‘ဒီပင်လယ်က တကယ်ကို နက်ရှိုင်းလွန်းတာပဲ...’
ပင်လယ်အောက်ခြေရှိ ကြမ်းပြင်ပေါ်၌ အနက်ရောင်အရည်များ စီးထွက်နေသည့် အပေါက်များစွာရှိနေပြီး ထိုအရာများမှာ ပင်လယ်ပြင်ကို ထောက်ပံ့ပေးနေသည့် မြေအောက်မြစ်များပင်။ သံချပ်ဝတ်ဆင်ထားသော ရန်ချီက အနက်ရောင်ရေများအတွင်း ပို၍ နက်ရှိုင်းစွာ ဆင်းသက်သွားသောအခါ မိစ္ဆာသားရဲများစွာနှင့် ရင်ဆိုင်ရသည်။
တစ်ချိန်တွင် သူက စွမ်းအင်ပညာ ဆရာသခင် ကျင့်ကြံခြင်း အခြေခံရှိသည့် အရောင်ငါးမျိုး ပင်လယ်မြွေတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းက ရေမျက်နှာပြင်အောက်ရှိ သန္တာကျောက်တန်းများ အတွင်း ကိုယ်ပိုင်လိုဏ်ဂူတစ်ခု တည်ဆောက်ကာ ထိုအနီးရှိ အန္တရာယ်များသည့် စွမ်းအင်များကို စုပ်ယူ၍ နားနေခြင်း ဖြစ်၏။
ပင်လယ်မြွေမှာ ရေပုံးတစ်ပုံးခန့် ကြီးမားပြီး မီတာဒါဇင်နှင့်ချီ ရှည်လျားသည်။ ကြီးမားသော သန္တာကျောက်တန်းက သူ့အတွက် ကျင့်ကြံနေစဉ်အတွင်း ပြီးပြည့်စုံသည့် အကာအကွယ် တံတိုင်းကြီးသဖွယ် တည်ရှိနေသည်။
သန္တာကျောက်တန်းကြီးက မြို့ကြီးတစ်ခုနှင့် ဆင်တူကာ ၎င်း၏ မျက်နှာပြင်မှာ လူများ တည်ဆောက်ထားသည်နှင့် တူညီလှ၏။
မိစ္ဆာမျိုးနွယ်များမှာ မွေးရာပါ အသိဉာဏ်နှင့် ကမ္ဘာဦးခေတ်က မိစ္ဆာမျိုးနွယ်စု မဟာသူတော်စင်များ၏ အမွေအနှစ် နည်းပညာများနှင့် မွေးဖွားလာကြခြင်းဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းမှာ လူသားများနှင့် များစွာ ကွဲပြားခြားနားပေသည်။
ထို့ပြင် ထိုမြွေက မိစ္ဆာသားရဲ အချို့ ကြီးထွားရန်၊ မှော်မှိုများ၊ ဂျင်ဆင်းနှင့် စွမ်းအားစုစည်းဆေး ပြုလုပ်ရာ၌ အသုံးပြုသော အခြားအပင်များကို ပင်လယ်ရေထဲမှ မြေဩဇာ ကောင်းမွန်သည့် နေရာများ၌ စိုက်ပျိုးထားနိုင်ကြောင်း သတိပြုမိလိုက်သည်။ အချို့ မိစ္ဆာသားရဲများက လူသားများကဲ့သို့ပင် သူတို့၏ ကျင့်ကြံခြင်း တိုးတက်အောင် ဆေးများ ဖော်စပ်နိုင်သည့် လုံလောက်သော ဉာဏ်ရည်ကို ပိုင်ဆိုင်ထားကြသည်။
အမှန်စင်စစ် ကမ္ဘာဦးခေတ် ကာလက မိစ္ဆာသားရဲများတွင် ကျင့်ကြံနိုင်သည့် နည်းလမ်းမျိုးစုံ ရှိခဲ့ပြီး ထိုမှ အစပြု၍ လူသားများက အတုခိုးခဲ့ခြင်း ဖြစ်သည်။
ပင်လယ်မြွေ၏ နဖူးထက်၌ လူပုံသဏ္ဍာန် ပုံရိပ်တစ်ခုရှိကာ ထိုအရာက အစစ်အမှန် စွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သူ့ အရေပြားမှာ မြွေကဲ့သို့ အရောင်ငါးရောင် ဖြစ်နေ၏။
