“ညီလေးရှောင်... ဆရာက မင်းကို အထဲဝင်ခဲ့ဖို့ ခေါ်ခိုင်းလိုက်တယ်”
လီရန်က ခန်းမဆောင်ထဲမှ ထွက်လာပြီး ချန်ကျီရှင်းကို ပြုံးပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် နတ်သမီး”
ချန်ကျီရှင်းက လက်အုပ်ချီ ဂါရဝပြုလိုက်သည်။
“ဒါက ကိစ္စမရှိပါဘူး။ အခုတော့ မင်းလည်း တောင်ဘက်တောင်ထိပ်ကို ရောက်လာပြီဆိုတော့ ငါတို့တွေအားလုံးက မိသားစုဝင်တွေပဲပေါ့”
လီရန်က သူမ၏ နားနောက်သို့ ဆံနွယ်တစ်စုကို သပ်တင်လိုက်ရင်း နူးညံ့စွာ ပြုံးလိုက်သည်။
“ငါတို့အတွက် အခြွေအရံတစ်ယောက် မရခဲ့ပေမဲ့ ငါတို့တောင်ဘက်တောင်ထိပ်အတွက် ပါရမီရှင်တပည့်တစ်ယောက် ရှာတွေ့ခဲ့တာကတော့ တကယ့်ကို ဝမ်းသာစရာနဲ့ အံ့အားသင့်စရာပဲ”
“နတ်သမီးက ကျွန်တော့်ကို အမွှမ်းတင်လွန်းနေပါပြီ။ ဒါက ဘာမှမဟုတ်ပါဘူး”
ချန်ကျီရှင်းက လီရန်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှာတော့ အသာအယာ ခေါင်းခါယမ်းလိုက်မိသည်။
အရင်ဘဝက မဟာကျင့်ကြံခြင်း ဇာတ်လမ်းအတွင်း၌ ကစားသမား အများစုမှာ မုန့်ဟယ်တုန်း၏ အမြင်ဖြင့်သာ ဖြတ်သန်းခဲ့ကြရသည်။ ထိုရလဒ်ကြောင့် မုန့်ဟယ်တုန်းနှင့် စေ့စပ်ထားသည့် လီရန်အပေါ် ကစားသမားအများစုက အဆိုးမြင်စိတ်များ ရှိခဲ့ကြသည်။ သူတို့က လီရန်ကို အားနည်းသူကိုနှိမ်၍ အားသန်သူကို မြှောက်ပင့်သူ၊ မုန့်ဟယ်တုန်းနှင့် လက်ထပ်ရန် ငြင်းဆိုကာ မုန့်မိသားစုကို အရှက်ခွဲခဲ့သူဟုသာ သတ်မှတ်ခဲ့ကြခြင်းပင်။
ဤလုပ်ရပ်ကြောင့် ကစားသမားပေါင်းများစွာမှာ ဒေါသတကြီး ကျိန်ဆဲခဲ့ကြပြီး နောက်ပိုင်းတွင် မုန့်ဟယ်တုန်းက လူအများရှေ့၌ လီရန်ကို အပြတ်အသတ် အနိုင်ယူ၍ အရှက်ခွဲလိုက်သည့်အခါတွင်မူ အားရပါးရ အောင်ပွဲခံခဲ့ကြသည်။ တစ်ချိန်က တက်ကြွလှပခဲ့သော လီရန်မှာ အဆိုပါ ရှုံးနိမ့်မှုနောက်ပိုင်းတွင် လောကကြီးထဲ၌ ပုန်းကွယ်သွားခဲ့ပြီး သူမ၏ တောက်ပခဲ့သော ဘဝမှာလည်း မှေးမှိန်သွားခဲ့ရရှာသည်။
သို့သော် ယခုတစ်ခေါက် လီရန်နှင့် ကိုယ်တိုင် ထိတွေ့ဆက်ဆံကြည့်သည့်အခါတွင်မူ ချန်ကျီရှင်းသည် သူမမှာ ထင်သလောက် ဆိုးရွားသူမဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။ အိမ်ထောင်ရေးကို ငြင်းဆိုခဲ့သည့် ကိစ္စ၌လည်း သူက အမြင်တစ်မျိုး ရှိနေသည်။ အကယ်၍ သူ၏နေရာ၌ဆိုလျှင်လည်း ချန်တောက်ယန်က သူ့အား တစ်စုံတစ်ယောက်နှင့် သူ မသိဘဲ စေ့စပ်ပေးထားပါက ချန်ကျီရှင်းသည်လည်း အဆိုပါ စေ့စပ်မှုကို ဖျက်သိမ်းရန် ကိုယ်တိုင် သွားရောက်မည်သာ။
