ကြယ်တာရာများဆီသို့ ခရီးနှင်မည့်အချိန်မှာ နောက်ပြန်ရေတွက်နေပြီ ဖြစ်သည်။
အာကာသ သားရဲကြီး၏ ရုပ်အလောင်းကို ရယူပြီးသည်နှင့် မကြာမီမှာပင် ထွက်ခွာခြင်းမပြုမီ မိခင်ယာဉ်ကြီးအတွက် လိုအပ်မည့် အရင်းအမြစ်များကို ဖြည့်တင်းရန် ပထမဆုံးအကြိမ် ဥက္ကာပျံတူးဖော်ရေးလုပ်ငန်းကို စတင်နိုင်ခဲ့လေပြီ။
မလှမ်းမကမ်းတွင် ရှိနေသော ဥက္ကာပျံငယ်တစ်ခုမှာ ယခုအကြိမ်အတွက် ပစ်မှတ်ဖြစ်လာခဲ့သည်။
ထိုဥက္ကာပျံငယ်မှာ အရွယ်အစား အတော်လေး ကြီးမားလှပေသည်။ အကျယ်ဆုံးအပိုင်းသည် ၄ မိုင်ခန့်ရှိပြီး အကျဉ်းဆုံးအပိုင်းသည်ပင်လျှင် ၂ မိုင်ခန့် ရှိနေသည်။
၎င်း၏ မျက်နှာပြင်တစ်ခုလုံးကို ရေခဲနှင်းများက ဖုံးလွှမ်းထားသည်။ နေနှင့် နီးကပ်စွာ တည်ရှိနေသောကြောင့် ၎င်း၏အမြီးပိုင်းတွင် မိုင် ၆၀ ခန့် ရှည်လျားသော အမြီးတန်းကြီးတစ်ခု ထွက်ပေါ်နေပြီး ကြည့်ရသည်မှာ အလွန် ခမ်းနားထည်ဝါလှသည်။
ကံကောင်းထောက်မစွာဖြင့် စမ်းသပ်စစ်ဆေးမှုများအရ ၎င်း၏မျက်နှာပြင်ပေါ်ရှိ ရေခဲနှင်းထုမှာ သိပ်မထူထပ်လှဘဲ ပေ ၁၀၀ ခန့်သာ ရှိကြောင်း သိရသည်။
အတွင်းပိုင်းတွင်မူ သံပါဝင်သော ဥက္ကာခဲများ အများအပြား ပါဝင်သည့်အပြင် အခြားသော ဒြပ်စင်များစွာလည်း ပါဝင်နေသေးသည်။
လူသားများအနေဖြင့် ရေအရင်းအမြစ်ကို သိပ်ပြီး သုံးစွဲလေ့မရှိသော်လည်း သတ္တုများကိုမူ အများဆုံး သုံးစွဲကြသည်။
ယခု တူးဖော်ရေးလုပ်ငန်း၏ အဓိကရည်ရွယ်ချက်မှာလည်း သတ္တုများကို စုဆောင်းရန်ပင် ဖြစ်သည်။
ဤကဲ့သို့သော ဥက္ကာပျံတစ်လုံးသည် ကုန်ခမ်းသွားသော သတ္တုလက်ကျန်များ အားလုံးကို ဖြည့်တင်းပေးရန် လုံလောက်မှု ရှိပေသည်။
ပထမအသုတ်အနေဖြင့် အင်ဂျင်နီယာစက်ရုပ် ရာပေါင်းများစွာက ကိရိယာတန်ဆာပလာ အများအပြားကို သယ်ဆောင်ကာ ဥက္ကာပျံပေါ်သို့ စတင်ဆင်းသက်ခဲ့ကြသည်။
ရှေ့ဆက်ရမည့် အချိန်များတွင် ၎င်းတို့က ဥက္ကာပျံပေါ်ရှိ ရေခဲနှင်းများကို ရှင်းလင်းကာ မြေပြင်ကို ညှိပေးမည် ဖြစ်သည်။
ထို့အပြင် ရိုးရှင်းသော လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ပြီး ဓာတ်ကြိုးများကို သွယ်တန်းပေးရမည် ဖြစ်သည်။
