လော်ယွမ်က အိပ်ရာမှထကာ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဝတ်ဆင်လိုက်သည်။
ထို့နောက် ကုတင်ပေါ်တွင် နွေဦးပန်းလေးတစ်ပွင့်ပမာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲဖြစ်သော ကျိုးယလီကို တစ်ချက်လှမ်းကြည့်လိုက်ရင်း သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
သူက အခန်းထဲမှထွက်လာကာ အိပ်ခန်းတံခါးကို ဖွဖွလေးပိတ်လိုက်ပြီး လမ်းမပေါ်သို့ ထွက်လာခဲ့သည်။
လမ်းမထက်ရှိ မီးရောင်များကို မှိန်ချထားသဖြင့် ညအချိန်ရောက်နေပြီဟုပင် ထင်မှတ်ရသည်။
အချိန်အားဖြင့် ဇွန်လသို့ ရောက်ရှိနေပြီဖြစ်ရာ လမ်းမထက်တွင် လူသွားလူလာ တဖြည်းဖြည်း နည်းပါးလာပြီး ဟာလာဟင်းလင်း ဖြစ်နေသည်။
တစ်ခါတစ်ရံမှသာ ခပ်သုတ်သုတ် ဖြတ်လျှောက်သွားတတ်သော ခရီးသွားတစ်ယောက်စ နှစ်ယောက်စကိုသာ မြင်တွေ့ရသဖြင့် ပို၍ပင် ခြောက်ကပ်နေသယောင် ခံစားရ၏။
မေလမှစတင်ကာ ဇီဝကမ္မအိပ်စက်ခြင်းခန်းမများကို စတင်တည်ဆောက်ခဲ့ပြီး လူအစုလိုက်အပြုံလိုက်သည် တစ်သုတ်ပြီးတစ်သုတ် ဇီဝကမ္မအိပ်စက်ခြင်းအခြေအနေသို့ အစဉ်လိုက် ဝင်ရောက်သွားခဲ့ကြပြီ ဖြစ်သည်။
ယနေ့အချိန်တွင်တော့ စက်ရုံအားလုံးနီးပါးကို ပိတ်သိမ်းထားလိုက်ပြီဖြစ်ကာ ကုန်ထုတ်လုပ်မှုများလည်း ရပ်တန့်နေခဲ့ပြီဖြစ်သည်။
အာကာသယာဉ်ကြီး တစ်စီးလုံးမှာ ရုတ်တရက် ခြောက်ကပ်သွားသကဲ့သို့ ဖြစ်သွားပြီး ယခင်ကကဲ့သို့ စည်ကားသိုက်မြိုက်နေသော အငွေ့အသက်မျိုး လုံးဝမရှိတော့ချေ။
အာကာသသားရဲကြီးထံမှ သယံဇာတများကို စုဆောင်းရန် သွားရောက်ခဲ့သည့် အရေးပေါ်ယာဉ်ပျံများမှာလည်း ပြန်လည်ရောက်ရှိလာကြပြီဖြစ်သလို အရင်းအမြစ်များ ဖြည့်တင်းရန်အတွက် ဥက္ကာပျံငယ်များပေါ်တွင် သတ္တုတူးဖော်သည့် လုပ်ငန်းစဉ်များလည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဤအာကာသယာဉ်ကြီးသည် ခရီးရှည်ထွက်ခွာရန်အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှု အားလုံးကို ပြုလုပ်ပြီးစီးနေပြီဖြစ်သည်။
ယခုအချိန်အထိ ထွက်မခွာသေးခြင်းမှာ အနီးစပ်ဆုံး "ရက်ရာဇာ" ရောက်ရန် ခြောက်ရက်ခန့် လိုအပ်နေသေးသောကြောင့်သာ ဖြစ်၏။
လော်ယွမ်ဖြစ်စေ ဤအစီအစဉ်ကို ရေးဆွဲခဲ့သည့် အကြံပေးပညာရှင်များဖြစ်စေ ဤသို့သော အယူသီးမှုများကို ယုံကြည်သင့်သူများ မဟုတ်ကြပေ။
သို့သော်လည်း ကြီးမားလှသော ဖိအားများအောက်တွင် ဤကဲ့သို့သော ထိတွေ့ကိုင်တွယ်၍မရသည့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုလေးက တစ်ခါတစ်ရံ၌ ယုံကြည်မှုများကို ပိုမိုခိုင်မာလာစေရန် အထောက်အကူ ပြုပေးတတ်ပေသည်။
