ရှူး
လီရန်၏ စကားသံအဆုံးတွင်...
တစ်ခဏချင်းမှာပင် လူအုပ်ကြီးနှင့် ပြည့်နှက်နေသော အထွေထွေလုပ်ငန်းဆောင်တာကွင်းပြင်ကြီးမှာ တစ်ဝက်ခန့် လျော့နည်းသွားတော့သည်။ လူများစွာမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းကာ နောက်ဆုတ်သွားကြ၏။
“အခြွေအရံရွေးတာတောင် အသက်ကန့်သတ်ချက်နဲ့ ခွဲခြားဆက်ဆံတာလားဟ”
အဘိုးဟွမ်က မျက်စောင်းထိုးလိုက်ပြီး ချန်ကျီရှင်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“လာပါ အိမ်ပြန်ပြီး ကြက်ကင်ပဲ စားရအောင်”
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်...
“ဟင် မင်းက ဘာလို့ ရပ်နေပြီး မလိုက်လာတာလဲ”
အဘိုးဟွမ်က နောက်လှည့်ကြည့်ရင်း ချန်ကျီရှင်းကို ဇဝေဇဝါ မေးလိုက်သည်။
ချန်ကျီရှင်းက လက်ကို ဖြန့်ပြလိုက်ပြီး တည်ငြိမ်စွာပင် “ကျွန်တော်က ဝိညာဉ်ပြုစုပျိုးထောင်ခြင်းနယ်ပယ်အထက်မှာ ရှိနေလို့ပါ”
“ဘာ မင်းက ဝိညာဉ်ပြုစုပျိုးထောင်ခြင်းနယ်ပယ်ကို ရောက်နေပြီ ဟုတ်လား”
အဘိုးဟွမ်၏ မျက်လုံးများမှာ အံ့သြလွန်း၍ ပြူးထွက်သွားတော့သည်။
“ဒါက ဝိညာဉ်ပြုစုပျိုးထောင်ခြင်းနယ်ပယ်လေးတင်ပဲဟာ ဘာမှမဟုတ်ပါဘူး မဟုတ်ဘူးလား” ချန်ကျီရှင်းက မျက်တောင်ခတ်ရင်း ပြန်ပြောလိုက်သည်။
“မဟုတ်ဘူးလေ... မင်းမှာ ဒီအဆင့်ရှိနေတာကို ငါ့ကိုတောင် မပြောဘူးလား”
အဘိုးဟွမ်က ထပ်မေးရန် ပြင်လိုက်သော်လည်း စီမံခန့်ခွဲသူက လူများကို လာရောက်မောင်းထုတ်နေသည်ကို မြင်သောအခါ ကွင်းပြင်ထဲမှ တစ်ဦးတည်း ထွက်ခွာသွားရတော့သည်။
“ကောင်းပြီ ကောင်းပြီ... ငါ ကွင်းပြင်အပြင်ဘက်ကနေ စောင့်နေမယ်”
အဘိုးဟွမ်က လှမ်းအော်ပြောပြီးနောက် ထွက်သွားခဲ့၏။
“ဟုတ်ကဲ့”
ချန်ကျီရှင်းက သူ့ကို ပြုံးပြလိုက်ပြီးနောက် စင်မြင့်ပေါ်ရှိ လီရန်ကို ပြန်ကြည့်လိုက်သည်။ သူ၏ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တည်ငြိမ်မှုများ ပြန်လည်စိုးမိုးလာခဲ့သည်။
သူ အလိုရှိသော အခွင့်အရေးမှာ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။
အမှန်တကယ်ဆိုလျှင် လီရန်အနေဖြင့် အဘယ်ကြောင့် ဒီလောက်အထိ အားထုတ်ကာ အခြွေအရံ ရွေးချယ်နေရတာလဲဆိုသည်ကို သူ နားလည်သည်။ အခြွေအရံဆိုသည်မှာ အစေခံထက် များစွာ သာလွန်ပြီး သူတို့၏ အဆင့်အတန်းမှာ အလွန်ပင် ထူးခြားသည်။
