“ဝှစ်... ဝှစ်... ဝှစ်...”
လူတစ်ယောက်က မြေပြင်အထက်တွင် အမြန်ဆုံးအရှိန်ဖြင့် အရိပ်တစ်ခုပမာ ပျံသန်းနေ၏။
ထိုသူမှာ ရန်ချီပင်။ သူက လမ်းမကြီးများ၊ မြစ်များ၊ တောင်တန်းများ၊ တောအုပ်များနှင့် ရေကန်ကြီးများ အပါအဝင် မြေပြင်အနေအထားမျိုးစုံကို ဖြတ်ကျော် ပျံသန်းနေခြင်းဖြစ်သည်။ တစ္ဆေတစ်ကောင်ပမာ ရွေ့လျားနေသဖြင့် မည်သူမျှ သူ့အား မမြင်နိုင်ကြချေ။ သူ့ စွမ်းအင်ပညာရပ်မှာ အဆင့်မြင့်မားသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ နတ်ဘုရားတစ်ပါး သို့မဟုတ် အင်မော်တယ်တစ်ပါးနှင့်ပင် တူညီနေသည်။
လီဟယ်၊ ဟွာရင်းဟူနှင့် ဟယ်ဂျီလီတို့ လောကအုပ်ချုပ်သူ အဆင့်ကို တတ်နိုင်သမျှ အမြန်ဆုံး ရောက်ရှိနိုင်ဖို့ မျှော်လင့်ချက်ဖြင့် သူက အနက်ရောင် ပင်လယ်ဆီသို့ အမြန်ဆုံး သွားရောက်နေခြင်း ဖြစ်သည်။ သူ့ အစီအစဉ်မှာ လောကအုပ်ချုပ်သူအဆင့် အနက်ရောင် ရေနဂါးများကို အမဲလိုက်ပြီး ၎င်းတို့၏ မိစ္ဆာအမြုတေများကို ရိတ်သိမ်းရန်ပင်။ ဤအရာအားလုံးကို သူတစ်ယောက်တည်း လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။
တစ်ချိန်တည်းမှာပင် လျန့်တုန်က လက်ရွေးစင် ကျောင်းသားအဖြစ် လျှောက်ထားခဲ့သဖြင့် သူတို့အဖွဲ့တစ်ခုလုံး၏ အဆင့်အတန်းမှာ သိသိသာသာ တိုးမြင့်လာခဲ့လေပြီ။
အနက်ရောင် ရေနဂါးလိုဏ်ဂူမှာ ကြိုးပေးတောင်တန်း၏ လက်အောက်ခံ မိစ္ဆာဘုရင် (၇၂) ပါးထဲမှ တစ်ပါးဖြစ်သောကြောင့် ရန်ချီ၏ နှလုံးသားမှာ မျှော်လင့်ချက်များဖြင့် တုန်ယင်နေမိသည်။ ဤခရီးတွင် လျှို့ဝှက်ဆန်းကြယ်သည့် ထိုတောင်တန်းအကြောင်း သတင်းအချို့ ကြားရပြီး ထိုနေရာသို့ မည်သို့ သွားရမည်ကို သိရှိနိုင်ရန် သူ မျှော်လင့်နေ၏။
သူ့မိခင်အကြောင်းနှင့် ကြိုးပေးတောင်တန်းအကြောင်းတို့က သူ့အတွေးများကို နေ့ရောညပါ လွှမ်းမိုးထားရာ ထိုနေရာသို့ သွားမည့်အကြောင်းကို မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။
ယွမ်ဟိုက်လန်ကို လက်စားချေချင်သည့် ဆန္ဒကလည်း ဤကိစ္စနှင့် နှိုင်းယှဉ်လျှင် ပြောပလောက်သည့်အရာ မဟုတ်တော့ချေ။