ထို့အပြင် ဥက္ကာပျံငယ် အဝေးသို့ လွင့်စင်မသွားစေရန်အတွက် ၎င်း၏ တစ်ဖက်ခြမ်းတွင် အင်ဂျင်သုံးလုံးကိုလည်း တပ်ဆင်သွားမည် ဖြစ်သည်။
ဤလုပ်ငန်းစဉ်ကြီး တစ်ခုလုံး ပြီးစီးရန်အတွက် တစ်ပတ်ပင် အချိန်မယူခဲ့ရချေ။
ထို့နောက်တွင်တော့ ဒုတိယအသုတ် အင်ဂျင်နီယာစက်ရုပ်များက ဧရာမ ကုန်သေတ္တာကြီးများနှင့် တူသော အစိတ်အပိုင်းများခွဲ၍ တပ်ဆင်ရသည့် စက်ရုံများကို တွန်းယူလာကာ အာကာသထဲသို့ ထွက်ခွာလာကြသည်။
စက်ရုပ်များ၏ ကျောဘက်မှနေ၍ ပလာစမာမီးတောက်များ အဆက်မပြတ် ပန်းထွက်နေပြီး ပိုးစုန်းကြူးများ အလား ဥက္ကာပျံပေါ်သို့ တစ်စစီ ဆင်းသက်လာကြလေသည်။
အစိတ်အပိုင်းများခွဲ၍ တပ်ဆင်ရသည့် ထိုစက်ရုံများက သတ်မှတ်ထားသော နေရာများသို့ ဖြည်းညင်းစွာ ကျဆင်းသွားကြသည်။
မြေပြင်ပေါ်တွင် ကြိုတင်စီစဉ်ထားသော လျှို့ဝှက်ချိတ်ဆက်ကိရိယာများနှင့် စက်ရုံ၏ အောက်ခြေတို့သည် အံဝင်ခွင်ကျ ချိတ်ဆက်သွားပြီးနောက် စက်ရုံမှာလည်း တဖြည်းဖြည်း ပွင့်ဟလာတော့သည်။
၎င်းတို့မှာ အမှန်တကယ်ကို လူမလိုသော စက်ရုံများပင် ဖြစ်သည်။ ၎င်းတို့အပေါ်တွင် ပိုလျှံနေသော မီးရောင်များ မရှိသကဲ့သို့ ရှုပ်ထွေးနေသော လမ်းကြောင်းများလည်း မရှိပေ။
စက်ဝိုင်းပုံ သို့မဟုတ် ဆလင်ဒါပုံစံ ရှိသည့် ရှုပ်ထွေးသော ဧရာမ သတ္တုအရည်ကျိုစက်ကြီးများကို တစ်စုတစ်စည်းတည်း တပ်ဆင်ထားပြီး နေရာလွတ်အားလုံးကို အကျိုးရှိရှိ အသုံးချထားသည်။
စက်ရုံများ ပွင့်ဟလာပြီး မကြာမီမှာပင် အချင်း ပေ ၁၀၀ ခန့်ရှိသော ဧရာမ သတ္တုပိုက်လုံးကြီး တစ်ခုက သားရဲကြီးတစ်ကောင် နိုးထလာသကဲ့သို့ တဖြည်းဖြည်း မြင့်တက်လာသည်။
ထိုပိုက်လုံးကြီး၏ အဝသည် မလှမ်းမကမ်းရှိ ကွင်းပြင်တစ်ခုဆီသို့ တည့်မတ်စွာ ချိန်ရွယ်ထားပြီး နောက်တစ်ခဏတွင် ကြောက်မက်ဖွယ်ကောင်းသော သံလိုက်စက်ကွင်း တစ်ခုက ပိုက်လုံးအတွင်းမှ ပျံ့နှံ့ထွက်ပေါ်လာတော့သည်။
မကြာမီမှာပင် မြေပြင်က အရည်များကဲ့သို့ စတင် ပျော့ပျောင်းလာသည်။ ထိုပိုက်လုံးကြီးက ဒြပ်စင်များကို စုပ်ယူရင်း အောက်ဘက်သို့ တဖြည်းဖြည်း တိုးဝင်သွားလေသည်။
ဤသတ္တုပိုက်လုံးကြီး၏ အချင်းက ဤမျှ ကြီးမားနေရခြင်းမှာ ၎င်းသည် ဆွဲဆန့်နိုင်သော ပိုက်အမျိုးအစား ဖြစ်ပြီး အတွင်းဘက်တွင် သတ္တုပိုက်လွှာပေါင်း ရာချီ၍ ထပ်နေသောကြောင့် ဖြစ်သည်။