အခြွေအရံဆိုသည်မှာ တကယ့်ကို သစ္စာရှိသော စစ်သည်တော်များပင်။
ဥပမာအားဖြင့် တူကူးနီ၊ ဟွာလင်းဟောင်နှင့် ချန်ပုချိတို့မှာ ချန်ကျီရှင်း၏ အခြွေအရံများဟု သတ်မှတ်နိုင်သည်။ ရွှီတာလုံနှင့် ချန်ချိုးအာတို့မှာလည်း တစ်ဝက်တစ်ပျက် ပါဝင်သည်။ ၎င်းအပြင် မဟူရာအကြီးအကဲများဆိုသည်မှာလည်း ချန်တောက်ယန်၏ အခြွေအရံများပင်။
သူတို့သည် သခင်နှင့်အတူ ဂုဏ်ဒြပ်နှင့် ဆုံးရှုံးမှုများကို အတူတကွ ခံစားကြရပြီး တစ်သားတည်း တည်ရှိနေကြသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့တွင် သန်မာသော စွမ်းအားရှိရန် လိုအပ်ရုံသာမက ထူးခြားသော အလားအလာလည်း ရှိရမည်။ အနည်းဆုံးအားဖြင့် သခင်၏ ခြေလှမ်းကို အမီလိုက်နိုင်ပြီး ခရီးတစ်ခုတည်းကို ဆက်လက် လျှောက်လှမ်းနိုင်ရပေမည်။
လီရန်အတွက်မူ အထွေထွေကိစ္စရပ်များဌာနတွင် အခြွေအရံ လာရောက်ရွေးချယ်ခြင်းမှာ အမှန်တကယ်တော့ အားကိုးရာမဲ့သည့် လုပ်ရပ်တစ်ခုသာ ဖြစ်သည်။ အစွမ်းအစနှင့် အလားအလာရှိသူမှန်သမျှမှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ တရားဝင်တပည့်များအဖြစ် ဝင်ရောက်သွားကြသည်သာ များသည်။
ဘယ်သူကများ ကိုယ့်ရဲ့ တပည့်အဆင့်အတန်းကို စွန့်လွှတ်ပြီး သူတစ်ပါးရဲ့ လက်အောက်ခံ အခြွေအရံအဖြစ် နိမ့်ကျခံချင်မှာလဲ။ ကျင့်ကြံသူတစ်ယောက်အတွက် မာန်မာနက အသက်ပဲ။ တစ်စုံတစ်ယောက်ရဲ့ အရိပ်အောက်မှာ ခိုလှုံပြီး အစေခံသလို နေရမယ့်ဘဝမျိုးထက်... အထီးကျန်စွာ တိုက်ပွဲဝင်ရင်း သေဆုံးသွားရတာကမှ ပိုပြီး ဂုဏ်သိက္ခာရှိဦးမယ်။
အကယ်၍ ဂိုဏ်းပြင်ပတွင် ရွေးချယ်မည်ဆိုပါကလည်း ပထမအချက်မှာ ထိုသူ၏ နောက်ကြောင်းကို သိရန်ခက်ခဲခြင်းနှင့် ဒုတိယအချက်မှာ အချိန်များစွာ ကုန်ဆုံးရခြင်းတို့ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူမအနေဖြင့် အထွေထွေကိစ္စရပ်များဌာနကိုသာ အားကိုးပြီး လူမသိဘဲ မြုပ်နှံနေသည့် ပါရမီရှင်များကို ရှာဖွေတွေ့ရှိရန် မျှော်လင့်နေရခြင်းပင်။
စင်မြင့်ထက်တွင် ကွင်းပြင်အတွင်းရှိ လူအုပ်ကြီးမှာ ခဏချင်းအတွင်း ပါးလျသွားသည်ကို မြင်သောအခါ လီရန်၏ မျက်နှာတွင် စိတ်ပျက်မှု အရိပ်အယောင်များ ပေါ်လာတော့သည်။ အရိုးရှင်းဆုံးဖြစ်သည့် ပထမဦးဆုံး သတ်မှတ်ချက်တစ်ခုတည်းနှင့်ပင် လူတစ်ဝက်ကျော်မှာ တိုက်ရိုက် ဖယ်ထုတ်ခံလိုက်ရလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
