ဤအစားအစာက အလွန်ပင် ခံတွင်းတွေ့စရာ ကောင်းလှသည်။ လော်ယွမ်က အသားကင်များကို စားသောက်ပြီးနောက် အဆီအဆိမ့်များ ပြေပျောက်စေရန် လိမ္မော်သီးတစ်လုံးကို ထပ်မံစားသုံးလိုက်သည်။
ထို့နောက် မြက်ခင်းပြင်ပေါ်တွင် လှဲလျောင်းရင်း ဖောင်းကားနေသော သူ၏ဗိုက်ကို ပွတ်သပ်ကာ အခြားသူများနှင့် အေးအေးလူလူ စကားစမြည် ပြောဆိုနေလေသည်။
နှာခေါင်းဝသို့ တိုးဝင်လာသော မြက်ရိုင်းပင်များ၏ ရနံ့ကို ရှူရှိုက်ရင်း သူ၏ တစ်ကိုယ်လုံးရှိ အကြောအခြင်များ အားလုံး ပြေလျော့သွားတော့သည်။
ယနေ့ခေတ် လူသားများ၏ အစားအစာက သိပ်ပြီး ပေါများကြွယ်ဝလှသည်တော့ မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်နှစ်အတွင်းကမှ အခြေအနေ အနည်းငယ် ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်ကဆိုလျှင် လူတိုင်းသည် နေ့စဉ် သက်သတ်လွတ် အစားအစာများကိုသာ အားထား၍ အသက်ဆက်ခဲ့ကြရသည်။
လော်ယွမ်ကဲ့သို့ အသားမပါလျှင် ထမင်းမစားတတ်သော အသားစားသတ္တဝါ တစ်ကောင်အတွက်တော့ ၎င်းသည် အလွန် ဆင်းရဲဒုက္ခရောက်စရာကောင်းသော ကိစ္စတစ်ရပ် ဖြစ်ခဲ့သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။
ဓာတ်ခွဲခန်းမှ မွေးမြူဖန်တီးထားသော အသားများ ပေါ်ထွက်လာပြီးနောက်မှသာ အခြေအနေများက အနည်းငယ် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအသားများကို ထပ်တလဲလဲ စားသုံးဖန်များလာသောအခါ ရိုးအီငြီးငွေ့လာစေသည်။
စကားစမြည် ပြောဆိုနေစဉ်အတွင်း ဟွမ်ကျားဟွေက မရည်ရွယ်သကဲ့သို့ မေးလိုက်သည်။
"ရှင့်အတွင်းရေးမှူးကိုရော ဘာလို့ မခေါ်လိုက်တာလဲ"
ထိုအခါ လူအားလုံး၏ အကြည့်များက လော်ယွမ်ထံသို့ ချက်ချင်း ရောက်ရှိသွားကြသည်။
သူတို့အနည်းငယ်က တစ်စုံတစ်ရာ ထူးခြားနေသော လေထုကို အကင်းပါးစွာ ခံစားမိလိုက်ကြပြီး သတိဝီရိယ ရှိသွားကြသည်။ ချန်ရှင်းကျယ်၏ တည်ရှိမှုက လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။
သတင်းမီဒီယာ အချို့တွင် သူမ၏ ပုံရိပ်ကို ရံဖန်ရံခါ တွေ့မြင်နိုင်ပေသည်။ လှပသော အမျိုးသမီးတစ်ဦး ဖြစ်သည့်အပြင် လော်ယွမ်၏ အတွင်းရေးမှူးပါ ဖြစ်နေခြင်းဟူသော အချက်တစ်ချက်တည်းနှင့်ပင် သတိထားစောင့်ကြည့်ရန် လုံလောက်နေပြီ ဖြစ်သည်။
"ဒါက မိသားစု စုဝေးပွဲလေ... အတွင်းရေးမှူးတစ်ယောက်ကို ခေါ်လာရင် ဘယ်လိုလုပ် သင့်တော်ပါ့မလဲ" လော်ယွမ်က မြက်ခင်းပြင်ပေါ် လှဲချနေရင်း ပါးစပ်တွင် မြက်ပင်တစ်ပင်ကို ပေါ့ပေါ့ပါးပါး ကိုက်ထားကာ မျက်နှာအမူအရာ မပျက်ဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
