[တောင်းဆိုထားသော အချက်အလက် - အဆုံးမဲ့ ဓား လမ်းစဉ် မှ တပည့်တစ်ဦး၏ လေ့ကျင့်ရေး ]
[အစီရင်ခံစာ စတင်နေပါပြီ... ]
"မင်းတစ်ယောက်တည်း ဖြစ်နေတဲ့အခါ၊ ပထမဆုံး လက်နက်တစ်ခုကို အရင်ရှာပါ…"
ဆရာဖြစ်သူက သည်စကားလေး ပြောခဲ့ပြီး ထွက်သွားခဲ့သည်။ ယီရင်ကတော့ ဆောင်းရာသီ၏ နှင်းတောထဲတွင် ဒူးထောက်နေရသည်။ နှင်းတွေက သူမ၏ ဒူးခေါင်းတွေကို ထိုးဖောက် ဝင်ရောက်လာသည့်အတွက် တစ်ကိုယ်လုံး တုန်ယင်နေ၏။ လက်နက်တစ်ခု ရှာဖွေဖို့က သူမအတွက် ပြဿနာ မဟုတ်ပေ။
သူမ၏ ပတ်ပတ်လည် နှင်းပြင်ထဲတွင် ဓားဆယ့်သုံးလက်ကို စိုက်ထားသည်။ အေးစက်စက် ဓားသွားများက သူမ၏ အသားအရေကို ထိရှလုမတတ် လှည့်ထား၏။ သူမ တစ်ချက် တုန်ယင်သွားတိုင်း ဓားရှရာ တစ်ခု ထပ်တိုးလာသည်။ သူမ၏ ပေါင်၊ ဒူးခေါင်းနှင့် လက်မောင်း အပေါ်ပိုင်းတို့တွင် အေးခဲနေသော သွေးများက ဖုံးလွှမ်းနေတော့သည်။
နာကျင်မှု၊ ပင်ပန်းနွမ်းနယ်မှုနှင့် အထီးကျန်မှုများ၏ အစွန်းတစ်ဖက်မှာ သူမ၏ အတွေးတွေက လွင့်မျော ဝေဝါးလာသည်။ သို့သော်လည်း ခေါင်းလောင်းသံတစ်ခုလို ရှင်းလင်းပြတ်သားစွာ သူမ သိနေတာကတော့ ဆရာဖြစ်သူက သူမကို သည်နေရာမှာ စွန့်ပစ်ထားခဲ့ပြီ ဆိုတာပင်။
ထိုအရာက ဆရာဖြစ်သူ အနှစ်သက်ဆုံး လေ့ကျင့်ရေး နည်းစနစ်တစ်ခု ဖြစ်သည်။ မည်သူမှ လာမကယ်နိုင်သည့် နေရာတွင် သူမကို တစ်ယောက်တည်း ထားခဲ့ပြီး လွတ်မြောက်ဖို့အတွက် ကိုယ့်အသိပညာကိုပဲ အားကိုးစေတာမျိုး ဖြစ်သည်။ ယခုလိုလုပ်ခြင်းက ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ဖို့ သင်ပေးတာလို့ ဆရာက ဆိုဖူးသည်။ လမ်းစဉ်ဆိုသည်မှာ လူတစ်ယောက်စာပဲ ကျယ်ဝန်းတာမျိုး မဟုတ်ပါလား။
ဆရာက အမြဲတမ်း မှန်ကြောင်း သူမ သိသည်။ သူမက အသက်ဆယ်နှစ်တောင် မပြည့်သေးသည့် သံမဏိအဆင့် လေးသာ ဖြစ်တာကြောင့် ဆရာ့ကို မေးခွန်းထုတ်ခွင့် မရှိပေ။ သို့သော်လည်း... ဆရာဖြစ်သူ ထွက်သွားတိုင်း သူမဆီကို ပြန်မလာတော့ဘူးလားဆိုတဲ့ ကြောက်ရွံ့မှုတွေကို ချန်ထားရစ်ခဲ့လေ့ရှိသည်။
သူမကို ဓားအော်ရာတွေက ဝန်းရံထားသည်။ သူမ၏ ဝိညာဉ်အာရုံထဲတွင်တော့ ထိုအော်ရာများက ငွေရောင်တလက်လက်နှင့် ထက်မြက်နေ၏။ သူမ ထိုအော်ရာတွေကို စုပ်ယူပြီး လှည့်ပတ်ကာ သူမ၏ ဝိညာဉ် တစ်စိတ်တစ်ပိုင်း ဖြစ်လာသည် အထိ သန့်စင်လိုက်သည်။ တစ်နည်းဆိုရသော်... မာဒြာ အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