မူလဒီဇိုင်းအရ ဆိုလျှင် ၎င်းသည် မြေအောက် အနက် ၃ မိုင်ခန့်အထိ ထိုးဖောက်ဝင်ရောက်ကာ တွင်းထွက်သတ္တုများကို စုပ်ယူနိုင်စွမ်း ရှိပေသည်။
ဗိုရှင်းယဉ်ကျေးမှုတွင် ဥက္ကာပျံတူးဖော်ရေး နည်းပညာမှာ အတော်လေး ရင့်ကျက်နေပြီဖြစ်ကာ ပြည့်စုံသော လုပ်ငန်းစဉ်တစ်ခု ရှိပြီးဖြစ်သည်။
လူသားများကမူ ဤနည်းပညာကို ဆက်ခံသင်ယူထားခြင်း ဖြစ်သော်လည်း ပထမဆုံးအကြိမ် ဖြစ်နေသည့်တိုင် အရာအားလုံးက စနစ်တကျ ရှိကာ အထစ်အငေါ့ မရှိချေ။
...
အချိန်များက ၂၀၂၀ ခုနှစ် ဧပြီလသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး လူသားများ အာကာသထဲတွင် အခြေချခဲ့ရသည်မှာ လေးနှစ် တင်းတင်း ပြည့်ခဲ့လေပြီ။
ခရီးရှည်အတွက် ပြင်ဆင်မှုများအားလုံး ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ လုံခြုံရေးအတွက် မိခင်ယာဉ်ကြီး၏ အပြင်ဘက် သံချပ်ကာပေါ်ရှိ မရေမတွက်နိုင်သော အခြစ်အရာများကိုပင် ပြန်လည် ပြုပြင်မွမ်းမံထားရာ အာကာသယာဉ်ကြီး တစ်ခုလုံးမှာ အသစ်စက်စက်ကဲ့သို့ တောက်ပနေတော့သည်။
ထို့အပြင် ပျက်စီးရန် အချိန်လိုသေးသော်လည်း သက်တမ်းတစ်ခုအထိ အသုံးပြုပြီးဖြစ်သော အစိတ်အပိုင်းများကိုပါ အကုန်လုံး အသစ်လဲလှယ်ထားလိုက်သည်။
လွန်ခဲ့သည့် တစ်လခန့်ကတည်းက အာကာသယာဉ် ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာများက ထောက်လှမ်းရေး ကိရိယာမျိုးစုံကို ကိုင်ဆောင်ကာ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ရှာဖွေနိုင်ရန်အတွက် နေရာတိုင်းကို အထပ်ထပ်အခါခါ စစ်ဆေးနေကြသည်ကို နေရာအနှံ့တွင် တွေ့မြင်နိုင်ပေသည်။
မသိမသာဖြင့်ပင် မူလက တည်ငြိမ်အေးချမ်းနေသော လူ့အဖွဲ့အစည်း၏ လေထုက တင်းမာကာ ဖိနှိပ်မှုများဖြင့် ပြည့်နှက်လာခဲ့သည်။
သတင်းမီဒီယာ အများအပြားက နေ့စဉ်နှင့်အမျှ အားပေးစကားများ ပြောကြားကာ စိတ်ဓာတ်ခွန်အားများ ပေးနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများနှင့် မတည်ငြိမ်မှုများက ပိုမို ထင်ရှားလာတော့သည်။
လော်ယွမ် ကိုယ်တိုင်ပင်လျှင် တစ်ခါတစ်ရံတွင် စိတ်ထဲ၌ တွေဝေမှုများကို ခံစားနေရသည်။
