ရန်ချီ၏ ဧကရာဇ်များစွမ်းအင် မှော်အစီအရင်က တစ်ချိန်လုံး အသက်ဝင်နေခဲ့သည်။
"ဝှစ်…."
လျန့်တုန်၏ အရှိန်အဝါများက အလျင်အမြန် ပြောင်းလဲလာကာ နဂါးဂိတ်တံခါးသို့ ဝင်ရောက်၍ နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲမည့် ငါးတစ်ကောင်နှင့် တူညီနေတော့သည်။
"လောကအုပ်ချုပ်ခြင်းအဆင့် ပင်ကိုယ်သဘာ၀စွမ်းအင်ပြောင်းလဲခြင်း... ခန္ဓာ ပျက်မတတ် မီးလောင်ကျွမ်းကာ အသားများပြောင်းလဲ၍ အရိုးများလဲလှယ်ခြင်း" လျန့်တုန်က နာကျင်စွာ အော်ဟစ်လိုက်ရာ အစစ်အမှန် စွမ်းအားများက သူ့ သွေးကြောများမှ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်မှ ပင်ကိုယ်သဘာ၀ စွမ်းအင်များက သူ့ထံ စီးဆင်းလာသည်။
တုန်လှုပ်စရာကောင်းစွာပင် မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်မှ မီးလျှံများ ထွက်ပေါ်လာကာ အစစ်အမှန် မီးလျှံစွမ်းအင်၏ ပြောင်းလဲခြင်းဖြစ်စဉ်ကို ကြုံတွေ့နေရသည်။ ထိုမီးလျှံများ ထွက်ပေါ်လာသည်နှင့်အမျှ အစစ်အမှန်စွမ်းအင်များက ချက်ချင်း ပူပြင်းလာကာ လောကအုပ်ချုပ်ခြင်းအဆင့်သို့ ဝင်ရောက်နေစဉ်အတွင်း မီးလျှံများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ သူ့ကို လောင်ကျွမ်းတော့မလို ဖြစ်လာခဲ့သည်။
အမှန်စင်စစ် ရန်ချီ၏ ကူညီပေးခြင်းကြောင့် လျန့်တုန်၏ အစစ်အမှန် စွမ်းအင်များက ယခင်ကတည်းက လောကအုပ်ချုပ်ခြင်းအဆင့်သို့ တက်လှမ်းနိုင်စွမ်း ရှိခဲ့ပြီးဖြစ်သည်။ သို့သော်လည်း မီးတောက်စွမ်းအင်ပညာရပ်ကြောင့် တုံ့ဆိုင်းနေခဲ့ခြင်းသာ။ အကယ်၍ သူသာ အဆင့်ချိုးဖောက် တက်လှမ်းဖို့ အတင်းအကျပ် ပြုလုပ်လိုက်ပါက ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းပျက်စီးစေကာ ပြာအဖြစ် ပြောင်းလဲသွားနိုင်မှန်း သိထားခဲ့သည်။
အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ကျောင်းသားများက နှစ်စဉ်နှစ်တိုင်း လောကအုပ်ချုပ်သူ အဆင့်သို့ တက်လှမ်းရန် ကြိုးစားရင်း လောင်ကျွမ်း ပြာကျခဲ့သူများလည်း ရှိကြပေသည်။
