓာကိုယ်ရှိသည့် ကောင်းကင်ဘုံ နတ်ဘုရားတစ်ပါး ပေါ်လာတော့သည်။ ထိုအရာက ဆင်ရိုင်းနတ်ဘုရား၏ ပြိုင်ဘက်ကင်း ခွန်အားပင် ဖြစ်ပေသည်။
ရန်ချီ၏ အစစ်အမှန် စွမ်းအင်များက ယခုအခါ ပင်လယ်သမုဒ္ဒရာကဲ့သို့ အကန့်အသတ် မဲ့သွားကာ ကောင်းကင်နှင့် မြေပြင်ကိုပါ ဆန့်ကျင်နိုင်လာလေပြီ။ လောကအုပ်ချုပ်သူ အဆင့်(၂)၌ ကြုံတွေ့ရသည့် ကပ်ဘေးများက သူ့အတွက် ပြဿနာတစ်ခု မဟုတ်တော့ဘဲ အစစ်အမှန် စွမ်းအင်ကို အကျိုးသက်ရောက်မှုများစွာ ရှိစေခဲ့ပြီး သူ့ကို ပိုမို သန်မာလာစေခဲ့သည်။
အရေပြားပေါ်ရှိ ရွှေရောင်အလွှာက ပြန်လည်ရုပ်သိမ်းသွားကာ စွမ်းအားကြီးမားသည့် အရှိန်အဝါကလည်း ပြန်လည်ဆုတ်ယုတ်လာခဲ့ပြီးနောက် အလင်းဖောက်မတတ် အရေပြားသာ ကျန်ရစ်နေခဲ့သည်။ ထိုအရာက သန့်စင်လွန်းသည့် သလင်းကျောက်ကို ထွင်းထုထားသည်နှင့် တူညီကာ မည်သည့် အပြစ်အနာအဆာမျှ မရှိချေ။
ယခုအခါ ကိုယ်တွင်းရှိ သွေးများက မဟူရာရွှေရောင် မဟုတ်တော့ဘဲ ရွှေဖြူရောင်နှင့် တူလာခဲ့သည်။ ငရဲဆန်သည့် အရှိန်အဝါက ရှိနေရမည့်အစား သူက ကောင်းကင်ဘုံ နတ်ဘုရားများ၏ မြင့်မြတ်သော နယ်မြေမှ ထွက်ပေါ်လာသည့် ပုံစံ ပေါက်လာခဲ့၏။
"ဝှစ်…."
ကျယ်ပြန့်သော အတောင်ပံများက အနက်ရောင်အစား ယခုအခါတွင် အဖြူရောင်များအဖြစ် ပြောင်းလဲသွားကာ မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။
ငရဲနတ်ဆိုးတောင်ပံက ကောင်းကင်တမန်တော် အတောင်ပံများအဖြစ် တိုးတက် ပြောင်းလဲလာခြင်းပင်။
ငရဲချေမှုန်း နတ်ဆင်စွမ်းအားက ပင်ကိုယ်အားဖြင့် မိစ္ဆာစွမ်းအင်ပညာရပ် မဟုတ်ချေ။
ထိုအရာက အချိန်ကြာမြင့်စွာ တည်ရှိခဲ့သည့် ဒဏ္ဍာရီလာနည်းစနစ်တစ်ခုဖြစ်ကာ နတ်ဆိုးစွမ်းအင် အနည်းငယ်မျှ စွန်းထင် ခံခဲ့ရခြင်းသာ။
သို့သော်လည်း ထိုနည်းနစ်ကို တိုးတက်မှုများ ပြုလုပ်နိုင်ပါက မြင့်မြတ်ခြင်းက မိစ္ဆာဆန်သည့် အပိုင်းများကို ရှင်းလင်း သန့်စင်နိုင်ကာ နှင်ထုတ်နိုင်လာလိမ့်မည်။
အပြောင်းအလဲများ၌ အသိသာဆုံးအချက်က ငရဲနတ်ဆိုးတောင်ပံမှ ကောင်းကင်တမန်တော် တောင်ပံများအဖြစ် ပြောင်းလဲသွားခြင်းပင်။ ထို့ပြင် ငရဲနတ်ဆိုးလှံတံကလည်း အရောင် ပြောင်းလဲကာ သူတော်စင်တစ်ပါးကဲ့သို့ မြင့်မြတ် သန့်စင်လာပြီး ဧကရာဇ်များ၏ တာအိုစွမ်းအင်များ ပါဝင်လာခဲ့သည်။
'ငရဲနတ်ဆိုး လှံတံ'
