လော်ယွမ်၏ အမြင်တွင်တော့ ဤစစ်သင်္ဘောသစ်ကြီးက လူဦးရေ ပိုမိုများပြားစွာ လက်ခံနိုင်စွမ်းရှိခြင်းသည်သာ အရေးအကြီးဆုံးအချက် ဖြစ်နေပေသည်။ ထိုပမာဏက မှန်းဆထားသည်ထက်ပင် အလွန်များပြားနေသည်။
လူငါးသန်းဆိုသည်မှာ ပြောနေစရာပင် မလိုတော့ချေ။ လက်ရှိ မိခင်ယာဉ်ကြီး၏ လူဦးရေ သိပ်သည်းဆကို စံထားကြည့်လျှင်ပင် လူသန်းတစ်ထောင်ခန့်ကို အေးဆေးစွာ နေရာချထားပေးနိုင်သည်။
အထပ်မြင့် အဆောက်အအုံများက လူဦးရေ အမြောက်အမြားကို နေရာချထားရန် အကောင်းဆုံး လက်နက်တစ်ခု ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
မြို့ငယ်တစ်မြို့စာမျှသာ ရှိသော ဧရိယာလေးတစ်ခုကပင် ကမ္ဘာမပျက်မီက တရုတ်နိုင်ငံ၏ စုစုပေါင်း လူဦးရေနီးပါးကို နေရာချထားပေးနိုင်သည့် အံ့ဖွယ်ရလဒ်ကို ဖန်တီးပေးနိုင်သည်။
သို့သော် လူသားများ၏ လက်ရှိ တိုးပွားနှုန်းအရဆိုလျှင် ဤယာဉ်ပျံကြီး ပြည့်သွားစေရန် ရာစုနှစ်ပေါင်းများစွာ အချိန်ယူရဦးမည်ဟု ခန့်မှန်းရသည်။
လွန်ခဲ့သော နှစ်များအတွင်း ဗိုရှင်းမိခင်ယာဉ်ပျံကြီး၏ လျှို့ဝှက် စမ်းသပ်စက်ရုံများတွင် လူသားကိုယ်ပွား ဖန်တီးခြင်း လုပ်ငန်းများကို ရပ်နားခဲ့ခြင်း မရှိပေ။ ထုတ်လုပ်မှု ပမာဏကိုသာ အနည်းငယ် လျှော့ချခဲ့ခြင်း ဖြစ်သည်။
ဆယ်နှစ်တာ ကာလအတွင်း လူသားဦးရေမှာ သန်းနှစ်သန်းခန့် တိုးလာခဲ့ပြီး စုစုပေါင်း လူဦးရေ ရှစ်သန်းအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုသို့ဖြစ်ရခြင်းမှာ ကိုယ်ပွားများကို ပိုမို မဖန်တီးနိုင်၍ မဟုတ်သလို လျှို့ဝှက်ချက် ပေါက်ကြားသွားမည်ကို စိုးရိမ်၍လည်း မဟုတ်ပေ။
ကလေးထိန်းများနှင့် ဆရာဆရာမ အရေအတွက် ပြင်းထန်စွာ ရှားပါးနေခြင်းကြောင့်သာ ဖြစ်သည်။
အိပ်စက်ခြင်းမရှိဘဲ နိုးကြားနေသူ အရေအတွက်မှာ အလွန်နည်းပါးလွန်းလှပြီး စုစုပေါင်းမှ ငါးသိန်းပင် မပြည့်ချေ။ ထိုအထဲမှ အများစုမှာလည်း သိပ္ပံနှင့် သုတေသန ပညာရှင်များသာ ဖြစ်ကြသည်။
သီးသန့် ကလေးထိန်းဝန်ထမ်း အရေအတွက်မှာ သုံးသောင်းကျော်မျှသာ ရှိသည်။ မည်သို့ပင်ဆိုစေ ကိုယ်ပွားလူသားများဆိုသည်မှာ စက်ရုံထုတ် ကုန်ပစ္စည်းများ မဟုတ်ကြပေ။
ထို့အပြင် လော်ယွမ်၏ အစွမ်းထက်သော ကိုယ်ပွားများကဲ့သို့ အာဟာရရည်ထဲမှ ထွက်လာသည်နှင့် လျစ်လျူရှုထား၍ ရသည်မျိုးလည်း မဟုတ်ချေ။