သေချာသည်ကတော့ လူတိုင်း ဇီဝကမ္မအိပ်စက်ခြင်းအခြေအနေသို့ ဝင်ရောက်သွားမည်တော့ မဟုတ်ချေ။
အာကာသယာဉ်နှင့် သက်ဆိုင်သော မရှိမဖြစ်လိုအပ်သည့် မောင်းနှင်ထိန်းသိမ်းရေးဝန်ထမ်းများနှင့် အစိုးရအရာရှိ အတော်များများအပြင် သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားတစ်စုသည် ဤရှည်လျားလှသော ခရီးစဉ်ကြီးတစ်လျှောက်လုံး နိုးကြားစွာဖြင့် ဖြတ်သန်းသွားကြမည် ဖြစ်သည်။
၎င်းတို့သည် ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဝင်ရောက်ကာ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနပြုလုပ်ခြင်းနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားကြမည် ဖြစ်သည်။
ယခုဆိုလျှင် ပုံရိပ်ယောင်ကမ္ဘာကို အပြည့်အဝ တည်ဆောက်ပြင်ဆင်ပြီးစီးနေပြီဖြစ်သည်။ ထို့အပြင် မူလက လူသူကင်းမဲ့နေခဲ့သော ကျွန်းဆွယ်ပေါ်တွင် လှပပြီး သိပ္ပံနည်းကျဆန်လှသည့် မြို့တော်ကြီးတစ်ခုလည်း မားမားမတ်မတ် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဓာတ်ခွဲခန်းအများစုသည်လည်း တစ်ခုပြီးတစ်ခု နေရာယူကာ လုပ်ငန်းစဉ်များကို စတင်အကောင်အထည် ဖော်နေကြပြီဖြစ်သည်။
အလုပ်အများဆုံး အချိန်ကာလများ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ အာကာသယာဉ်ကြီး ခရီးရှည်ထွက်ခွာမည့်ရက်နှင့် နီးကပ်လာသော ဤရက်ပိုင်းများအတွင်း လော်ယွမ်သည် သူ၏ရင်ထဲ၌ ဟာလာဟင်းလင်းဖြစ်နေသလို ရုတ်တရက် ခံစားလိုက်ရ၏။
ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်လာသည်အထိ လော်ယွမ်သည် သူ၏ အသက်ရှင်နေစဉ် ကာလအတွင်း သူကိုယ်တိုင်အပါအဝင် ကမ္ဘာပေါ်ရှိ ကျန်ရစ်သူလူသားများအားလုံး ကမ္ဘာမြေကိုစွန့်ခွာ၍ နေအဖွဲ့အစည်းပြင်ပသို့ ထွက်ခွာသွားရလိမ့်မည်ဟု အရူးသွပ်ဆုံး အိပ်မက်ထဲတွင်ပင် ကြိုတင်မတွေးထင်ထားခဲ့ဖူးချေ။
ဤခံစားချက်သည် သူနှင့်ရင်းနှီးကျွမ်းဝင်နေသော ဇာတိမြေကို ပထမဆုံးအကြိမ် စွန့်ခွာကာ သူစိမ်းပြင်ပြင်ဖြစ်နေသော မြို့တော်တစ်ခုဆီသို့ တစ်ကိုယ်တည်း ထွက်ခွာလာခဲ့ရစဉ်က ခံစားချက်မျိုးနှင့် တူညီနေသည်။
၎င်းမှာ ဝေခွဲမရဖြစ်နေခြင်းနှင့်အတူ အနာဂတ်အတွက် မရေရာမသေချာမှုများကိုပါ ခံစားနေရခြင်းပင်။
လော်ယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ ဤအမည်မသိ ခံစားချက်များကို သူ၏ခေါင်းထဲမှ မောင်းထုတ်ပစ်ချင်နေပုံရ၏။
လွန်ခဲ့သည့် နှစ်လခန့်မှစ၍ သူသည် ရက်ခြားဆိုသလို သောကြာဂြိုဟ်ဆီသို့ အထူးတလည် သွားရောက်လေ့ရှိသည်။
သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု ခွန်အားသည် တစ်ဖန်ပြန်လည် တိုးတက်လာခဲ့သော်လည်း သိပ်တော့ မများလှပေ။
မူလက ပေါင် တစ်သန်းတစ်သိန်းခန့် ရှိရာမှ ယခုအခါ ပေါင် တစ်သန်းနှစ်သိန်းကျော်ခန့်အထိသာ တိုးလာခဲ့ရာ ဆယ်ပုံတစ်ပုံခန့်သာ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သူ၏လေ့ကျင့်မှု အဓိကရည်ရွယ်ချက်က စက်ကွင်းနယ်ပယ်ကို သွေးတိုးစမ်းရန် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ၏ အာရုံခံနိုင်စွမ်းမှာမူ ပို၍ သိသိသာသာ တိုးတက်လာခဲ့ကာ အချင်း ပေ ၂၆၀၀ အထိပင် ကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်။
အရည်အသွေးပြဇယားပေါ်ရှိ အာရုံခံနိုင်စွမ်း အမှတ်သည်လည်း ၁၇ မှ ၁၈ မှတ်အထိ ရောက်ရှိလာခဲ့ရာ တိုးတက်မှုနှုန်းမှာ အလွန်လျင်မြန်သည်ဟု ဆိုရပေမည်။
အကယ်၍ သူသာ အာကာသယာဉ်၏ အလယ်ဗဟိုတွင် ရပ်နေမည်ဆိုပါက သူ၏အာရုံခံနိုင်စွမ်းသည် အာကာသယာဉ် တစ်စီးလုံးကို လွှမ်းခြုံထားနိုင်မည်ဖြစ်သည်။
လူတိုင်း၏ လှုပ်ရှားမှုတိုင်းက သူ၏မျက်စိအောက်မှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။ သို့သော်လည်း သူက ချောင်းကြည့်ရသည်ကို ဝါသနာပါသူတစ်ဦး မဟုတ်ရာ သာမန်အခြေအနေများတွင် ထိုသို့သော အသေးအဖွဲ ကိစ္စလေးများကို အထူးတလည် အာရုံစိုက်နေမည် မဟုတ်ချေ။
သူ၏ စက်ကွင်းနယ်ပယ်အတွင်းရှိ အစွမ်းကုန်တိုက်ခိုက်မှုမှာမူ ကြောက်ခမန်းလိလိ ပိုမိုအားကောင်းလာခဲ့သည်။ ပထမဆုံးအကြိမ် စမ်းသပ်မှုနှင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ တိုးလာခဲ့ပြီး လူသားအနုမြူဗုံးတစ်လုံး၏ အငွေ့အသက်မျိုး အနည်းငယ် ရရှိနေပြီဖြစ်သည်။
......
အာကာသယာဉ်၏ လူနေရပ်ကွက်လမ်းမကြီးမှာ သိပ်မရှည်လျားလှပေ။ မိနစ်အနည်းငယ်ခန့် လျှောက်လာပြီးနောက် လမ်းအဆုံးသို့ ရောက်ရှိသွားသည်။
လော်ယွမ်သည် ဆက်ပြီး လမ်းလျှောက်ရန် အစီအစဉ်မရှိတော့သဖြင့် မြို့တော်ခန်းမဆီသို့သာ ခြေဦးလှည့်လိုက်သည်။
"ရှင် ဒီတလော ပိုပိုပြီး ပျင်းလာတယ်... နေ့တိုင်း အလုပ်လာနောက်ကျပြီး စောစောပြန်တယ်... ပြီးတော့ ခဏခဏလည်း ပျောက်နေသေးတယ်" လော်ယွမ်ကို မြင်သည်နှင့် ချန်ရှင်းကျယ်က ညည်းတွားသလို ပြောလိုက်သည်။
"မင်းရဲ့ လက်ဖက်ရည်ဖျော်တဲ့ လက်ရာက တဖြည်းဖြည်း ပိုကောင်းလာတယ်" လော်ယွမ်က လက်ဖက်ရည်တစ်ငုံ သောက်လိုက်ရင်း ဆက်ပြောသည်။
"လက်ရှိ အုပ်ချုပ်ရေးစနစ်က အရင်ကတည်းက ရှိနေတဲ့ဟာပဲလေ... အရင်ကတည်းက သူ့အပိုင်းနဲ့သူ တာဝန်ယူကြရတာ... ငါကြည့်ရသလောက်တော့ သူတို့က သိပ်ကိုပျင်းလွန်းနေကြတယ်... ဆုံးဖြတ်ချက်တိုင်း ငါ့ချည်းပဲ ဆုံးဖြတ်ခိုင်းနေတယ်... ဘာတာဝန်မှလည်း မယူချင်ကြဘူး... ဒါဆို သူတို့ကို ဘာလုပ်ဖို့ ထားရဦးမှာလဲ"