လက်ထဲမှ တောက်ပလာကာ လှံတံတစ်ချောင်း ပေါ်လာသည်။ ထိုအရာက မဟူရာရွှေရောင် မဟုတ်တော့ဘဲ ရွှေဖြူရောင် ဖြစ်လာခဲ့သည်။ ယခုအခါ ဘယ်သူမဆို သူ့လှံတံကို မိစ္ဆာနည်းစနစ် တစ်ခုမှ ဖြစ်ပေါ်လာသည်ဟု မထင်ကြတော့ဘဲ လူအများ လက်ခံသည့် အထက်လမ်း ပညာရပ်တစ်ခုလိုသာ ထင်မြင်ကြပေတော့မည်။
မိစ္ဆာကို အမှန်တကယ် ဖယ်ရှားနိုင်ဖို့အတွက် ဒါမှမဟုတ် သန့်စင်ကာ စုပ်ယူနိုင်ဖို့အတွက် အချိန်များစွာ ယူရပေသည်။
သေးငယ်သော အပိုင်းအစလေးမှာ ယခုအချိန်၌ သန့်စင်ခံလိုက်ရပြီ။ ငရဲနတ်ဆိုးတောင်ပံက ကောင်းကင်တမန်တော် အတောင်ပံဖြစ်လာကာ ရွှေဖြူရောင် တောက်ပလာပေလိမ့်မည်။ ထိုသို့ ပြုလုပ်နိုင်ဖို့အတွက် သူက သက်တမ်းများကို လုယူကာ ဒဏ္ဍာရီအဆင့်သို့ ရောက်ရှိဖို့တော့ လိုအပ်ပေသည်။
'ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းနှင့် မိစ္ဆာကိုဖိနှိပ်ခြင်း... ငရဲပြည်မှ ကောင်းကင်သို့ ထောင်တက်နိုင်ဖို့ စွမ်းအားကို သုံးလိုက်စမ်း'
ရန်ချီ၏ စိတ်အတွင်း ငရဲချေမှုန်း နတ်ဆင်စွမ်းအား၏ မန်တယ်ဓမ္မ (စိတ်နှင့်ဆိုင်သော တရားများ) ပြည့်နှက်လာကာ သွေးကြောများက ပိုမို စွမ်းအားကောင်းလာသည်။
များပြားလွန်းသည့် မိုးကြိုးများက ကောင်းကင်နှင့် မြေပြင်မှ အဆုံးအစမဲ့သည့် ပင်ကိုယ်သဘာ၀စွမ်းအင်များနှင့်အတူ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာ၏။
လေထုထဲ၌ လေတိုးသံများက ကျယ်လောင်စွာ ထွက်ပေါ်လာကာ ပင်ကိုယ်သဘာ၀ စွမ်းအင်၏ ပြင်းထန်သော မုန်တိုင်းက သူ့သွေးကြောများအတွင်း အတင်းအဓမ္မ တိုးဝင်လာသည်။
သူ့သွေးကြောများက ယခုအခါ နှစ်ဆခန့်ကြီးမားလာကာ နှစ်ဆတိတိ ထူလာခဲ့သည်။ စွမ်းအင်ပင်လယ်က ကြီးမားသော ပင်လယ်ကဲ့သို့ ဖြစ်လာကာ အစစ်အမှန် စွမ်းအင်များက မတည်မငြိမ် ဖြစ်လာပြီး ပြည့်လျှံလာတော့သည်။
ကောင်းကင်ထပ်ရှိ ပင်ကိုယ်သဘာ၀ စွမ်းအင်များက ယန်ကိုးပါး အင်မော်တယ်စွမ်းအင်နှင့် နှိုင်းယှဉ်၍ မရသော်လည်း သူတို့က အသုံးဝင်နေဆဲဖြစ်ကာ မယုံကြည်နိုင်လောက်အောင် များပြားလှပေသည်။
၎င်းက သွေးကြောများထံ စီးဆင်းကာ စွမ်းအင်ပင်လယ်သို့ ရောက်ရှိလာသောအခါ အငွေ့များ ဖြစ်ကာ ထိုမှတစ်ဆင့် အရည်အဖြစ် ပြောင်းလဲရာမှ အစိုင်အခဲ ဖြစ်လာခဲ့သည်။