ထိုအရာမှာ လူပုံသဏ္ဍာန် အစစ်အမှန် စွမ်းအင်ဖြစ်ကာ လူသားများ၏ နှလုံးသားထဲ၌ တည်ရှိကြသည်။ ၎င်းက အရောင်ငါးမျိုး မိစ္ဆာအမြုတေဖြစ်ပြီး လက်သီးဆုပ်ခန့်ရှိသည်။ ထိုမိစ္ဆာအမြုတေ ဤအဆင့်ထိ ကြီးထွားလာစေရန် နှစ်ပေါင်း မည်မျှကြာအောင် ကျင့်ကြံခဲ့ရကြောင်း ပြောပြဖို့ ခက်ခဲလှပေသည်။
ထိုမြွေက ရန်ချီရှိနေကြောင်း ချက်ချင်း သတိထားမိသွားကာ ရန်ချီ ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုမြွေက တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ကို စားသောက်ရန် ရေထဲ၌ မယုံကြည်နိုင်လောက်အောင် အမြန်နှုန်းဖြင့် ရန်ချီထံ တိုးဝင်လာခဲ့သည်။
ဆရာသခင် အဆင့်တစ်ယောက်သာ ထိုကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရပါက တိုက်ခိုက်မည် မဟုတ်ဘဲ ထိုသားရဲနှင့် ကင်းလွတ်ရာသို့ ထွက်ပြေးပေလိမ့်မည်။
သို့သော် ရန်ချီက လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအင်က ရေထဲကို ဖြတ်သန်းသွားပြီး ကြီးမားသော ဓားပိုက်ကွန်ကြီးက ပင်လယ်မြွေကြီးကို ဝန်းရံသွားတော့သည်။
“ငါ့ကို ချမ်းသာပေးပါ ကြီးမြတ်သော နတ်ဆိုးကြီး... ငါမင်းကို တောင်းဆိုပါတယ်...”
ပင်လယ်မြွေကြီးက လောကအုပ်ချုပ်သူနှင့် ရင်ဆိုင်နေရသည်ကို ချက်ချင်း သဘောပေါက်သွားကာ ထပ်မတိုက်ခိုက်ရဲတော့ပေ။ အမှန်တော့ ထိုမြွေက စကားလုံးများဖြင့် စကားမပြောနိုင်ချေ။ သို့သော် သူထံမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် ကျင့်ကြံခြင်း အခြေခံ လုံလောက်အောင် မြင့်မားပါက မည်သူမဆို သူပြောနေသည်ကို နားလည်နိုင်ပေသည်။
အမှန်စင်စစ် လူသားများက အဆင့် (၈) သို့ ရောက်ရှိသောအခါ သူတို့၏ ကိုယ်ပိုင် စိတ်ဝိညာဉ်နှင့် အဆင့်တစ်ခုထိ ပေါင်းစပ်နိုင်ကြသည်။ အားထုတ်မှု အနည်းငယ်နှင့် လုံလောက်သော အချိန်သာရပါက မည်သည့် ဘာသာစကားကိုမဆို နားလည်နိုင်ကြ၏။
ထိုစွမ်းအားက ဆရာသခင် အဆင့်တွင် ပိုမို တိုးတက်လာကြသည်။
ထို့ကြောင့် လောကအုပ်ချုပ်သူများအတွက်မူ ထိုအရာက ထည့်ပြောစရာပင် မလိုချေ။ သူတို့က သူတို့၏ အစစ်အမှန်စွမ်းအင်များကို အလွယ်တကူအသုံးပြုကာ အခြားလူများနှင့် စိတ်ဝိညာဉ်ချင်း ဆက်သွယ်နိုင်လေရာ စကားလုံးများဖြင့်ပင် စကားပြောစရာ မလိုတော့ပေ။
“မင်းကို ချမ်းသာပေးရမယ် ဟုတ်လား... ကောင်းပြီ... အနက်ရောင် ရေနဂါးလိုဏ်ဂူက ဘယ်နားမှာလဲ ငါ့ကိုပြောစမ်း... လောကအုပ်ချုပ်ခြင်းအဆင့်ရောက်နေတဲ့ အနက်ရောင် ရေနဂါးတွေကို ဘယ်မှာ ရှာရမလဲ...”
