လေဟာနယ်ထဲတွင် ဖြန့်ကျက်ထားသော ဖောက်ထွင်းမြင်ရသည့် အကြည်ရောင်ပူဖောင်းသည် အချင်းအားဖြင့် တစ်မီတာခန့်သာ ရှိသည်။ သို့သော် ထိုပူဖောင်းကို လိုသလို ချဲ့နိုင်ချဲ့နိုင်သည်။ ရေးသားထားချက်များအရ အရွယ်အစား သေးငယ်လေ စွမ်းအား ကြီးမားလေ ဖြစ်သည်။
ပုံမှန်အားဖြင့် ကြယ်တာရာပူဖောင်း၏ အချင်းကို သုံးမီတာခန့်၌ ထိန်းချုပ်ထားခြင်းက အသင့်တော်ဆုံး ဖြစ်သည်။ သို့သော် လင်းဖုန်းသည် အခန်းထဲတွင် ရှိနေသောကြောင့် သုံးမီတာရှိသော ကြယ်တာရာပူဖောင်းမှာ ကြီးလွန်းလှသည်။ ထို့ကြောင့် ကြယ်တာရာပူဖောင်း အသေးစားတစ်ခုကိုသာ စုစည်းခဲ့သည်။
"လှလိုက်တာ..."
လေဟာနယ်ထဲတွင် ဖြန့်ကျက်ထားသော ဖောက်ထွင်းမြင်ရသည့် ကြယ်တာရာပူဖောင်းကို လင်းဖုန်း ကြည့်လိုက်သည်။ အလင်းရောင်အောက်တွင် အလင်းတန်းများ တလက်လက် တောက်ပကာ စီးဆင်းနေသည့် အရိပ်အယောင်များပင် ရှိနေသည်။ ထိုမြင်ကွငိးမှာ အလွန်လှပကာ ညှို့ငင်ဖမ်းစားနိုင်စွမ်း ရှိပေသည်။
လင်းဖုန်းသည် ဤမျှ လှပသော ပူဖောင်းမျိုးကို ယခင်က တစ်ခါမျှပင် မမြင်ဖူးခဲ့ပေ။
သို့သော် ထိုသို့ အာရုံလွင့်သွားမှုကြောင့် လင်းဖုန်းသည် သူ၏ ကြယ်တာရာစွမ်းအားကို ဆက်လက်မထိန်းချုပ်နိုင်တော့ပေ။ ကြယ်တာရာပူဖောင်းမှာ အလွန် မတည်မငြိမ် ဖြစ်လာပြီး အမှန်တကယ်ပင် ပေါက်ကွဲသွားတော့သည်။
"ငါ ကျရှုံးသွားပြီ..."
လင်းဖုန်း နှမြောသွားသည်။ သို့သော် ဤသည်မှာ ကြယ်တာရာပူဖောင်းကို သူ ပထမဆုံးအကြိမ် စုစည်းခြင်းဖြစ်ရာ ၎င်းကို ပုံဖော်နိုင်ရန် စုစည်းနိုင်ခဲ့ခြင်းကပင် အလွန် ကောင်းမွန်နေပြီ ဖြစ်သည်။ ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်ကိုယ်တိုင်က ကျင့်ကြံရန် မရှုပ်ထွေးပေ။ ထိုနည်းစနစ်၏ နောက်ကွယ်ရှိ အခြေခံမူများကို နားလည်ရန်နှင့် ကြယ်တာရာစွမ်းအားကို သေသေချာချာထိန်းချုပ်နိုင်ရန်သာ လိုအပ်သည်။ အဓိကအချက်မှာ တည်ငြိမ်သော ကြယ်တာရာစွမ်းအားသာ ဖြစ်သည်။
သူ ပထမဆုံးအကြိမ် စုစည်းခဲ့သော ကြယ်တာရာပူဖောင်းမှာ မတည်ငြိမ်မှုကြောင့် လွင့်ပါးပျောက်ကွယ်သွားသော်လည်း ၎င်းမှာ လုံးဝ ကျရှုံးသွားခြင်း မဟုတ်ပေ။ အနည်းဆုံးတော့ လင်းဖုန်းတွင် အတွေ့အကြုံတစ်ကြိမ် ရှိနေပြီ ဖြစ်သည်။ နောက်တစ်ကြိမ်တွင်လည်း သူ သေချာပေါက် ထပ်မံ စုစည်းနိုင်ပေလိမ့်မည်။
