ယခုအချိန်တွင် လော်ယွမ်၏ မျက်ဝန်းများက ခံစားချက်ကင်းမဲ့နေပြီး သက်ရှိဝေနေယျအားလုံးကို အထက်စီးမှ ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးနှင့် တူလှသည်။
အရာအားလုံးကို သိမြင်နိုင်စွမ်း၊ စွမ်းဆောင်နိုင်စွမ်းရှိသည့် ခံစားချက်မျိုးက သူ့အလိုလို ပေါ်ပေါက်လာကာ သူ၏ကိုယ်ပေါ်မှ လူသားမဟုတ်သော အငွေ့အသက်များက ပိုမိုထင်ရှားလာ၏။
သူ၏ ဧရာမခန္ဓာကိုယ်ကြီးကို မရေမတွက်နိုင်သော အပျက်အစီးများနှင့် အကျိုးအပဲ့များက ကွယ်ဝှက်ထားသော်လည်း သူ၏ အာရုံခံနိုင်စွမ်းကိုမူ မဟန့်တားနိုင်ပေ။
ဤနေရာသာမက ယာဉ်ပျံကြီးတစ်ခုလုံးတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို သူ၏စိတ်ထဲ၌ အစအနမကျန် ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရသည်။
သူ၏ ဖိအားပေးမှုအောက်တွင် အစောင့်တပ်ခွဲမှ စစ်သားများ တစ်ယောက်ပြီးတစ်ယောက် သတိလစ်မေ့မြောသွားကြသည်ကို သူ မြင်တွေ့လိုက်ရ၏။
အဆောက်အအုံတစ်ခုလုံးကို စစ်သားအမြောက်အမြားက လေဝင်ပေါက်မရှိအောင် တင်းကျပ်စွာ ဝိုင်းရံပိတ်ဆို့ထားသည်ကိုလည်း သူ မြင်တွေ့လိုက်ရသည်။
ပိကျန့်ဖိန်က ရုံးခန်းထဲတွင် ဆုံးဖြတ်ချက်မချနိုင်ဘဲ တွေဝေတုံ့ဆိုင်းနေသည်ကိုလည်း သူ မြင်တွေ့လိုက်ရ၏။
ချန်ရှင်းကျယ်က စစ်သားအချို့အား ဂုဏ်သိက္ခာမငဲ့ဘဲ ငိုယိုဆဲဆိုကာ အတင်းဝင်ရောက်ရန် ကြိုးစားနေသော်လည်း ဘာမှမတတ်နိုင်ဖြစ်နေသည်ကိုလည်း သူ မြင်တွေ့လိုက်ရသည်။
ထို့ပြင် ပုံရိပ်ယောင်ကမ္ဘာထဲရှိ မရေမတွက်နိုင်သော စက်ရုံများနှင့် သုတေသနခန်းများ၊ ဤကမ္ဘာကြီးကို ဖွဲ့စည်းတည်ဆောက်ထားသည့် ထရီလီယံနှင့်ချီသော အခြေခံကုဒ်များကိုပါ သူ မြင်တွေ့လိုက်ရ၏။
သို့သော်လည်း အရာအားလုံးက သူ၏ စိတ်ထဲတွင် လေပြေလေညင်းလေး တိုက်ခတ်သွားသကဲ့သို့သာ ဖြတ်သန်းသွားပြီး သူ၏ စိတ်ခံစားမှုကို အနည်းငယ်မျှပင် မလှုပ်ခတ်စေနိုင်ပေ။
တဖြည်းဖြည်းနှင့် သူက ပိုမိုခမ်းနားကြီးကျယ်သော ကမ္ဘာတစ်ခုဆီသို့ ချဉ်းကပ်သွားလေသည်။ ဤကမ္ဘာသည် အဆုံးအစမရှိ ဟာလာဟင်းလင်းဖြစ်နေသော ကမ္ဘာတစ်ခုဖြစ်ပြီး သုံးဘက်မြင်ကမ္ဘာဆိုသည်မှာ ဤကမ္ဘာ၏ အပြင်ဘက်ဆုံး အလွှာပါးလေးတစ်ခုမျှသာ ဖြစ်သည်။
ထိုကမ္ဘာကြီးကို ကြည့်ရင်း လော်ယွမ်၏ ငြိမ်သက်နေသော စိတ်နှလုံးထဲတွင် ရုတ်တရက် တွန်းအားတစ်ခု ပေါ်ပေါက်လာခဲ့၏။