အနက်ရောင် ရေနဂါးလိုဏ်ဂူ ခရီးစဉ်က ယွမ်ဟိုက်လန်ကို တိုက်ခိုက်ရာတွင် အကူအညီ မဖြစ်နိုင်သော်လည်း သူ့မိခင်နှင့်ပတ်သက်သော သတင်းများ ရရှိနိုင်ပေသည်။ သူက ဤကဲ့သို့ အခွင့်အရေးမျိုးကို မည်သို့လုပ် လက်လွှတ်ခံနိုင်မည်နည်း။
ထိုနေရာမှာ အလွန်အန္တရာယ်များမှန်း သိထားသော်လည်း သူ မစိုးရိမ်ခဲ့ပေ။ သူက အဆင့် (၂) လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်သော်ငြား အဆင့် (၄) ကို သတ်ဖြတ်နိုင်စွမ်း ရှိပြီး အဆင့် (၅) ကိုပင် ယှဉ်ပြိုင်နိုင်လောက်သည်။ လူမဆန်လောက်အောင် ရက်စက်ကြမ်းတမ်းသည့် တိုက်ပွဲများ ဆင်နွှဲခြင်းကလည်း သူ့အား ပိုမို သန်မာလာစေနိုင်သည် မဟုတ်ပါလား။
ထို့ပြင် သူသာ မိစ္ဆာအမြုတေ အချို့ကို စားသုံးနိုင်ပါက လောကအုပ်ချုပ်သူ အဆင့် (၃) ကိုပင် ရောက်ရှိနိုင်ပေလိမ့်မည်။
ထိုအချိန် ရောက်လာလျှင် ကပ်ဖားမ ယွမ်ဟိုက်လန်အနေဖြင့် သူ့ကို အမီလိုက်ဖို့ ခက်ခဲသွားပေလိမ့်မည်။
သူက ဘာလို့ ခဲတစ်လုံးဖြင့် ငှက်သုံးကောင် ပစ်ဖို့ ငြင်းဆန်ရမည်နည်း။
အနက်ရောင် ရေနဂါးလိုဏ်ဂူသို့ နီးကပ်လာသောအခါ လေပေါ်မှ ပျံသန်းမသွားတော့ဘဲ လမ်းလျှောက်၍သာ ဆက်သွားလိုက်သည်။ အနက်ရောင်ပင်လယ်သို့သွားသည့် လမ်းကြောင်း အချိုးအကွေ့များမှာ သွားလာရန် ခက်ခဲလွန်းလှ၏။
သူက မြေပေါ်တွင် ရပ်တန့်ကာ ချမ်းသာကြွယ်ဝတိုက်ကြီး၏မြေပုံကို အသေးစိတ် ကြည့်ရှုလိုက်သည်။ မြေပုံပေါ်၌ အန္တရာယ်များလွန်းသည့် နေရာများနှင့် တားမြစ်နယ်မြေ အမျိုးမျိုးတို့ကို ဖော်ပြထား၏။ ဤမြေပုံမှာ အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ကိုယ်ပိုင် ရေးဆွဲထားခြင်းဖြစ်သဖြင့် ချမ်းသာကြွယ်ဝတိုက်ကြီး ပေါ်ရှိ သာမန်မြေပုံများထက် အဆပေါင်းများစွာ သာလွန်နေသည်။
ဤမြေပုံကို လေ့လာခြင်းဖြင့် တိုက်ကြီးအကြောင်း များစွာသင်ယူနိုင်ပေသည်။ ထို့ကြောင့် ရန်ချီက မြေပုံကို ပွားယူကာ ယန်ကျန့်ချင်ထံ ပို့ပေးဖို့ စဉ်းစားလိုက်မိသည်။ မြေအနေအထားကို ကောင်းမွန်စွာ နားလည်ခြင်းဖြင့် စစ်သည်များ သွားလာရေး၌ သူ့ဖခင်အတွက် အကူအညီ ဖြစ်စေပေလိမ့်မည်။
“ကန္တာရ တစ်ခု ...”