ရန်ချီက အနက်ရောင်ပင်လယ်နှင့်ပတ်သက်၍ အကျွမ်းတဝင် မရှိလေရာ မျက်ကန်းတောတိုး ရှာဖွေရင်း အချိန်မဖြုန်းလိုပေ။ သတင်းအချက်အလက်များ ရရှိရန် ဒေသခံအချို့ကို ရှာဖွေခြင်းက ပိုမို ထိရောက်သည် မဟုတ်ပါလား။
“အို... ကြီးမြတ်သော နတ်ဆိုး... အသင်က အနက်ရောင် ရေနဂါး လိုဏ်ဂူကို ရှာဖွေနေတာလား...” အရောင်ငါးမျိုး မြွေ၏ စိတ်ထဲ၌ တုန်လှုပ်ချောက်ချား သွားမိသည်။
“အဲဒီနေရာက အရမ်းဝေးတယ်... အဲဒါက အနက်ရောင် ပင်လယ်ရဲ့ အရှေ့ဘက်ပိုင်းမှာ ရှိတာပဲ... သူတို့က အဲဒီနေရာမှာ ကြီးမားတဲ့မြို့ကြီးတစ်ခု တည်ဆောက်ထားတယ်... အနက်ရောင် ရေနဂါးထိပ်သီး ကျွမ်းကျင်သူ အားလုံးက အဲဒီနေရာမှာ ရှိကြတာပဲ...”
“အို... တကယ်ကြီးလား...”
ထို့နောက် ရန်ချီက ပိုက်ကွန်ကို တင်းကျပ်အောင် ပြုလုပ်လိုက်ရာ ထိုမြွေမှာ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး ထိုနေရာတစ်ဝိုက် သွေးများ ဖုံးလွှမ်းသွားတော့သည်။
အနက်ရောင်ပင်လယ်မှ မိစ္ဆာများက အမှန်တကယ် ရက်စက်ကြမ်းကြုတ်ကြကာ သူတို့က မကြာခဏ ပင်လယ်ပြင်မှ ထွက်၍ လူသားများကို အမဲလိုက်ပြီး စားသောက်လေ့ ရှိကြသည်။ ထို့ကြောင့် ရန်ချီက ဆရာသခင် အဆင့်တစ်ကောင်ကို ဘယ်နည်းနှင့်မျှ လွှတ်ပေးမည် မဟုတ်ချေ။
ထို့နောက် သူက လက်သီးဆုပ် အရွယ်အစားရှိ မိစ္ဆာသားရဲ အမြုတေကို ယူလိုက်ကာ ၎င်းကို စစ်ဆေးပြီးနောက် သူ့ အစစ်အမှန် စွမ်းအင်များဖြင့် ခွဲချေလိုက်သည်။
ခဏအကြာတွင် ငရဲမီးတောက် မီးပြင်းဖိုက သူ့ ဦးခေါင်းအထက်၌ ပေါ်လာ၏။ ထို့နောက် မိစ္ဆာအမြုတေကို အတွင်းထဲထည့်လိုက်ရာ ပွက်ပွက်ဆူနေသော ချော်ရည်များက အမြုတေကို ချက်ချင်း အရည်ပျော်သွားစေသည်။ အသက် (၁၀) ခါ ရှူချိန်လောက်ကြာပြီးနောက် မီးပြင်းဖိုမှ အစစ်အမှန် စွမ်းအင်စီးကြောင်းများ ထွက်ပေါ်လာကာ သူ့ သွေးကြောမှတစ်ဆင့် စွမ်းအင်ပင်လယ်သို့ ဝင်ရောက်သွားပြီးနောက် ကိုယ်တွင်းရှိ အစိတ်အပိုင်း တစ်ခုထံ တိုးဝင်သွားသည်။
ဤအချက်အရ သူ့ ငရဲမီးတောက် မီးပြင်းဖိုက လုံလောက်အောင် သန်မာလာကာ မိစ္ဆာအမြုတေကို ချက်ချင်း အရည်ပျော်စေပြီး အသက်ဓာတ် အနှစ်သာရအဖြစ် ပြောင်းလဲပေးလိုက်နိုင်ကြောင်း သိသာလှသည်။
ထိုအရာမျိုးက လူအများပင် စိတ်မကူးနိုင်သည့် အရာတစ်ခု ဖြစ်ပေသည်။
ထိုကဲ့သို့ ပြုလုပ်နိုင်သည့် အင်ပါယာအဆင့် စွမ်းအင်ပညာရပ်၊ သူတော်စင်အဆင့် စွမ်းအင်ပညာရပ်ပင် မရှိချေ။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း ...”