အစပိုင်းတွင် ဤတွန်းအားက ရှိသလိုလို မရှိသလိုလိုသာ ဖြစ်သော်လည်း စိတ်ကူးပေါ်လာသည်နှင့် တစ်ပြိုင်နက် ခြောက်သွေ့နေသော ထင်းကို မီးပွားကျသွားသကဲ့သို့ ရုတ်ချည်း ပြင်းထန်ရှင်းလင်းလာတော့သည်။
သူ ထိုနေရာသို့ သွားရမည်... ထိုကမ္ဘာကသာလျှင် သူ၏ နောက်ဆုံး ခိုလှုံရာဖြစ်ပေသည်။
သူ့ထံတွင် ပြင်းပြသော ဆန္ဒတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ဤအခိုက်အတန့်တွင် ဆဲလ်များအားလုံးက သူ၏ စိတ်ကူးနှင့် ထပ်တူကျစွာ တုန်ခါသွားကြသည်။
သူ၏ ခန္ဓာကိုယ်ကြီးက ရုတ်တရက် နောက်တစ်ဆ ထပ်မံကြီးမားလာပြီး အရပ်အမြင့် ၆၅ ပေခန့်အထိ ရောက်ရှိသွားလေပြီ။
သူ၏ ကိုယ်ပေါ်တွင် ရောင်စုံစွမ်းအင်များက ထူထပ်စွာ ရစ်သိုင်းနေပြီး ခန္ဓာကိုယ်မှာလည်း တစ်ခါတစ်ရံ တောက်ပလိုက်၊ တစ်ခါတစ်ရံ မှေးမှိန်လိုက် ဖြစ်လာကာ နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်သော အသွင်ကို ဆောင်နေပေသည်။
သူ၏ ကိုယ်ပေါ်ရှိ စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ အမှောင်စွမ်းအင်များ စိမ့်ထွက်လာခြင်း ဖြစ်သည်။
(အမှောင်စွမ်းအင်ဆိုတာ အခုလက်ရှိ သိပ္ပံပညာရှင်တွေ ရှာတွေ့ထားတယ်ဆိုတဲ့ Dark Matter လို့ခေါ်တဲ့ စွမ်းအင်ဖြစ်ပါတယ်။ ဒီ Dark Matter က သီအိုရီတစ်ခုမဟုတ်ပဲ တစ်ကယ် သိပ္ပံနည်းကျ သက်သေတွေနဲ့ ရှာတွေ့ထားတဲ့အရာတစ်ခုဖြစ်ပါတယ်)
သာမန် သဘာဝတရားအရ လေးဘက်မြင်ကမ္ဘာမှ လာသော ဤစွမ်းအင်မျိုးသည် အလွန်မြင့်မားသော အနှစ်သာရရှိပြီး စောင့်ကြည့်၍ မရနိုင်၊ ဖမ်းယူ၍ မရနိုင်သလို အခြားစွမ်းအင်များဖြင့်လည်း ပြောင်းလဲ၍ မရနိုင်ပေ။
သုံးဘက်မြင်ကမ္ဘာနှင့် လုံးဝ ရောယှက်နိုင်မည် မဟုတ်ချေ။ သို့သော်လည်း တစ်ဝက်တစ်ပျက် လေးဘက်မြင်ဖြစ်တည်မှု ရှိနေသော လော်ယွမ် ရှိနေခြင်းကြောင့် သုံးဘက်မြင်နှင့် လေးဘက်မြင်ကြားတွင် တံတားတစ်စင်း ထိုးလိုက်သကဲ့သို့ ဖြစ်သွားကာ ထိုနှစ်ခုကို ဆက်သွယ်ပေးလိုက်ခြင်းပင်။
၎င်းက အမှောင်စွမ်းအင်များကို လေးဘက်မြင်ကမ္ဘာမှ လျှောကျလာစေပြီး အတိုင်းအတာတစ်ခုအထိ လျော့ကျသွားစေသည်။
အတိုင်းအတာတစ်ခုအထိ လျော့ကျသွားသော်လည်း ဤစွမ်းအင်က ကြောက်မက်ဖွယ် ကောင်းနေဆဲပင်။ အနည်းငယ်မျှ စိမ့်ထွက်လာရုံဖြင့် လက်တွေ့ကမ္ဘာတွင် လှိုင်းဂယက်များ ဖြစ်ပေါ်စေပြီး လေဟာနယ်ကိုပင် တဖြည်းဖြည်း လွှမ်းမိုးနိုင်စွမ်း ရှိသည်။
...
အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားကာ အခြေအနေက ပိုမိုဆိုးရွားလာခဲ့သည်။
သတင်းရရှိသော အဆင့်မြင့် အရာရှိများ ပိုမိုရောက်ရှိလာကြသော်လည်း အောက်ထပ်တွင် အားလုံး တားဆီးခံထားရ၏။ ကံကောင်းသည်မှာ ယခုအချိန်အထိ လက်နက်ကိုင် ထိပ်တိုက်ရင်ဆိုင်မှုမျိုး မဖြစ်ပွားသေးခြင်းပင်။ အနည်းဆုံးတော့ အခြေအနေ မရှင်းလင်းသေးခင်မှာ ဘယ်သူကမှ ထိပ်တိုက်မရင်ဆိုင်ရဲကြပေ။
ထိုစဉ် လေးဘက်မြင် အာရုံခံစားမှုထဲတွင် နစ်မြောနေသော လော်ယွမ်က ရုတ်တရက် ရင်ထဲတွင် ဟာကျသွားသလို ခံစားလိုက်ရသည်။
လေးဘက်မြင်ကမ္ဘာက မျက်စိရှေ့မှ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သုံးဘက်မြင်ကမ္ဘာသို့ ပြန်လည်ရောက်ရှိသွား၏။
လေးဘက်မြင်ကမ္ဘာကို သူ ဆက်လက်မြင်တွေ့နေရဆဲ ဖြစ်သော်လည်း ယခင်ကဲ့သို့ လက်တစ်ကမ်းတွင် ရှိမနေတော့ပေ။
"တစ်လှမ်းလေးပဲ လိုတော့တာကို... နောက်ဆုံးတော့လည်း အခြေခံက မလုံလောက်သေးလို့ လေးဘက်မြင်ကမ္ဘာကို ကူးပြောင်းလို့ မရသေးတာပဲ"
သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ရင်ထဲတွင် နောင်တအနည်းငယ် ဖြစ်ပေါ်လာသည်။ သို့သော် ချက်ချင်းဆိုသလိုပင် သူက သတိဝင်လာပြီး ထိတ်လန့်သွားလေ၏။
"မဖြစ်နိုင်တာ... ငါက ဘယ်လိုလုပ် လေးဘက်မြင်ကမ္ဘာထဲ အရမ်းဝင်ချင်စိတ် ဖြစ်သွားတာလဲ"
လော်ယွမ်၏ မျက်နှာက တည်တင်းသွားပြီး စိတ်ထဲတွင် အံ့ဩထိတ်လန့်သွားသည်။
တကယ်တမ်းတွင် ဤသည်မှာ လူ့သဘာဝနှင့် နတ်ဘုရားသဘာဝတို့ကြားမှ ပဋိပက္ခနှင့် ဆန့်ကျင်ဘက်ဖြစ်မှုပင်။
နတ်ဘုရားသဘာဝက သက်ရှိဝေနေယျများကို အထက်မှနေ၍ ငုံ့ကြည့်တတ်သော်လည်း လူ့သဘာဝကမူ ထိုအထဲတွင် ပါဝင်နေသည်။
၎င်းတို့၏ ရည်မှန်းချက်များက မတူညီသလို အဆင့်အတန်းလည်း မတူညီပေ။ ထို့ကြောင့် တွေးခေါ်ပုံနည်းစနစ်များလည်း သဘာဝကျကျ ကွဲပြားနေခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်က အသေအချာ စဉ်းစားရမည့်အချိန် မဟုတ်သည်မှာ ရှင်းလင်းလှသည်။ လော်ယွမ်ကလည်း သိပ်မတွေးတော့ဘဲ သူ၏ ကိုယ်ပတ်ဝန်းကျင်တွင် လွင့်မျောနေဆဲဖြစ်သော အပျက်အစီးများနှင့် ဖရိုဖရဲဖြစ်နေသော ပျက်စီးမှုမြင်ကွင်းကို တစ်ချက်ကြည့်လိုက်သည်။
ရင်ထဲမှ အတွေးများကို ဖိနှိပ်လိုက်ပြီး သူ၏ စိတ်အာရုံကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် မရေမတွက်နိုင်သော အပျက်အစီးများက လေထဲတွင် ရုတ်တရက် ရပ်တန့်သွားကြသည်။
ဟမ်... စိတ်စွမ်းအားက ဘယ်တုန်းက ဒီလောက်အထိ အားကောင်းသွားတာလဲ... သူ၏ စိတ်ထဲတွင် အတွေးတစ်ချက် ဖြတ်ပြေးသွားပြီးနောက် အမိန့်ပေးလိုက်သည်။