သို့သော် ရန်ချီ၏ သုံးခွခက်ရင်းမှ များပြားလွန်းသည့် ရေငွေ့များ ထွက်ပေါ်လာသဖြင့် မီးလျှံများ ပျောက်ကွယ်သွားသည်။ ထိုရေက ပင်လယ်နတ်ဘုရားကျောင်းတော်၏ စွမ်းအင်ပညာရပ်မှ အဓိက စွမ်းအင်ဖြစ်ကာ စကြဝဠာ နေရောင်ခြည် လွှမ်းမိုးဓား၌ အဓိက စွမ်းအင်က အလွန် ပူပြင်းသော အပူပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရေနှင့်မီးများက အပြန်အလှန် အကျိုးသက်ရောက်ပြီး လျန့်တုန်ထံမှ အစစ်အမှန်မီးလျှံများက ဝါးမျိုခံလိုက်ရကာ ရှင်သန်ခြင်း အနှစ်သာရက နူးညံ့သော နှင်းများအဖြစ် ပြောင်းလဲသွားတော့သည်။
စွမ်းအင်အဆင့်မြင့်တက်လာကာ စွမ်းအင်ပင်လယ်အနက်ပိုင်း၌ ကြီးမားသော ဓားတစ်ချောင်းပုံစံ ပေါ်လာခဲ့ပြီး တစ်ကိုယ်လုံး ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် လျန့်တုန်က လောကအုပ်ချုပ်သူ အဆင့်ကို ရောက်ရှိလာခဲ့လေပြီ။
သူ့စကြဝဠာ နေရောင်ခြည် လွှမ်းမိုး ဓားနည်းစနစ်က ချူထျန်းကောထက် များစွာ သာလွန်သွားလေတော့သည်။
ချူထျန်းကောက ထိုနည်းစနစ်၏ စွမ်းရည်အပြည့်အစုံကို မထုတ်ဖော်နိုင်ခဲ့ချေ။ သို့သော် လျန့်တုန်က နေကျောက်မြတ်၏စွမ်းအင်ကို အသုံးပြုခဲ့သည်။ ထို့ပြင် စိတ်ဝိညာဉ် လက်နက်တစ်ခု ဖြစ်သည့် သုံးခွခက်ရင်း၏ အကူအညီနှင့်အတူ တိုက်ပွဲဝင် စွမ်းအားက ထိတ်လန့်စရာ ကောင်းသည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
နောက်ထပ် တစ်နာရီကြာပြီးနောက် လျန့်တုန်က အစစ်အမှန်စွမ်းအင်များကို ပြန်လည် ရုပ်သိမ်းကာ လက်ခနဲ တောက်ပသွားသည်။ သို့သော် သူက ထိုအချိန်အထိ ဘာတွေဖြစ်ခဲ့လဲ ဂရုမစိုက်မိချေ။
သူက ယခု လောကအုပ်ချုပ်သူ တစ်ယောက် ဖြစ်လာခဲ့ပြီ။
"ဂုဏ်ယူပါတယ်" လီဟီက ပြောလိုက်သည်။ သူ့အသံက နည်းနည်းမျှ မနာလိုဝန်တိုခြင်း မရှိဘဲ လေးစားမှုများနှင့်သာ ပြည့်နှက်နေ၏။ "ငါတို့ထဲက နောက်ထပ် ညီအစ်ကိုတစ်ယောက်ကတော့ လောကအုပ်ချုပ်ခြင်းအဆင့်ကို ရောက်ရှိသွားပြန်ပြီ…."
လျန့်တုန်က ခေါင်းခါလိုက်ကာ ပြန်ပြောလိုက်သည်။ "ငါက ကျန်တဲ့ မင်းတို့ထက် နည်းနည်းလေးပဲ မြန်တာပါကွာ... အခု အခြေအနေကို ငါ နားလည်သွားပြီ... ငါတို့တွေက စကြဝဠာ နေရောင်ခြည် လွှမ်းမိုးဓားကို ကျင့်ကြံကြတာဆိုတော့ ပြင်းထန်လွန်းတဲ့အပူကြောင့် ငါတို့က လောကအုပ်ချုပ်ခြင်းအဆင့်ကို တက်လှမ်းချိန်မှာ အရမ်းအန္တရာယ်ကြီးမားတယ်... တကယ်လို့ မင်းမှာ အမဓာတ် (ယင်/အအေးဓာတ်) ရတနာပစ္စည်း မရှိဘူးဆိုရင် အဆင့်ချိုးဖောက် တက်လှမ်းဖို့ အတင်းအကျပ် လုပ်ဆောင်တဲ့အခါ မီးလောင် သေဆုံးဖို့က (၉၉)ရာခိုင်နှုန်း သေချာတယ်"