မွေးကင်းစ ကိုယ်ပွားကလေးငယ်များမှာ အလွန် နုနယ်ပျော့ပျောင်းလှသည်။ သာမန်လူများနှင့် သိပ်ပြီး ကွာခြားမှုမရှိဘဲ အနည်းငယ်မျှသာ ပို၍ ကျန်းမာကြံ့ခိုင်ကြသည်။
အစာကျွေးခြင်းမှအစ အညစ်အကြေး စွန့်ခြင်းအဆုံး အရာအားလုံးကို ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးမည့်သူ လိုအပ်ပေသည်။
အသက် ခြောက်လပြည့်ပြီးချိန်မှသာ သူတို့က သာမန်ထက် ထူးခြားသော စွမ်းရည်များကို စတင်ပြသလာကြသည်။
ကိုယ်တိုင် လမ်းလျှောက်လာနိုင်သလို စကားပြောရန်လည်း သင်ယူတတ်မြောက်လာကြသည်။
ဤအချိန်သို့ ရောက်ရှိသွားပါက သူတို့ကို အနီးကပ် ဂရုစိုက်ပေးရန် သိပ်မလိုအပ်တော့ချေ။
ဤကိုယ်ပွားကလေးငယ်များကို ပုံရိပ်ယောင်ကမ္ဘာထဲတွင် တွေ့မြင်ခွင့် မရှိပေ။ သူတို့အားလုံးက မိခင်ယာဉ်ပျံကြီးပေါ်ရှိ မိဘမဲ့ဂေဟာများတွင်သာ နေထိုင်သင်ကြားကြရပြီး ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဝင်ရောက်လှုပ်ရှားခွင့် မရှိကြချေ။
သူတို့၏ သိမြင်နားလည်နိုင်စွမ်းနှင့် ခွဲခြားဆင်ခြင်နိုင်စွမ်းတို့မှာ ရင့်ကျက်ရန် အလှမ်းဝေးနေသေးသည်။ ပုံရိပ်ယောင်ကမ္ဘာထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်မိပါက လက်တွေ့ကမ္ဘာနှင့် ပုံရိပ်ယောင်ကမ္ဘာကြား ကွာခြားချက်ကို ရောထွေးသွားစေနိုင်ပေသည်။
တကယ်တော့ ကလေးများကို ပြောနေစရာပင် မလိုပေ။ လူကြီးတော်တော်များများပင် ဤသို့သော အခြေအနေမျိုးကို ကြုံတွေ့နေရပြီ ဖြစ်သည်။
ပုံရိပ်ယောင်ကမ္ဘာထဲမှ ထွက်လာတိုင်း သူတို့က ဘဝတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ ခံစားကြရသည်။
သူတို့အတွက်တော့ လက်တွေ့ကမ္ဘာဆိုသည်မှာ ဇီဝကမ္မဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် နေရာတစ်ခုမျှသာ ဖြစ်နေတော့သည်။
သူတို့၏ အချိန်အများစုကို ပုံရိပ်ယောင်ကမ္ဘာထဲတွင်သာ ကုန်ဆုံးစေကြပြီး ထိုနေရာတွင် နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်းနှင့် ပျော်ပါးခြင်းတို့ကို ပြုလုပ်ကြသည်။