စကားပြောဆိုပုံကတော့ အကောင်းသားပင်။ ဟွမ်ကျားဟွေက စိတ်ထဲမှနေ၍ တိတ်တဆိတ် အံကြိတ်ကာ ကျိန်ဆဲလိုက်မိသည်။
ယခင်က ချန်ကွမ်ဟွေး အတွင်းရေးမှူး လုပ်ခဲ့စဉ်တုန်းက သူက နေအိမ်သို့ မကြာခဏ လာရောက်ကာ အခြေအနေများကို တင်ပြလေ့ရှိသည်။
သို့သော် ချန်ရှင်းကျယ် အတွင်းရေးမှူး ဖြစ်လာပြီးနောက်တွင်တော့ ထိုကဲ့သို့ အခြေအနေမျိုး တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးချေ။
သံသယကင်းရှင်းစေရန် ရှောင်ကြဉ်ခြင်း ဖြစ်နိုင်သော်လည်း လွန်ကဲလွန်းသည့်အခါ ဖုံးဖိထားသမျှ ပေါ်လာသကဲ့သို့ ဖြစ်နေသည်။
ထို့အပြင် ရက်အနည်းငယ်ခြားတိုင်း၊ အများဆုံးအားဖြင့် ဆယ်ရက်ထက် မကျော်လွန်ဘဲ လော်ယွမ်သည် ရုံးလုပ်ငန်းများ လုပ်ဆောင်ရန် အကြောင်းပြချက်ဖြင့် တစ်ညလုံး အိမ်မပြန်ဘဲ နေတတ်သည်။
နှစ်အတန်ကြာ ဤသို့ချည်း ဖြစ်နေခဲ့ရာ ၎င်းက အလွန် စနစ်ကျလွန်းနေသည် မဟုတ်ပါလော။
သို့ရာတွင် ထိုစကားများကို သူမက စိတ်ထဲတွင်သာ တွေးနေခြင်း ဖြစ်သည်။ သူ့ကို စတင်သိကျွမ်းခဲ့သည့် အချိန်မှစ၍ ယခုတိုင်အောင် လော်ယွမ်က ဤကဲ့သို့သော လူစားမျိုးပင် မဟုတ်ပါလော။
ဤနှစ်များအတွင်း သူ၏ဘေးတွင် အမျိုးသမီးများ တဖြည်းဖြည်း များပြားလာခဲ့သည်။ အကယ်၍သာ သဝန်တိုရမည်ဆိုလျှင် မည်မျှပင် သဝန်တိုပါစေ လုံလောက်မည် မဟုတ်ချေ။ အိမ်သို့ ခေါ်မလာသရွေ့ အားလုံးက အဆင်ပြေနေဆဲပင် ဖြစ်သည်။
"ဒါနဲ့ မေ့တော့မလို့... မနေ့က လော်ယွီတို့ မောင်နှမတွေ အိမ်ကိုပြန်လာပြီး တစ်ညအိပ်သွားကြတယ်... ရှင်ကလည်း အချိန်ပိုဆင်းနေတာနဲ့ ရှင့်ကိုပြောဖို့ မေ့သွားတာ" ဟွမ်ကျားဟွေက စကားရာပြောင်းလိုက်သည်။
"ဟမ်... ဒီကောင်လေးတွေက ရောက်လာတာတောင် ငါ့ဆီ ဖုန်းမဆက်ကြဘူးပေါ့လေ" လော်ယွမ်က ရယ်မောရင်း ဆူပူလိုက်သည်။ သူက မနေ့ညက ချန်ရှင်းကျယ်ဆီတွင် အိပ်ခဲ့သဖြင့် ထိုကိစ္စကို လွဲချော်သွားခဲ့ခြင်း ဖြစ်သည်။
"ရှင်က အရမ်းတည်လွန်းတော့ သူတို့ ကြောက်ပြီး ထွက်ပြေးကုန်တာပေါ့" ကျိုးယလီက နှုတ်ခမ်းဆူကာ အပြစ်တင်လိုက်သည်။
သူတို့လေးယောက်စလုံးသည် လွန်ခဲ့သည့် တစ်နှစ်ကတည်းက သုတေသနဌာနသို့ ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ကြပြီး အိမ်မှ ထွက်ခွာကာ သီးခြားသွားရောက် နေထိုင်ခဲ့ကြသည်။
အိမ်ကြီးကလည်း ယခင်ကဲ့သို့ စည်ကားမနေတော့ဘဲ အနည်းငယ် ခြောက်ကပ်နေသကဲ့သို့ ခံစားနေရသည်။