"မှန်တယ်" ရန်ချီက ထောက်ခံလိုက်သည်။
"ဒီလိုရတနာပစ္စည်းနဲ့သာဆိုရင် မင်းတို့အားလုံး အောင်မြင်နိုင်တယ်... သိပ်မကြာခင်မှာ မင်းတို့အကုန်လုံး လောကအုပ်ချုပ်သူတွေ ဖြစ်လာကြမှာပါ... ငါတို့ အဲဒီအချိန်ကျရင် ကျောင်းတော်မှာ အင်အားအကြီးဆုံးအဖွဲ့အစည်း မဟုတ်ရင်တောင် ငါတို့ တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးနိုင်ပြီ" လျန့်တုန် အောင်မြင်စွာ အဆင့်ချိုးဖောက် တက်လှမ်းပြီးနောက်၌ စကြဝဠာ နေရောင်ခြည် လွှမ်းမိုးဓားပညာ၏ အန္တရာယ်ရှိသည့် အားနည်းချက်ကို ရှာတွေ့ခဲ့သည်။
လျန့်တုန်က ယခုအခါ ရန်ချီထံမှ တစ်စုံတစ်ရာ ထူးခြားနေသည်ကို ခံစားမိလိုက်သည်။ "ညီအစ်ကို... မင်းအရှိန်အဝါက ငါ့ထက် သာလွန်နေပြီး ငါတောင် အကဲဖြတ်လို့ မရပါလား"
"အို… ငါ လောကအုပ်ချုပ်သူ အဆင့်(၂)ကို ရောက်သွားပြီ" ရန်ချီက ဖြေလိုက်သည်။
"လောကအုပ်ချုပ်သူ အဆင့်(၂)လား... တကယ်ကြီး... မင်း လောကအုပ်ချုပ်သူ အဆင့်ရောက်တာတောင် (၂)လလောက်ပဲ ရှိသေးတာလေ... ဒီကိစ္စသာ ပျံ့နှံ့သွားရင် လူတိုင်း တုန်လှုပ်သွားမှာပဲ"
လီဟီ၊ ဟွာရင်းဟူတို့က အလွန် အံ့အားသင့်သွားသဖြင့် မျက်လုံးများ ကျွတ်ထွက်လုနီးနီး ပြူးကျယ်သွားကြသည်။
ရန်ချီက ရယ်မောလိုက်သည်။ "ကဲ... မင်းတို့လည်း ငါ ဘယ်လောက် သန်မာတယ်ဆိုတာ သိတယ် မဟုတ်လား... ငါ ချူထျန်းကောကို သတ်လိုက်တုန်းက မင်းတို့ ဘယ်လောက် ထိတ်လန့်သွားလဲ မှတ်မိသေးလား" ထို့နောက် မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
"အခုချိန်မှာ မင်းတို့ တတ်နိုင်သမျှ မြန်မြန် သန်မာလာဖို့လိုတယ်... လောကအုပ်ချုပ်သူဖြစ်လာဖို့ မနှောင့်နှေးစေနဲ့တော့... ငါ မင်းတို့အတွက် ဒီလထဲမှာ အမဓာတ် ရတနာတွေ ရှာပေးမယ်... ပြီးရင် ငါကိုယ်တိုင် မင်းတို့ အဆင့်ချိုးဖောက် တက်လှမ်းဖို့ပါ ကူညီပေးဦးမယ်... အဲဒါဆို ငါတို့အားလုံး လက်ရွေးစင် ကျောင်းသားတွေ ဖြစ်လာလိမ့်မယ်"
"ဘာတွေဖြစ်လို့ အလျင်လိုနေတာလဲ ညီအစ်ကို" သူငယ်ချင်းများက တစ်စုံတစ်ရာ လွဲချော်နေသလို ခံစားရကာ အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။