မည်သည့်အရာက လက်တွေ့လဲ... မည်သည့်အရာက အတုအယောင်လဲ...။ ပုံရိပ်ယောင်ကမ္ဘာကြီးက တစ်နေ့တခြား ပိုမို လက်တွေ့ကျလာသည်နှင့်အမျှ ဤအဓိပ္ပာယ် ဖွင့်ဆိုချက်များက တဖြည်းဖြည်း ဝေဝါးလာခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ ပုံရိပ်ယောင်ကမ္ဘာထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်း၏ ရှောင်လွှဲ၍မရသော ရလဒ်ဖြစ်သလို နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုလည်း ဖြစ်သည်။
သို့သော် လော်ယွမ်က ဤကိစ္စကို ဝင်ရောက်စွက်ဖက် ပြင်ဆင်လိုစိတ် မရှိပေ။ ထိုသုတေသနပညာရှင်များ၏ အကြီးမားဆုံး တန်ဖိုးမှာ သူတို့၏ ဉာဏ်ပညာကို မြှုပ်နှံပေးဆပ်ခြင်းပင် ဖြစ်သည်။
သူတို့ မည်သည့်နေရာမှာ အလုပ်လုပ်သည်ဖြစ်စေ အလုပ်ကို မထိခိုက်သရွေ့ အရာအားလုံးက အဆင်ပြေနေမည်သာ ဖြစ်သည်။
ဤစစ်သင်္ဘောသစ်ကြီးက မည်မျှပင် အစွမ်းထက်ပြီး ခေတ်မီနေပါစေ လက်ရှိ လူသားများအတွက်တော့ ဘာအသုံးမှ မဝင်သေးပေ။
လူသားများက ဟောင်းနွမ်းနေပြီဖြစ်သော ဤဗိုရှင်းမိခင်ယာဉ်ပျံကြီးထဲတွင်သာ ဆက်လက်နေထိုင်ရဦးမည်ဖြစ်ပြီး နည်းပညာ စမ်းသပ်မှုများကိုလည်း ပုံရိပ်ယောင်ကမ္ဘာထဲတွင်သာ ပြုလုပ်နိုင်သေးသည်။
ဤနေရာက အရှေ့ကိုသွားရန် ရွာမရှိသလို အနောက်ကိုဆုတ်ရန်လည်း စခန်းမရှိပေ။ မှောင်မိုက်နေသော အာကာသဟင်းလင်းပြင်ကြီးသာရှိပြီး သယံဇာတ ဟူ၍ တစ်စက်ကလေးမျှပင် မရှိချေ။
ကံကောင်းထောက်မစွာဖြင့် ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်လုံးကို တွေ့ရှိခဲ့လျှင်တောင်မှ ပေါင်ချိန် ဘီလီယံပေါင်းများစွာ အလေးချိန်ရှိသော ဧရာမ အာကာသယာဉ်ကြီး တစ်စီးကို တည်ဆောက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
ဤအရာကြီးကို တည်ဆောက်ရန်အတွက် ဂြိုဟ်တစ်လုံးလုံးကို သတ္တုတွင်းအဖြစ် အသုံးပြုရမည် ဖြစ်သည်။ ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်လုံး၊ နှစ်လုံးမျှဖြင့် လုံလောက်မည် မဟုတ်ချေ။
ထို့ကြောင့် ဘားနတ် ကြယ်အဖွဲ့အစည်းသို့ ရောက်ရှိသွားမှသာ တည်ဆောက်ရေး လုပ်ငန်းများကို အမှန်တကယ် စတင်နိုင်မည် ဖြစ်သည်။
ထိုနေရာသို့ ရောက်ရန်အတွက်လည်း ဆယ်နှစ်ကျော်ကြာ ခရီးနှင်ရဦးမည် ဖြစ်သည်။
သို့သော် ဆယ်နှစ်ကျော် ကြာပြီးနောက်တွင် လူသားများ၏ နည်းပညာ တိုးတက်မှု အဟုန်အရဆိုလျှင် ဤကဲ့သို့သော အာကာသယာဉ်မျိုးကို အရေးလုပ်တော့မည် မဟုတ်ပေ။