မည်သို့ပင်ဆိုစေကာမူ ဤခရီးစဉ်သည် အနာဂတ်ကို မသိနိုင်သော စွန့်စားခန်း တစ်ခုသာ ဖြစ်သည်။ ဤသည်မှာ လူသားတို့၏ ဂုဏ်ကျက်သရေကို ပြန်လည် တည်ဆောက်မည့် ခရီးရှည်ကြီး တစ်ခု ဖြစ်နိုင်သကဲ့သို့ အပြန်လမ်းမရှိသော လမ်းတစ်လမ်းလည်း ဖြစ်သွားနိုင်ပေသည်။ သို့သော် မည်မျှပင် တွေဝေနေပါစေ ထွက်ခွာရမည့် အချိန်က တစ်ရက်ပြီးတစ်ရက် နီးကပ်လာခဲ့ပြီ ဖြစ်သည်။
ခရီးစဉ်အတွက် လမ်းကြောင်းကိုလည်း စောစီးစွာကတည်းက ဆုံးဖြတ်ပြီး ဖြစ်သည်။
ကမ္ဘာမြေနှင့် အလင်းနှစ် ၆ နှစ်ခန့် ကွာဝေးသော ဘားနတ် ကြယ်အဖွဲ့အစည်းက ယခုအကြိမ်အတွက် ပစ်မှတ်ဖြစ်လာခဲ့သည်။
ဤကြယ်ကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ တစ်ဖက်တွင် အကွာအဝေးမှာ အတော်လေး နီးကပ်သောကြောင့် ဖြစ်သည်။
ပထမဆုံးအကြိမ် ခရီးရှည်ထွက်ခွာခြင်း ဖြစ်သောကြောင့် အလွန်ဝေးကွာသော အကွာအဝေးကို ရွေးချယ်ခြင်းက လူသားတို့အတွက် အလွန် စွန့်စားလွန်းရာကျပြီး အန္တရာယ်များလွန်းလှသည်။
အခြားတစ်ဖက်တွင်မူ ၎င်းက အလင်းရောင် အားအနည်းဆုံး ဖြစ်နေသောကြောင့်ပင်။ ဤသည်မှာ သက်တမ်းရင့်နေပြီဖြစ်သော အနီရောင် ကြယ်ပုတစ်လုံး ဖြစ်ပြီး မှိန်ပျပျ အနီရောင် အလင်းတန်းလေးများကိုသာ ထုတ်လွှတ်ပေးနေသောကြောင့် ပုန်းကွယ်ရန် အကောင်းဆုံးနေရာ တစ်ခုဖြစ်သည်။
အမှန်တကယ်တော့ ယဉ်ကျေးမှု နှစ်ခုကြားရှိ အကွာအဝေးမှာ နက္ခတ္တဗေဒပညာအရ တွက်ချက်ရလောက်အောင် ကြီးမားလွန်းသောကြောင့် အချင်းချင်း ထောက်လှမ်းရန်မှာ ထင်ထားသလောက် မလွယ်ကူပေ။
မည်မျှပင် အဆင့်မြင့်သော ထောက်လှမ်းရေး စနစ်များ၊ မည်မျှပင် စွမ်းဆောင်ရည်မြင့်မားသော ကွန်ပျူတာများ ရှိနေပါစေ ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ကြီး၏ ရှေ့တွင်တော့ အားနည်းသွားရစမြဲ ဖြစ်သည်။
ထို့အပြင် တစ်ခုနှင့်တစ်ခု အလွန်ဝေးကွာလှသောကြောင့် တွက်ချက်မှုတိုင်းကို အလင်းနှစ်ဖြင့်သာ ပြုလုပ်ရပေသည်။
အလင်းနှစ် တစ်နှစ် အကွာအဝေး ဆိုသည်မှာ အလင်းက တစ်နှစ်ကြာအောင် သွားရသည့် အကွာအဝေးကို ဆိုလိုခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ဗိုရှင်းဂြိုဟ်သည် ကမ္ဘာနှင့် အလင်းနှစ် ၂၈ နှစ် ကွာဝေးသောကြောင့် ၎င်းမှ ထုတ်လွှတ်လိုက်သော အလင်းရောင်က နေအဖွဲ့အစည်းဆီသို့ ရောက်ရှိရန် ၂၈ နှစ် အချိန်ယူရမည် ဖြစ်သည်။
