ထမင်းစားပြီးသည်နှင့် မန်ကျွင်းဟွာက အခန်းထဲသို့ ကမန်းကတန်း ပြန်လာခဲ့သည်။
ဤစီမံကိန်းအတွက် ဤအရေးပေါ် အာကာသယာဉ်ကို တရားဝင် သိပ္ပံသုတေသနယာဉ်အဖြစ် ပြုပြင်မွမ်းမံထားပြီးဖြစ်သည်။
ကြီးငယ်မဟူသော ဓာတ်ခွဲခန်းအချို့အပြင် အပြင်ဘက်ပတ်လည်တွင် လူဦးရေ တစ်သိန်းခန့် နေထိုင်နိုင်သော လူနေရပ်ကွက်များကိုပါ တည်ဆောက်ထားသည်။
သို့သော် အခန်းအများစုမှာ အလွတ်ဖြစ်နေပြီး လူတစ်ထောင်ကျော်မျှသာ နေထိုင်ကြသည်။ အများစုမှာ သုတေသီများသာ ဖြစ်ကြ၏။
"သခင်... ပြန်ရောက်လာပြီလား" တံခါးဖွင့်လိုက်သည်နှင့် သင်းပျံ့သော ရနံ့လေးနှင့်အတူ အိမ်စေမလေးတစ်ဦးက ခြေသံဖွဖွဖြင့် လျှောက်လာပြီး တံခါးဝတွင် ရိုသေစွာ ပြောလိုက်သည်။
သူမက အလွန်လှပပြီး နံနက်ခင်းနှင်းပေါက်လေးများ တင်ကျန်နေသည့် နှင်းပန်းလေးတစ်ပွင့်လို ဖြူစင်နုနယ်လှသည်။
ကြီးမားကြည်လင်နေသော မျက်လုံးဝိုင်းဝိုင်းကြီးများက သနားကရုဏာ သက်ချင်စရာကောင်းနေသည်။
ပေါင်တံဖြူဖြူဖွေးဖွေးများကို ဖော်ပြနေသော အိမ်စေဝတ်စုံလေးက သူမကို အနိုင်ကျင့်ချင်စရာကောင်းလောက်အောင် နူးညံ့သိမ်မွေ့ပုံ ပေါက်နေစေသည်။
သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက အပြစ်ဆိုဖွယ်ရာမရှိအောင် ပြီးပြည့်စုံနေပြီး အသားအရေမှာလည်း အပြစ်အနာအဆာကင်းကာ ဖြူဖွေးနုဖတ်နေသဖြင့် အစစ်အမှန် လူသားတစ်ယောက်ဟုပင် မထင်ရပေ။
အမှန်တကယ်လည်း သူမက လူအစစ်မဟုတ်ဘဲ စက်ရုပ်အိမ်စေမလေး တစ်ဦးသာ ဖြစ်သည်။
သူမ၏ အရိုးအဆစ်များကို ပေါ့ပါးသော သတ္တုများဖြင့် ပြုလုပ်ထားပြီး သွေးသားများကိုမူ လူသားတို့၏ သွေးသားဖွဲ့စည်းပုံအတိုင်း ပုံတူကူးချ ဖန်တီးထားသည်။
ထို့အပြင် ရိုးရှင်းသော ဉာဏ်ရည်တုစနစ်ကိုပါ ထည့်သွင်းထားသဖြင့် လူသားများနှင့် အဆင်ပြေချောမွေ့စွာ စကားပြောဆိုနိုင်ပြီး အိမ်မှုကိစ္စ အဝဝနှင့် အခြားသော အထူးလုပ်ဆောင်ချက်များကိုပါ ပြီးပြည့်စုံစွာ လုပ်ဆောင်ပေးနိုင်သည်။ ထို့ကြောင့် လူလွတ်သုတေသီများအကြားတွင် အလွန်ရေပန်းစားလှသည်။
သို့ရာတွင် ဤစက်ရုပ်အိမ်စေမများကို လူပျိုသုတေသီများသာ ဝယ်ယူခွင့်ရှိပြီး အပြင်ဘက်လောကတွင်မူ တွေ့မြင်ရခဲလှသည်။
အချက်အလက်အချို့အရ စက်ရုပ်အိမ်စေမများကို ဝယ်ယူပြီးနောက် သုတေသီများ၏ အိမ်ထောင်ကျနှုန်းမှာ သနားစရာကောင်းလောက်အောင် ကျဆင်းသွားခဲ့သည်။
အကယ်၍သာ ၎င်းတို့ကို အများပြည်သူအား လွတ်လပ်စွာ ဝယ်ယူခွင့်ပြုလိုက်ပါက လူမှုရေးပြဿနာများစွာ ဆက်တိုက်ဖြစ်ပေါ်လာနိုင်ပေသည်။