ဤယာဉ်ပျံကြီးက ပုံကြမ်းစာရွက်ပေါ်တွင်သာ ကျန်ရစ်ရမည့် ကံကြမ္မာရှိပြီး နောင်တွင် ၎င်း၏ ခမ်းနားကြီးကျယ်မှုများကို ပုံရိပ်ယောင်ကမ္ဘာထဲတွင်သာ လေ့လာရှုစားနိုင်တော့မည် ဖြစ်သည်။
ယာဉ်ပျံကို လေ့လာကြည့်ရှုပြီးနောက် သူတို့အဖွဲ့က ယာဉ်ပျံငယ်လေးကို စီးနင်းကာ နောက်တစ်နေရာသို့ ဆက်လက် ထွက်ခွာလာခဲ့ကြသည်။
ဤနေရာရှိ အာကာသဟင်းလင်းပြင်ကြီးက လူသားတို့၏ စစ်ရေးစွမ်းအားများကို စမ်းသပ်ရာ နေရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ယာဉ်ပျံများနှင့် စက်ရုံများအပြင် ထူးဆန်းအံ့ဩဖွယ်ကောင်းသော အာကာသ ကာကွယ်ရေး လက်နက်များစွာလည်း လွင့်မျောနေကြသည်။
"ဒီဟာက ကောင်းကင်ဒိုင်းလွှာ လက်နက်သုတေသနဌာနက ဒီဇိုင်းဆွဲထားတဲ့ လက်နက်တပ်ဆင်ထားတဲ့ ဂြိုဟ်တု ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ"
"သူ့ရဲ့အလေးချိန်က ပေါင် ဘီလီယံ ၆၀၀ ကျော်လောက် ရှိတယ်... ဧရာမ အနုမြူ ပေါင်းစပ်ဖို ဆယ်လုံး... ဂမ်မာရောင်ခြည် အမြောက်တစ်လက်နဲ့ အမြန်ပစ် လျှပ်စစ်သံလိုက် အမြောက် ၁၂ လက် ပါဝင်တဲ့ ကာကွယ်ရေး စနစ်တစ်ခု ပိုင်ဆိုင်ထားတယ်"
"ပစ်မှတ်တွေကို အသိဉာဏ်တုနဲ့ ဖမ်းယူနိုင်ပြီး အစုံလိုက်ဆိုရင် ဂြိုဟ်တုပေါင်း တစ်သောင်းရှစ်ထောင် ပါဝင်မှာဖြစ်လို့ ဂြိုဟ်တစ်စင်းလုံးကို လွှမ်းခြုံထားနိုင်မှာပါ"
ကောင်းကင်ဒိုင်းလွှား လက်နက်ဒီဇိုင်းဌာနသည် အာကာသ ကာကွယ်ရေး လက်နက်များကို သီးသန့် ဒီဇိုင်းဆွဲပေးသော အကြီးဆုံး သုတေသန ဌာနများထဲမှ တစ်ခုဖြစ်သည်။
ဤနေရာရှိ အာကာသ ကာကွယ်ရေး လက်နက် သုံးပုံနှစ်ပုံခန့်ကို သူတို့ကသာ ဒီဇိုင်းဆွဲပေးထားခြင်း ဖြစ်သည်။
ယခုတစ်ခေါက် လော်ယွမ်နှင့် ခေါင်းဆောင်အဖွဲ့က အာကာသ ကာကွယ်ရေး ကိစ္စရပ်များကို လာရောက်စစ်ဆေးမည်ဖြစ်ရာ ဌာနမှူးဖြစ်သူက အစွမ်းကုန် ကြိုးစားကာ သေသေချာချာ ရှင်းပြနေခြင်း ဖြစ်သည်။
သို့သော် လော်ယွမ်က ထိုကိန်းဂဏန်းများကို ကြားလိုက်ရချိန်တွင် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ပေါင် ဘီလီယံ ၆၀၀ ကျော်... အရေအတွက်ကလည်း တစ်သောင်းကျော်ဆိုတော့ ဒီလောက် သယံဇာတ ကုန်ကျစရိတ်ကို ကျုပ်တို့ တတ်နိုင်ပါ့မလား"
"အဲဒါက..."