လော်ယွမ်က ရယ်မောရင်း ပြောလိုက်သည်။ ဤစကားကို ပြောလိုက်ရသည်မှာ သူကိုယ်တိုင်ပင် အနည်းငယ်တော့ ကိုယ်ချင်းစာတရား ကင်းမဲ့ရာကျနေ၏။
ဤရာထူးနေရာကို စတင်ရယူခဲ့ချိန်မှစ၍ သူ့ကို မည်သူကမျှ ထိန်းချုပ်ဟန့်တားနိုင်စွမ်း မရှိတော့သောကြောင့် အာဏာအားလုံးကို သူတစ်ဦးတည်းကသာ ချုပ်ကိုင်ထားခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် လူတိုင်းမှာ အထိတ်တလန့် ဖြစ်နေကြရသည်။
အထူးသဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တောက်လျှောက် ရှင်းလင်းရေး ပြုလုပ်ခဲ့မှုများကြောင့် ခေါင်းထောင်ထလာရဲသည့် ခက်ထန်သူများအားလုံးမှာ ပြဿနာအမျိုးမျိုးကို အကြောင်းပြကာ အကြင်နာကင်းမဲ့စွာ ချေမှုန်းခံခဲ့ရပြီ ဖြစ်သည်။
ယခု ကျန်ရှိနေသူများမှာမူ ပို၍ပင် သတိကြီးစွာဖြင့် နေထိုင်နေကြရတော့၏။
ဤကိစ္စနှင့်ပတ်သက်၍ ချန်ရှင်းကျယ်က မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။ သူတို့နှစ်ဦး မည်မျှပင် ရင်းနှီးကျွမ်းဝင်နေပါစေ ဤကဲ့သို့သော ကိစ္စမျိုးတွင် သူမအနေဖြင့် များများစားစား ဝင်မပြောရဲချေ။
"ဒါနဲ့ မင်း ဆုံးဖြတ်ပြီးပြီလား... ဇီဝကမ္မအိပ်စက်တာကို ရွေးမလား ဒါမှမဟုတ် နိုးနိုးကြားကြားနဲ့ပဲ ဖြတ်သန်းမလား" လော်ယွမ်သည်လည်း ဤအကြောင်းအရာနှင့် ပတ်သက်၍ ဆက်မပြောတော့ဘဲ စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်ကာ မေးလိုက်သည်။
အာကာသယာဉ်ကြီး ခရီးရှည်ထွက်ခွာပြီးနောက် လုပ်ငန်းဆောင်တာ အများစုမှာ ရပ်တန့်သွားမည် ဖြစ်သည်။ ထို့ကြောင့် အစိုးရဝန်ထမ်း အတော်များများမှာ ဇီဝကမ္မအိပ်စက်ခြင်း အခြေအနေသို့ ဝင်ရောက်ကြရမည်ဖြစ်သည်။
သေချာသည်ကတော့ လော်ယွမ်၏ အနီးကပ် ဝန်ဆောင်မှုအတွင်းရေးမှူး တစ်ယောက်အနေဖြင့် ချန်ရှင်းကျယ်မှာ ထိုစာရင်းထဲတွင် မပါဝင်ပေ။ သို့သော် လော်ယွမ်ကသာ အလိုရှိပါက ၎င်းမှာ စကားတစ်ခွန်း ပြောရုံမျှသာ ဖြစ်သည်။
"ကျွန်မ ဆုံးဖြတ်ပြီးသွားပြီ... ဒီတိုင်းပဲဖြတ်သန်းတော့မယ်... အိပ်တာနဲ့ နောက်ထပ် နှစ်နည်းနည်းလောက် ပိုအသက်ရှင်ရတာကကော ဘာအဓိပ္ပာယ်ရှိမှာလဲ... ကျွန်မကတော့ တစ်ရေးအိပ်လိုက်တာနဲ့ အနှစ်နှစ်ဆယ်လောက် အချိန်ကုန်သွားတာမျိုး မလိုချင်ပါဘူး... တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလွန်းတယ်... သေသွားသလို ခံစားရတယ်" ချန်ရှင်းကျယ်က ခေါင်းယမ်းရင်း ပြောလိုက်သည်။