သုတေသီများအတွက်မူ သူတို့၏ အကြီးမားဆုံးသော ပေးဆပ်မှုမှာ သူတို့၏ ဉာဏ်ပညာကို အသုံးချရန်ပင်ဖြစ်ရာ မိသားစု၊ ကလေး စသည့်ကိစ္စများဖြင့် သူတို့၏ အချိန်များကို အနှောင့်အယှက် မဖြစ်စေသည်ကသာ အကောင်းဆုံးဖြစ်သည်။
ထို့အပြင် သုတေသီများ၏ မွေးရာပါ အခန်းအောင်းချင်သော စရိုက်လက္ခဏာများအရ သူတို့သည် သီးခြားလွတ်လပ်သော ကိုယ်ပိုင်ဟန်ရှိသည့် အိမ်ထောင်ဖက်မျိုးကို လိုအပ်မည် မဟုတ်ပေ။
မန်ကျွင်းဟွာက သူ၏ ကာကွယ်ရေးဝတ်စုံကို အိမ်စေမလေးအား ညင်သာစွာ ချွတ်ခွင့်ပြုလိုက်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ရှောင်လင်း... ဒီနေ့ ဘယ်လိုနေလဲ"
"အင်း... အဆင်ပြေပါတယ်... သခင့်ကို နည်းနည်းလွမ်းနေတာကလွဲရင်ပေါ့" ရှောင်လင်းက ဖြေလိုက်သည်။
"ဒါကလည်း တတ်နိုင်တဲ့ကိစ္စမှ မဟုတ်တာ... ငါလည်း အလုပ်လုပ်ရဦးမယ်လေ... နောက်ကြာရင်တော့ အဆင်ပြေသွားမှာပါ... အဲဒီကျရင် တစ်ရက်လောက် သေချာနားရမှာပါ"
မန်ကျွင်းဟွာက အိမ်စေမလေး၏ မျက်လုံးထဲမှ တိတ်တခိုး ချစ်မြတ်နိုးမှုနှင့် ဝမ်းနည်းအားငယ်နေမှုများကို ကြည့်လိုက်သည်။
ဤသည်မှာ သူကိုယ်တိုင် သတ်မှတ်ပေးထားသည့် စရိုက်လက္ခဏာဖြစ်ပြီး အေးစက်စက် ယုတ္တိဗေဒ ပရိုဂရမ်တစ်ခုသာ ဖြစ်ကြောင်း ကောင်းကောင်းကြီး သိနေသော်လည်း သူ့ရင်ထဲတွင် အနည်းငယ်တော့ နာကျင်သွားရသေးသည်။
"ရပါတယ်... သခင့်အလုပ်က ပိုအရေးကြီးပါတယ်... ကျွန်မအနားမှာနေဖို့ အချိန်တွေ အလဟဿ မဖြုန်းပါနဲ့... သခင့်ရင်ထဲမှာ ကျွန်မရှိနေရင်ကို ကျေနပ်ပါပြီ"
"သခင်... တစ်နေကုန် အလုပ်လုပ်ထားရတော့ အရမ်းပင်ပန်းနေမှာပေါ့... ကျွန်မ နှိပ်နယ်ပေးရမလား" ထိုစဉ် အိမ်စေမလေးက ရုတ်တရက် ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်သည်။
ထိုအပြုံးလေးကြောင့် ပန်းပေါင်းရာချီ တစ်ပြိုင်နက် ပွင့်လန်းသွားသကဲ့သို့ အခန်းတစ်ခုလုံး ချက်ချင်းပင် လင်းလက်တောက်ပသွားတော့သည်။
မန်ကျွင်းဟွာတစ်ယောက် ငေးမောသွားပြီး ရင်ထဲတွင် တလှပ်လှပ် ဖြစ်သွားရသည်။ သူက အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်ဖြစ်ပြီး ဟော်မုန်းများ အားကောင်းနေချိန်လည်း ဖြစ်သည်။
အကယ်၍ အရင်ကသာဆိုလျှင် ဤသွေးဆောင်ဖြားယောင်းမှုကို လုံးဝခုခံနိုင်မည် မဟုတ်ပေ။ သို့သော် ဒီနေ့တွင်တော့ သူက အကြံဉာဏ်အသစ်အချို့ ရရှိထားသဖြင့် စိတ်လှုပ်ရှားမှုများကို အတင်းဖိနှိပ်ကာ ထိန်းချုပ်လိုက်သည်။
"နေပါစေတော့... ငါ မှတ်တမ်းအချို့ ဖတ်စရာရှိသေးတယ်... လက်ဖက်ရည်တစ်ခွက်လောက် ဖျော်ပေးပါလား"