သို့သော် ဟင်းလင်းပြင်ပူဖောင်းသည် ကြယ်တာရာစွမ်းအား အလွန်များပြားစွာ ကုန်ဆုံးစေသည်။ ခုနက ကြယ်တာရာပူဖောင်း တစ်ခုတည်းကို စုစည်းစဉ်ကပင် လင်းဖုန်းသည် ရှိသမျှစွမ်းအားအားလုံး နီးပါးကို အသုံးပြုခဲ့ရသည်။ သူသည် ကြယ်တာရာစွမ်းအား အမျှင်တန်း ၄၈၀ ကျော် သုံးစွဲခဲ့ရပြီး အမျှင်တန်း ၅၀၀ နီးပါးအထိ ရောက်ရှိကာမှ အောင်မြင်စွာ စုစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သေချာသည်မှာ ထိုနည်းစနစ်ကို သူ ကျွမ်းကျင်လာပါက သေချာပေါက် ထိုထက်ပို၍ စွမ်းဆောင်နိုင်ပေလိမ့်မည်။ လင်းဖုန်းသည် ကြယ်တာရာပူဖောင်း တစ်ခုကို စုစည်းနိုင်ရန် ကြယ်တာရာစွမ်းအား အမျှင်တန်း ၄၀၀ ခန့် အသုံးပြုခဲ့ရသည်။ ထို့ကြောင့် လောလောဆယ်တွင် လင်းဖုန်း ကြယ်တာရာပူဖောင်းကို ဆက်လက်၍ စုစည်းရန် မဖြစ်နိုင်တော့ပေ။ သူ ကြယ်တာရာစွမ်းအားကို ဦးစွာ ပြန်လည်ပြည့်ဖြိုးအောင် လုပ်ရမည် ဖြစ်သည်။
ထို့ကြောင့် လင်းဖုန်းသည် ကြယ်တာရာဝဲဂယက်ကျင့်စဥ်ကို စတင်ကျင့်ကြံကာ သူ့ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားကို လျင်မြန်စွာ ပြန်လည်ပြည့်တင်းလာစေသည်။
နှစ်နာရီ သို့မဟုတ် သုံးနာရီခန့် အကြာတွင် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားမှာ အပြည့်အဝ ပြန်လည်ပြည့်ဖြိုးလာခဲ့သည်။ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကြယ်တာရာစွမ်းအားကို ထပ်မံလှုံ့ဆော်ကာ သူ့ခန္ဓာကိုယ် အပြင်ဘက်ရှိ လေဟာနယ်ထဲတွင် ကြယ်တာရာပူဖောင်း တစ်ခုကို ထပ်မံစုစည်းလိုက်သည်။
ဤတစ်ကြိမ်တွင် လင်းဖုန်းသည် ထိုနည်းစနစ်ကို ရင်းနှီးနေပြီ ဖြစ်သည်။ ထို့အပြင် သူသည် အာရုံစူးစိုက်မှုအားလုံးကို အပြည့်အဝစုစည်းကာ ကြယ်တာရာစွမ်းအားကို တည်ငြိမ်စေသည်။
နောက်ဆုံးတွင် ခမ်းနားလှသော ပူဖောင်းတစ်ခု ပေါ်လာသည်။ ထိုပူပေါင်းသည် အချင်းတစ်မီတာခန့်သာ ရှိနေဆဲဖြစ်ပြီး အလင်းရောင်အောက်တွင် ပုံမှန်ထက်ထူးကဲစွာ လှပနေသည်။ ဤသည်မှာ လင်းဖုန်း ကြယ်တာရာပူဖောင်းကို ဒုတိယအကြိမ် မြင်တွေ့ရခြင်း ဖြစ်သော်လည်း ထိုမြင်ကွင်း၏ ညှို့ငင်ဖမ်းစားမှုကို ခံနေရဆဲပင်။
ကံကောင်းထောက်မစွာဖြင့် လင်းဖုန်းသည် အတွေ့အကြုံရှိနေပြီး သူ၏ ကြယ်တာရာစွမ်းအားကို အချိန်မီ တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ကြယ်တာရာပူဖောင်းသည် မတည်ငြိမ်မှုကြောင့် ပြိုကွဲမသွားခဲ့ပေ။
"အရမ်းလှတဲ့ ပူဖောင်းလေးပဲ။ ရန်သူတွေတောင် ဒါ ပေါ်လာတာနဲ့ ယစ်မူးသွားလိမ့်မယ် မဟုတ်လား"
လင်းဖုန်း ပြုံးလိုက်သည်။ ကြယ်တာရာပူဖောင်းသည် အမြင်မှားခြင်း မဟုတ်သလို ရန်သူများကို ဇဝေဇဝါ ဖြစ်စေရန် အသုံးပြုသည့်အရာလည်း မဟုတ်ပေ။ ထိုပူဖောင်းမှာ လှပသော်လည်း အရာဝတ္ထုတစ်ခုက ပိုလှပလေ ပိုကြောက်စရာ ကောင်းလေပင် ဖြစ်သည်။