"တပ်ရင်းမှူးတုန်း... လူအားလုံးကို ခေါ်ပြီး ထွက်သွားလိုက်တော့"
ကြီးကျယ်ခမ်းနားသော အသံကြီးက ပဲ့တင်ထပ်နေသကဲ့သို့ နားထဲနှင့် ရင်ဘတ်ထဲမှ ထွက်ပေါ်လာပြီး လူအများစုမှာ အသံနှစ်ထပ်ကြားလိုက်ရသလို ခံစားလိုက်ရသည်။
အမှန်တကယ်တော့ ဤနေရာရှိ စစ်သားများ၊ အောက်ထပ်သို့ ရောက်ရှိလာသော အဆင့်မြင့် အရာရှိများသာမက လူမှုစောင့်ရှောက်ရေးဂေဟာမှ ကလေးငယ်များ၊ အရန်အဆောက်အအုံတွင် အိပ်မောကျနေသော ပြည်သူများနှင့် ယာဉ်ပျံကြီး၏ နေရာအနှံ့အပြားတွင် ရှိနေသူများအားလုံး ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရခြင်း ဖြစ်သည်။
အစောင့်တပ်ရင်းမှူးမှာ ထိုအသံကြောင့် ဦးနှောက်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားလေသည်။ ရုပ်ဝတ္ထုအားလုံး လည်ပတ်မှု ရပ်တန့်သွားသည်နှင့်အမျှ ဧရာမကိုယ်လုံးကြီးတစ်ခု တင်ပျဉ်ခွေထိုင်နေသည်ကို သူ ဝေဝေဝါးဝါး မြင်လိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းပြီး ဩဇာတိက္ကမကြီးမားသော မျက်လုံးတစ်စုံက ဖုန်များနှင့် အပျက်အစီးများကြားမှ ဖောက်ထွက်လာကာ သူ၏ ရင်ဘတ်ထဲအထိ ထိုးဖောက်ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ထပ်မကြည့်ရဲတော့ဘဲ ခေါင်းကို ကမန်းကတမ်း ငုံ့ကာ ရိုသေလေးစားစွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ အကြီးအကဲ"
"အားလုံးပဲ အာရုံစိုက်... ဒဏ်ရာရထားတဲ့သူတွေ အားလုံးကို ခေါ်ပြီး ထွက်သွားကြ... မြန်မြန်လုပ်"
စစ်သားများအားလုံး စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုမှ သတိပြန်ဝင်လာကြပြီး တစ်ကိုယ်လုံး တုန်ယင်သွားကာ သတိလစ်နေသော ရဲဘော်ရဲဘက်များကို အလျင်အမြန် ပွေ့ချီပြီး ဤနေရာမှ အပြေးအလွှား ထွက်ခွာသွားကြသည်။
လေထဲတွင် လွင့်မျောနေဆဲဖြစ်သော စက်ရုပ်ဝတ်စုံအချို့ကို လော်ယွမ်က တံခါးအပြင်ဘက်သို့ မပို့ပေးခဲ့လျှင် ထိုအရာများ ကျန်ရစ်ခဲ့မည်မှာ သေချာလှသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် လူအားလုံး အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြသည်။
လော်ယွမ်က နေရာလွတ်တစ်ခုလုံး နီးပါးကို ပြည့်နှက်နေသည့် သူ၏ ဧရာမကိုယ်လုံးကြီးကို ကြည့်ကာ မျက်နှာက တိတ်ဆိတ်ငြိမ်သက်နေ၏။
သူသာ တင်ပျဉ်ခွေ မထိုင်ထားလျှင် ဤငါးထပ်အမြင့်ရှိသော နေရာလွတ်ကြီးက သူ၏ လက်ရှိ ခန္ဓာကိုယ်ကို လုံးဝ ဆံ့နိုင်မည် မဟုတ်ပေ။
သူ၏ ပတ်ဝန်းကျင်တွင် လေထဲ၌ လွင့်မျောနေဆဲဖြစ်သော အပျက်အစီးများကို သူ သတိပြုမိလိုက်သည်။