ဒီဇိုင်းဌာနမှူး၏ မျက်နှာပေါ်တွင် အခက်တွေ့သွားသော အမူအရာများ ပေါ်လွင်သွားသည်။
"အဲဒါက လူငယ်တချို့ ဒီဇိုင်းဆွဲထားတာပါ... ကျွန်တော်တို့ ချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်"
"ဒီဇိုင်းဆွဲတဲ့အခါ ရဲရဲဝံ့ဝံ့ လုပ်လို့ရတယ်... ဒါပေမဲ့ သီအိုရီနဲ့ လက်တွေ့ကိုလည်း ချိတ်ဆက်ရမယ်... လက်တွေ့ကမ္ဘာက ပုံရိပ်ယောင်ကမ္ဘာ မဟုတ်ဘူး... တူးဖော်ဖို့ သယံဇာတ အဲဒီလောက် အများကြီး မရှိဘူး"
လော်ယွမ်က လေးနက်သော လေသံဖြင့် သတိပေးလိုက်သည်။
"မြို့တော်ဝန် ပြောတာ မှန်တယ်... အဲဒါကိုပဲ ကျွန်တော်လည်း ပြောချင်နေတာ... ဒီနှစ်တွေထဲမှာ စက်မှုနဲ့ စစ်ဘက်ဆိုင်ရာ ဒီဇိုင်းဌာနတွေက ဒီဇိုင်းဆွဲရင် ပိုပိုပြီး ရဲတင်းလာကြတယ်"
"ကြီးလေလှလေ များလေကောင်းလေဆိုတဲ့ အယူအဆကို ကိုင်စွဲထားကြတာ... တလောက ပေတစ်ထောင်ကျော် မြင့်တဲ့ စက်ရုပ်ကြီးဆိုရင် ကျွန်တော်တောင် တော်တော်လေး လန့်သွားတာ... အဲဒီလောက် ကြီးမားမြင့်မားနေတော့ ဘာအသုံးကျမှာလဲ"
"တကယ်တမ်း စစ်ဖြစ်လာရင် အာကာသ တိုက်လေယာဉ်လောက်တောင် အသုံးဝင်မှာ မဟုတ်ဘူး... ဒီလို အလေ့အထမျိုးကို ကျွန်တော်တို့ တားဆီးသင့်ပြီ ထင်တယ်"
သူ့ဘေးနားရှိ ပိကျန့်ဖိန်ကလည်း ချက်ချင်း ထောက်ခံပြောဆိုလိုက်သည်။
အထက်လူကြီး နှစ်ဦး၏ ဆက်တိုက် ဝေဖန်မှုကြောင့် သုတေသန ဌာနမှူးခမျာ ချွေးပြန်သွားခဲ့ပြီး ဘာမှပင် ပြန်လည် မချေပရဲတော့ချေ။
"ဒါက တော်သေးတာပေါ့... အရင်က တည်ဆောက်မယ့် စစ်သင်္ဘောရဲ့ ပထမဆုံး ဒီဇိုင်းမူကြမ်း အလေးချိန်က ဘယ်လောက်ရှိလဲဆိုတာ ခင်ဗျားတို့ လုံးဝ တွေးမိမှာ မဟုတ်ဘူး... ပေါင်ချိန် ထရီလီယံ ၆၀၀ ကျော်လေ... ဒီလူတွေ ဘာတွေ တွေးနေကြတာလဲ"
ထျန်ကျင်းဖိန်က အေးအေးဆေးဆေး လူကြီးတစ်ဦးကဲ့သို့ ပြုံးရွှင်စွာ ပြောလိုက်သည်။ သို့သော် တကယ်တမ်းတွင် သူသည် အပြင်ပိုင်း၌ တင်းမာခက်ထန်သူ တစ်ဦးဖြစ်သည်။
စက်မှုဝန်ကြီးဌာန၏ တာဝန်ခံ အကြီးအကဲ တစ်ဦးအနေဖြင့် သူ၏ လုပ်ဟန်များက အလွန် တင်းကျပ်ပြီး ပြတ်သားလှသည်။
သာမန် လက်အောက်ငယ်သားများဆိုလျှင် သူ၏ရှေ့တွင် အသက်ကိုပင် ပြင်းပြင်း မရှူရဲကြပေ။
လော်ယွမ်က ပြုံးလိုက်သည်။
"သူတို့ရဲ့ ပုံရိပ်ယောင်ကမ္ဘာ အသုံးပြုခွင့်က နည်းနည်း မြင့်လွန်းနေတယ်... ပြန်ပြီး ချိန်ညှိဖို့ လိုနေပြီထင်တယ်"