ကွမ်းထျန်းယွီက ဤအခြေအနေကို ကြိုတင်ခန့်မှန်းထားသည့်နှယ် အသာအယာပြုံးလိုက်ပြီး "ညီမလေး... ငါပြောသားပဲ ဒီအထွေထွေကိစ္စရပ်များဌာနဆိုတာ အရောရောအနှောနှောတွေနဲ့ ပြည့်နေတာ။ ဘာမှမယ်မယ်ရရမရှိပါဘူး။ ဒီမှာ အခြွေအရံရှာတယ်ဆိုတာ မြက်ပုံထဲအပ်ရှာသလိုပဲ မဖြစ်နိုင်တာကို လုပ်နေတာပါ"
သူက ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြောသည်။
"စစ်မှန်သော အမွေဆက်ခံသူများ အားပြိုင်ပွဲကလည်း စတော့မယ်။ အဲဒီအချိန်ကျရင် ငါတို့အားလုံး ကမ္ဘာငယ်လေးထဲကို ဝင်ကြရမှာ။ အဲဒီမှာ အခြွေအရံတွေက ငါတို့အတွက် ဝင်ပေါက်ကို စောင့်ကြပ်ပေးရမှာလေ။ အကယ်၍ မင်းရဲ့အခြွေအရံတွေက ဝင်ပေါက်ကို မထိန်းထားနိုင်ဘူးဆိုရင် မင်းရဲ့အဆင့်သတ်မှတ်ချက်ကို တိုက်ရိုက်ထိခိုက်လိမ့်မယ်။ ဒါက ရရှိတာထက် ဆုံးရှုံးတာက ပိုများလိမ့်မယ်"
"ငါပြောပြီးသားပဲ... ငါ့မှာ ပိုနေတဲ့ အခြွေအရံတွေရှိတယ်။ မင်းကို တစ်ယောက်ပေးလို့ရပါတယ်။ ဘာလို့ ဒီမှာ အချိန်ဖြုန်းနေမှာလဲ"
ဤစကားကို ကြားသောအခါ လီရန်သည် တိတ်ဆိတ်နေခဲ့၏။ အကယ်၍ ကွမ်းထျန်းယွီ၏ အခြွေအရံကိုသာ သူမလက်ခံလိုက်ပါက သူမ၏ လှုပ်ရှားမှုတိုင်းက သူ၏မျက်စိအောက်တွင် အတိုင်းသား ပေါ်လွင်နေမည်ပင်။ ဤအမွေဆက်ခံသူပြိုင်ပွဲတွင် သူမရှုံးနိမ့်သွားပါစေဦးတော့ ဤကဲ့သို့သော မိုက်မဲသည့်အလုပ်ကို သူမ လုပ်မည်မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ် စေတနာကိုတော့ အသိအမှတ်ပြုပါတယ်ရှင်"
လီရန်က ပြုံးပြလိုက်ပြီးနောက် ကွင်းပြင်ကို ပြန်လည်ကြည့်ရှုကာ ကြေညာလိုက်သည်။
"ဝိညာဉ်စွမ်းအားကို တစ်ကီလိုမီတာအထိ မထုတ်လွှတ်နိုင်တဲ့သူတွေ ရှိရင် အခုပဲ နောက်ဆုတ်ပေးကြပါရှင်"
ဤစကားသံအဆုံးတွင် ကျန်ရှိနေသော အစေခံတစ်ရာကျော်တို့၏ မျက်နှာများမှာ တစ်ဖန်
ပျက်ယွင်းသွားပြန်သည်။ စိတ်ဝိညာဉ်အာရုံစူးစိုက်မှုကို အထူးတလည် မကျင့်ကြံဘဲနှင့် ဝိညာဉ်စွမ်းအားကို တစ်ကီလိုမီတာအကွာအဝေးအထိ ဖြန့်ကြက်နိုင်ခြင်းက စိတ်ဝိညာဉ်
သခင်တစ်ဦးဖြစ်ရန် လမ်းစပေါ်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။