"သူတို့ကို အိမ်ပြန်လာဖို့ ပြောသင့်တယ်လို့ ကျွန်မ ထင်တယ်... အပြင်မှာနေတာက အိမ်လောက် ဘယ်ကောင်းပါ့မလဲ... ရှင့်စကားဆိုရင်တော့ သူတို့ နားထောင်မှာပါ"
ဤနှစ်များအတွင်း အတူတကွ နေထိုင်ခဲ့ရမှုများကြောင့် သူတို့လေးယောက်က လော်ယွမ်အပေါ် ကြောက်ရွံ့ရိုသေမှု အနည်းငယ် လျော့နည်းသွားပြီး မိသားစု သံယောဇဉ်များ ပိုမိုတိုးပွားလာခဲ့သည်။
သို့သော်လည်း သူ့ကို မျက်နှာချင်းဆိုင်ရသည့်အခါတိုင်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး မရှိကြသေးပေ။ ဤသည်မှာ သူတို့၏ မသိစိတ်မှ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
သူတို့၏ စိတ်နှလုံးထဲတွင် လော်ယွမ်က တင်းကျပ်ပြတ်သားပြီး ဩဇာတိက္ကမကြီးမားသည့် ဖခင်တစ်ဦးကဲ့သို့ ဖြစ်နေကာ လေးစားရိုသေရသော်လည်း ရင်းနှီးရန် ခက်ခဲနေဆဲပင် ဖြစ်သည်။
ဤအရာအားလုံးအတွက် လော်ယွမ်က အကြောင်းရင်းကို ရှင်းလင်းစွာ သိရှိထားသော်လည်း အခြားသူများကမူ နားမလည်ကြချေ။ လော်ယွမ်က ခါးသက်သက် ပြုံးလိုက်ပြီး မည်သို့မျှ ရှင်းပြမနေတော့ပေ။
"ကလေးတွေက ကြီးလာရင် သူတို့ဘဝနဲ့သူတို့ နေချင်ကြမှာပဲ... သူတို့သဘောအတိုင်း လွှတ်ထားလိုက်ပါ... အိမ်ပြန်မလာတာမှ မဟုတ်ပဲ"
စကားပြောပြီးသည်နှင့် လော်ယွမ်က ပါးစပ်ကို သပ်လိုက်ပြီးမှ မိမိကိုယ်မိမိ အိုမင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
လက်တွေ့တွင် သူက အသက်သုံးဆယ်သာ ရှိသေးပြီး သူ၏ ရုပ်ရည်သွင်ပြင်မှာ အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးနှင့် တူနေဆဲ ဖြစ်သည်။
ဤနှစ်များအတွင်း အချိန်ကာလက သူ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် အိုမင်းရင့်ရော်မှု အရိပ်အယောင်မျှ ချန်ရစ်ထားခဲ့ခြင်း မရှိဘဲ နုပျိုမှုက သူ့ထံတွင် ရပ်တန့်နေသကဲ့သို့ ဖြစ်နေသည်။
သူ၏ သက်တမ်းက မည်မျှအထိ ရှည်လျားမည်ကို သူ့ကိုယ်သူပင် မသိရှိချေ။
သို့သော် သူ့အတွက်တော့ သေဆုံးခြင်းဆိုသည်မှာ အလွန် အလှမ်းဝေးကွာလွန်းလှသော ကိစ္စတစ်ရပ် ဖြစ်နေသည်မှာ အသေအချာပင်။
……
နေ့တစ်ဝက်ခန့် အနားယူပြီးနောက် လော်ယွမ်က အခြားသူများကို ဆက်လက်ကစားစေခဲ့ပြီး သူကတော့ ပုံရိပ်ယောင်ကမ္ဘာထဲမှ ထွက်ခွာလာခဲ့သည်။
ဤကာလအတွင်း မကြာမီ ပြုလုပ်တော့မည့် ခရီးရှည် အာကာသခရီးစဉ်အတွက် ဌာနတိုင်းက အလုပ်များလွန်းသဖြင့် အသက်ရှူချိန်ပင် မရကြချေ။
ယခုကဲ့သို့ နေ့တစ်ဝက်ခန့် အနားယူခွင့်ရခြင်းကပင် အလုပ်များသည့်ကြားမှ အချိန်လုကာ အနားယူလိုက်ရခြင်း ဖြစ်သည်။