ထိုအစိုင်အခဲက သေးငယ်၍ မမြင်နိုင်လောက်သည့် အပိုင်းများအဖြစ် ကွဲကြေသွားပြီးနောက် ကိုယ်တွင်းရှိ ကျန်ရှိနေသည့် အစိတ်အပိုင်းများ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
ထိုပင်ကိုယ်သဘာ၀ စွမ်းအင်များနှင့်အတူ ငရဲချေမှုန်း နတ်ဆင်စွမ်းအားက တစ်ဖန်ပြန်လည် နိုးထလာပြန်သည်။
"ဘုန်း"
ကြီးမားသော ဆင်ရိုင်းကြီး၏ အစစ်အမှန်စွမ်းအင်က ကိုယ်တွင်းရှိ (၄၁)ခုမြောက် အစိတ်အပိုင်းထံ စီးဆင်းသွားပြန်သည်။
'နိုးထလာစမ်း... ကြီးမားသော ဆင်ရိုင်းကြီးရဲ့ စွမ်းအားက ကောင်းကင်ကိုတောင် မ တင် နိုင်ထားတယ်... သူ့ရဲ့ ခြေထောက်တွေက ငရဲပြည်က မိစ္ဆာနတ်ဆိုးတွေကို နင်းချေပစ်နိုင်တယ်... ငါက မင်းရဲ့ အမွေအနှစ်ကို ဆက်ခံတယ်... ငါကသာ သက်ရှိအားလုံးရဲ့ အကြီးမြတ်ဆုံးလူပဲ'
သူက မြစ်များကို ခြောက်သွေ့စေကာ ပင်လယ်ပြင်ကို ခန်းခြောက်စေပြီး ကြယ်တာရာများကို ဆွဲငင်၍ လများကို မျိုချနိုင်သလို ခံစားလိုက်ရသည်။
"ဘန်း... ဘန်း... ဘန်း... ဘန်း... ဘန်း... ဘန်း... ဘန်း...ဘန်း..."
ကြီးမားသော ဆင်ရိုင်းများ နိုးထလာသည်နှင့်အတူ ပေါက်ကွဲသံ ရှစ်သံ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူက စုစုပေါင်း အစိတ်အပိုင်း (၄၉)ခုထိ နိုးထနိုင်လာခဲ့သည်။ (၅၀)ခုမြောက်ကို ရောက်လုနီးနီးပင် ဖြစ်ခဲ့၏။
သူ့ထံ များပြားလှသည့် ကမ္ဘာဦး ဆင်ရိုင်းစွမ်းအင်များ ဖြတ်သန်းသွားပြီးနောက် ရန်ချီက ကိုယ့်ကိုယ်ကိုယ် အရင်ကလို မခံစားရတော့ချေ။ သူက နတ်ဘုရားတစ်ပါး သန္ဓေတည် ဖွံ့ဖြိုးစ ပုံစံအဖြစ် ခံစားလိုက်ရသည်။
သွေးကြောများက ဆက်လက် ပြောင်းလဲလာကာ ပိုမိုကြီးမားပြီး ထူထဲလာသည်။ မျက်လုံးကို မှိတ်လိုက်ပြီး အတွင်းအမြင်ဖြင့် ကြည့်လိုက်သောအခါ သွေးကြောများက ရွှေဖြူကဲ့သို့ ဖြစ်လာကာ အလွန် သန့်စင်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထို့ပြင် ၎င်းတို့၌ ရွှေဖြူရောင် အစစ်အမှန် စွမ်းအင်များ စီးဆင်းနေကာ ထိုစွမ်းအင်များက သွေးများနှင့် ပေါင်းစပ်လုနီးနီး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရပြန်သည်။
ဒဏ္ဍာရီများအရ ကျင့်ကြံခြင်းမှာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသွားသောအခါ ကျင့်ကြံသူက စွမ်းအင်များနှင့် လူတစ်ယောက်ဖြစ်လာသည်။ ကျင့်ကြံသူက စွမ်းအင်ဖြစ်သလို စွမ်းအင်ကလည်း ကျင့်ကြံသူ ဖြစ်လာသည်။ ထိုလူက အချိန်မရွေး ပုံသဏ္ဍာန် ပြောင်းလဲနိုင်ပြီး သန့်စင်သော စွမ်းအင်ပုံစံဖြင့် ရုပ်လုံး ဖော်လာနိုင်ပေသည်။ နောက်ဆုံး၌ ထိုလူက မသေမျိုးအဆင့်သို့ ရောက်ရှိသွားပေမည်။