ဘယ်သူဆီမှာ ဒီလို စွမ်းဆောင်ရည်မျိုး ရှိမှာလဲ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကွင်းပြင်ရှိ လူတစ်ရာကျော်ထဲမှ ကိုးဆယ်ရာခိုင်နှုန်းမှာ နောက်ဆုတ်သွားကြပြီး ဆယ်ယောက်ကျော်ခန့်သာ ကျန်ရှိတော့သည်။ ထိုဆယ်
ယောက်ကျော်ထဲတွင်လည်း အများစုမှာ အသက် ၃၀ နီးပါးရှိနေကြပြီး ဟင်းလင်းပြင်
အသွင်ပြောင်းနယ်ပယ်သို့ မနည်းရောက်ရှိနေသူများ ဖြစ်ကြသည်။
ကွင်းပြင်အပြင်ဘက်တွင်မူ အဘိုးဟွမ်သည် ချန်ကျီရှင်းကို ကြက်ကင်ကျွေးရန်အတွက် ထွက်လာသူများထဲတွင် လိုက်လံရှာဖွေနေခဲ့သည်။ သူသည် လက်ချောင်းကလေးများဖြင့် တစ်ယောက်ပြီးတစ်ယောက် ရေတွက်ရင်း မျက်လုံးများပင် နီရဲလာသည့်တိုင်အောင် ချန်ကျီရှင်းကို မတွေ့ရပေ။ သူသည် တောင်တံခါးကွင်းပြင်ဆီသို့ မော့ကြည့်လိုက်မိသည်။
“အမလေး... ငါ့အမေရဲ့”
အဘိုးဟွမ် ရုတ်တရက် အော်ဟစ်လိုက်မိတော့သည်။ ချန်ကျီရှင်းမှာ ကွင်းပြင်အလယ်တွင် ကြံ့ကြံ့ခံ ရပ်မြဲရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသောကြောင့်ပင်။
“ဘုရားရေ... ဒီကောင်လေး နားကြားမှားတာလား နတ်သမီးက တစ်ကီလိုမီတာအကွာကို လှမ်းကြည့်ခိုင်းတယ်လို့ သူထင်နေတာလား မသိဘူး”
အဘိုးဟွမ်က ထူးဆန်းသောအမူအရာဖြင့် တိုးတိုးလေး ရေရွတ်နေမိသည်။
စင်မြင့်ပေါ်တွင် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီရန်၏ စိတ်ဓာတ်မှာ သိသိသာသာ ပြန်လည်တက်ကြွလာခဲ့သည်။ မူလက ဒုတိယအကျော့တွင် လူအားလုံး ပြုတ်သွားလိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်းပင်။
သို့သော် ယခုမူ ဆယ်ယောက်ကျော် ကျန်ရှိနေသေးသည့်အပြင် သူမ၏ အကြည့်က လူအုပ်ထဲရှိ ချန်ကျီရှင်းထံသို့ မလွှဲမရှောင်သာ ကျရောက်သွားခဲ့သည်။ သူ၏မျက်နှာမှာ သာမန်ကာလျှံကာ ဖြစ်သော်လည်း မျက်ခုံးထူထူနှင့် မျက်ဝန်းများက တရားမျှတသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ၎င်းပြင် သူ၏အသက်အရွယ်မှာလည်း အလွန်ဆုံးရှိလှ ၂၀ ဝန်းကျင်သာ ရှိဦးမည်။
ကျန်ရှိနေသူများထဲတွင် သူက အငယ်ဆုံးပင်။ ဤမျှငယ်ရွယ်သောအသက်နှင့် စိတ်ဝိညာဉ်စွမ်းအားကျင့်စဉ်များကို သီးသန့်မကျင့်ကြံဘဲ ဝိညာဉ်စွမ်းအားကို တစ်ကီလိုမီတာအထိ ဖြန့်ကြက်နိုင်ခြင်းမှာ တကယ့်ကို ထူးချွန်သည့် ပါရမီပင်။
“အားလုံးပဲ... နောက်ဆုံးစမ်းသပ်ချက် ရောက်ပါပြီ”