လေးဘက်မြင်ကမ္ဘာသို့ ကူးပြောင်းစဉ်က အရာအားလုံးကို တတ်စွမ်းနိုင်သည်ဟူသော ခံစားချက်မျိုးက ရင်ထဲသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာ၏။
ထိုစွမ်းရည်မျိုးက ရှိနေသေးသည်ဟု ခံစားရသဖြင့် ရင်ထဲမှ တွန်းအားအတိုင်း လက်ကို ဖွဖွလေး ဝှေ့ယမ်းလိုက်သည်။
နောက်တစ်ခဏတွင် အချိန်တွေ နောက်ပြန်ဆုတ်သွားသကဲ့သို့ အကျိုးအပဲ့များနှင့် ဖုန်မှုန့်များအားလုံးက နဂိုနေရာသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားကြသည်။
ပျက်စီးသွားသော အထပ်များက လျင်မြန်စွာ ပြန်လည်ပြုပြင်ခံရပြီး စံအိမ်ကြီးကလည်း ပြန်လည်မတ်တတ်ရပ်လာသည်။
ခြေမွခံထားရသော အပင်များပင်လျှင် သေရာမှ ပြန်လည်ရှင်သန်လာ၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက် အရာအားလုံးက ဘာမှမဖြစ်ခဲ့သကဲ့သို့ နဂိုအတိုင်း ပြန်ဖြစ်သွားကာ နတ်ဘုရားများ၏ အံ့ဖွယ်တန်ခိုးတစ်ခုအလား ထင်မှတ်ရပေသည်။
"ဒါက..."
ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ဤအံ့ဖွယ်ဖြစ်ရပ်ကို ကြည့်ကာ လော်ယွမ်ကိုယ်တိုင်ပင် အနည်းငယ် အံ့ဩသွားလေသည်။
သူ၏ စွမ်းအားအဆင့်က အခြေခံကျကျ ပြောင်းလဲသွားပုံရသည်။ စနစ်၏ဇယားကွက်ကို မကြည့်ရသေးလျှင်တောင် ဦးနှောက် လေးဘက်မြင်ပြောင်းလဲခြင်းက ကြီးမားသော ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ခဲ့ပြီကို သူ ခန့်မှန်းနိုင်ပေသည်။
ဤလုပ်ငန်းစဉ်က ပေါ့ပေါ့ပါးပါး လုပ်ဆောင်လိုက်သကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင်မူ အတိုင်းအတာ မသိနိုင်လောက်သော အချက်အလက် တွက်ချက်မှုများနှင့် အလွန်သေးငယ် သိမ်မွေ့သော လုပ်ဆောင်မှုများ ပါဝင်နေသည်။
အပျက်အစီးတစ်ခုစီ၏ အရွယ်အစား၊ ပုံပျက်မှုအခြေအနေ၊ အားမည်မျှသုံးရမည်၊ မူလက မည်သည့်နေရာတွင် ရှိနေခဲ့သည်၊ ပြန်လည်ဆက်စပ်ရာတွင် အက်တမ်အဆင့်အထိ မည်သို့ အသေးစိတ် လုပ်ဆောင်ရမည် စသည်တို့ကို တွက်ချက်ရခြင်း ဖြစ်သည်။
အပျက်အစီးတစ်ခုအတွက် အချက်အလက် တွက်ချက်မှုကပင် သာမန် ကွမ်တမ်ကွန်ပျူတာတစ်လုံးကို ရပ်တန့်သွားစေနိုင်သည်။
ထိုမျှမက ဤနေရာရှိ အပျက်အစီးများမှာ သောင်းနှင့်ချီ၍ ရှိနေပြီး ဖုန်မှုန့်များဆိုလျှင် သန်းနှင့်ချီ၍ ရှိနေပေသည်။
စက္ကန့်အနည်းငယ်အတွင်း ဤမျှ ကြီးမားသော အချက်အလက်များကို တွက်ချက်ရာတွင် သူက အလွန်လွယ်ကူနေပုံရ၏။
သူကိုယ်တိုင်ပင် အားစိုက်ထုတ်၍ တွက်ချက်နေရသည်ဟု မခံစားရဘဲ အရာအားလုံးက ပင်ကိုယ်ဗီဇကဲ့သို့ အလိုအလျောက် ဖြစ်တည်နေခြင်း ဖြစ်သည်။