ဆိုလိုသည်မှာ လူသားများ ရရှိထားသော ဗိုရှင်းဂြိုဟ်၏ ပုံရိပ်များမှာ လွန်ခဲ့သော ၂၈ နှစ်က သမိုင်း ပုံရိပ်များသာ ဖြစ်နေပေလိမ့်မည်။
ပြောင်းပြန်အနေဖြင့်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
ယခုအခါ ဗိုရှင်း ရှေ့ပြေးတပ်ဖွဲ့များ သုတ်သင်ခံရသည်မှာ ငါးနှစ်ပင် မပြည့်သေးချေ။ ဆိုလိုသည်မှာ အနည်းဆုံးတော့ လာမည့် ၂၃ နှစ်အတွင်း လူသားများ၏ လှုပ်ရှားမှုများသည် လုံးဝ ပုန်းကွယ်နေမည် ဖြစ်သည်။
အကယ်၍ တစ်ဖက်ရန်သူများက အလင်းအပေါ် မှီခိုရန်မလိုသော အလင်းထက်မြန်သည့် ထောက်လှမ်းရေးစွမ်းရည်များကို တီထွင်ထားနိုင်ခြင်း၊ သို့မဟုတ် စစ်သင်္ဘောများ၏ အမြန်နှုန်းက အလင်းထက် ကျော်လွန်နေခြင်းမျိုး ရှိနေရင်တော့တစ်မျိုးပေါ့။
ထိုကဲ့သို့ အခြေအနေမျိုးသာဆိုလျှင် လူသားများအနေဖြင့် မည်သို့ပင် ပုန်းကွယ်နေစေကာမူ ပစ်မှတ်ထားခံရပြီး ဖြစ်နေပေလိမ့်မည်။ ပထမ အခြေအနေကမူ အနည်းငယ် ပိုကောင်းမွန်ပြီး အနည်းဆုံးတော့ ပုန်းကွယ်ချိန် အတိုင်းအတာ တစ်ခုအထိ ရရှိနိုင်သေးသည်။
သို့သော် ဤသည်က အဆိုးရွားဆုံး အခြေအနေများကိုသာ တွက်ဆထားခြင်း ဖြစ်သည်။
ယေဘုယျအားဖြင့် တစ်ဖက်ရန်သူ၏ ထောက်လှမ်းရေးစနစ်က အလင်းကို မှီခိုနေရဆဲဆိုလျှင် အလင်းရောင် အားနည်းသော နေရာများတွင် ရှာဖွေတွေ့ရှိနိုင်ခြေ ပိုနည်းသွားမည် ဖြစ်သည်။
ကြယ်များကြားရှိ ကျယ်ပြောလှသော အမှောင်ထုထဲတွင် အာကာသယာဉ် တစ်စင်းကို ရှာတွေ့နိုင်ခြေမှာ မဖြစ်နိုင်လောက်အောင်ပင် နည်းပါးလွန်းလှသည်။
သို့သော် လူသားများအနေဖြင့် ထိုအမှောင်ထုထဲတွင် ထာဝရ ပုန်းအောင်းနေရန်မှာ မဖြစ်နိုင်ပေ။ ထိုနေရာသည် လေဟာနယ်နီးပါး ဖြစ်နေသော ဧရိယာတစ်ခု ဖြစ်ပြီး ရုပ်ဝတ္ထုပစ္စည်းများကို ဖြည့်တင်းရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။
လူသားများအနေဖြင့် ကြွက်များကဲ့သို့ "ချွေတာစားသောက်ရင်း" ဆယ်စုနှစ်ပေါင်းများစွာ ပုန်းအောင်းနေနိုင်ကောင်း နေနိုင်မည် ဖြစ်သော်လည်း ပေးဆပ်လိုက်ရမည့် တန်ဖိုးမှာ လူသားတို့၏ တိုးတက်မှုကို ကန့်သတ်လိုက်ရခြင်းပင် ဖြစ်ပေလိမ့်မည်။