ပုံရိပ်ယောင်ကမ္ဘာထဲမှ ထွက်ခွာလာသည်နှင့် တစ်ပြိုင်နက် အရာအားလုံးကို ထိန်းချုပ်ထားနိုင်စွမ်းရှိသည့် ခံစားချက်ကြီးက ထပ်မံ၍ ဝင်ရောက်လာပြန်သည်။
ကြံ့ခိုင်သန်စွမ်းလှသော ခန္ဓာကိုယ်၊ နေရာလပ်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သည့် အာရုံခံနိုင်စွမ်း၊ ထက်မြက်သော အာရုံငါးပါးအပြင် သုံးဘက်မြင်ကမ္ဘာကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိသည့်၊ သီးခြားကမ္ဘာတစ်ခုသဖွယ် ဖြစ်နေသော လေးဘက်မြင် အမြင်အာရုံ... ဤအရာအားလုံးက သူ့ကို ပျောက်ဆုံးသွားသောအရာများ ပြန်လည်ရရှိလာသကဲ့သို့သော ထင်ယောင်ထင်မှား ဖြစ်မှုမျိုးကို ခံစားရစေသည်။
သူ၏ စိတ်နှလုံးထဲတွင် အနည်းငယ် လှုပ်ရှားသွားမိသည်။ အလေ့အထတစ်ခုအဖြစ်မှ သဘာဝအတိုင်း ဖြစ်လာခြင်းလော၊ သို့မဟုတ် ပိုင်ဆိုင်ထားပြီးဖြစ်၍ လျစ်လျူရှုထားမိခြင်းလော။
အချိန်ကြာမြင့်စွာ ငြိမ်းချမ်းသော ပတ်ဝန်းကျင်နှင့် များပြားလှသော စာရွက်စာတမ်း အလုပ်များက စွမ်းအားအပေါ် သူ၏ လိုက်စားမှုကို တဖြည်းဖြည်း လျော့ရဲလာစေပြီး ယခင်ကကဲ့သို့ စိတ်ဝင်စားမှုမျိုး မရှိတော့ချေ။
နောက်ဆုံးအကြိမ် သူ၏ ခန္ဓာကိုယ်ကို မည်သည့်အချိန်က လေ့ကျင့်ပေးခဲ့သည်ဆိုသည်ကိုပင် သူ မမှတ်မိတော့ပေ။ အကျင့်ပါနေပြီဖြစ်သော တရားထိုင်ခြင်းမှလွဲ၍ သူ၏ ခန္ဓာကိုယ်ကို ထပ်မံ၍ လေ့ကျင့်ပေးခြင်း မရှိခဲ့ချေ။
သို့သော် အဘယ်ကြောင့်မှန်းမသိ၊ ယခုအချိန်တွင် သူ၏ စိတ်နှလုံးထဲ၌ ပြင်းထန်သော မီးတောက်တစ်ခုက အလိုအလျောက် ပြန်လည်တောက်လောင်လာပြီး ငြိမ်သက်နေသော မီးတောင်သေတစ်ခုကဲ့သို့သော ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကလည်း အသက်ဝင်လာသကဲ့သို့ ဖြစ်လာသည်။
မူလက ရုံးခန်းသို့ အမြန်ဆုံး ပြန်ရန် ရည်ရွယ်ထားခဲ့သော လော်ယွမ်က ရုတ်တရက် သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည်။
သူက အိပ်ခန်းထဲမှ တိတ်ဆိတ်စွာ ထွက်လာပြီး သူ၏ အာရုံခံနိုင်စွမ်းကို အပြည့်အဝ ဖွင့်ချလိုက်သည်။ ဤအဆောက်အအုံနှင့် အာကာသယာဉ်၏ အတွင်းဘက်နံရံတို့ကြား အကွာအဝေးမှာ ပေ ၃၀၀ ကျော်မျှသာ ရှိသည်။
ပေ ၂၁၀၀ ကျော် အချင်းရှိသော သူ၏ အာရုံခံနိုင်စွမ်းနှင့်ဆိုလျှင် အာကာသယာဉ်၏ ထူထဲသော သံချပ်ကာကို လျင်မြန်စွာ ဖောက်ထွက်ကာ အာကာသဟင်းလင်းပြင်ဆီသို့ တိုးချဲ့ရောက်ရှိသွားတော့သည်။