ဇီဝကမ္မအိပ်စက်ခြင်းနှင့် ပတ်သက်၍ ကြောက်ရွံ့မှုရောဂါသည် လူအများစု၌ ရှိနေတတ်သည်။
မည်သို့ပင်ဆိုစေကာမူ နှစ်ဆယ်ခန့် ကြာရှည်မည့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းကို လက်ခံနိုင်သူမှာ အလွန်နည်းပါးလှသည်။
အကယ်၍ မလုပ်မနေရ သတ်မှတ်ချက်သာ မဟုတ်ခဲ့လျှင် ဇီဝကမ္မအိပ်စက်ခြင်းကို ရွေးချယ်သူမှာ လက်ချိုးရေတွက်၍ပင် ရနိုင်ပေလိမ့်မည်။
"အဲဒါဆိုလည်း မင်းသဘောပဲ... ဒါပေမဲ့ အချိန်တန်လို့ သူတို့တွေ ပြန်နိုးလာရင် အရင်တိုင်း နုပျိုနေတဲ့ သူတို့ရုပ်ရည်တွေကိုကြည့်ပြီး မင်း နောင်တမရစေနဲ့နော" လော်ယွမ်က ရယ်မောလျက် ပြောလိုက်သည်။
"အဲဒီအချိန်ရောက်ရင် ရှင်လည်း နောက်ထပ် အတွင်းရေးမှူးအသစ် တစ်ယောက် ပြောင်းလို့ရပြီပေါ့"
လော်ယွမ်သည် မနေနိုင်ဘဲ ခါးသက်သက် ပြုံးလိုက်မိသည်။ ထို့နောက် ဇဝေဇဝါဖြင့် မေးလိုက်၏။
"ဒီရက်ပိုင်း ဘာဖြစ်နေတာလဲ... မင်းရဲ့ ခံစားချက်တွေ တစ်ခုခု ပုံမှန်မဟုတ်ဘူးလို့ ငါ အမြဲခံစားနေရတယ်"
ချန်ရှင်းကျယ်က ဘာမှဝင်မပြောဘဲ အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်မှ သူမ၏နှုတ်ဖျားမှ အံ့အားသင့်ဖွယ်ရာ သတင်းတစ်ခု ထွက်ပေါ်လာတော့သည်။
"ကျွန်မ ကိုယ်ဝန်ရှိနေပြီ"
"ဘာ" လော်ယွမ်က တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် သူ၏ရင်ထဲတွင် အံ့သြမှုနှင့် ဝမ်းသာမှုတို့ တပြိုင်နက် ဖြစ်ပေါ်လာခဲ့သည်။ "တကယ်လား... ဘယ်တုန်းထဲကလဲ"
ချန်ရှင်းကျယ်က လော်ယွမ်၏ မျက်နှာပေါ်ရှိ ဝမ်းသာပျော်ရွှင်နေသော အမူအရာကို ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ရှင့်ဟာမှ မဟုတ်တာ... ဘာတွေ ဝမ်းသာနေတာလဲ... ဗိုက်ထဲကဟာက လူတုနည်းပညာနဲ့ ဖန်တီးထားတာ... ပြီးခဲ့တဲ့အပတ်ကမှ ဆေးရုံကို သေချာ သွားလုပ်လာခဲ့တာ"
လော်ယွမ်၏ မျက်နှာထားမှာ ချက်ချင်းပင် အံ့အားသင့်သွားဟန် ပေါ်သွားသည်။ အမှန်တကယ်ပင် သူသည် ဤကိစ္စနှင့် ပတ်သက်၍ မျှော်လင့်ချက် မထားသင့်ပေ။
သူ၏ ဗီဇများသည် လူသားဆိုသည့် အဓိပ္ပာယ်သတ်မှတ်ချက်မှ သွေဖည်သွားခဲ့ပြီဖြစ်ရာ သဘာဝအတိုင်း မျိုးပွားနိုင်မည့် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
သူက လူသားတစ်ယောက်၏ အရေခွံကို ခြုံတည်းထားဆဲဖြစ်သော်လည်း အခြားသော မျိုးစိတ်တစ်ခုဟု ပြောမည်ဆိုလျှင်ပင် အလွန်အကျွံ ဖြစ်မည်မဟုတ်ချေ။ သို့တိုင်အောင် သူ၏ရင်ထဲတွင် အနည်းငယ်မျှ စိတ်ပျက်ဝမ်းနည်းမှုကို ခံစားနေရဆဲပင်။
သူက စက္ကန့်ဝက်ပင် မပြည့်လိုက်သော အချိန်အတွင်း ကြက်သေသေနေရာမှ အမြန်ဆုံး စိတ်ကို ပုံမှန်ပြန်ဖြစ်အောင် ထိန်းချုပ်လိုက်ပြီး ညင်သာသော လေသံဖြင့် ပြောလိုက်သည်။