"ဟုတ်ကဲ့ပါ သခင်" အိမ်စေမလေး၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်လေးများ ပေါ်လာကာ လူအစစ်တစ်ယောက်နှင့် လုံးဝတူနေသည်။
"ရေနွေးနွေးလေးနဲ့ ဖျော်ပေးရမလား"
"ရေနွေးနဲ့ပဲ ဖျော်ပေးပါ"
လက်ဖက်ရည်ဖျော်ရန် လှပနွဲ့နှောင်းစွာ လျှောက်သွားသည့် အိမ်စေမလေး၏ ကျော့ရှင်းသော နောက်ကျောလေးကိုကြည့်ရင်း မန်ကျွင်းဟွာက သူ၏ လျှာဖျားကို ကိုက်လိုက်ကာ တိတ်တဆိတ် ညည်းတွားလိုက်မိသည်။
"တကယ် သေစေနိုင်တဲ့ အလှပဲ"
"ဒီစက်ရုပ်အိမ်စေမလေးနဲ့ ယှဉ်လိုက်ရင် အရင်က ဆိုးသွမ်းပြီး အလိုလိုက်ခံချင်တဲ့ ရည်းစားဟောင်းက လုံးဝအမှိုက်ပဲ"
……
အိမ်စေမလေး ထွက်သွားပြီးနောက် မန်ကျွင်းဟွာက ကုတင်ပေါ်တွင် ကမန်းကတန်း လှဲလျောင်းလိုက်ပြီး မျက်လုံးများကို မှိတ်ကာ ကွန်ရက်ထဲသို့ ဝင်ရောက်သွားတော့သည်။
အရေးပေါ် အာကာသယာဉ်ပေါ်တွင် မိခင်ယာဉ်ကြီးနှင့် ချိတ်ဆက်ထားသော ဧရာမ ကွမ်တမ် ကြားခံဆက်သွယ်ရေးစက်ကြီး တစ်လုံးရှိသည်။
ထို့ကြောင့် မိုင်ပေါင်း သိန်းချီ ဝေးကွာနေသော်လည်း ကွန်ရက်လိုင်းမှာ ပြတ်တောက်သွားခြင်း လုံးဝမရှိဘဲ ကြည်လင်ပြတ်သားနေသည်။
သူက အီလက်ထရောနစ် စာကြည့်တိုက်ဝင်ပေါက်သို့ အလျင်အမြန် ရောက်ရှိသွားသည်။
ဤသည်မှာ ကြီးမားခမ်းနားသော စာကြည့်တိုက်ကြီးဖြစ်ပြီး ဧရာမ မျှော်စင်ကြီးတစ်ခုကဲ့သို့ တည်ရှိနေကာ မြင်တွေ့ရသူတိုင်းကို အံ့မခန်း ဖြစ်သွားစေသည်။
ယနေ့ခေတ် အီလက်ထရောနစ် စာကြည့်တိုက်သည် ယခင်ကလို သာမန် အချက်အလက်သိုလှောင်ရုံ သက်သက်မဟုတ်တော့ဘဲ ပုံရိပ်ယောင် လက်တွေ့ကမ္ဘာတစ်ခုအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။
ဤစာကြည့်တိုက်ကြီးသည် စတုရန်းပေ သိန်းချီ ကျယ်ဝန်းပြီး စုစုပေါင်း အထပ် ၆၉ ထပ်ရှိကာ နှစ်စဉ် အထပ် ၈ ထပ်မှ ၁၀ ထပ်အထိ ဆက်တိုက် တိုးချဲ့တည်ဆောက်နေသည်။
နောက်နှစ်တစ်ရာခန့် ကြာသောအခါ ဤအဆောက်အအုံကြီးသည် အထပ်ပေါင်း ထောင်ချီ မြင့်မားလာပြီး တိမ်တိုက်များကိုပင် ဖောက်ထွက်သွားမည့် အဆင့်အထိ တိုးတက်လာနိုင်ပေသည်။
အဆောက်အအုံ၏ အောက်ခြေတွင် လူများ အဝင်အထွက် ရှုပ်ထွေးနေပြီး အချို့မှာ သူနှင့်ရင်းနှီးသူများ ဖြစ်ပုံရသည်။ သို့သော် မန်ကျွင်းဟွာက နှုတ်ဆက်ရင်း အချိန်မဖြုန်းချင်သဖြင့် ခေါင်းငုံ့ကာ အီလက်ထရောနစ် စာကြည့်တိုက်ထဲသို့ ခပ်သုတ်သုတ် ဝင်သွားလိုက်သည်။
ပထမထပ် တစ်ထပ်လုံးတွင် စာအုပ်စင်များ ပြည့်နှက်နေသည်။ သို့သော် ဤနေရာသည် အစစ်အမှန် စာကြည့်တိုက်မဟုတ်သဖြင့် မည်သူကမျှ ဤနေရာတွင် စာအုပ်များကို စိတ်ရှည်လက်ရှည် ရှာဖွေဖတ်ရှုနေမည် မဟုတ်ပေ။ ဤနေရာကို စာကြည့်တိုက်ဟု ခေါ်ဆိုခြင်းထက် ဗဟုသုတ နန်းတော်တစ်ခု၏ ပြယုဂ်ဟု ခေါ်ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