လီရန်က အနည်းငယ်ပြုံးလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းသေတ္တာရှည် ဆယ်လုံးမှာ မြားတစ်စင်းအလား ထွက်ခွာသွားပြီး တောင်ကုန်းတစ်ခုကို ကျော်ဖြတ်ကာ တစ်ကီလိုမီတာအကွာရှိ အစေခံတပည့်များ နေထိုင်ရာ အိမ်တန်းရှည်များအတွင်းသို့ ကျရောက်သွားတော့သည်။
“ဒီစမ်းသပ်ချက်က ဝိညာဉ်စွမ်းအားရဲ့ အာရုံခံနိုင်စွမ်းကို စစ်ဆေးမှာပါ”
“ရှင်တို့အနေနဲ့ ဒီနေရာကနေ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး အဲဒီ ကျောက်စိမ်းသေတ္တာ ဆယ်လုံးထဲက ခုနစ်လုံးရဲ့ တည်နေရာကို ရှာဖွေနိုင်ရုံနဲ့ အောင်မြင်မှာပါ”
ဤစကားသံအဆုံးတွင် ကျန်ရှိနေသော အစေခံတပည့် ဆယ်ယောက်ကျော်အနက် ထက်ဝက်ခန့်မှာ ခါးသီးသော မျက်နှာပေးများဖြင့် လက်လျှော့လိုက်ကြတော့သည်။ ဝိညာဉ်စွမ်းအားကို တစ်ကီလိုမီတာအထိ မနည်းဖြန့်ကြက်ရုံနှင့်တင် သူတို့အတွက် အကန့်အသတ်ဖြစ်နေပြီဖြစ်ရာ ထိုအကွာအဝေးရှိ သေတ္တာငယ်လေးတစ်ခု၏ တည်နေရာကို တိတိကျကျ ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင်။ ၎င်းပြင် ထိုဧရိယာမှာ အဆောက်အအုံများ ထူထပ်လှသဖြင့် ဝိညာဉ်စွမ်းအားဖြင့် ထိုးဖောက်အာရုံခံရန် ပို၍ပင် ခက်ခဲသည်။
တစ်ခဏချင်းမှာပင် ကွင်းပြင်တစ်ခုလုံး၌ လူသုံးဦးသာ ကျန်ရှိတော့သည်။
“ရှောင်ပင်း... နောက်မနေနဲ့တော့”
အဘိုးဟွမ်သည် ချန်ကျီရှင်းမှာ ဘာကိုစမ်းသပ်နေမှန်းပင် နားမလည်ဘဲ ကြောင်ရပ်နေသည်ဟု ထင်မှတ်ကာ အသည်းအသန် လှမ်းအော်လိုက်သည်။ ဤသည်မှာ နောက်စရာကိစ္စမဟုတ်ပေ။ အကယ်၍ ချန်ကျီရှင်းသာ နားလည်ယောင်ဆောင်နေသည်ဟု သိသွားပါက ပြစ်ဒဏ်မှ လွတ်မည်မဟုတ်ပေ။
အတော်ကြာ အော်ဟစ်သော်လည်း ချန်ကျီရှင်းထံမှ တုံ့ပြန်မှုမရသဖြင့် အဘိုးဟွမ်သည် အံကြိတ်ကာ ကွင်းပြင်အစွန်းမှ ပြေးထွက်လာပြီး ချန်ကျီရှင်းကို အတင်းဆွဲခေါ်တော့သည်။
“မင်းကောင်လေးက ဘာရပ်လုပ်နေတာလဲ။ လာ... လာ... ငါနဲ့အတူ ကြက်ကင်သွားစားရအောင် မြန်မြန်လုပ်”
ထိုစကားကြောင့် ကွင်းပြင်ရှိ အစေခံတပည့်များစွာမှာ ထူးဆန်းသောအမူအရာများ ဖြစ်သွားကြသည်။ ကျန်ရှိနေသော ဝါရင့်အစေခံနှစ်ဦးမှာလည်း မျက်ခုံးပင့်လိုက်ကြ၏။ ဤရှောင်ပင်းဆိုသည့်ကောင်မှာ နတ်သမီးပြောသည်ကို လုံးဝနားမလည်ဘဲ ရပ်နေခြင်းဖြစ်မည်ဟု သူတို့ ထင်မြင်သွားကြသည်။