ရန်ချီ ရေရွတ်လိုက်ကာ သူ့ရှေ့ရှိ အဆုံးအစမဲ့နေသည့် သဲပြင်ကြီးကို ကြည့်လိုက်သည်။ ထိုခြောက်သွေ့နေသည့် သဲကန္တာရမှာ ကီလိုမီတာ တစ်သောင်းခန့်ကျယ်ဝန်းပြီး သဲသောင်များ၊ သဲတောင်များဖြင့် ပြည့်နှက်နေ၏။ ရှားစောင်းပင်အမျိုးမျိုး ပေါက်ရောက်နေကြကာ အချို့မှာ မီတာဒါဇင်နှင့်ချီအောင် ရှည်လျားပြီး အချို့မှာ သာမန်အိမ်တစ်လုံးလောက်ပင် ကြီးမားကြသည်။
ရန်ချီက ထိုနယ်မြေရှိ အခြေအနေကို စစ်ဆေးလိုက်သောအခါ မိစ္ဆာသားရဲများထံမှ မိစ္ဆာစွမ်းအင် အနည်းငယ်ကို အာရုံခံမိလိုက်သည်။ ထိုအရာများမှာ ကန္တာရထဲတွင် ရှင်သန်နေထိုင်သည့် မြွေများ၊ ကင်းမြီးကောက်များ၊ ကင်းခြေများများနှင့် မြေခွေး၊ ဝံပုလွေများထံမှ ဖြစ်ပေသည်။
သို့သော် ရန်ချီက ထိုမိစ္ဆာသားရဲ အသေးအဖွဲလေးများကို ဂရုမစိုက်သလို သူ့အချိန်ကိုလည်း အကုန်မခံလိုပေ။ သူက တုံ့ဆိုင်းမနေဘဲ လောင်ကျွမ်းနေသော ကန္တာရကို ဖြတ်သန်းကာ မြေပုံပေါ်မှ မှတ်သားထားသည့် နေရာဆီ ဦးတည်သွားလိုက်သည်။
အံ့အားသင့်စရာကောင်းသည်မှာ အနက်ရောင် ပင်လယ်က သမုဒ္ဒရာထဲတွင် မဟုတ်ဘဲ သဲကန္တာရအလယ်၌ တည်ရှိနေခြင်းပင်။
ပုံပြင်များအရ ထိုနေရာ၌ မြေအောက်ရေစီးကြောင်းများနှင့် စိတ်ဝိညာဉ်စွမ်းအင်များ၏ ထောက်ပံ့မှုကြောင့် မိစ္ဆာနှင့် နတ်ဆိုးများ၏ မြင့်မြတ်သော နယ်မြေဖြစ်လာကာ မိစ္ဆာသားရဲများက ကန္တာရ ဝန်းကျင်တွင် နေထိုင်ကြသည်ဟု ဆိုသည်။
ဤကန္တာရကို မြောက်ပိုင်း နယ်ခြားကန္တာရဟု ခေါ်ဝေါ်ပြီး လူသားများ မရှိသည့် အဆုံးမဲ့ အန္တရာယ်နယ်မြေအဖြစ်လည်း လူသိများကြသည်။ ထိုနေရာတွင် မိစ္ဆာသားရဲများနှင့် မရေမတွက်နိုင်အောင် ထူးခြားသည့် မြေအနေအထားများစွာ ရှိကြ၏။
သဲကန္တာရအတွင်း ကီလိုမီတာ ငါးရာခန့် ဝင်ရောက်လာပြီးနောက် ရုတ်တရက် သဲမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ အလွန်ပြင်းထန်သည့် သဲများ လွင့်မျောရိုက်ခတ်မှုကြောင့် ရန်ချီ၏ အစစ်အမှန် စွမ်းအင် အကာအကွယ်မှ မီးပွားများပင် ထွက်ပေါ်လာတော့သည်။
သဲမှုန်လေးများက သေးငယ်ကြသော်လည်း ပြင်းထန်သော လေတိုက်နှုန်းကြောင့် သံမဏိကိုပင် ဖောက်ထွင်းနိုင်လာသည်။ ကံကောင်းစွာဖြင့် ရန်ချီတွင် အကာအကွယ် ပညာရပ်ရှိသည့်အပြင် သူ့ ပစ္စည်းကိရိယာများကလည်း ထိုအဆင့်ထက် သာလွန်နေသဖြင့် သူ့ကို မထိခိုက်နိုင်ခဲ့ပေ။