"ပြီးခဲ့တဲ့ သုံးနှစ်အတွင်းက ဇီဝအာရုံကြောနယ်ပယ်နဲ့ သက်ဆိုင်တဲ့ မှတ်တမ်းအားလုံးကို ရှာပေး... ပတ်ဝန်းကျင်ကိုတော့ မြက်ခင်းပြင်အဖြစ် ပြောင်းလိုက်"
မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများ လျင်မြန်စွာ ပြောင်းလဲသွားပြီး မူလစာကြည့်တိုက်ကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားကာ အစိမ်းရောင် မြင်ကွင်းများ အစားထိုး ဝင်ရောက်လာသည်။
စက္ကန့်အနည်းငယ် အကြာတွင်တော့ မျက်စိတစ်ဆုံး ကျယ်ဝန်းလှသော မြက်ခင်းစိမ်းစိမ်းကြီးတစ်ခု သူ၏ မြင်ကွင်းထဲတွင် ပေါ်လာပြီး စာအုပ်စင် ဒါဇင်ပေါင်းများစွာကလည်း သူ့ပတ်လည်တွင် သပ်ရပ်စွာ နေရာယူထားကြသည်။
ခေါင်းပေါ်တွင် ပြာလဲ့သော ကောင်းကင်နှင့် တိမ်ဖြူများရှိနေပြီး ခြေအောက်တွင်မူ ကျယ်ပြောလှသော မြက်ခင်းပြင်ကြီး ရှိနေသည်။
မန်ကျွင်းဟွာက ခေတ္တမျှ ငေးကြည့်နေလိုက်ရာ သူ၏ ရင်ထဲတွင် ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရသည်။
ကမ္ဘာမြေကို စွန့်ခွာလာပြီးနောက်ပိုင်း ဤကဲ့သို့သော ကမ္ဘာမြေ၏ ယခင်မြင်ကွင်းများကို ကွန်ရက်ပေါ်တွင်သာ မြင်တွေ့နိုင်တော့သည်။
နှမြောစရာကောင်းသည်မှာ ဤအရာအားလုံးသည် ပုံရိပ်ယောင်များသာဖြစ်ပြီး လက်တွေ့ခံစားမှုမျိုး အပြည့်အဝ မပေးနိုင်ခြင်းပင်။
ဤနေရာတွင် မြက်ခင်းများ၏ ရနံ့ကို မရနိုင်သလို လေတိုက်ခတ်မှုကိုလည်း မခံစားရပေ။ မြေကြီးပေါ်တွင် နင်းထားရသည့် ခံစားချက်မျိုးပင် တိတိပပ မရှိလှချေ။ အစစ်အမှန် ပုံရိပ်ယောင် လက်တွေ့ကမ္ဘာနှင့် ယှဉ်လျှင် ကွာဟချက်များ ရှိနေသေးသည်။
"ဦးနှောက်အာရုံကြောတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ အစစ်အမှန် ပုံရိပ်ယောင် လက်တွေ့နည်းပညာက တော်တော်လေး အောင်မြင်နေပြီလို့ ကြားတယ်... ဘယ်အချိန်မှ အသုံးပြုနိုင်မလဲတော့ မသိသေးဘူး... အဲဒီအချိန်ရောက်ရင်တော့ ပုံရိပ်ယောင်နဲ့ လက်တွေ့ကမ္ဘာကြားမှာ ဘာကွာခြားချက်မှ ရှိတော့မှာ မဟုတ်ဘူး"
(အခုဟာက VR နည်းပညာကိုပြောတာပါ။ ဒီ VR နည်းပညာကတော့ အသိစိတ်ပါ VR ကမ္ဘာထဲ ဝင်လို့ရတယ်)
သူက ခေတ္တမျှ သက်ပြင်းချလိုက်ပြီးနောက် ချက်ချင်းပင် စိတ်ကိုစုစည်းကာ မှတ်တမ်းများကို စတင်ဖတ်ရှုလိုက်သည်။
ဇီဝဗေဒနှင့် ပတ်သက်၍ သူ သိပ်နားမလည်လှပေ။ သို့သော် သိပ်နားမလည်လှဘူး ဆိုသည်မှာ ဤနယ်ပယ်ကို အထူးပြုလေ့လာထားသော သိပ္ပံပညာရှင်များနှင့် ယှဉ်လျှင်သာ ဖြစ်သည်။