နှင်းတောထဲတွင် ဒူးထောက်ဖို့ ဆရာဖြစ်သူ စတင် ထားရစ်ခဲ့ကတည်းက သူမ ယခုလို အဆက်မပြတ် လုပ်ဆောင်ခဲ့သော်လည်း ဘာမှ အထောက်အကူ မဖြစ်ခဲ့ပေ။
ယခုလို အနေအထားမျိုးတွင် အသုံးပြုနိုင်မည့် နည်းစနစ်ကို သူမ မသိသလို၊ မာဒြာတွေ စီးဆင်းနိုင်ဖို့အတွက် သူမကိုယ်ပိုင် ဓားတစ်လက်လည်း မရှိချေ။ သူမက စွမ်းအင်တွေကို အရေပြားကနေတစ်ဆင့် အပြင်ဘက်ကို တွန်းထုတ်ဖို့ ကြိုးစားကြည့်သည်။ သို့သော် ဓားတွေက တုန်ခါသွားရုံသာဖြစ်ပြီး သွေးထွက်ရာ အသစ်တွေကိုသာ ထပ်တိုးလာခဲ့သည်။
"မင်းတစ်ယောက်တည်း ဖြစ်နေတဲ့အခါ၊ ပထမဆုံး လက်နက်တစ်ခုကို အရင်ရှာပါ..."
ဓားသူတော်စင်သည် ဆရာဆိုး တစ်ယောက်တော့ မဟုတ်ပေ။ သို့သော် သူက နက်နဲသည့် ပဟေဠိစကားများအား ပြောရတာကို နှစ်သက်တတ်သည်။ သူမက နှင်းတောထဲတွင် လက်နက် ရှာဖွေဖို့အတွက် မျက်လုံးတွေကို အားယူကြည့်ရှုပြီး လက်တွေကိုပါ ဆန့်ထုတ်ခဲ့ပြီးပြီ ဖြစ်သည်။
အသင့်စောင့်နေသည့် ဓားသွားများနှင့် မရှမိအောင် တတ်နိုင်သမျှ သတိထားပြီး ဆန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ဆရာဖြစ်သူက သူမအတွက် တစ်ခုခုကို ဖွက်ထားပေးပြီး ထိုရတနာက သူမ လွတ်မြောက်ဖို့အတွက် သော့ချက် ဖြစ်လာမည်ဟု တွေးခဲ့မိသည်။
သို့သော်လည်း... ဘာမှ မတွေ့ခဲ့ပေ။ အေးခဲနေတဲ့ ရာသီဥတုမှာ နာရီပေါင်းများစွာ ဒူးထောက်ရင်း ခက်ထန်နေသည့် လက်နက်တွေဆီ မာဒြာတွေကို ပစ်လွှတ်နေခဲ့သည်။ သို့သော်... အချည်းနှီး...။
မနက်ကနေ နေ့ခင်းဘက်ထိ ရောက်လာသည့် အခါ သူမထံတွင် ရှင်းလင်းသည့် အတွေးတစ်ခုသာ ကျန်တော့သည်။ သူမ၏ ဆရာက ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ချေ။ အဘယ်ကြောင့် ပြန်လာရမည်နည်း။ သင်ယူလို့ မရသည့် တပည့် တစ်ယောက်က သင်ပေးဖို့ မထိုက်တန်ပါချေ။ သူမ၏ ဆရာဖြစ်သူမှာ သူ့ သွန်သင်မှုများကို လိုက်နာနိုင်သည့် လူမျိုးနှင့်သာ ထိုက်တန်တာ ဖြစ်သည်။ ယုံကြည်စိတ်ချရသည့် လူမျိုးနှင့်သာ ထိုက်တန်သည်။