သူက လက်ကို ဝှေ့ယမ်းပြီး ထိုနယ်မြေ အနီးရှိ မိစ္ဆာသားရဲများထံ ပြင်းထန်သော စွမ်းအင်များ ပစ်လွှတ်လိုက်ရာ သူတို့ကို ဖောက်ခွဲပစ်လိုက်ပြီးနောက် သူတို့၏ မိစ္ဆာအမြုတေကို ငရဲမီးတောက် မီးပြင်းဖိုထံ ဆွဲသွင်းလိုက်သည်။
ပင်လယ်ကြမ်းပြင်ပေါ်ရှိ ထိုနေရာတစ်ဝိုက်ကို ရှင်းလင်းလိုက်ရာ မိစ္ဆာသားရဲ အမြုတေများစွာ စုဆောင်းမိသည်။ ရန်ချီက သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ သူတို့က ယန်ကိုးပါး အင်မော်တယ် စွမ်းအင်လောက် အံ့ဩဖွယ် မဟုတ်သော်လည်း ဒီတိုင်းထိုင်ပြီး ကျင့်ကြံနေသည်ထက်တော့ ပိုကောင်းသေးသည် မဟုတ်လော။
လက်ရှိအချိန်၌ ဝမ်းနည်းစရာကောင်းသည်မှာ သူ့အနေဖြင့် အသေးစား စကြဝဠာလောကသို့ သွားနိုင်ဖို့ အကြောင်းပြချက် ခိုင်လုံမှု မရှိသေးခြင်းပင်။ ပန်းပေါင်းစုံ မြင့်မြတ်သော သူမျိုးတောင် ထိုနေရာ၌ ကလန်စည်းမျဉ်းများကို မချိုးဖောက်ဘဲ အချိန်ခဏတာသာ နေနိုင်သည်။
ယွမ်ဟိုက်လန်ကို အတွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်ခြင်းက သူ့အတွက်တော့ ကြီးမားသော ဖြုန်းတီးမှုကြီးတစ်ခုလိုသာ မြင်မိသည်။ သူမက ယန်ကိုးပါး အင်မော်တယ်စွမ်းအင်ကို မစုပ်ယူနိုင်သေးသဖြင့် သိပ်တော့ ပြဿနာ မရှိလှပေ။
ယန်ကိုးပါး အင်မော်တယ် စွမ်းအင်များဖြင့် ကျင့်ကြံပါက တစ်လမကြာခင်မှာပင် သူက လောကအုပ်ချုပ်သူ အဆင့် (၃) သို့ ရောက်ရှိကာ အဆင့် (၄) ကိုပင် ရောက်ရှိနိုင်ကြောင်း ရန်ချီ သဘောပေါက်ထားသည်။
ကံမကောင်းစွာဖြင့် ထိုအရာက လက်ရှိအချိန်၌ စိတ်ကူးယဉ်ရုံကလွဲ၍ ဘာမှမလုပ်နိုင်ချေ။
‘အိုး... ဘာပဲဖြစ်ဖြစ်ကွာ... အသေးစား စကြဝဠာကမ္ဘာကို မဝင်ရောက်နိုင်သေးမှတော့ အနက်ရောင် ပင်လယ်ပြင်မှာ အမဲလိုက်ပစ်မယ်... မိစ္ဆာအမြုတေတွေက ဘာမှမရှိတာထက်စာရင်တော့ ပိုကောင်းသေးတာပဲ... အနည်းဆုံးတော့ ယန်ကိုးပါး အင်မော်တယ်စွမ်းအင်နဲ့ ထိရောက်မှု နီးစပ်တဲ့ လောကအုပ်ချုပ်သူခြင်း အဆင့်မှာရှိတဲ့ သားရဲအချို့ကို ရှာနိုင်ဖို့တော့ မျှော်လင့်ရတာပဲ...’
ထို့နောက် အနက်ရောင် ပင်လယ် အရှေ့ဘက်ပိုင်းကို ဦးတည်သွားလိုက်သည်။
ထိုဦးတည်ချက်၌ မိစ္ဆာသားရဲများ ပြုလုပ်ထားသည့် မြို့ကြီးများစွာ ရှိပေသည်။
ကီလိုမီတာ ရာဂဏန်း အနည်းငယ်ခန့် ပြေးလွှားပြီးနောက် သူက အချို့သားရဲများကို အမဲလိုက်နေသည့် ပင်လယ်ပင့်ကူအုပ်စု အလယ်သို့ ပြေးဝင်သွားမိသည်။ သူတို့က မြင်းများကဲ့သို့ ကြီးမားကာ အားလုံး၌ စွမ်းအင်ပညာ ဆရာသခင်အဆင့် ရှိကြ၏။
သူတို့က မကြာမီမှာပင် သူ့ကို တွေ့သွားပြီး သူ့ထံ ပြေးဝင်လာကြကာ ပိုးချည်မျှင်ကဲ့သို့ အစစ်အမှန် စွမ်းအင်များဖြင့် ပိုက်ကွန်သဏ္ဍာန် ပြုလုပ်၍ ထွက်လမ်းအားလုံးကို ပိတ်ဆို့လိုက်သည်။
“လာစမ်းပါ...”