ဉာဏ်ပညာဆေးရည်ကို သောက်သုံးထားသော သူ့လို သိပ္ပံပညာရှင်တစ်ယောက်အတွက်မူ အခြေခံအားဖြင့် နယ်ပယ်ပေါင်းစုံကို လေ့လာထားပြီး ဖြစ်သည်။
နည်းပညာများ တိုးတက်လာသည့် ယနေ့ခေတ်တွင် နယ်ပယ်အသီးသီးမှ ဗဟုသုတများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး သွယ်ဝိုက်သောနည်းဖြင့် ပေါင်းစပ်နေကြပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မည်သည့်နယ်ပယ်တွင်မဆို အဏုကြည့်အဆင့်အထိ အသေးစိတ် ခွဲခြမ်းစိတ်ဖြာလိုက်ပါက အားလုံးသည် တူညီနေသောကြောင့်ပင်။
မျက်မမြင် ပုဏ္ဏား ခြောက်ယောက် ဆင်စမ်းသကဲ့သို့ပင် ဖြစ်သည်။ အားလုံးက ဤကမ္ဘာလောကကြီးကို နားလည်သဘောပေါက်ရန် ကြိုးစားနေကြခြင်းသာ ဖြစ်ပြီး ချဉ်းကပ်ပုံချင်းသာ ကွာခြားသွားခြင်း ဖြစ်သည်။
သူ၏ ဖတ်ရှုနှုန်းမှာ အလွန်မြန်ဆန်လှပြီး ရံဖန်ရံခါတွင်သာ ခေတ္တရပ်ကာ စဉ်းစားလေ့ရှိသည်။ သို့တိုင်အောင် စာအုပ်တစ်အုပ်ကို အများဆုံး ငါးမိနစ်အတွင်း အပြီးဖတ်နိုင်စွမ်း ရှိသည်။
မကြာသေးမီ နှစ်များအတွင်း ဇီဝအာရုံကြော နယ်ပယ်၏ တိုးတက်မှုမှာ အလွန်မြန်ဆန်ခဲ့သည်။
သီအိုရီပိုင်းအရဖြစ်စေ၊ လက်တွေ့အသုံးချမှုပိုင်းအရဖြစ်စေ မရေမတွက်နိုင်သော အောင်မြင်မှုရလဒ်များကို ရရှိခဲ့သည်။
ဥပမာအားဖြင့် သူ အလွန်နှစ်သက်သော စက်ရုပ်အိမ်စေမလေးတွင် လူလုပ် အာရုံကြောမျှင် အမြောက်အများကို အသုံးပြုထားသည်။
ဤအာရုံကြောမျှင် ကွန်ရက်များ၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ထိန်းချုပ်မှုအောက်တွင် အချင်းချင်း ချိတ်ဆက်ကာ လွှမ်းမိုးမှုရှိပြီး နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်ကြသဖြင့် စက်ရုပ်တစ်ကိုယ်လုံးကို ပြီးပြည့်စုံသော သက်ရှိခန္ဓာကိုယ်တစ်ခုကဲ့သို့ ဖြစ်တည်လာစေသည်။
၎င်းက စက်ရုပ်အိမ်စေမလေး၏ လှုပ်ရှားမှုများကို ဟန်ချက်ညီစေကာ သွက်လက်ပေါ့ပါးစေပြီး လူအစစ်နှင့် ခွဲခြား၍မရနိုင်အောင် ဖြစ်စေသည်။
ထို့အပြင် သက်ရှိများကဲ့သို့ အာရုံခံနိုင်စွမ်းကိုပါ ပိုင်ဆိုင်ထားသဖြင့် အတွင်းအပြင် ပတ်ဝန်းကျင် အပြောင်းအလဲများကိုပါ ခံစားသိရှိနိုင်ကာ အထိအတွေ့၊ အနံ့နှင့် နာကျင်မှုတို့ကိုပါ ခံစားသိရှိနိုင်သည်။
အချို့သော အထူးအစိတ်အပိုင်းများဆိုလျှင် လူသားများထက်ပင် ပိုမို အာရုံခံနိုင်စွမ်း မြင့်မားသေးသည်။ ၎င်းအပြင် ထည့်သွင်းထားသော စွမ်းရည်ပေါင်းများစွာကြောင့်...
မန်ကျွင်းဟွာက အမြန်ပင် စိတ်ကိုပြန်စုစည်းလိုက်ပြီး မှတ်တမ်းများကို ဆက်လက်ဖတ်ရှုနေလိုက်သည်။
နာရီအနည်းငယ် အကြာတွင်...