ပြီးခဲ့သည့် ခြောက်လကျော် ကာလအတွင်း လူသားများကြားတွင် မွေးကင်းစ ကလေးငယ်ပေါင်း ၂၄၀,၀၀၀ ခန့် မွေးဖွားခဲ့သည်။
ထိုအထဲမှ ၅၀,၀၀၀ မှာ မိခင်၏ ကိုယ်ဝန်ဆောင်မှုဖြင့် မွေးဖွားလာခြင်း ဖြစ်ပြီး ကျန် ၁၉၀,၀၀၀ မှာမူ ဓာတ်ခွဲခန်းများမှ မွေးဖွားလာခြင်း ဖြစ်သည်။
ဤကဲ့သို့သော တိုးတက်မှုနှုန်းဖြင့်သာဆိုလျှင် နောက်ထပ် ဆယ်နှစ်ကျော်အကြာတွင် လူဦးရေမှာ နှစ်ဆအထိ တိုးလာမည်ဖြစ်ပြီး အာကာသယာဉ်ကြီးမှာလည်း ပိုမို ပြည့်ကျပ်လာကာ လူဦးရေ ထပ်မံ ထည့်သွင်းနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် လူသားများအနေဖြင့် ယာယီအခြေချရန် ကြယ်အဖွဲ့အစည်းသစ် တစ်ခုကို မဖြစ်မနေ ရှာဖွေရတော့မည် ဖြစ်သည်။
မိခင်ယာဉ်ကြီး၏ ထောက်လှမ်းမှုများအရ ဘားနတ် ကြယ်အဖွဲ့အစည်းတွင် ကျောက်သားဂြိုဟ်များနှင့် ဓာတ်ငွေ့ဂြိုဟ်များ တည်ရှိနေကြောင်း သိရသည်။
ထိုနေရာသည် အရင်းအမြစ်များ ဖြည့်တင်းရန် ခေတ္တနားခိုရာ နေရာအဖြစ်ဖြစ်စေ၊ အမြဲတမ်း အခြေချရန် နေရာအဖြစ်ဖြစ်စေ အလွန် သင့်တော်ပြီး ရှေ့တိုးနောက်ဆုတ် လုပ်နိုင်သော နေရာတစ်ခု ဖြစ်ပေသည်။
ထိုနေရာရှိ ဆိုးရွားကြမ်းတမ်းလှသော ပတ်ဝန်းကျင် အခြေအနေကိုမူ ကြယ်တာရာ ယဉ်ကျေးမှုစနစ်သို့ စတင် ခြေချနေပြီဖြစ်သော လူသားများအတွက် ထည့်တွက်နေစရာပင် မလိုချေ။
အချိန်လုံလုံလောက်လောက်သာ ရမည်ဆိုလျှင် လက်ရှိ လူသားတို့၏ နည်းပညာ စွမ်းရည်များဖြင့် ဂြိုဟ်တစ်လုံးကို အပြည့်အဝ ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိပေသည်။ ဤသည်မှာ စွမ်းဆောင်ရည် အနိမ့်အမြင့်အပေါ်တွင်သာ မူတည်ပေလိမ့်မည်။
"မြို့တော်ဝန်... ဒါက ဆန့်ကျင်ဘက်ဒြပ်သား ဓာတ်ခွဲခန်းက ပို့လိုက်တဲ့ သတင်းကောင်းပဲ"
ထိုအချိန်တွင် အတွင်းရေးမှူး ချန်ရှင်းကျယ်က မျက်နှာတွင် အပြုံးပန်းများ ဝေဆာလျက် တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။
"ဟမ်... " လော်ယွမ်က စာရွက်စာတမ်းကို လှမ်းယူကာ စာမျက်နှာ အနည်းငယ် လှန်ကြည့်လိုက်ပြီးနောက် သူ၏ တွန့်ချိုးနေသော မျက်ခုံးများက ချက်ချင်း ပြေလျော့သွားတော့သည်။
"စွမ်းအင် ပြောင်းလဲမှုနှုန်းက သုံးသန်းပုံ တစ်ပုံအထိ ရောက်သွားပြီပဲ"