"ယွမ်ဟိုက်လန်က အခု ဂိုဏ်းအုပ် လေပြည်နဲ့ တိမ်တိုက်တို့ရဲ့ တပည့်ဖြစ်သွားပြီ... ပြီးတော့ မင်းတို့ သိသလိုပဲ သူက တော်ဝင်အိမ်ရှေ့စံအဖွဲ့နဲ့ ပူးပေါင်းထားသေးတယ်... ငါ့ရဲ့ တောင်ပံတွေကို ဖြတ်ထုတ်ဖို့အတွက် သူမက မင်းတို့ကလန်တွေဖြစ်ဖြစ် မင်းတို့ကိုဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ ခြိမ်းခြောက်ထားခဲ့တယ်"
သူက ဖြစ်ပျက်သမျှ ဘာမှမချန်ထားဘဲ ပန်းပေါင်းစုံမြင့်မြတ်သော သမီးတော်အကြောင်း၊ စကြဝဠာငယ်လေးအကြောင်း၊ ဂိုဏ်းအုပ်လေပြည်နှင့် တိမ်တိုက်တို့အကြောင်း အားလုံးကို ညီအစ်ကိုများအား ပြန်ပြောပြလိုက်သည်။
ဇာတ်လမ်းတစ်ခုလုံး ကြားပြီးနောက် သူငယ်ချင်းများက စကားမပြောနိုင်လောက်အောင် တုန်လှုပ်သွားပြီး ထိုင်နေရာမှ ထရပ်လိုက်မိကြသည်။
အချိန်တော်တော်ကြာပြီးနောက် လျန့်တုန်က သက်ပြင်းချကာ ပြောလိုက်သည်။ "စကြဝဠာငယ်လေး၊ ဂိုဏ်းအုပ်တိမ်တိုက်နဲ့ လေပြည်... သူတို့က ဒဏ္ဍာရီအဆင့်က လူတွေပဲ... သူတို့က ငါတို့ထက် သာလွန်တဲ့အဆင့်မှာ ရှိကြတာ... ငါတို့ သူတို့နဲ့ ရင်မဆိုင်ဘူးလေ... သူတို့သာ ငါတို့ကို သတ်ချင်ရင် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသလို လွယ်ကူလွန်းတယ်"
"သေချာပေါက်တော့ မဟုတ်ဘူး" ရန်ချီကပြောကာ မျက်လုံးများ တောက်ပလာသည်။ "တစ်စုံတစ်ယောက်က ငါ့ကို သတ်ဖို့ ကြိုးစားရင် သွေးကြွေး ပြန်ဆပ်ရမယ်... တစ်ယောက်ယောက်က ငါ့သူငယ်ချင်းတွေကို နာကျင်စေရင် ငါ သေနိုင်ရင်တောင် သူတို့ကို သတ်ပစ်မယ်" သူက ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို ကျင့်ကြံသောကြောင့် ထိုနည်းစနစ်၏ အချို့သော အဆုံးအစမဲ့ လွှမ်းမိုးမှု အနည်းအကျဉ်းက သူ့ကို လွှမ်းမိုးထားသည်။
"ခဏလေး ..."
လီဟီက ဖြတ်ပြောလိုက်သည်။ "ငါ မှတ်မိတဲ့အတိုင်းဆိုရင် ဂိုဏ်းအုပ်တိမ်တိုက်နဲ့ လေပြည်က ပါမောက္ခဟောင်းတွေပဲ... သူတို့က ကျောင်းသားတွေကို ဘာမှလုပ်မှာ မဟုတ်လောက်ဘူး... တော်ဝင်အိမ်ရှေ့စံအဖွဲ့က ငါတို့အတွက်တော့ နည်းနည်း ပြဿနာရှိတယ်... တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားတိုင်းက ကြီးမားတဲ့ နောက်ခံအင်အား ရှိတာကြောင့် သူတို့ ကလန်တွေက ငါတို့နဲ့ ပတ်သက်ပြီး တစ်ခုခုလုပ်မှာ မဟုတ်ဘူး... ငါတို့ရဲ့ ထိပ်တန်းသီးစားပေးက ပိုမို အင်အားကောင်းလာဖို့ပဲ... ငါတို့တွေက ဆရာသခင် အဆင့်တွေဖြစ်ပြီးတော့ လူငယ်မျိုးဆက်တွေပဲလေ... တကယ်လို့ ငါတို့သာ လောကအုပ်ချုပ်သူဖြစ်ပြီး လက်ရွေးစင် ကျောင်းသားဖြစ်လာရင် ကိစ္စတိုင်းက ခက်ခဲသွားပြီ... အဲဒီလိုသာဆိုရင် မိစ္ဆာအိုကြီးနဲ့ တူတဲ့ တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားတွေတောင် ငါတို့ကို အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး"
"ဒီကိစ္စအားလုံးက ငါနဲ့ ယွမ်ဟိုက်လန်ကြားက ပြဿနာတွေကြောင့်ပါ... မင်းတို့ကို ဆွဲသွင်းမိလို့ ငါ တောင်းပန်ပါတယ် ညီအစ်ကိုတို့ရာ" ရန်ချီက တောင်းပန်လိုက်သည်။
"ညီအစ်ကို မင်း ကိုယ့်ကိုယ်ကိုယ် အဲဒီလိုကြီးတွေ မတွေးပါနဲ့ ငါတို့အားလုံးက ညီအစ်ကိုတွေပဲ... ငါတို့ အတူရှင်သန်ပြီး အတူသေဆုံးကြမယ်... ဂုဏ်ကျက်သရေတွေ ပြဿနာတွေကို အတူ ရင်ဆိုင်ကြမယ်... ဒီအခက်အခဲတွေအားလုံး ငါတို့အတူ ကျော်လွှားနိုင်မှာပါ... ဒါနဲ့ သိုင်းပညာ ယှဉ်ပြိုင်ပွဲက မကြာခင် ကျင်းပတော့မယ်... တကယ်လို့ ငါတို့သာ ကောင်းကောင်း စွမ်းဆောင်နိုင်ရင် ငါတို့ကို ကျောင်းတော်က ပိုပြီး အလေးအနက်ထားလိမ့်မယ်... အဲဒါဆို ငါတို့ ရန်သူတွေ အနေနဲ့ အကွက်ရွှေ့ဖို့ ပိုခက်ခဲသွားလိမ့်မယ်"
"ကောင်းပြီ ဒီလိုပဲ သတ်မှတ်ကြတာပေါ့" ရန်ချီက သဘောတူလိုက်သည်။ "အခု စကြဝဠာ နေရောင်ခြည် လွှမ်းမိုးဓားနဲ့ သက်ဆိုင်တဲ့အရာတွေ တစ်ခုခုရဖို့အတွက် ဘယ်မှာရှာရမလဲ အရင်သိဖို့ လိုတယ်... ဘယ်လို ရေအမျိုးအစား ရတနာက ဒီနည်းစနစ်က မီးကို ရင်ဆိုင်နိုင်လဲ... အဲဒါသာ ရရင် ငါ မင်းတို့အားလုံးကို လောကအုပ်ချုပ်သူ ဖြစ်လာအောင် ကူညီလို့ ရပြီ"
"ငါ သိတယ်... စကြဝဠာ နေရောင်ခြည် လွှမ်းမိုးဓားကို အပြည့်အ၀ ရင်ဆိုင်နိုင်တဲ့ ရတနာကို ငါ သိတယ်"
"အဲဒါက ဘာလဲ"
"မင်းတို့ လိုဏ်ဂူ (၇၂)ဂူက မိစ္ဆာဘုရင်တွေအကြောင်း ကြားဖူးတယ် မဟုတ်လား... ကောင်းပြီ ငါတို့ လိုနေတာက အနက်ရောင် ရေနဂါးဘုရင် ကိုယ်တိုင် ဦးဆောင်တဲ့ အနက်ရောင် ရေနဂါးလိုဏ်ဂူက အရာတစ်ခုပဲ... စကြဝဠာတစ်ခွင် နေရောင်ခြည်လွှမ်းမိုး ဓားနည်းစနစ်က ငါတို့ ကျောင်းတော်မှာ အလွန် ပူပြင်းတဲ့ စွမ်းအင်ကို အဓိကထားတဲ့ ပညာရပ်ပဲ... အဲဒီအပူကို တွန်းလှန်နိုင်တဲ့ ပစ္စည်းက အနက်ရောင် ပင်လယ်က အနက်ရောင် ရေနဂါးရဲ့ အမြုတေတွေပဲ... အနက်ရောင် ရေနဂါးအမြုတေတွေက