အမြင်အာရုံများ ဝေဝါးလာသည့် အခါ သံမဏိ အဆင့် ခန္ဓာကိုယ် ပင်လျှင် ကန့်သတ်ချက်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း သူမ သိလိုက်သည်။ ကိုယ့်ကိုယ်ကို နိုးကြားစေဖို့ အတွက် တုန်ခါသွားအောင် သူမ အော်ဟစ်လိုက်သော်လည်း ခန္ဓာကိုယ်ပေါ်တွင် အသစ်ဖြစ်လာသည့် ဓားရှရာတွေက နာကျင်မှုတောင် မရှိတော့ချေ။ သူမ ဓားအော်ရာတွေကို တတ်နိုင်သမျှ စုပ်ယူလိုက်ပြီး ခန္ဓာကိုယ် အတွင်း ပြည့်လျှံသွားသည် အထိ စုဆောင်းလိုက်သည်။
စွမ်းအင်များ ပြည့်နှက်ကာ ပေါက်ကွဲမတတ် ဖြစ်လာသည့် အခါ သူမ ထိုအရာ အားလုံးကို အပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။ ဓားများ ခေါင်းလောင်းသံလို မြည်ဟည်းသွားသံ သဲ့သဲ့ကို ကြားလိုက်ရသည်။ သူမ ငြိမ်သက်စွာပင် အတွေးများကို ပြန်လည် စုစည်းလိုက်သည်။
အဆုံးမဲ့ ဓား လမ်းစဉ်တွင် လက်နက်တစ်ခု လှုပ်ရှားသွားတိုင်း အော်ရာများကို စုစည်းနိုင်ဖို့နှင့် အချိန်နှင့်အမျှ အားကောင်းလာစေဖို့အတွက် မာဒြာများကို လက်နက်ထဲ 'ကာကွယ်သူ' နည်းစနစ်ဖြင့် အားဖြည့်သွင်းနည်းကို သူမ သင်ယူခဲ့ပြီး ဖြစ်သည်။ မာဒြာများကို 'တိုက်ခိုက်သူ' နည်းစနစ် တစ်ခုအဖြစ် ပြောင်းလဲပြီး ခြေလှမ်းနှစ်ဆယ် အကွာက သစ်ကိုင်းကို ဖြတ်တောက်နိုင်ဖို့လည်း သူမ သင်ယူခဲ့ပြီးပြီ ဖြစ်သည်။ သူမ၏ စွမ်းအင်များကို 'ဖန်တီးသူ' နည်းစနစ်ဖြင့် ဓား တစ်လက်အဖြစ် ပုံဖော်ဖို့တောင် သင်ယူထားပြီး ဖြစ်သည်။ သို့သော်လည်း... ထိုဓားက ဖန်ကွဲစတွေလို လွယ်လွယ်ကူကူ ကြွေမွသွားတတ်တုန်းပင်။
သူမ မသင်ယူရသေးတာကတော့ 'အုပ်ချုပ်သူ' နည်းစနစ်ပင် ဖြစ်သည်။ သူမ၏ ပတ်ဝန်းကျင်တွင် ရှိသည့် သဟဇာတဖြစ်မည့် အော်ရာများကို ခြယ်လှယ်နိုင်သည့် စွမ်းရည်ပင်။
ထိုအရာက သူမ ဆုပ်ကိုင်ရန် ကျန်ရှိနေသေးသည့် လက်နက် တစ်ခုပင်။
သူမ၏ မာဒြာက အသက်ရှူသံနှင့် အတူ ပဲ့တင်ထပ်သွားပြီး အပြင်ကို တဟုန်ထိုး ထွက်ပေါ်လာ၏။ ထို့နောက် ဓားဝိုင်းကြီးနှင့် စုဝေးနေသည့် အော်ရာများကို ရိုက်ခတ်သွားတော့သည်။ အော်ရာများက ဆောင်းရာသီ နေ့လယ်ခင်းတွင် သန့်စင်ကြည်လင်ပြီး ချိုမြိန်သည့် အသံတစ်ခုအဖြစ် ပဲ့တင်ထပ်သွားသည်။
ဓားများကတော့ ဘေးဘက်သို့ လျှောကျဖယ်ခွာ သွားကြတော့သည်။
[အကြံပြုထားသော ခေါင်းစဉ် - ဓားသူတော်စင်၏ တပည့် ယီရင်၏ ကံကြမ္မာ အနာဂတ်။ ဆက်လက်ဖော်ပြရမည်လား ]
[ ငြင်းပယ်သည်။ အစီရင်ခံစာ ပြီးဆုံးပါပြီ ]
...