အဘိုးဟွမ်က ဆွဲသော်လည်း သူက မလှုပ်ပေ။ ပို၍အားစိုက်ဆွဲသော်လည်း အခြေအနေက မထူးခြားပေ။
“ဟင်”
အဘိုးဟွမ် နောက်လှည့်ကြည့်လိုက်ရာ ချန်ကျီရှင်းက သူ့ကို ပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက စင်မြင့်ပေါ်ရှိ စီမံခန့်ခွဲသူကို ညွှန်ပြကာ မေးလိုက်သည်။
“အဘိုးဟွမ်... နတ်သမီးရဲ့ အခြွေအရံနဲ့ ဟိုစီမံခန့်ခွဲသူ... ဘယ်သူက အဆင့်အတန်း ပိုမြင့်လဲ”
အဘိုးဟွမ်မှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း “ဒါပေါ့... အခြွေအရံက ပိုမြင့်တာပေါ့။ အခြွေအရံဆိုတဲ့ စကားလုံးနောက်ကွယ်မှာ စစ်မှန်သောတပည့်ရဲ့ ကိုယ်စားလှယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်ကွ”
“သဘောပေါက်ပြီ”
ချန်ကျီရှင်းက ပြုံးလိုက်ရင်း “ဒါဆိုရင် အဲဒီအခြွေအရံမှာ ဟိုစီမံခန့်ခွဲသူကို နောက်ချေးသယ်ခိုင်းနိုင်တဲ့ အာဏာရှိလား”
ဤစကားကြောင့် ကွင်းပြင်တစ်ခုလုံး ရယ်သံများ ဖုံးလွှမ်းသွားတော့သည်။ ထိုစီမံခန့်ခွဲသူမှာ သူတို့ကို အမြဲနှိပ်စက်နေသော်လည်း သူတို့မှာ ပြန်မပြောဝံ့ကြပေ။ ယခုမူ တစ်စုံတစ်ဦးက သူ့ကို နောက်ချေးသယ်ခိုင်းမည်ဟု လူပုံအလယ်တွင် ကြေညာလိုက်သဖြင့် အားလုံးက မရယ်ဘဲ မနေနိုင်ကြတော့ပေ။ စင်မြင့်ပေါ်ရှိ ဝတ်ရုံဝါဝတ် တာအိုကျင့်ကြံသူ၏ မျက်နှာမှာမူ ဒေါသကြောင့် နီလိုက်ပြာလိုက် ဖြစ်နေတော့သည်။
“ဟားဟားဟား... ရတာပေါ့ကွ နောက်ချေးသယ်ခိုင်းဖို့ပဲလား။ မင်းအလိုရှိရင် အိမ်သာကို လျှာနဲ့ရက်ခိုင်းလို့တောင် ရသေးတယ်”
အဘိုးဟွမ်မှာ ခေတ္တမှင်သက်သွားပြီးမှ အကျယ်ကြီး ရယ်မောလိုက်တော့သည်။
“ကောင်းပြီလေ... ဒါဆိုရင် မနက်ဖြန်ကျရင် သူ ဘယ်လိုနောက်ချေးသယ်မလဲဆိုတာ ကျွန်တော် ပြပေးမယ်”
ချန်ကျီရှင်းက အဘိုးဟွမ်၏ ပုခုံးကို ပုတ်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။ သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရာ စကြဝဠာတစ်ခုလုံးကို ပွေ့ဖက်ထားသည့်အလားပင်။
ပါရမီကို မြင်ချင်တာလား။
သူသည် အမိဝမ်းထဲကတည်းက စိတ်ဝိညာဉ်အာရုံစူးစိုက်မှုကို မီတာ ရာနှင့်ချီ၍ ဖြန့်ကြက်နိုင်ခဲ့သူပင်။
ရှူး... ရှူး... ရှူး
မမြင်ရသော လေပြင်းများမှာ ချန်ကျီရှင်း၏ ပတ်ဝန်းကျင်တွင် ထက်သန်စွာ ထွက်ပေါ်လာပြီး သစ်ရွက်ခြောက်များနှင့် ကျောက်စရစ်ခဲများကို လွင့်စင်သွားစေတော့သည်။