အမှန်တကယ်တော့ ပထမဆုံး ဆန့်ကျင်ဘက်ဒြပ်သား စမ်းသပ်ထုတ်လုပ်ရေး စက်ရုံကို တည်ဆောက်ခဲ့သည်မှာ ခြောက်လခန့် ရှိပြီ ဖြစ်သော်လည်း နည်းပညာများ အပြည့်အဝ မရင့်ကျက်သေးခြင်းနှင့် လုံခြုံရေးအရ အပြည့်အဝ အာမမခံနိုင်သေးခြင်းတို့ကြောင့် နည်းပညာဆိုင်ရာ အတည်ပြုမှု အဆင့်တွင်သာ ရှိနေခဲ့သည်။
ထုတ်လုပ်သည့်တိုင်အောင် လုံခြုံသော ပမာဏ အတွင်း၌သာ ထုတ်လုပ်ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် အာကာသယာဉ်ကြီးပေါ်တွင် ဖြစ်ရာ မတော်တဆမှု တစ်ခုခု ဖြစ်ပွားခဲ့ပါက ပြင်းထန်သော ဆိုးကျိုးများနှင့် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေရန် လုံလောက်ပေသည်။
"နှမြောစရာကောင်းတာက ဒီအရာတွေက အရမ်းအန္တရာယ်များလွန်းနေတာပဲ... အာကာသယာဉ်ပေါ်မှာ အများကြီး ထုတ်လုပ်လို့ မရဘူး... အရန်နည်းပညာ အဖြစ်ပဲ ထားလို့ရမယ်"
လော်ယွမ်က ချန်ရှင်းကျယ်ကို လှည့်ပြောလိုက်သည်။ "ဂုဏ်ပြုလွှာ တစ်စောင် ထုတ်ပြန်လိုက်... သူတို့ ဓာတ်ခွဲခန်းကို ဆက်ပြီး ကြိုးစားကြဖို့ ပြောလိုက်ပါ"
"ဟုတ်ကဲ့ပါ... မြို့တော်ဝန်"
ချန်ရှင်းကျယ် ထွက်သွားပြီးနောက် လော်ယွမ်က စာရွက်စာတမ်းများကို ပြန်လည်ကောက်ယူကာ ဝမ်းသာအားရဖြင့် ထပ်မံ ကြည့်ရှုလိုက်သည်။
စွမ်းအင်ပြောင်းလဲမှုနှုန်းမှာ သုံးသန်းပုံ တစ်ပုံမျှသာ ရှိသည်ဟု မထင်လိုက်ပါနှင့်။ အမှန်တကယ်တော့ ဤအချိုးအစားသို့ ရောက်ရှိသွားခြင်းကပင် အကြီးစား ဆန့်ကျင်ဘက်ဒြပ်သား ထုတ်လုပ်မှုအတွက် အခြေခံအားဖြင့် ရင့်ကျက်နေပြီ ဖြစ်ကြောင်း ပြသနေခြင်းပင် ဖြစ်သည်။
အနုမြူ ပေါင်းစပ်ဓာတ်ပေါင်းဖို၏ စွမ်းအင်ထုတ်လုပ်မှု စွမ်းရည်အရ ဆိုလျှင် ရေသန့် ပေါင် ၁၃ ဘီလီယံမှ ၂၂ ဘီလီယံခန့် အသုံးပြုရုံဖြင့် ဆန့်ကျင်ဘက်ဒြပ်သား ပေါင် ၂,၂၀၀ ခန့်ကို ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။
ယင်းကို တွန်းကန်အား စွမ်းအင်အဖြစ် အသုံးပြုရန်မှာ အလွန် ဖြုန်းတီးရာ ကျကောင်း ကျနိုင်သော်လည်း အဆုံးအဖြတ်ပေးနိုင်သော မဟာဗျူဟာမြောက် လက်နက်တစ်ခု အနေဖြင့်မူ ၎င်း၏ တန်ဖိုးက အပေါ်ယံ မြင်တွေ့နေရသည်ထက် အဆပေါင်းများစွာ သာလွန်နေပေတော့သည်။
ဆက်ရန်...
***