လင်းတုန်းက ယီရင်၏ နဖူးမှ ပတ်တီးကို ဖြေချလိုက်ပြီး ဒဏ်ရာကို စစ်ဆေးကြည့်လိုက်သည်။ ဒဏ်ရာက နီရဲရောင်ရမ်းနေပြီး ရှည်လျားသော ဓားရှရာတစ်ခု ဖြစ်သော်လည်း သိပ်မနက်လှပေ။ သူမ ဆရာ၏ ဝိညာဉ်အကြွင်းအကျန်က သူမကို စစ်မြေပြင်က ခွဲစိတ်ဆရာဝန် တစ်ယောက်လို တိကျသေချာစွာ ခုတ်ပိုင်းသွားခဲ့ခြင်း ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အရေပြားပေါ်၌ ဆွဲရေးထားသကဲ့သို့ ဖျော့တော့ပါးလျသော အမာရွတ်များက ဖုံးလွှမ်းနေနှင့်ပြီး ဖြစ်သည်။ သူ့ ခန့်မှန်းချက်အရ ဆိုလျှင် လအနည်းငယ်အတွင်း သူမ ခန္ဓာကိုယ်ပေါ်မှာ အမာရွတ် အသစ်တွေ ထပ်တိုးလာဦးမည်မှာ သေချာလှသည်။
သူက သွေးများ ပေကျံနေသော ပတ်တီးစကို မီးပုံထဲသို့ ပစ်ထည့်လိုက်သည်။ စမားရတောင်၏ အရှေ့ဘက် တောင်ကုန်းများဖြစ်သော ဤနေရာမျိုးတွင် ထင်းရရန် သိပ်မခက်ခဲလှပေ။ သို့သော် ထင်းခက်များ လိုက်ကောက်ရခြင်းက သူ့ကျောကုန်းမှ ဒဏ်ရာအတွက်တော့ ဆင်းရဲဒုက္ခတစ်ခုလို ဖြစ်နေသည်။ သူက မီးမွှေးစရာ ဘယ်အရာကိုမှ အလွတ်မခံချင်ပေ။ ထို့အပြင်... သူတို့၏ ပတ်တီးဟောင်းများကို မီးရှို့လိုက်ခြင်းက သူတို့ဖြတ်သန်းလာသည့် လမ်းကြောင်းမှ သွေးနံ့များကို ဖျောက်ဖျက်ပစ်နိုင်သည့် အကျိုးကျေးဇူးလည်း ရှိသည်။ အထွတ်အမြတ် တောင်ကြားမှ မည်သူကမျှ သူတို့ကို ထွက်ပြီး ခြေရာခံ လိုက်လာလိမ့်မည်ဟု သူ မထင်ပေ။ သို့သော်လည်း အလွန်အမင်း သတိထားလွန်းခြင်းကြောင့်တော့ ဘယ်သူမှ သေမသွားနိုင်ပါချေ။
လင်းတုန်း တစ်ယောက် သူ၏ ခြေရင်းရှိ ကျောပိုးအိတ်ထဲမှ ပစ္စည်းများကို မွှေနှောက်ရှာဖွေနေချိန်တွင် ယီရင်က မီးပုံကို ငေးကြည့်ရင်း တိတ်ဆိတ်စွာ ထိုင်နေသည်။ လင်းတုန်းက လိုအပ်လာနိုင်မည့် မည်သည့်ပစ္စည်းကိုမဆို သယ်ဆောင်သွားလေ့ရှိသဖြင့် သူ၏ ကျောပိုးအိတ်မှာ ပြဲထွက်မတတ် ဖောင်းကားနေသည်။ သစ်ပင်လဲကြီး တစ်ခုပေါ်တွင် ထိုင်နေသော သူ၏ ဒူးခေါင်းများထက်ပင် ကျောပိုးအိတ်က ပို၍ မြင့်မားနေသေးသည်။
သို့သော် လွန်ခဲ့သည့် ငါးရက်တာ ကာလတစ်လျှောက်လုံး ဤကျောပိုးအိတ် ရှိနေခဲ့သည့်အတွက် သူ ဝမ်းသာမိသည်။ သူက အိတ်ထဲမှ သန့်စင်သော ပတ်တီးလိပ် အသစ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ယီရင်၏ ခေါင်းကို အမြန် ပတ်ပေးလိုက်သည်။ ယီရင်၏ နဖူးမှ ဓားရှရာက အဆိုးရွားဆုံး ဒဏ်ရာတော့ မဟုတ်ပေ။ လင်းတုန်း ပတ်တီးစည်းပေးပြီးချိန်တွင်တော့ ယီရင်တစ်ယောက် မံမီတစ်ကောင်လို ပတ်တီးတွေနဲ့ ရစ်ပတ်ခံထားရသည်။ ပြောရလျှင် လင်းတုန်း၏ အခြေအနေကလည်း ယီရင်နှင့် သိပ်မထူးလှပေ။
"ဒါက နောက်ဆုံးကျန်တဲ့ ပတ်တီးလိပ်ပဲ..."