ရန်ချီက စိန်ခေါ်လိုက်သည်။ ရုတ်တရက် ငရဲနတ်ဆိုးလှံတံ ပေါ်လာကာ ချော်ရည်ကဲ့သို့ အစစ်အမှန် မီးတောက်များကို ထုတ်လွှတ်လိုက်သဖြင့် ပိုးချည်မျှင်တန်းအားလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။
“ခလွမ် ...”
လှံတံက ပင်လယ်ပင့်ကူများထဲမှ တစ်ကောင်ကို ဖောက်ထွက်သွားသည်နှင့် ပူပြင်းသော အစစ်အမှန် စွမ်းအင်များကြောင့် ထိုပင့်ကူမှာ ပေါက်ကွဲသွားသည်။ ၎င်း၏ မိစ္ဆာအမြုတေကို ပင်လယ်နှလုံးသား အတွင်း ဆွဲသွင်းလိုက်သည်။
“ဝှစ် ...”
သူက ရှေ့သို့ တိုးဝင်သွားကာ ကျန်ရှိနေသေးသည့် ပင်လယ်ပင့်ကူ ကိုးကောင်ကို အလွယ်တကူ ကိစ္စတုံးလိုက်ပြီးနောက် သူတို့၏ မိစ္ဆာသားရဲ အမြုတေများကို ရိတ်သိမ်းလိုက်သည်။
သူသွားရာ တစ်လျှောက်၌ ကမ္ဘာပေါ်မှ မိစ္ဆာများနှင့် မကောင်းဆိုးဝါးများကို သတ်ဖြတ်သည့် သေခြင်းနတ်ဘုရားတစ်ပါးနှင့် တူညီနေ၏။ သူက လမ်းတစ်လျှောက် သားရဲတိုင်းကို သတ်ဖြတ်ခဲ့သည်။ ပင်လယ်ခြင်္သေ့၊ ပင်လယ်ဆင်၊ ပင်လယ်ကမ်းခြေများ၊ ပင်လယ်ကင်းမြီးကောင်များနှင့် ပင်လယ်ဝံပုလွေများ... မည်သည့်သားရဲ တစ်ကောင်တစ်လေမျှ သူ့ ငရဲနတ်ဆိုးလှံတံကို မရပ်တန့်နိုင်ကြချေ။
နှစ်နာရီကြာပြီးနောက် သူက ဆရာသခင် အဆင့် မိစ္ဆာသားရဲ ရာချီခန့် သတ်ဖြတ်ကာ သူတို့၏ အမြုတေများကို နေရာလွတ် လက်စွပ်အတွင်း ထည့်သွင်းသိမ်းဆည်း ထားလိုက်သည်။
အဝေးတစ်နေရာရှိ ချိုင့်ဝှမ်းတစ်ခုကို ရှာတွေ့ပြီးနောက် သူက တင်ပျဉ်ခွေထိုင်ကာ မိစ္ဆာအမြုတေများကို ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းတို့ကို သူ့ ငရဲမီးတောက် မီးပြင်းဖိုအတွင်း အရည်ပျော်စေပြီးနောက် မိစ္ဆာစွမ်းအင်များကို ဖယ်ရှားကာ ထွက်ပေါ်လာသော အသက်ဓာတ် အနှစ်သာရများကို သူ့ခန္ဓာကိုယ်အတွင်း ပို့လွှတ်လိုက်သည်။
ထိုအချိန်၌ သူ့ကိုယ်အတွင်းရှိ အမှုန် ငါးဆယ်မြောက်က စတင်ရုန်းကန် လှုပ်ရှားလာလေပြီ။