အဘိုးဟွမ်မှာ တစ်ကိုယ်လုံး တုန်တက်သွားပြီး အံ့အားသင့်တကြီး ရေရွတ်လိုက်မိသည် ဋ
"မင်း... မင်း ဒါကို တကယ်ကြီး လုပ်နေတာလား"
ကျန်ရှိနေသော အစေခံတပည့်နှစ်ဦးမှာလည်း အံ့သြတုန်လှုပ်သွားကြပြီး ချန်ကျီရှင်း၏ အတိမ်အနက်ကို မခန့်မှန်းနိုင်တော့သဖြင့် သံသယများဖြင့် ပြည့်နှက်နေတော့သည်။
စင်မြင့်ပေါ်တွင် ကွမ်းထျန်းယွီက မျက်ခုံးကို အသာအယာတွန့်လိုက်ပြီး နတ်သမီးလီရန်၏ မျက်ဝန်းများကမူ အရောင်တောက်ပလာခဲ့သည်။ အပြင်လူက အပျော်ကြည့်သော်လည်း ပညာရှင်ကမူ အနုစိပ်ကို ကြည့်ကြသည်။ သူမ၏ရှေ့တွင်ရှိသော မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနှင့် လူငယ်လေးသည် စိတ်ဝိညာဉ်အာရုံစူးစိုက်မှုနှင့် ပတ်သက်လျှင် သူစိမ်းတစ်ယောက်မဟုတ်ကြောင်း သူမ ချက်ချင်းပင် ရိပ်မိလိုက်သည်။
စီမံခန့်ခွဲသူယွီကမူ စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲနေတော့သည်။
"နောက်ချေးသယ်ခိုင်းမယ် အိမ်သာလျက်ခိုင်းမယ် ဟုတ်လား"
"မနက်ဖြန်ကျရင် မင်းကို အိမ်သာကျင်းထဲက နောက်ချေးတွေကို လက်နဲ့တစ်ခွက်ချင်း ခပ်ခိုင်းစေရမယ်"
ခဏအတွင်းမှာပင် လူအုပ်ကြီးအတွင်း တိုးတိုးတိုးတိုးဖြင့် ဝေဖန်သံများ ထွက်ပေါ်လာတော့သည်။ ကျန်ရှိနေသော အစေခံတပည့်နှစ်ဦးမှာလည်း လျှော့မတွက်ဝံ့တော့ဘဲ သူတို့၏ စိတ်ဝိညာဉ်စွမ်းအားအားလုံးကို စုစည်းကာ အစွမ်းကုန် ထုတ်လွှတ်လိုက်ကြသည်။ သို့သော်လည်း သူတို့၏ နဖူးမှ ချွေးများစီးကျလာပြီး မျက်နှာများ ဖြူဖျော့လာသည့်တိုင်အောင် မီတာတစ်ထောင်အကွာရှိ အဆောင်ဧရိယာအထိ မနည်းဖြန့်ကြက်နေရဆဲပင်။
သူတို့ အံကြိတ်ကာ အသည်းအသန် ကြိုးစားနေချိန်မှာပင် ချန်ကျီရှင်း၏ မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။ သူ၏ အသိစိတ်ပင်လယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအား တစ်ရာခိုင်နှုန်းခန့်ကို တိတ်တဆိတ် ဖြန့်ကြက်လိုက်၏။
ချန်ကျီရှင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
"ပထမဆုံး ကျောက်စိမ်းသေတ္တာက အခန်းနံပါတ် ၉ ရဲ့ ခေါင်မိုးပေါ်မှာ ရှိပါတယ်"
"ဒုတိယ ကျောက်စိမ်းသေတ္တာက အခန်းနံပါတ် ၁၃ ရဲ့ အရှေ့မှာပါ"
"တတိယ ကျောက်စိမ်းသေတ္တာက အခန်းနံပါတ် ၂၉ အပြင်ဘက်က သစ်ပင်အကိုင်းပေါ်မှာ ရှိပါတယ်"
.....