နောက်တစ်စက္ကန့်တွင် သူက မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။
ဤနေရာနှင့် အနီးဆုံးဂြိုဟ်မှာ သောကြာဂြိုဟ်ပင် ဖြစ်သည်။ သူက ကွေးညွတ်ပျံသန်းခြင်း အစွမ်းကို အသက်သွင်းကာ သောကြာဂြိုဟ်ဆီသို့ ပျံသန်းသွားလေသည်။
အနီးဆုံးဟု ဆိုသော်လည်း အမှန်တကယ်တွင် ၎င်းတို့နှစ်ခုကြား အကွာအဝေးမှာ မိုင် ၁၂ သန်းကျော်အထိ ရှိနေသည်။ အလင်းအလျင်ဖြင့် ပျံသန်းမည်ဆိုလျှင်ပင် တစ်မိနစ်ကျော်မျှ ကြာမြင့်မည် ဖြစ်သည်။ သို့သော် ယနေ့ခေတ် လော်ယွမ်အတွက်တော့ မိုင် သန်း ၆၀ အတွင်း ရှိမနေသရွေ့ အလွန်ဝေးကွာသော အကွာအဝေးဟု မသတ်မှတ်နိုင်တော့ပေ။
မိနစ်ငါးဆယ်ပင် မပြည့်သေးသော ပျံသန်းချိန်အတွင်းမှာပင် သူက ထိုဂြိုဟ်၏ လေထုအလွှာအနီးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူက ကွေးညွတ်ပျံသန်းခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။
ဤကဲ့သို့ "အကွာအဝေးတို" အတွင်း၌ အလွန်မြန်ဆန်သော အလျင်ဖြင့် ပျံသန်းခြင်းက အလွန် အန္တရာယ်များလှသော လုပ်ရပ်တစ်ခု ဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိချေ။
အဘယ်ကြောင့်ဆိုသော် မတော်တဆ အနည်းငယ် မှားယွင်းသွားပါက ဂြိုဟ်တစ်ခုလုံး၏ အူတိုင်ကို တိုက်ရိုက် ဖောက်ထွင်းသွားနိုင်သောကြောင့် ဖြစ်သည်။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ထိခိုက်မှုများက ကွေးညွတ်ပျံသန်းခြင်း အခြေအနေတွင် အကျိုးသက်ရောက်မှု မရှိသော်လည်း အပူနှင့် အလင်းတို့ကတော့ ကန့်သတ်ချက်များထဲတွင် ပါဝင်ခြင်း မရှိချေ။
ဂြိုဟ်၏ အတွင်းပိုင်းရှိ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်က သူ့ကို မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြာအဖြစ်သို့ လောင်ကျွမ်းသွားစေရန် လုံလောက်နေသည်။
ထို့အပြင် ထိုနေရာရှိ ပတ်ဝန်းကျင်က အလွန် ရှုပ်ထွေးလှသည်။ အလွန်အမင်း ပြင်းထန်သော သံလိုက်စက်ကွင်းများနှင့် ဖိအားပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာသော လေဟာနယ် ကွေးညွတ်မှုများကြောင့် သူ ပြာမကျမီမှာပင် ကွေးညွတ်စက်ဝန်းက အတင်းအဓမ္မ ဖျက်ဆီးခံလိုက်ရမည်မှာ အသေအချာပင်။
လေဟာနယ်ဆိုသည်မှာ အားကောင်းသည်ဟု ဆိုလျှင်လည်း အားကောင်းလှသလို အားနည်းသည်ဟု ဆိုလျှင်လည်း အားနည်းလှပေသည်။
၎င်းသည် သာမန်နည်းလမ်းများဖြင့် ထိတွေ့နိုင်ရန် ခက်ခဲလှသော စွမ်းအားအဆင့်အတန်း တစ်ခုဖြစ်သည်။ ၎င်းက မြင့်မားလွန်းပြီး လျှို့ဝှက်ဆန်းကြယ်ကာ နေရာတိုင်းတွင် တည်ရှိနေသည်။