"ဟင်... ကွမ်တမ် အာရုံကြော ပို့လွှတ်မှုစနစ်တဲ့လား... ဒါက အသစ်ပဲ"
သူက ထုတ်ဝေသည့်ရက်စွဲကို ကြည့်လိုက်ရာ ဤမှတ်တမ်းမှာ မကြာသေးမီကမှ အတည်ပြု ထုတ်ဝေထားသော ပညာရပ်ဆိုင်ရာ မှတ်တမ်းတစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
သူက ချက်ချင်းပင် လျင်မြန်သောနှုန်းဖြင့် ဖတ်ရှုလိုက်သည်။
သီအိုရီ ရူပဗေဒ နယ်ပယ်တွင် ထင်ရှားသော ပညာရှင်တစ်ယောက်အနေဖြင့် ကွမ်တမ်ပညာရပ်သည်လည်း သူ၏ အထူးပြုလေ့လာထားသော နယ်ပယ်တစ်ခုပင် ဖြစ်သည်။
ဤမှတ်တမ်းတွင် သူ၏ ဗဟုသုတနယ်ပယ်ထက် ကျော်လွန်နေသော အရာများ မပါဝင်သော်လည်း ဤအံ့ဖွယ်ကောင်းသော အာရုံကြော ပို့လွှတ်မှုစနစ်က သူ့ကို မျက်စိပွင့်သွားစေပြီး ရင်ထဲတွင် အကြံဉာဏ်သစ်များစွာ ပေါ်ထွက်လာစေသည်။
အရေးအကြီးဆုံးအချက်မှာ ဤအရာသည် သိပ္ပံနည်းကျ တွေးတောမှန်းဆချက်တစ်ခု မဟုတ်ဘဲ အစစ်အမှန် တွေ့ရှိမှုတစ်ခု ဖြစ်နေခြင်းပင်။
၎င်းတို့နှစ်ခု၏ ကွာခြားချက်မှာ ပထမတစ်ခုသည် အတည်ပြုရန် လိုအပ်နေသေးသော သီအိုရီတစ်ခုသာဖြစ်ပြီး ဒုတိယတစ်ခုကမူ တကယ်တမ်း တည်ရှိနေခြင်းပင် ဖြစ်သည်။
ဤဖြစ်စဉ်ကို ယခင် အာကာသ သားရဲကြီး၏ တစ်သျှူးဖွဲ့စည်းပုံများမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဤကံကောင်းသော သုတေသီက အာရုံကြောမျှင်တစ်ခုအတွင်းမှ ထူးခြားသော မျိုးဗီဇပြောင်း အာရုံကြောကလာပ်စည်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ အခြား အာရုံကြော ကလာပ်စည်းများနှင့် လုံးဝ ကွာခြားနေသည်။
၎င်းသည် သေးသွယ်ရှည်လျားသော အမွေးအမျှင်များ ဖုံးလွှမ်းနေသည့် အလုံးလေးတစ်ခုနှင့် တူပြီး ထိုအမွေးအမျှင်လေးများသည် အနီးနားရှိ ကလာပ်စည်းများကြားရှိ ကွက်လပ်များတွင် ပေါက်ရောက်နေကြသည်။ အရှည်အားဖြင့် မိုက်ခရိုလက်မ ၆၀၀ မှ ၄၀၀၀ ခန့်အထိ အသီးသီး ရှိကြသည်။
အချိန်ကြာမြင့်စွာ ဆက်လက် သုတေသနပြုပြီးနောက် ဤအာရုံကြော ကလာပ်စည်း၏ ဖွဲ့စည်းပုံမှာ သဘာဝ ကွမ်တမ် ဆက်သွယ်ရေးစက်တစ်ခု ဖြစ်နေကြောင်းကို ဓာတ်ခွဲခန်းက အံ့သြဖွယ် တွေ့ရှိခဲ့ရသည်။
ဖွဲ့စည်းပုံမှာ အလွန်သေးငယ်သိမ်မွေ့ပြီး သဘာဝတရား၏ လက်ရာသဖွယ် အံ့မခန်း ဖြစ်နေသည်။ လူသားများ ဖန်တီးထားသော ကွမ်တမ် ဆက်သွယ်ရေးစက်များနှင့် ယှဉ်လျှင် ဤကလာပ်စည်းအရွယ်အစားသာရှိသော ကွမ်တမ် ဆက်သွယ်ရေးစက်တွင် ပါဝင်သော နည်းပညာမှာ ကြက်သီးမွေးညင်းထစရာပင် ကောင်းလှသည်။
ထိုသို့သော ကလာပ်စည်းမျိုးကို ဆက်တိုက်ဆိုသလို တွေ့ရှိခဲ့ရသော်လည်း အရေအတွက်မှာ မများပြားလှဘဲ အများစုမှာ အရေးပါသော ဆက်သွယ်ရေး အချက်အချာ နေရာများတွင်သာ တည်ရှိနေကြသည်။