"ဘာလို့ ကိုယ့်ဟာ မဟုတ်ရမှာလဲ... ဒီကလေးက ကိုယ်တို့နှစ်ယောက်လုံးရဲ့ ကလေးပဲလေ... လူအတုတွေက မွေးလာကတည်းက ဉာဏ်ကြီးရှင်လေးတွေချည်းပဲ... ကိုယ်တို့သာ သေချာ ပြုစုပျိုးထောင်ပေးမယ်ဆိုရင် အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာနိုင်တယ်"
"သူ့ကို သိပ္ပံပညာရှင် မဖြစ်စေချင်ပါဘူး... တကယ်ကို ပင်ပန်းလွန်းတယ်... သူနှစ်သက်သရွေ့ ဘာပဲလုပ်လုပ် ကျွန်မကတော့ အားပေးသွားမှာပဲ"
လော်ယွမ်၏ အမူအရာမှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိလိုက်ရသဖြင့် ချန်ရှင်းကျယ်၏ ရင်ထဲတွင် ပေါ့ပါးသွားခဲ့သည်။
သူမ၏ အေးစက်စက် မျက်နှာထားမှာလည်း ဆီးနှင်းများ အရည်ပျော်ကျသွားသည့်အလား ချက်ချင်းပင် နွေးထွေးသွားခဲ့သည်။
သူမက မိမိ၏ဗိုက်ကလေးကို ဖွဖွလေး ပွတ်သပ်ရင်း ရေစီးကြောင်းလေးပမာ နူးညံ့ညင်သာစွာ ပြောလိုက်လေသည်။
လော်ယွမ်ကို ဆွဲဆောင်နိုင်ခဲ့ခြင်း၏ အဓိကအကြောင်းရင်းကို သူမ ကိုယ်တိုင် ကောင်းစွာသိရှိထားသည်။ ၎င်းမှာ အချစ်ကြောင့် လုံးဝမဟုတ်ဘဲ သူမ၏ ရုပ်ရည်သွင်ပြင်ကြောင့်သာ ဖြစ်သည်။
သို့သော်လည်း လှပသော ရုပ်ရည်သွင်ပြင်ဆိုသည်မှာ အချိန်အခါအလိုက် မှေးမှိန်ပျောက်ကွယ်သွားမည့် အရာသာ ဖြစ်သည်။
အလှအပများ ကွယ်ပျောက်သွားချိန်တွင် သူမကို စုတ်ပြတ်နေသော ဖိနပ်တစ်ရန်လို လွှင့်ပစ်လိုက်မည် မဟုတ်သော်လည်း သူ့ကို အချိန်ကြာမြင့်စွာ သူမအနားတွင် ဆွဲထားနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူမအနေဖြင့် သူတို့နှစ်ဦးကြား သံယောဇဉ်ကြိုးလေး တစ်ခုဖြစ်လာစေရန် ကလေးတစ်ယောက် အမြဲတမ်း လိုချင်ခဲ့သော်လည်း ယခုအချိန်အထိ အောင်မြင်မှု မရရှိခဲ့ပေ။
သာမန်လူနှစ်ဦးကြားတွင်ပင် သဘာဝအတိုင်း သားသမီးရရှိရန် ခက်ခဲလှသည်ဖြစ်ရာ တစ်ဖက်လူမှာ အင်အားအကြီးမားဆုံးသော ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်နေလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။
နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ပြီးနောက် လူတုနည်းပညာဖြင့် ကိုယ်ဝန်ဆောင်ခြင်းသည်သာ သူမအတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာခဲ့တော့သည်။
မူလက လော်ယွမ်အနေဖြင့် ဤကိစ္စကို လက်ခံနိုင်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့သဖြင့် သူမက အချိန်ဆွဲကာ မပြောဘဲနေခဲ့ခြင်း ဖြစ်သည်။ ယခု မြင်တွေ့နေရသည့် အခြေအနေများအရ ရလဒ်မှာ သူမ စိတ်ကူးထားသည်ထက်ပင် ပို၍ ကောင်းမွန်နေခဲ့လေသည်။
ဆက်ရန်...
***