ဤတွက်ချက်နိုင်စွမ်းက ယနေ့ခေတ် လူသားများ၏ စူပါကွမ်တမ်ကွန်ပျူတာများနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်ပေသည်။
သူက လေထဲမှ တဖြည်းဖြည်း ဆင်းသက်လာပြီး သူ၏ စိတ်ထဲတွင် အတွေးများက လျှပ်တစ်ပြက် ပြေးလွှားနေ၏။
ယခင် လေးဘက်မြင် ကူးပြောင်းမှု လုပ်ငန်းစဉ်အတွင်း လျစ်လျူရှုထားခဲ့မိသော များပြားလှသည့် မှတ်ဉာဏ်များနှင့် သိမြင်နားလည်မှုများက ဒီရေအလား ရင်ထဲမှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကာ ချက်ချင်းပင် စီစဉ်စစ်ထုတ်လိုက်သည်။
တစ်စက္ကန့်အကြာတွင် အချက်အလက် စစ်ထုတ်မှု ပြီးဆုံးသွားလေသည်။ သူက ခေါင်းမော့ကာ အရှေ့ဘက်သို့ ကြည့်လိုက်ရာ မျက်လုံးများက ဝေဝါးဟာလာဟင်းလင်း ဖြစ်သွားပြီး လေးဘက်မြင်ကမ္ဘာက မျက်စိရှေ့တွင် တစ်ဖန် ပြန်လည်ပွင့်ဟလာ၏။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ လက်ပေါ်တွင် အလင်းရောင်များ တောက်ပနေသည်။
လေဟာနယ်က အစပိုင်းတွင် အနည်းငယ် လှိုင်းထနေပြီး လက်ကို ရှေ့သို့ ဆက်လက်ဆန့်ထုတ်လိုက်သည်နှင့်အမျှ တဖြည်းဖြည်း အတွင်းသို့ ချိုင့်ဝင်သွားလေသည်။
ထို့နောက် ကြေးမုံပြင်တစ်ခုထဲသို့ ထိုးသွင်းလိုက်သကဲ့သို့ သူ၏ လက်ချောင်းအချို့မှာ မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီး လေဟာနယ်၏ မျိုချခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။
သူက ငြိမ်သက်စွာ ရပ်နေလိုက်သော်လည်း ငါးစက္ကန့်ပင် မပြည့်သေးခင် ရုတ်တရက် လျှပ်စစ်ရှော့ခ်မိသွားသကဲ့သို့ သူ၏လက်ကို ကမန်းကတမ်း ပြန်ရုပ်လိုက်သည်။
သူ၏ လက်ဖဝါးကို ကြည့်ကာ လော်ယွမ်၏ မျက်နှာက တည်တင်းသွား၏။ လက်ချောင်းအချို့၏ အသားနှင့် သွေးများမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး လက်ဖဝါးနှင့် ဆက်နေသော ဖြူဖွေးသည့် အရိုးအချို့သာ ကျန်ရစ်တော့သည်။
သူ ဂရုစိုက်နေသည်မှာ ဒဏ်ရာကို မဟုတ်ဘဲ လေးဘက်မြင်ကမ္ဘာ၏ အန္တရာယ်ကြီးမားမှုကို ဖြစ်သည်။ သူ့အတွက်တော့ ဤဒဏ်ရာမျိုးက သာမန် ပွန်းပဲ့ဒဏ်ရာလောက်ပင် ဖြစ်သည်။
လက်ဖဝါးကို ကြည့်နေစဉ်မှာပင် လက်ချောင်းများမှ အသားနှင့် သွေးများက လျင်မြန်စွာ ပြန်လည်ပေါက်ဖွားလာပြီး အံ့မခန်း အမြန်နှုန်းဖြင့် နဂိုအတိုင်း ပြန်လည်ကောင်းမွန်လာသည်။
အသက်တစ်ခါရှူစာ အချိန်အကြာတွင်တော့ ယခင်အတိုင်း ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်သည်။ သူက လက်ချောင်းများကို လှုပ်ရှားကြည့်ရင်း ထိုလေးဘက်မြင်ကမ္ဘာ၏ အခြေအနေကို တွေးတောနေမိလေသည်။
ဆက်ရန်...
***