ထိုအရာကို ဒဏ္ဍာရီအဆင့်မှ လူများပင် မပြုလုပ်နိုင်ကြပေ။
သို့သော် ရန်ချီက ထိုလမ်းစဉ်ကို တဖြည်းဖြည်း ဦးတည်သွားနေကြောင်း သိသည်။ အကယ်၍ အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ဂိုဏ်းအုပ်လေပြည်နှင့် တိမ်တိုက်တို့သာ သူ ဘာတွေ ဖြစ်နေကြောင်း မြင်တွေ့လျှင် သေသည်အထိပင် တုန်လှုပ်ချောက်ချား သွားပေလိမ့်မည်။
သူက အဆင့်တိုင်း၌ အမှန်တကယ် ပြောင်းလဲနေခြင်း ဖြစ်သည်။
ထို့နောက် သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ တစ်ချိန်တည်းမှာပင် အနီးရှိ ကြမ်းတမ်းသော စွမ်းအင်စီးဆင်းမှုများက ပျောက်ကွယ်သွားကာ သူက လေထဲ၌ နတ်ဘုရားတစ်ပါး မိစ္ဆာတစ်ပါးကဲ့သို့ ရပ်နေခဲ့သည်။
"သုံးခွခက်ရင်း" သူက ခေါ်လိုက်သည်။ ရုတ်တရက် နေရာလွတ်လက်စွပ်မှ အပြာရောင်တံခါးက ပွင့်သွားပြီး နတ်ဘုရားလက်နက်တစ်ခု ထွက်ပေါ်လာသည်။ ထိုသုံးခွခက်ရင်းက အချိန်ကြာမြင့်စွာ တည်ရှိခဲ့ပြီး စိတ်ဝိညာဉ်လက်နက် ဖြစ်လုနီးနီး ဖြစ်နေသည်။
စိတ်ဝိညာဉ်လက်နက်ဆိုတာဘာလဲ... ထိုအရာများက သူတို့၏ ကိုယ်ပိုင်စိတ်ဝိညာဉ် ဖွံ့ဖြိုးလာသည့် လက်နက်များပင်။ သူတို့က အခြေခံအားဖြင့် စွမ်းအားကြီးမားသည့် စွမ်းအင်ပညာရပ်နှင့် နတ်ကလေးများဖြစ်ကြသည်။ လက်နက်အများစုက နတ်ကလေးများ မဖြစ်လာကြချေ။ သို့သော်လည်း သူတို့က တစ်ချိန်မှာတော့ သူတို့၏ ကိုယ်ပိုင် စိတ်ဝိညာဉ် နိုးထလာကာ အလွန် အစွမ်းထက်သည့် စွမ်းအင်ပညာရှင်များပင် သူတို့ကို ပျောက်ကွယ်အောင် ပြုလုပ်ဖို့က မလွယ်ကူချေ။
ထိုစိတ်ဝိညာဉ် လက်နက်များက နောက်ဆုံး၌ လောကအုပ်ချုပ်ခြင်းအဆင့်မှ ကျွမ်းကျင်သူ တစ်ယောက်ကဲ့သို့ ဖြစ်လာကြပေသည်။
သုံးခွခက်ရင်းက သမုဒ္ဒရာ အောက်ခြေအနက်ပိုင်းမှ အေးခဲသော သံမဏိဖြင့် သွန်းလုပ်ထားကာ ပင်လယ်စိတ်ဝိညာဉ် သလင်းကျောက်များနှင့် မရေမတွက်နိုင်သည့် ပင်လယ်မိစ္ဆာ သားရဲများ၏ သွေးများ၊ စိတ်ဝိညာဉ်များနှင့် အဆင့်မြှင့်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသုံးခွခက်ရင်းကို ပင်လယ်နတ်ဘုရား သုံးခွခက်ရင်းဟု အမည်ပေးခဲ့ပြီး စိတ်ဝိညာဉ်လက်နက် ဖြစ်လာစေဖို့အတွက် ဆယ်စုနှစ်များစွာ ဆေးလုံးများဖြင့် စွမ်းအင်များ သွင်းထားခဲ့ကြသည်။