လူသားများ အဘယ်ကြောင့် မနေထိုင်ကြသနည်းဆိုသည်ကို ဤအချက်က သက်သေပြနေသည်။ လေမုန်တိုင်း တိုက်ခတ်ချိန်တွင် မိစ္ဆာသားရဲများက သဲမြေ အနက်ပိုင်းသို့ တိုးဝင် နေထိုင်ကြပြီး အချို့က ရေအောက်မြစ်အထိ သွားရောက် ခိုလှုံကြလေ့ ရှိသည်။
“ဝှစ် …”
ရန်ချီက လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်လွန်းလှသည့် အစစ်အမှန် စွမ်းအင်များကြောင့် သူ့လမ်းကြောင်းပေါ်ရှိ ကြီးမားသော လေဆင်နှာမောင်းကြီး ပျက်စီးသွားတော့သည်။
သူက အစစ်အမှန် စွမ်းအင်များကို အရှေ့ဘက်သို့ ပို့လွှတ်လိုက်ရာ ထိုနေရာ၌ ရေအရင်းအမြစ် တစ်ခုရှိကြောင်း အာရုံခံမိလိုက်သည်။
“အနက်ရောင် ပင်လယ်…”
သူ တိုးတိုးလေး ရေရွတ်လိုက်ပြီး ရေကို အာရုံခံ၍ လိုက်သွားခဲ့သည်။ ကီလိုမီတာ ရာနှင့်ချီ ပျံသန်းခဲ့ပြီးနောက် နောက်ဆုံးတွင် သဲမုန်တိုင်း ပျက်ပြယ်သွားပြီး သူ့အရှေ့၌ ပင်လယ်တစ်ခုကို တွေ့လိုက်ရ၏။
ထိုအရာက နက်မှောင်လွန်းကာ လှိုင်းတံပိုးများပင် မည်းနက်နေပြီး မြူများ ဖုံးလွှမ်းနေသဖြင့် အဝေးမှနေ၍ မျက်နှာပြင်ကို မမြင်တွေ့နိုင်ပေ။ ပင်လယ်က ကြီးမားလွန်းသဖြင့် ရန်ချီပင် အဆုံးသတ်ကို မမြင်နိုင်ချေ။
ကျယ်ပြန့်လွန်းသည့် သဲကန္တာရအလယ်၌ ကြီးမားသောပင်လယ်ကြီးတစ်ခု တည်ရှိနေခြင်းက သဘာ၀တရားကြီး၏ ဖန်တီးနိုင်စွမ်း အံ့ဩဖွယ် ကောင်းလွန်းကြောင်း ပြသနေသည်။
‘ဒါက အနက်ရောင် ရေနဂါးလိုဏ်ဂူပေါ့ … ချမ်းသာကြွယ်ဝတိုက်မှာ ရှိတဲ့ လိုဏ်ဂူ (၇၂) ဂူက မိစ္ဆာဘုရင်တိုင်းက ကြိုးပေးတောင်တန်းရဲ့ လက်အောက်ခံတွေပဲ… ငါဒီမှာ လျှို့ဝှက်ချက်တွေ ရှာဖွေနိုင်ပြီး အမေ့အကြောင်း သတင်းပိုရနိုင်မယ်လို့ မျှော်လင့်ရတာပဲ… သူမရဲ့ နာမည်ပြောင်က ဂရင်းဆူဒါဆိုတာ သိပေမယ့် နာမည်အရင်းက ဘာလဲ…’
ပင်လယ်ကမ်းခြေ၌ မတ်တပ်ရပ်နေစဉ် အစစ်အမှန် စွမ်းအင်များကို သိမ်းဆည်းထားကာ သာမန်လူတစ်ယောက်ကဲ့သို့ ဟန်ဆောင်လိုက်သည်။
ကမ်းခြေမှ ရေကျချိန်တွင် သူက ဒူးထောက်ကာ ရေအချို့ကို ထိတွေ့ကြည့်လိုက်သည်။ နှစ်ထောင်ချီ သက်တမ်းရှိပုံရသည့် အအေးဓာတ် စွမ်းအင်ကို ချက်ချင်း အာရုံခံမိလိုက်၏။
မမျှော်လင့်ဘဲ ထိုရေများက အေးခဲမနေသော်လည်း ရေကဲ့သို့လည်း ဖြစ်မနေပေ။
ထို့ပြင် ရေများက မင်ရည်ကဲ့သို့ နက်မှောင်နေသဖြင့် အခြား သာမန်ပင်လယ်များနှင့် ကွဲပြားကြောင်း သိသာလှသည်။
‘ဒီရေက နက်မှောင်နေပြီး အလွန်အေးတဲ့ ယင်စွမ်းအင်တွေရှိနေတာကြောင့် သဘာဝအရ အန္တရာယ်ရှိတာပဲ…’
ရန်ချီက ကမ္ဘာကြီးအကြောင်း တဖြည်းဖြည်း သိရှိနားလည်လာရာ မြေအောက်မှ အန္တရာယ်ရှိသည့် စွမ်းအင် အပြောင်းအလဲများကို ပိုမို သိမြင်လာခဲ့သည်။