အလွန် ပြင်းထန်ပြီး ကြမ်းတမ်းတယ်... သူတို့ ကုန်းမြေပေါ်တက်တဲ့အခါ သူတို့ သွားရာ လမ်းတစ်လျှောက် အရာရာတိုင်းက ပျက်စီးသွားတတ်တယ်... ဒါပေမဲ့ ညအချိန်မှာတော့ သူတို့က လရောင်ခြည်ကို စုပ်ယူပြီး သူတို့ရဲ့ မိစ္ဆာအမြုတေမှာ သိုလှောင်ထားတယ်... အဲဒီလို သိုလှောင်နေချိန်မှာပဲ သူတို့ သန့်စင်ပစ်လိုက်ကြတယ်လေ... တကယ်လို့ မင်းသာ လရောင်ခြည်ကို စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားနဲ့အတူ သန့်စင်ပြီး အသုံးပြုနိုင်ရင် နေနဲ့လရဲ့ အကောင်းမွန်ဆုံး ပေါင်းစပ်ခြင်း ဖြစ်သွားလိမ့်မယ်... ကံမကောင်းတာတစ်ခုက အနက်ရောင် ရေနဂါးဘုရင်က လိုဏ်ဂူ (၇၂)ခုက မိစ္ဆာဘုရင်တွေထဲက တစ်ပါး ဖြစ်ပြီးတော့ သူ့လိုဏ်ဂူက သွေးမိစ္ဆာ လိုဏ်ဂူထက်တောင် ပိုပြီး အဆင့်အတန်း မြင့်သေးတယ်... ဘယ်အထက်တန်း ဂိုဏ်းက လူဖြစ်ဖြစ် သူ့ရဲ့ နယ်မြေထဲ ဝင်သွားရင် အနက်ရောင် ရေနဂါးတွေက သူတို့ကို သတ်ပစ်လိုက်ကြတယ်လေ... အဲဒါက အရမ်း အန္တရာယ်များတဲ့ နေရာပဲ... ပိုဆိုးတာ တစ်ခုက ငါတို့ရဲ့ စကြဝဠာ နေရောင်ခြည် လွှမ်းမိုး ဓားနည်းစနစ်က ချူထျန်းကောရဲ့ ဓားပုံသဏ္ဍာန် အနှစ်သာရက ဆင်းသက်လာပြီး နေကျောက်မျက်ကြောင့်လည်း ပိုပြီး ပူပြင်းလာခဲ့တယ်... ဒါကြောင့် လောကအုပ်ချုပ်ခြင်းအဆင့် အနက်ရောင် ရေနဂါးတွေရဲ့ မိစ္ဆာအမြုတေကသာ ဒီအပူကို ပျက်ပြယ်စေနိုင်လိမ့်မယ်... သူတို့ကို အမဲလိုက်ဖို့ဆိုတာကလည်း အရမ်း အန္တရာယ်များတယ်"
"သူပြောတာ မှန်တယ်" လျန့်တုန်က ထောက်ခံလိုက်သည်။ "အနက်ရောင် ရေနဂါးတွေရဲ့ အမြုတေကမီးစွမ်းအင် နည်းစနစ်ကို ပြန်လည်တိုက်ခိုက်ဖို့ အကောင်းဆုံးအရာပဲ... အင်မော်တယ်ခြေနင်း ကျောင်းတော်က ထိပ်သီး ကျွမ်းကျင်သူ အများစုက သူတို့ကို အသုံးပြုကြတယ်... ဒါပေမယ့် လူတော်တော်များများက သူတို့ကို အမဲ သွားမလိုက်ရဲကြဘူး"
"လိုဏ်ဂူ (၇၂)ဂူက မိစ္ဆာဘုရင်တွေလား" ရန်ချီ နှလုံးသားထဲ၌ တုန်ယင်သွားခဲ့သည်။ "ငါ သူတို့အကြောင်း ကြားဖူးတယ်... သူတို့က ကြိုးပေးတောင်တန်းရဲ့ လက်အောက်ဆို အဲဒါက အမှန်ပဲလား"
"ဟုတ်တယ်... အဲဒါက အမှန်ပဲ"
"အဲဒါဆိုရင် ငါ အနက်ရောင် ပင်လယ်ကို ခရီးထွက်လိုက်ဦးမယ်... အချိန်တွေ အကုန်ခံလို့ မဖြစ်ဘူး ငါ သွားတော့မယ်... ငါ့ကို မြေပုံ ပေးလိုက်"
End
***