လင်းဖုန်းသည် ဟင်းလင်းပြင်ပူဖောင်း၏ စွမ်းအားကိုလည်း စမ်းသပ်ကြည့်လိုသည်။ သူ့ရှေ့တွင် စားပွဲငယ်လေး တစ်လုံး ရှိပြီး အလျား ၁.၂ မီတာခန့်သာ ရှိသည်။ ထို့ကြောင့် လင်းဖုန်းသည် အတွေးတစ်ချက်ဖြင့် ကြယ်တာရာပူဖောင်းကို အနည်းငယ် လျင်မြန်စွာ ကျယ်ပြန့်လာစေရန် ထိန်းချုပ်လိုက်ပြီး ရုတ်တရက် စားပွဲငယ်လေးကို အပြည့်အဝ ဖုံးအုပ်လိုက်သည်။
"ပြိုကွဲစမ်း"
လင်းဖုန်း လုံးဝ မတွန့်ဆုတ်နေပေ။ သူသည် ကြယ်တာရာပူဖောင်းကို ရုတ်တရက် ပြိုကွဲသွားစေရန် ထိန်းချုပ်လိုက်သည်။
ဝူး...
စက္ကန့်ပိုင်းအတွင်းမှာပင် လင်းဖုန်းသည် ကြယ်ပြိုကွဲမှုကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ကြယ်တာရာပူဖောင်း ဖုံးအုပ်ထားသော စားပွဲငယ်လေးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် မည်သည့်အရိပ်အယောင်မျှ မကျန်တော့ဘဲ လုံးဝပျောက်ကွယ်သွားသည်။
ထိုစားပွဲမှာ အမှန်တကယ် ပျောက်ကွယ်သွားပြီး ပြာအဖြစ် လုံးဝပြောင်းလဲသွားသည်။
"ဒါက..."
လင်းဖုန်း၏ နှလုံးသားမှာ တစ်ချက် ခုန်သွားသည်။ ခုနက မြင်ကွင်းသည် အလွန်တရာ တုန်လှုပ်စရာ ကောင်းလွန်းလှသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ကြယ်တာရာပူဖောင်း လျင်မြန်စွာ ပြိုကွဲသွားပြီး အမည်းစက်လေး တစ်ခု ဖြစ်ပေါ်လာကာ လုံးဝ ပျောက်ကွယ်သွားသည်။
ဘာမှ ကျန်မနေခဲ့ပေ။ ဤသို့ဖြင့် ဒြပ်ရှိသော စားပွဲမှာ မည်သည့်အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်။
လင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ စားပွဲက အကြောင်းရင်းမရှိဘဲ ပျောက်ကွယ်သွားရန် မဖြစ်နိုင်ပေ။ သူ အနီးကပ် သွားကြည့်လိုက်သည်။ လွှစာမှုန့်ကဲ့သို့ ထူးဆန်းသော အနံ့တစ်ခုကို သူ ရလိုက်သည်။
"သစ်သားစလေးတွေလား။ စားပွဲက ကြယ်တာရာပူဖောင်းရဲ့ ပြိုကွဲအားကြောင့် သာမန်မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အသေးငယ်ဆုံး အပိုင်းအစလေးတွေအဖြစ် ပြိုကွဲသွားတာ ဖြစ်နိုင်မလား"
ဤသည်မှာ ဖြစ်နိုင်ချေ အလွန်များကြောင်း လင်းဖုန်း ခံစားလိုက်ရသည်။ သူ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ လေတစ်ချက် တိုက်ခတ်လာသည်နှင့် အခန်းထဲရှိ လွှစာမှုန့် အနံ့များ ပျောက်ကွယ်သွားသည်။
"ကြောက်စရာကောင်းလိုက်တာ။ ဒါက တကယ့်ကို အရမ်း ကြောက်စရာကောင်းလွန်းတယ်"
လင်းဖုန်း တုန်လှုပ်သွားသည်။ ခုနက မြင်ကွင်း၏ ရိုက်ခတ်မှုမှာ အမှန်တကယ်ပင် အလွန် တုန်လှုပ်စရာ ကောင်းလွန်းလှသည်။
ဤသည်မှာ သိုင်းပညာ၏ နယ်ပယ်အတွင်းတွင် ရှိနေသေးပါသလော။ ဟင်းလင်းပြင်ပူဖောင်း၏ ပြိုကွဲခြင်းစွမ်းရည်မှာ အလွန် ဖျက်ဆီးနိုင်စွမ်း ကြီးမားလွန်းသဖြင့် သိုင်းပညာ၏ နယ်ပယ်ကို ကျော်လွန်သွားသည်ဟုပင် လင်းဖုန်း သံသယဝင်မိသည်။
"ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၀၀ နဲ့ စုစည်းထားတဲ့ ကြယ်တာရာပူဖောင်း တစ်ခုရဲ့ ပြိုကွဲမှု အကန့်အသတ်က ဘာလဲဆိုတာ ငါ သိချင်မိတယ်"
လင်းဖုန်း မျက်လုံးများကို အနည်းငယ် မှေးလိုက်သည်။ ဟင်းလင်းပြင်ပူဖောင်း မည်မျှပင် အစွမ်းထက်ပါစေ အကန့်အသတ်တစ်ခု ရှိကြောင်း သူ ကောင်းကောင်း သိသည်။ ဟင်းလင်းပြင်ပူဖောင်း တစ်ခုတည်းက သူတော်စင် တစ်ပါးကို သတ်နိုင်မည် မဟုတ်ပေ။ ထိုမျှလောက်နှင့် သူတော်စင်တစ်ပါးကို သုတ်သင်နိုင်ရန် မည်သို့ဖြစ်နိုင်မည်နည်း။
သို့ဆိုလျှင် ဟင်းလင်းပြင်ပူဖောင်းတွင် အကန့်အသတ်တစ်ခု သေချာပေါက် ရှိရပေမည်။ ထိုအကန့်အသတ်ကို ကျော်လွန်သွားသည်နှင့် ဟင်းလင်းပြင်ပူဖောင်းမှာ အသုံးဝင်တော့မည် မဟုတ်ပေ။
သို့သော် ဤသည်မှာ လက်ရှိကြယ်တာရာစွမ်းအား အမျှင်တန်း ၅၀၀သာ အသုံးပြုထားခြင်း ဖြစ်သည်။ အကယ်၍ အနာဂတ်တွင် သူ ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၀၀၀ ဖြင့် ဟင်းလင်းပြင်ပူဖောင်းကို ထုတ်လွှတ်လိုက်မည်ဆိုလျှင်...။
ကြယ်တာရာပူဖောင်း ကြီးမားလေလေ ၎င်းကို ထိန်းသိမ်းရန် ခက်ခဲလေလေ ဖြစ်သည်။ ကြယ်တာရာစွမ်းအား များလွန်းသွားသည်နှင့် ပူဖောင်းမှာ မတည်မငြိမ် ဖြစ်လာပြီး အချိန်မရွေး ပြိုကွဲသွားနိုင်သည်။ သို့သော် ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၀၀၀ ဖြင့် ကြယ်တာရာပူဖောင်း တစ်ခုကို စုစည်းရန်မှာ ပြဿနာ မဖြစ်သင့်ပေ။
ထိုအချိန်ကျလျှင် ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်ကို ထုတ်လွှတ်လိုက်ပါက အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားတစ်ဦးပင်လျှင် သတိမထားမိပါက ပြင်းထန်သော ဒဏ်ရာများ ရရှိနိုင်သည် သို့မဟုတ် တိုက်ရိုက် သေဆုံးသွားနိုင်သည်။
ဟင်းလင်းပြင်ပူဖောင်း၏ စွမ်းအားမှာ အလွန် အားကောင်းပြီး အစွန်းရောက်လွန်းသည်။ ၎င်းကို ပေါ့ပေါ့ဆဆ အသုံးပြု၍ မရနိုင်ပေ။
လင်းဖုန်းလည်း အလွန် ပျော်ရွှင်နေသည်။ ဟင်းလင်းပြင်ပူဖောင်းကို ကျွမ်းကျင်ပြီးနောက် ကြယ်တာရာစွမ်းအား သို့မဟုတ် ကျင့်ကြံမှုအဆင့် တိုးတက်မလာသော်လည်း သူ့လက်ထဲတွင် ဝှက်ဖဲနည်းစနစ်များ ပိုမို ရှိလာပြီး သူ့ခွန်အားမှာ များစွာ တိုးတက်လာခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ယခုချက်ချင်း နယ်မြေဧရိယာတစ်ခုကို ကာကွယ်ရန် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ သွားရမည်ဆိုလျှင်တောင်မှ လင်းဖုန်းတွင် ယုံကြည်မှု အချို့ ရှိနေပြီ ဖြစ်သည်။