အန္တရာယ်များသည့် အနက်ရောင် ယင်စွမ်းအင်များက လူသားများအတွက် အလွန် ဆိုးရွားသော်လည်း အချို့ အေးစက်သော ယင်စွမ်းအင် အစိတ်အပိုင်းများ ပါရှိသည့် ရေနေမိစ္ဆာ သားရဲများအတွက်မူ အလွန် အကျိုးရှိပေသည်။
ဤပင်လယ်၏ အနက်ပိုင်း နေရာ၌ ကြောက်မက်ဖွယ် ကောင်းလွန်းသည့် မိစ္ဆာသားရဲများနှင့် အန္တရာယ်များ ရှိနေကြောင်း သိသာလှ၏။
ရန်ချီက စဉ်းစားနေရင်း အနက်ရောင်ပင်လယ်ကို ကြည့်နေစဉ်မှာပင် လက်ချောင်းထိပ်မှ ရေများက တဖြည်းဖြည်း ခြောက်သွေ့လာခဲ့သည်။ ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ အနက်ရောင် ရေနဂါးလိုဏ်ဂူ၏ တည်နေရာကို ရှာဖွေရန်ပင်။
သူငယ်ချင်းများ၏ ပြောပြချက်အရ အနက်ရောင် ရေနဂါးလိုဏ်ဂူမှ ဘုရင်က အနက်ရောင် ရေနဂါးတစ်ကောင်ဖြစ်ကြောင်း သူသိထားသည်။ သို့သော် ကြိုးပေးတောင်တန်းမှ မဟာသူတော်စင် တစ်ပါးက မှော်ဆန်သော ပြောင်းလဲခြင်းများ ပြုလုပ်ပေးလိုက်ရာ သူ့ ရေနဂါး ခန္ဓာကိုယ်မှသည် လူသားခန္ဓာကိုယ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူက စွမ်းအားကြီးမားသော ဒဏ္ဍာရီအဆင့် တစ်ယောက်ဖြစ်ကာ လက်ရှိ ရန်ချီအနေဖြင့် သူ့ ပြိုင်ဘက် မဖြစ်နိုင်သေးပေ။
အနက်ရောင် ရေနဂါးဘုရင်က အလွန်ရက်စက်လွန်းကာ နှစ်စဉ်နှစ်တိုင်း လူပေါင်းများစွာ သတ်ဖြတ်လေ့ရှိသည်။ ကျောင်းတော်မှ ထိပ်သီးကျွမ်းကျင်သူများပင် သူနှင့် ပတ်သက်၍ ဘာလုပ်ရမည်ကို သေချာ မသိကြချေ။
ကျောင်းတော်တွင် ဒဏ္ဍာရီအဆင့် ပညာရှင်များ ရှိကြသော်လည်း အနက်ရောင် ရေနဂါး၌ ကြိုးပေးတောင်တန်းကဲ့သို့ အဖွဲ့အစည်းကြီး၏ နောက်ခံရှိနေသည်။ ထိုအဖွဲ့အစည်းက အလွန် ကြီးမားကာ သာမန်လူများပင် မည်မျှ ကြီးမားမှန်း မသိကြပေ။
အကယ်၍ ရန်ချီသာ သူကဲ့သို့ လူတစ်ယောက်၏ အာရုံဖမ်းစားခြင်း ခံရပါက အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ပင် ခက်ခဲပေလိမ့်မည်။
ထို့ပြင် သူ့ထံ၌ ကိုယ်ပျောက်နိုင်သော နည်းစနစ်များလည်း မရှိချေ။
ထိုကဲ့သို့ နည်းစနစ်များက တည်ရှိကြပေသည်။ ဥပမာအားဖြင့် ရုပ်ပြောင်းလဲခြင်း ပညာရပ်နှင့် အသွင်အပြင် ဖုံးကွယ်ခြင်း ပညာရပ်တို့ ဖြစ်ကြသည်။ ထိုစွမ်းရည်က လူတစ်ယောက်၏ အစစ်အမှန် စွမ်းအင်ကိုအသုံးပြုကာ ပျက်ယွင်းနယ်ပယ်တစ်ခုကို ဖန်တီးနိုင်လေရာ နောက်ဆုံး၌ ကိုယ်ပျောက်သွားစေသည်။ ထိုအရာက လူတစ်ယောက်၏ အစစ်အမှန် စွမ်းအင်ကို ဖုံးကွယ်ထားရန် အကောင်းဆုံးပင် ဖြစ်၏။
End
***