“ဟေး...မောင်လေးရှောင် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မနေပါနဲ့။ နတ်ဘုရားအသိစိတ်ကို သုံးပြီး ကျောက်စိမ်းသေတ္တာ ဆယ်လုံးစလုံးကို ရှာနိုင်တယ်ဆိုတာ တွေ့ရခဲတဲ့ ပါရမီပဲ။ ငါတို့ စစချင်း ရောက်တုန်းကတောင် ကိုးလုံးပဲ ရှာနိုင်ခဲ့တာ”
လီရန်က စိတ်လှုပ်ရှားစွာဖြင့် စကားလမ်းကြောင်းကို ပြောင်းလဲလိုက်ပြီး ပြုံးလျက်
“ဒါနဲ့ နောက်ကျရင် ဆရာနဲ့ တွေ့တဲ့အခါ အရမ်းကြီးလည်း မရှိန်နေပါနဲ့။ ငါတို့ဆရာက တော်တော်လေး သဘောကောင်းပြီး စည်းကမ်းတွေနဲ့ အရမ်းကြီး ချုပ်ချယ်တတ်တဲ့သူ မဟုတ်ပါဘူး” ဟု ပြောလိုက်သည်။
“နတ်သမီးရဲ့ အကြံပေးချက်အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နောင်တစ်ချိန် အခွင့်သာရင် ကျွန်တော့်ဘက်က သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်”
ချန်ကျီရှင်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်လည်ပြောဆို လိုက်သည်။
“ဟားဟား... ကောင်းပြီလေ မင်း ငါ့ကို ဘယ်လိုကျေးဇူးဆပ်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့”
လီရန်က ပေါ့ပေါ့ပါးပါးပင် ပြန်လည်တုံ့ပြန်ပြီးနောက် ချန်ကျီရှင်းကို ခန်းမဆောင်ကြီးအတွင်းသို့ ခေါ်ဆောင်သွားတော့သည်။ ချန်ကျီရှင်းသည် ဖျာယဉ်ထက်တွင် ထိုင်နေသော မုယွဲ့မေကို မော့ကြည့်လိုက်မိပြီး ခဏမျှ မှင်သက်သွားရရှာသည်။
“ညီလေးရှောင်...”
လီရန်က လည်ချောင်းတစ်ချက် ဟန့်လိုက်တော့မှ ချန်ကျီရှင်း သတိပြန်ဝင်လာပြီး အမြန်ပင် ခေါင်းငုံ့ကာ လက်အုပ်ချီလိုက်သည်။
“တပည့် ရှောင်ပင်း တောင်ထိပ်သခင်ကို ဂါရဝပြုပါတယ်ခင်ဗျာ”
စောစောက သူ ငေးမောသွားမိသည်မှာ သူ၏အပြစ်တော့ မဟုတ်ပေ။ သူသည် လှပသော အမျိုးသမီးများစွာကို မြင်ဖူးခဲ့ပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်သူဟု ယူဆထားသော်လည်း ယနေ့ကဲ့သို့ အာရုံလွင့်သွားမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။ အဓိကမှာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အလွန် ထူးခြားနေခြင်းကြောင့်ပင်။ အထူးသဖြင့် တောင်ထိပ်သခင် မုယွဲ့မေ၏ ခါးမှာ လက်တစ်ဆုပ်စာမျှသာ ရှိသော်လည်း ထိုသေးသွယ်သော ခါးအထက်မှ ပြည့်ဖြိုးမှုများက ပွယောင်းသော တာအိုဝတ်ရုံ၏ လည်ပင်းဟိုက်ပုံစံကြားမှ လျှံထွက်တော့မတတ် ဖြစ်နေသည်မှာ တကယ့်ကို အံ့မခန်းဖွယ်ရာပင်။