ရန်ချီက ကျောင်းတော်မှာ တက်ရောက်ခဲ့သော အတန်းများ၌ သုံးခွခက်ရင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို လေ့လာခဲ့ဖူးသည်။
သူက အင်မော်တယ်ခြေနင်း ကျောင်းတော်၌ နေထိုင်စဉ်အတွင်း ဘာမှမသိသည့် လူငယ်လေး တစ်ယောက်မှ သင်ယူလေ့လာတတ်သည့် လူတစ်ယောက်အဖြစ် ပြောင်းလဲခဲ့လေရာ လက်နက် ထုလုပ်ခြင်းနှင့် ပတ်သက်၍ အနည်းငယ် သင်ယူခဲ့သည်။
"လက်နက်ထုလုပ်ခြင်းတာအိုမှာ သံမဏိစိတ်ဝိညာဉ်ကို ပြုလုပ်ခြယ်လှယ်ခြင်းနဲ့ ပတ်သက်တာတွေ ပါဝင်တယ်... သွေးကြောတွေကို ဖယ်ရှားပြီးတော့ စိတ်ဝိညာဉ်ကို ပြုပြင် ပြောင်းလဲနိုင်တယ်... ဟုတ်ပြီ သုံးခွခက်ရင်းရေ ငါ အခု အဆင့်(၂) လောကအုပ်ချုပ်သူ ဖြစ်လာပြီဆိုမှတော့ မင်းရဲ့ စိတ်ဝိညာဉ်ကို ပုံဖော်နိုင်ဖို့ ကူညီပေးပြီး စိတ်ဝိညာဉ် လက်နက် ဖြစ်လာစေရမယ်"
"ဝှစ်…"
ငရဲနတ်ဆိုး လှံတံက ရုတ်တရက် ထွက်ပေါ်လာသည်။
လှံတံမှ အစစ်အမှန် စွမ်းအင်များကို သုံးခွခက်ရင်းထံ သွန်းလောင်းလိုက်လေရာ ကွဲအက်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး သုံးခွခက်ရင်း အတွင်း၌ တစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နောက်ဆုံး၌ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ သုံးခွခက်ရင်းက မျက်စိကျိန်းမတတ် တောက်ပလာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်မှ ပင်ကိုယ်သဘာ၀စွမ်းအင်များ ထွက်ပေါ်လာသည်။
ထို့အပြင် သုံးခွခက်ရင်း၏ အလွန်နက်ရှိုင်းသော နေရာ၌ အပြာရောင် စိတ်ဝိညာဉ်နှင့် တူညီသည့် တစ်စုံတစ်ခုကို မြင်တွေ့နိုင်သည်။
သုံးခွခက်ရင်းက လေထဲ မြင့်တက်လာကာ သူ့ထံမှ ထွက်ပေါ်လာသည့် စွမ်းအင် အတက်အကျ လှိုင်းများက ပထမအဆင့် လောကအုပ်ချုပ်သူ တစ်ယောက်နှင့် တူညီနေ၏။
"ဒီလက်နက်က သိပ်မဆိုးဘူး... ဒါပေမဲ့ ငါ့မှာ ငရဲနတ်ဆိုးလှံတံ ရှိပြီးပြီဆိုတော့ ဒီလိုလက်နက်မျိုး မလိုတော့ဘူး... ဒါကို ငါ့ညီအစ်ကိုတွေထဲက တစ်ယောက်ယောက်ကို ပေးရမယ်... တကယ်လို့ ယွမ်ဟိုက်လန်သာ သူတို့ကိုဖြစ်ဖြစ် သူတို့က ကလန်တစ်ခုခုကိုဖြစ်ဖြစ် ဒုက္ခပေးလာရင် သူတို့က အကူအညီ အကုန် လိုအပ်မှာပဲ"