သို့သော်လည်း သူက ထိုအရာကို နိုးထနိုင်ခြင်း မရှိသေးပေ။ အမှန်စင်စစ် ရန်စုစုက ဆရာသခင် အဆင့် အမြုတေတစ်သောင်းနှင့် လောကအုပ်ချုပ်သူ အမြုတေတစ်ခု ပါဝင်သည့် သူတော်စင် မိစ္ဆာပန်းချီကားကိုသုံးကာ လောကအုပ်ချုပ်ခြင်းအဆင့်ကို တက်လှမ်းခဲ့ခြင်း ဖြစ်သည်။ သူက အဆင့်ချိုးဖောက် တက်လှမ်းနိုင်ဖို့ ပိုများပြားသည့် ပမာဏကို လိုအပ်ပေလိမ့်မည်။ ဆရာသခင် အဆင့် မိစ္ဆာအမြုတေ ရာဂဏန်း အနည်းငယ်မျှနှင့်ဆိုလျှင် ထိုအရာက လောင်ကျွမ်းနေသည့် မီးပုံအတွင်း ရေတစ်ခွက်ခန့် လောင်းထည့်လိုက်သလိုပင်။
ပြောရလျှင် ထိုအတွေ့အကြုံက သူ့အား ငရဲမီးတောက် မီးပြင်းဖိုနှင့် ပတ်သက်၍ ပိုမို နားလည်လာစေသည်။
သူက သေဆုံးခြင်း နတ်ဘုရားတစ်ပါးကဲ့သို့၊ သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးကဲ့သို့ ပင်လယ်အနက်ပိုင်းသို့ တိုးဝင်သွားခဲ့သည်။
နောက်ဆုံး၌ သူက ချိုင့်ဝှမ်းတစ်ခုအတွင်းရှိ အနက်ရောင် မြွေသိုက်တစ်ခုကို တွေ့လိုက်ရ၏။ သို့သော် ချက်ချင်းဆိုသလို အသိုက်၏ အဝင်ဝမှ ကြောက်မက်ဖွယ် ရေဝဲများ ထွက်ပေါ်လာကာ စွမ်းအင် မငြိမ်မသက်မှုများ ဖြစ်လာတော့သည်။
ထို့နောက် ချိုင့်ဝှမ်း၏ အနက်ပိုင်းအတွင်းမှ အနက်ရောင် ရေနဂါးတစ်ကောင် ထွက်ပေါ်လာသည်။
ထိုမြွေ၌ ရှည်လျားသော ဦးချိုများနှင့် ကြောက်မက်ဖွယ်ကောင်းသော လက်သည်းနှင့် ကြေးခွံများပါရှိနေကာ သာမန်မြွေများထက် လုံး၀ သာလွန်နေသည်။
သူက နောက်ဆုံးတော့ တစ်ကောင်ကို ရှာတွေ့ခဲ့လေပြီ။ ထိုအကောင်က ကံမကောင်းစွာဖြင့် လောကအုပ်ချုပ်ခြင်းအဆင့် မဟုတ်ခဲ့ချေ။ သို့သော် လောကအုပ်ချုပ်သူ အဆင့်နှင့် နီးကပ်နေသဖြင့် ဆရာသခင် အဆင့် သားရဲများစွာနှင့် ညီမျှနေသေးသည်။
မိစ္ဆာသားရဲများက လူသားများနှင့် ကွဲပြားခြားနားကာ ပုံမှန်အားဖြင့် သူတို့၏ အစစ်အမှန် စွမ်းအင်များက ပိုမို သန်မာကြသည်။
‘ငါ နောက်ဆုံးတော့ အနက်ရောင် ရေနဂါးလိုဏ်ဂူနဲ့ နီးကပ်နေပြီပဲ...’
အနက်ရောင်ရေနဂါးကို ရှာတွေ့ခဲ့ပြီးနောက် သူက ချိုင့်ဝှမ်းအနက်ပိုင်းသို့ ဆက်လက် လေ့လာလိုက်ရာ စွမ်းအားကောင်းသည့် အရှိန်အဝါများကို ခံစားမိလိုက်သည်။ ထို့နောက်တွင်တော့ ရေအောက်မြို့တော်၏ ပုံသဏ္ဍာန် ရေးရေးကိုပါ မြင်တွေ့လာခဲ့ရသည်။
ထိုအရာက အနက်ရောင် ရေနဂါးများ၏ နန်းတော် ဖြစ်ပေလိမ့်မည်။
အနက်ရောင် ရေနဂါး လိုဏ်ဂူက မိစ္ဆာဘုရင် (၇၂) ပါးထဲမှ တစ်ယောက်၏ အိမ်ပင်။
End
***