နောက်တစ်နေ့တွင် လင်းဖုန်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်။ မနေ့ညက သူ ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်ကို ကျင့်ကြံရာတွင် အပြည့်အဝ အာရုံစိုက်နေခဲ့သည်။ လင်းဖုန်းသည် ထိုနည်းစနစ်ကို အကြိမ်အနည်းငယ် ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ပြီး ထိုသည်မှာ အမှန်တကယ်ပင် စွမ်းအင်များစွာ ကုန်ဆုံးစေခဲ့သည်။ သို့သော် သူ အစောကြီး နိုးလာနိုင်သေးသည်။ နံနက်စာစားပြီးနောက် လင်းဖုန်းကို ပို့ဆောင်ရန် ယွီရှန်း ဟိုတယ်သို့ ရောက်လာသည်။
"လင်းဖုန်း... ငါ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းဆီ အမြန်ဆုံးလာခဲ့မယ်"
"ဟားဟား... အခုလောလောဆယ် အိမ်မှာပဲနေပြီး ချန်ရှီးကို သေသေချာချာ အဖော်ပြုပေးလိုက်ပါ။ အနာဂတ်မှာ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရောက်ရင် မင်းအတွက် အားလပ်ချိန်ဒီလောက် အများကြီး ရှိတော့မှာ မဟုတ်ဘူးကွ"
သူတို့နှစ်ဦး စကားများများစားစား မပြောဖြစ်ကြပေ။ မမျှော်လင့်ထားသောဖြစ်ရပ်များ အားလုံးပြီးနောက် လင်းဖုန်းနှင့် ယွီရှန်းတို့ကြားတွင် နက်ရှိုင်းသော ခင်မင်ရင်းနှီးမှုတစ်ခု ဖြစ်တည်နေပြီ ဖြစ်သည်။ ထိုသည်မှာ သေရေးရှင်ရေး စမ်းသပ်မှုများကို အမှန်တကယ် အတူတကွဖြတ်သန်းခဲ့ရသော ခင်မင်ရင်းနှီးမှုတစ်ခု ဖြစ်သည်။
ဝေါင်း
ကြီးမားလှသော နဂါးကြီးသည် အတောင်ပံများကို ဖြန့်ကာ ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုနဂါးမှာ လင်းဖုန်းကို အနည်းငယ် မကျေမနပ်ဖြစ်နေပုံရပြီး သူ့ကို အမြန်ဆုံး ထွက်ခွာရန် တိုက်တွန်းနေသည်။
နဂါးစီးသူရဲကောင်း ဟောက်ရှီရီသည် နဂါးကြီး၏ ကျောပေါ်သို့ ခုန်တက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်လေး... သွားကြစို့။ မင်းက ဘာလို့ ဒီလောက် စကားများနေရတာလဲ။ မင်းတို့ကကွာ ထာဝရ ခွဲခွာရတော့မယ့်အတိုင်းပဲ"
လင်းဖုန်းသည် ယွီရှန်းကို ဘာမှ ထပ်မပြောတော့ဘဲ နဂါးကျောပေါ်သို့ တစ်ချက်တည်း ခုန်တက်လိုက်သည်။
"သွားကြစို့"
ဟောက်ရှီရီသည် နဂါးကြီးကို ညင်သာစွာ ပုတ်လိုက်သည်။ ထို့နောက် နဂါးကြီးသည် အတောင်ပံအစုံကို ခတ်ကာ မျက်စိတစ်မှိတ်အတွင်း တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
နဂါးကြီး ပိုမိုမြင့်မားစွာ ပျံသန်းလာသည်နှင့်အမျှ တိမ်တိုက်များကိုပင် ထိလုနီးပါးအထိ ရောက်ရှိလာသည်။ လင်းဖုန်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထုံးစံအတိုင်း အဆုံးအစမဲ့ ဖြူစင်နေသည်။
ကောင်းကင်မျက်နှာကြက်အကြောင်း တွေးမိသောအခါ သူ့ရင်ထဲတွငိ တစ်ဒင်္ဂမျှစိတ်လှုပ်ရှားသွားရသဖြင့် သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ကောင်းကင်မျက်နှာကြက်က ဘယ်လိုပုံစံ ရှိမလဲဆိုတာ ငါ သိချင်မိတယ်"
***