ငရဲနတ်ဆိုး တောင်ပံက ကောင်းကင်တမန် တောင်ပံ မဖြစ်သေးသော်လည်း ရွှေဖြူရောင်များ တောက်ပနေကာ အရင်ကထပ် ပိုမို စွမ်းအားပြည့်ဝလာသည်။
သူက အတောင်ပံများ ထိခတ်လိုက်လေရာ ထိုအရာက သူ့ကို ဆွဲတင်နိုင်ရုံမကဘဲ ပြင်းထန်သော အပူလှိုင်းများပင် ထုတ်ဖော်နိုင်နေသည်။
အပူနှင့် အနီးရှိ မုန်တိုင်းများ ပွတ်တိုက်မှုကြောင့် မီးတောက်များက နေရာအနှံ့ ထွက်ပေါ်နေကာ ဖီးနစ်ငှက်တစ်ပါးက ကောင်းကင်မှာ ပျံသန်းနေသည်နှင့် တူညီနေသည်။
မီးများက အလွန်မြန်ဆန်လှသဖြင့် သူသွားရာလမ်းတစ်လျှောက် အသံက မထွက်ပေါ် လာသေးခင် ကီလိုမီတာ (၅၀)ကျော် အကွာအဝေးသို့ ရောက်ရှိနေလေပြီ။ ထိုအရာက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် အမြန်နှုန်းပင်။
ထိုအချက်ကြောင့် ရန်ချီက လောကအုပ်ချုပ်သူများအတွင်း ပြေးဝင်ကာ သတ်ဖြတ်ခဲ့ပါက သူတို့က တိုက်ကွက်ပင် ထုတ်ဖော်ဖို့ အချိန်ရလိုက်မည် မဟုတ်ချေ။
သူက ယခုအခါ လောကအုပ်ချုပ်သူ အဆင့်(၂)သို့ ရောက်ရှိနေလေရာ အလွန် စွမ်းအားကြီးမားလာတာကြောင့် လုံရွမ်ရီနှင့် နောက်တစ်ခါ ဆုံတွေ့ပါက (၂)ခါ ပြန်မစဉ်းစားဘဲ သတ်ပစ်ပါလိမ့်မည်။
အမှန်စင်စစ် သူက အဆင့်(၄)၊ အဆင့်(၅) လောကအုပ်ချုပ်သူများကို အလွယ်တကူ ရင်ဆိုင်နိုင်လာလေပြီ။
"ဝှစ် …."
သူက တိမ်ပင်လယ်ကို ဖြတ်သန်းကာ မြေပေါ်သို့ ပြန်လည် ဆင်းသက်လာခဲ့သည်။ ယခုအခါ နွေရာသီဖြစ်လာသောကြောင့် လေများက ပူပြင်းကာ ခြောက်သွေ့သလို မြေပြင်ကလည်း ခြောက်သွေ့အက်ကွဲ၍ ဖုန်များပင် ဖုံးလွှမ်းနေသည်။
သူက ပြုံးလိုက်ကာ အစစ်အမှန်စွမ်းအင်များကို လှည့်ပတ်ရင်း အရိပ်ပမာ အင်မော်တယ်ခြေနင်း ကျောင်းတော်သို့ ဦးတည်၍ ပြန်သွားခဲ့လေရာ သူ့နောက်ဘက်၌ ဖုန်လုံးများသာ ကျန်ရစ်နေခဲ့သည်။
သူ ပြန်ရောက်သည့်အချိန်ကား ညဘက်သို့ ရောက်ရှိနေသည်။ လက်ရွေးစင် ကျောင်းသားနယ်မြေသို့ ပြန်သွားရမည့်အစား လီဟီနှင့် အခြားလူများ ကျင့်ကြံရာနေရာသို့ သွားလိုက်သည်။
သူ ထွက်သွားသည့်အခါ လူပုံသဏ္ဍာန်အစစ်အမှန်စွမ်းအင်အချို့ကို ဧကရာဇ်များ တာအိုစွမ်းအင် အစီအရင် ထိန်းချုပ်ထားနိုင်ဖို့ ချန်ထားခဲ့သော်လည်း သူ ထွက်သွားပြီးနောက် သူတို့ ဘယ်လောက် တိုးတက်လာသလဲဆိုတာတော့ မသိခဲ့ချေ။
ရလဒ်အနေဖြင့် အကျိုးအများဆုံး ဖြစ်ထွန်းခဲ့သူက လျန့်တုန်ဖြစ်ကာ သူက လောကအုပ်ချုပ်သူ အဆင့်သို့ မြန်ဆန်စွာ နီးကပ်လာခဲ့သည်။
End
***