သုတေသီက စာတမ်း၏ နောက်ဆုံးအပိုဒ်တွင် ကောက်ချက်ချထားသည်မှာ အာရုံကြောအချက်ပြမှုများ ပို့လွှတ်ခြင်းသည် ၎င်း၏ လုပ်ဆောင်ချက်များထဲမှ တစ်ခုသာဖြစ်နိုင်ကြောင်းပင်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်အထိ ရှင်းလင်းစွာ နားမလည်သေးသော ဖွဲ့စည်းပုံအစိတ်အပိုင်းအချို့ ကျန်ရှိနေသေးသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ဤကွမ်တမ် အာရုံကြော ကလာပ်စည်းများသည် စွမ်းအင်များကိုပါ ပို့လွှတ်ပေးနိုင်လိမ့်မည်ဟု သူက ရဲရဲဝံ့ဝံ့ မှန်းဆထားသည်။
မန်ကျွင်းဟွာက စာအုပ်ကို ချထားလိုက်ချိန်တွင် သူ၏ ရင်ထဲ၌ လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ အကြီးအကျယ် လှုပ်ရှားနေပြီး နဂိုက စိတ်ရှုပ်ထွေးနေခဲ့သော အရာများအားလုံး ချက်ချင်းပင် ရှင်းလင်းသွားတော့သည်။
အကယ်၍ ကွမ်တမ်နည်းပညာဖြင့် စွမ်းအင်ပို့လွှတ်နိုင်သည်ဆိုသော မှန်းဆချက်သာ အမှန်တကယ်ဖြစ်ခဲ့ပါက အရာအားလုံးက အလိုလို အဖြေထွက်သွားမည်ဖြစ်ကြောင်း သူက နားလည်သွားသောကြောင့်ပင်။
စွမ်းအင်ပို့လွှတ်သည့် လမ်းကြောင်းများ လုံးဝမလိုအပ်တော့ဘဲ အကျိတ်ရာပေါင်းများစွာက ကွမ်တမ် အချက်ပြမှုများ ပို့လွှတ်ခြင်းဖြင့် တစ်ပြိုင်နက်တည်း အပြည့်အဝ ပူးပေါင်းလုပ်ဆောင်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ဤသတ္တဝါကြီးတွင်လည်း ကွမ်တမ် ကလာပ်စည်းများ ရှိမရှိ ချက်ချင်း အတည်ပြုစစ်ဆေးရန် သူ ဆုံးဖြတ်လိုက်သည်။
ထို့အပြင် ဤကိစ္စမှာ ရှစ်ဆယ်ရာခိုင်နှုန်းကျော် သေချာနေပြီဟုလည်း သူက ခန့်မှန်းထားသည်။
သူက နဖူးကိုရိုက်ကာ စိတ်ထဲတွင် အနည်းငယ် နောင်တရသွားသည်။ သူ ဒီအချက်ကို စောစောကတည်းက တွေးမိခဲ့သင့်သည်လေ။
ခန္ဓာကိုယ်အရှည် ပေ ၃၃၀၀ နီးပါးခန့်ရှိသော ဤကဲ့သို့ ဧရာမ သတ္တဝါကြီးတစ်ကောင်အတွက် အကယ်၍ သာမန် ဇီဝလျှပ်စစ်ဖြင့်သာ အာရုံကြော အချက်ပြမှုများကို ပို့လွှတ်မည်ဆိုပါက လှုပ်ရှားမှုများ အလွန်နှေးကွေးနေမည်သာ ဖြစ်သည်။
ပြင်ပမှ လှုံ့ဆော်မှုများကို လက်ခံရရှိချိန်မှစ၍ တုံ့ပြန်လှုပ်ရှားမှု ပြုလုပ်ချိန်အထိ စက္ကန့်အနည်းငယ်ခန့်ပင် ကြာမြင့်နိုင်ပေသည်။
သို့သော် အမှန်တကယ်တွင်မူ ဤသတ္တဝါကြီးက အလွန်သွက်လက်ပြီး အံ့မခန်း တုံ့ပြန်နိုင်စွမ်းရှိကာ သာမန်လူများထက်ပင် များစွာ သာလွန်နေသည်။
အကယ်၍ ထူးခြားသော အာရုံကြော အချက်ပြ ပို့လွှတ်မှုစနစ်သာ မရှိလျှင် ဤသို့ဖြစ်လာရန် လုံးဝ မဖြစ်နိုင်ပေ။