"အကန့်အသတ်မရှိ သယံဇာတ ထောက်ပံ့မှုက သိပ္ပံသုတေသန စွမ်းဆောင်ရည်ကို မြန်ဆန်စေပေမဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို လမ်းမှားရောက်သွားစေနိုင်တယ်"
"ဘားနတ် ကြယ်အဖွဲ့အစည်းက သယံဇာတ ရှားပါးပြီး တူးဖော်ဖို့လည်း ခက်ခဲတယ်... ဒီအတိုင်း ဆက်သွားနေရင် တစ်ချိန်ချိန်မှာ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပြင်းပြင်းထန်ထန် ကန့်သတ်ခံရလိမ့်မယ်"
ဤသည်မှာ ထင်ကြေးပေးနေခြင်း မဟုတ်ဘဲ လက်တွေ့ အမှန်တရားပင် ဖြစ်သည်။ ယာဉ်ပျံမှ ထောက်လှမ်းရရှိသော အချက်အလက်များအရ ဤကြယ်အဖွဲ့အစည်းအတွင်းရှိ ကျောက်သားဂြိုဟ်ဆို၍ နှစ်လုံးမျှသာ ရှိပြီး ကျန်ရှိနေသည်များမှာ ဓာတ်ငွေ့ဂြိုဟ်များသာ ဖြစ်ကြသည်။
ထို့အပြင် ထိုကြယ်မှာလည်း ကြယ်ပုနီအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အလင်းရောင် ထုတ်လွှတ်မှုမှာ အလွန် မှေးမှိန်အားနည်းနေသည်။
ထို့ကြောင့် ဤဂြိုဟ်များ၏ မျက်နှာပြင်ပေါ်တွင် အလွန်ထူထဲသော ရေခဲလွှာများ ဖုံးလွှမ်းနေသည်။
ထိုရေခဲလွှာများသည် ကမ္ဘာမြေပေါ်ရှိ ပါးလွှာသော ရေခဲလွှာမျိုး မဟုတ်ဘဲ ပေ သောင်းချီ သို့မဟုတ် ပေ သိန်းချီ အထူရှိသော ရေခဲလွှာကြီးများ ဖြစ်သည်။
ရယူရန် လွယ်ကူသော ရေအရင်းအမြစ်များမှလွဲ၍ အခြားသော သယံဇာတများကို တူးဖော်ရန်မှာ အလွန် ခက်ခဲရှုပ်ထွေးပြီး အချိန်ကုန် လူပန်းဖြစ်စေမည့် ကိစ္စဖြစ်သည်။
ပို၍ ဆိုးရွားသည်မှာ လူသားများအနေဖြင့် ကျောက်သားဂြိုဟ်များဟု ထင်ရသော ဂြိုဟ်များသည် အမှန်တကယ်တွင် ဓာတ်ငွေ့ သို့မဟုတ် အရည်များ ဖြစ်နေနိုင်ခြေကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။
အကယ်၍ ထိုအချက်သာ မှန်ကန်နေခဲ့ပါက လူသားများအတွက်တော့ သေချာပေါက် သတင်းဆိုးကြီး တစ်ခုပင် ဖြစ်လာပေလိမ့်မည်။
အမှန်တကယ်တွင် ဤကိစ္စမျိုး ဖြစ်လာရန် အလားအလာ နည်းပါးလှသည် မဟုတ်ပေ။ ထိုကြယ်အဖွဲ့အစည်း၏ အပူချိန်မှာ အလွန်အမင်း နိမ့်ကျလွန်းလှသည်။
အကယ်၍ သာမန် ဓာတ်ငွေ့ဂြိုဟ်တစ်လုံး၏ ဒြပ်ထုသည် အလိုအလျောက် အပူထုတ်လွှတ်နိုင်လောက်အောင် မကြီးမားပါက ရေခဲသွားနိုင်ခြေ ရှိသည်။
အဘယ်ကြောင့်ဆိုသော် မီသိန်းဖြစ်စေ၊ ဟိုက်ဒရိုဂျင်ဖြစ်စေ ပကတိသုညနှင့် နီးကပ်နေသော အလွန်အမင်း အေးခဲသည့် အပူချိန်ကို ခံနိုင်ရည် မရှိသောကြောင့်ပင် ဖြစ်သည်။
ဆက်ရန်...
***