ရုပ်ပိုင်းဆိုင်ရာ စွမ်းအားဖြစ်စေ၊ စွမ်းအင်ဖြစ်စေ ၎င်းအပေါ် လုံးဝ အကျိုးသက်ရောက်နိုင်ခြင်း မရှိသကဲ့သို့ပင်။
သို့ရာတွင် ၎င်းအပေါ် သက်ရောက်မှုရှိစေမည့် နည်းလမ်းကို ရှာဖွေတွေ့ရှိနိုင်ပါက ၎င်းကို အလွယ်တကူ နှောင့်ယှက်နိုင်မည် ဖြစ်သည်။
လော်ယွမ်၏ စိတ်စွမ်းအင်ကဲ့သို့သော အားနည်းသည့် စွမ်းအားလေးကပင် ၎င်း၏ လှိုင်းဂယက်များကို ဖြစ်ပေါ်စေနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သိသာထင်ရှားလှသည်။
သောကြာဂြိုဟ်၏ လေထုက အလွန် ထူထပ်လှသည်။ အသိဉာဏ်တု ကွန်ပျူတာ၏ စူးစမ်းရှာဖွေမှု အချက်အလက်များအရ ၎င်း၏ လေထုဖိအားမှာ ကမ္ဘာမြေထက် အဆကိုးဆယ်မျှ ရှိနေသည်။
ထို့အပြင် နေနှင့် နီးကပ်စွာ တည်ရှိနေသောကြောင့် အပူအအေး ပြောင်းလဲမှု ပြင်းထန်ကာ ဤဂြိုဟ်၏ လေထုလှုပ်ရှားမှုမှာ အလွန် ကြမ်းတမ်းလှသည်။
ဂြိုဟ်၏ အာကာသအနီးမှ ရပ်ကြည့်နေသော လော်ယွမ်သည် လေထုအလွှာကြီး လျင်မြန်စွာ ရွေ့လျားနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ဤကဲ့သို့သော လေထုရွေ့လျားမှုမျိုး ယခင်က ကမ္ဘာမြေပေါ်တွင်လည်း ဖြစ်ပေါ်ခဲ့ဖူးသည်။ ၎င်းမှာ ကပ်ဘေးကြီး စတင်ဖြစ်ပွားချိန်က ဖြစ်သည်။
သို့သော် ဤဂြိုဟ်အတွက်မူ ထိုကဲ့သို့သော မုန်တိုင်းများက နေ့စဉ် ထမင်းစားရေသောက်ကဲ့သို့ သာမန်ကိစ္စရပ်တစ်ခုသာ ဖြစ်ပြီး အချိန်တိုင်းနီးပါး ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
လော်ယွမ်က မည်သို့မျှ တုံ့ဆိုင်းမနေဘဲ လေထုအလွှာထဲသို့ အလျင်အမြန် တိုးဝင်သွားတော့သည်။
အနီးသို့ မရောက်ရှိသေးမီမှာပင် သူ၏ ထက်မြက်လှသော အနံ့ခံအာရုံက အနည်းငယ် နံစော်နေသော ချဉ်စူးစူး အနံ့တစ်ခုကို ရလိုက်သည်။ သူက အရှိန်ကို မလျှော့ချဘဲ အသက်ရှူခြင်းကိုသာ ရပ်တန့်လိုက်သည်။
ရှေ့သို့ဆက်သွားရန်မှာ တွေးထားသည်ထက် ပိုမို ခက်ခဲလှသည်။ ထူထပ်သော လေထုက သူ့ကို ရေအောက်ရောက်နေသကဲ့သို့ ခံစားရစေပြီး အလွန်လျင်မြန်စွာ ရွေ့လျားနေသော မုန်တိုင်းက သူ၏ ခန္ဓာကိုယ်ကို လေပြင်းထဲမှ သစ်ရွက်တစ်ရွက်ကဲ့သို့ ရမ်းခါလွင့်စင်သွားစေသည်။
ကံကောင်းထောက်မစွာဖြင့် ဤအရာများနှင့် ပတ်သက်၍ သူက အတွေ့အကြုံများစွာ ရှိနှင့်ပြီး ဖြစ်သည်။ ဆွဲငင်အားကို အခြေခံ၍ ဦးတည်ရာကို ခန့်မှန်းကာ လေဟာနယ်ဖြတ်သန်းခြင်း အစွမ်းကို ဆက်တိုက် အသုံးပြုလိုက်ပြီးနောက် ဂြိုဟ်၏ မျက်နှာပြင်ပေါ်သို့ ရောက်ရှိသွားတော့သည်။
ဆက်ရန်...
***