(ပြောချင်တာက လူတစ်ယောက်က ခြေထောက်ကို လှုပ်မယ်ဆိုရင် ဦးနှောက်ကနေ ခြေထောက်စီကို လျှပ်စစ်လှိုင်းတွေကတဆင့် သတင်းပို့လိုက်တာပါ။ ခြေထောက်က သတင်းလက်ခံရတာနဲ့ လှုပ်လိုက်တာပါ။ ဒီအဖြစ်က အရမ်းကို မြန်ဆန်လို့သာမန်အနေနဲ့ သတိထားမိဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ပေ၃၀၀၀ ရှိတဲ့တောင်တစ်လုံးလောက် မြင့်မားတဲ့သတ္တဝါကြီးဆိုရင်တော့ ဦးနှောက်ကခြေထောက်လှုပ်ဖို့ပို့လိုက်တဲ့လျှပ်စစ်လှိုင်းက ခြေထောက်ဆီရောက်ဖို့ ဆိုရင် ၁၅စက္ကန့်လောက်ကြာသွားပါပြီ။ အဲ့လိုဆိုရင် ဦးနှောက်က ညာခြေလှမ်းဖို့တွေးလိုက်တဲ့အချိန်မှာ ခြေထောက်က တစ်ကယ်လှမ်းဖို့ ၁၅စက္ကန့်စောင့်ရမှာပါ။ အဲ့ဒီလိုပဲ ခြေထောက်က ချွန်တဲ့အရာတစ်ခုခုတက်နင်းမိတဲ့အချိန်မှာ ဦးနှောက်က ချက်ချင်းမသိနိုင်တဲ့အတွက် တစ်ခုခုဖြစ်နေကြောင်း သတိပေးတဲ့နာကြင်မှုက တော်တော်နောက်ကျပြီးမှ ပေါ်လာမှာပါ။ တစ်ကယ်လို ခန္ဓာကိုယ်ယိုင်သွားလို့ပြန်ထိန်းမယ်ဆိုရင်တောင် ဦးနှောက်နဲ့ ခြေထောက် အဆက်အသွယ်က ၁၅စက္ကန့်ကြာတဲ့အတွက် ချော်လဲပြီးမှပဲ ခြေထောက်က ပြန်ထိန်းဖို့သတိရတော့မှာပါ။ ဒါမျိုးကို ဆင်တွေမှာ တွေ့ရလေ့ရှိပါတယ်။ ဆင်တွေက ခြေတစ်လှမ်းလှမ်းဖို့ဆိုရင် သာမန်သက်ရှိတွေထက် ပိုပြီးနောက်ကျလေ့ရှိပါတယ်တဲ့)
ယခုအချိန်တွင်မူ သူ၏ စိတ်ထဲ၌ အလွန်သေးငယ်သော ဂမ်မာရောင်ခြည်တန်း ပေါက်ကွဲမှု ဇီဝတစ်သျှူးဖွဲ့စည်းပုံ၏ အရေးပါမှုက တရှိန်ထိုး ကျဆင်းသွားပြီး ထိုထူးခြားသော ကွမ်တမ် အာရုံကြော ကလာပ်စည်းကသာ သူ၏ စိတ်အာရုံအများစုကို လွှမ်းမိုးသွားတော့သည်။
"အဲဒီ ဇီဝဗေဒ ဓာတ်ခွဲခန်းတွေက ဘာပဲပြောပြော အပျော်တမ်းတွေပဲလေ... ဘယ်လောက်ပဲ သုတေသနလုပ်လုပ် ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူး... ငါတို့လို ရူပဗေဒနယ်ပယ်က ကျွမ်းကျင်ပညာရှင်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ... တကယ်လို့ ဒါကသာ စွမ်းအင်ပို့လွှတ်နိုင်တယ်ဆိုတာကို တကယ်အတည်ပြုနိုင်ခဲ့ရင် ဒါဟာ တကယ့်ကို ကြီးမားတဲ့ တိုးတက်မှုကြီးတစ်ခု ဖြစ်လာမှာပဲ"
"တကယ်လို့ လူသားတွေသာ ဒီနည်းပညာကို ဖော်ထုတ်နိုင်ခဲ့ရင် သိပ္ပံနည်းပညာ တော်လှန်ရေးကြီးတစ်ခု ဖြစ်လာနိုင်ပြီး လူသားတွေရဲ့ အခြေအနေကလည်း ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်... ငါလည်း သမိုင်းမှာ နာမည်တွင်သွားမှာပဲ"
သူက ကွန်ရက်ထဲမှ အလျင်စလို ထွက်လိုက်ပြီး ကုတင်ပေါ်မှ လွှားခနဲ ခုန်ထလိုက်သည်။
"သခင်... အပြင်သွားတော့မလို့လား" စက်ရုပ်အိမ်စေမလေးက လှုပ်ရှားမှုအသံကို ကြားလိုက်သဖြင့် အသင့်အနေအထားမှ နိုးထလာပြီး တံခါးဝသို့ လျှောက်လာကာ သံသယဖြစ်နေသော မျက်နှာလေးဖြင့် မေးလိုက်သည်။
မန်ကျွင်းဟွာ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ရင်း အိမ်စေမလေးအား ပြောလိုက်သည်။ "ငါ့ရဲ့ သုတေသနက အဖြေသိလိုက်ရပြီ... ငါ့ကို စောင့်မနေနဲ့... စောစောသာ အိပ်လိုက်တော့"
ဆက်ရန်...
***