"ပဉ္စမမြောက် ကျောက်စိမ်းသေတ္တာက အဆောင်ထဲက ပြာသာဒ်အမိုးစွန်းပေါ်မှာ တင်နေပါတယ်"
ခဏချင်းမှာပင် ချန်ကျီရှင်းသည် ကျောက်စိမ်းသေတ္တာ ငါးလုံး၏ တည်နေရာကို ဆက်တိုက် ကြေညာလိုက်တော့သည်။ ကွင်းပြင်အပြင်ဘက်တွင် တိတ်ဆိတ်နေသော အစေခံလူအုပ်ကြီးမှာ ရုတ်တရက် ပွက်လောရိုက်သွားတော့သည်။
"တကယ်ကြီးလား"
"မဖြစ်နိုင်တာ ဒါက မြန်လွန်းမနေဘူးလား"
"ဘယ်လောက်တောင် ကြာသွားလို့လဲ အသက်ရှူသံ အနည်းငယ်အတွင်းမှာတင်လား"
"သူ ရမ်းပြောနေတာများလား"
"သွား... သွားကြည့်ကြစို့"
ချက်ချင်းဆိုသလိုပင် အစေခံတပည့်များစွာမှာ သူတို့၏ ကိုယ်ဖော့ကျင့်စဉ်များကို အသုံးပြု၍ အဆောင်ဧရိယာဆီသို့ အပြေးအလွှား သွားရောက်စစ်ဆေးကြတော့သည်။
စင်မြင့်ပေါ်တွင် ကွမ်းထျန်းယွီက တစ်ဖန် မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးကို မှေးလျက် ချန်ကျီရှင်းကို ကြည့်နေသည်။ သူ၏ အမူအရာမှာ မတင်မကျ ဖြစ်နေ၏။ နတ်သမီးလီရန်မှာမူ မူလက စူးစမ်းလိုစိတ်မျှသာ ရှိခဲ့သော်လည်း ယခုအခါ သူမ၏ ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်သော မျက်ဝန်းများတွင် အရောင်အဝါများ တောက်ပနေတော့သည်။ စမ်းသပ်သူတစ်ဦးအနေဖြင့် သူမသည် ကျောက်စိမ်းသေတ္တာများကို မည်သည့်နေရာတွင် ထားခဲ့သည်ကို မသိဘဲ နေပါ့မလား။
အသက်ရှူသံ အနည်းငယ်အတွင်းမှာပင် စောစောက ပြေးထွက်သွားသော အစေခံတစ်ဦးမှာ ကွင်းပြင်ဆီသို့ အပြေးအလွှား ပြန်ရောက်လာခဲ့သည်။ သူသည် အံ့သြတုန်လှုပ်မှုနှင့် စိတ်
လှုပ်ရှားမှုများကို မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။
"အကုန်မှန်တယ်ဟ"
"ကျောက်စိမ်းသေတ္တာ ငါးလုံးစလုံး... သူပြောတဲ့အတိုင်း တစ်ထပ်တည်းပဲ"
ရှုး...
ထိုစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သော အကြည့်များမှာ ချန်ကျီရှင်းထံသို့ တရစက် ကျရောက်သွားတော့သည်။
***