ယီရင်၏ တံတောင်ဆစ်မှ ပတ်တီးစကို အသစ်တစ်ခုဖြင့် အစားထိုး လဲလှယ်ပေးရင်း လင်းတုန်းက ပြောလိုက်သည်။ ထို့နောက် အဟောင်းကို မီးပုံထဲ ပစ်ထည့်လိုက်သည်။
"ဒါပေမဲ့ ငါ့ဆီမှာ အပိုပါလာတဲ့ အဝတ်အစား တစ်စုံရှိသေးတယ်... အဲဒါကို အစတွေ ဆုတ်ပြီး သုံးလို့ရပါတယ်..."
"မလိုပါဘူး..."
ယီရင်က ပြောသည်။
"အခု ငါ့ရဲ့ အမြုတေထဲမှာ လေဟာနယ်နဲ့ ဆန္ဒတွေထက် ပိုတဲ့ အရာတစ်ခုခု ရှိနေပြီလေ... နောက်ထပ် ရက်အနည်းငယ်လောက် စွမ်းအင်လှည့်ပတ်လိုက်ရင် အားလုံး သက်သာသွားမှာပါ..."
သူမက သစ်သားကို ခေါက်သလိုမျိုး သူမ၏ လက်ဖျံကို လက်ဆစ်များဖြင့် ခေါက်ပြလိုက်သည်။ သို့သော် အသားချင်း ရိုက်ခတ်သည့် သာမန်အသံသာ ထွက်ပေါ်လာသည်။
"သံမဏိအဆင့် ခန္ဓာကိုယ်က နင့်ဆီမှာ ဘယ်လိုအမျိုးအစား ရှိသလဲဆိုတဲ့အပေါ် မူတည်ပြီး အကျိုးကျေးဇူး အမျိုးမျိုး ရနိုင်တယ်... ကြေးအဆင့်ကတော့ ပိုပြီးတောင် လွယ်သေးတယ်... ဒီည နင် ကြေးအဆင့် ရောက်အောင် ငါတို့ ဖောက်ထွက်ကြမယ်... အဲဒါဆိုရင် နင်လည်း ချက်ချင်း လန်းဆန်းသွားလိမ့်မယ်... အဆင့်တက်တာလောက် အသွေးအသားအတွက် ကောင်းတဲ့အရာ ဘာမှမရှိဘူး..."
လင်းတုန်းက နောက်ဆုံးကျန်နေသည့် ပတ်တီးစကို ကိုင်ထားရင်း ရပ်တန့်သွားသည်။
"ဒီညလား..."
သူမက လှည့်လာပြီး လင်းတုန်းကို ပြုံးပြလိုက်သည်။
"နင် ဆက်စောင့်ချင်သေးတယ် ဆိုရင်တော့ တစ်မျိုးပေါ့လေ။"
သူမက တစ်ဖက်သို့ လှည့်လိုက်သည့်အခါ သူမ၏ သံမဏိလက်တံ အသေးစားလေး သူ့မျက်နှာကို လာမထိစေရန် လင်းတုန်းက ရှောင်တိမ်းလိုက်ရသည်။ ထိုအရာက သူမ၏ ပခုံးပြင်မှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ အလွန်သိပ်သည်းစွာ ဖန်တီးထားသော မာဒြာ ဖွဲ့စည်းပုံကြောင့် အစစ်အမှန် သံမဏိတစ်ချောင်းလို ခံစားရသည်။ ၎င်း၏ အဆုံးသတ်တွင် ဓားသွားတစ်ခု ရှိနေပြီး ကင်းမြီးကောက် အမြီးတစ်ခုလို သူမ၏ ခေါင်းပေါ်တွင် တွဲလောင်းကျနေသည်။
သူမက မျက်နှာရှုံ့လိုက်ပြီး ထိုလက်တံကို လင်းတုန်း၏ ပါးပြင်နှင့် ဝေးရာသို့ အခက်အခဲ ရွှေ့လိုက်သည်။
"ငါ အဲဒါကို သေချာ မယဉ်ပါးသေးဘူး၊ ဆောရီးပဲ..."
***