“မင်းက ရှောင်ပင်းလား”
မုယွဲ့မေ၏ အမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေသည်။ ဤကဲ့သို့သော အကြည့်မျိုးကို သူမ အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးပြီးဖြစ်ရာ ယဉ်ပါးနေပြီဖြစ်သည်။ သူမက အသာအယာ ပြုံးလိုက်ရင်း “မင်းရဲ့ စွမ်းဆောင်ရည်တွေအကြောင်းကို ယွီအာက ငါ့ကို ပြောပြပြီးပြီ။ မင်းတို့ ရှောင်မိသားစုအကြောင်း ပြောရရင် သုံးဆက်တိုင်တိုင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ အမှုထမ်းခဲ့ကြတာပဲ။ မင်းရဲ့ အဘိုးနဲ့ အဖေက တောင်ဘက်တောင်ထိပ်မှာ အလုပ်လုပ်ခဲ့ကြပေမဲ့ သူတို့မှာ ပါရမီ သာမန်ပဲရှိခဲ့တာကို ဘယ်သူက ထင်ထားမှာလဲ... မင်းကျမှ တစ်ညတည်းနဲ့ ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်လို့”
ချန်ကျီရှင်းက ခေါင်းကို ကုတ်လိုက်ပြီး အူကြောင်ကြောင်ဖြင့် ရယ်မောပြကာ “တပည့်က မတော်တဆ ကံကောင်းသွားတာပါခင်ဗျာ” ဟု ပြောလိုက်သည်။
“မတော်တဆ ဟုတ်လား။ အဲဒီ ကျောက်စိမ်းသေတ္တာ စမ်းသပ်တဲ့နည်းလမ်းကို ငါကိုယ်တိုင် တီထွင်ထားတာ။ ကံကောင်းရုံသက်သက်နဲ့ အောင်မြင်နိုင်တဲ့အရာ မဟုတ်ဘူး”
မုယွဲ့မေက ခေါင်းခါယမ်းလိုက်ပြီး “ဒါပေမဲ့ အဲဒီစမ်းသပ်ချက်တစ်ခုတည်းနဲ့တော့ အကုန်လုံးကို မဆုံးဖြတ်နိုင်သေးဘူး။ အဲဒါကြောင့် ငါ မင်းကို နောက်ထပ် အကြိမ်အနည်းငယ် စမ်းသပ်ဖို့ ရည်ရွယ်ထားတယ်။ အကယ်၍ မင်းက ရန်အာနဲ့ ယွီအာတို့ ပြောသလို တကယ့် ဒဏ္ဍာရီလာ မွေးရာပါ ဝိညာဉ်ခန္ဓာသာ မှန်ခဲ့မယ်ဆိုရင်... စိတ်ချပါ ငါ့လက်အောက်မှာရှိတဲ့ စစ်မှန်သော အမွေဆက်ခံသူ နေရာ သုံးနေရာထဲမှာ မင်းအတွက် နေရာတစ်ခု သေချာပေါက် ရှိစေရမယ်” ဟု ကတိပေးလိုက်တော့သည်။
ချန်ကျီရှင်းက ထိုဂုဏ်ပြုစကားကြောင့် အံ့အားသင့်သွားဟန်ဖြင့် အလျင်အမြန်ပင် "တပည့်
အနေနဲ့ စစ်မှန်သော အမွေဆက်ခံသူနေရာကို အိပ်မက်တောင် မမက်ရဲပါဘူးခင်ဗျာ။ ဆရာ့ရဲ့ တပည့်အဖြစ် လက်ခံရုံနဲ့တင် တကယ့်ကို ကြီးမားတဲ့ ကံကောင်းမှုပါပဲ"
"မင်းက ရိုးသားပြီး လောဘမကြီးတဲ့ ကလေးပဲ"
မုယွဲ့မေက သူ့ကို ပြုံးကြည့်ရင်း "ဒါပေမဲ့ ဒီကိစ္စကို ငါတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး"
"ယွီအာ... မဟာအကြီးအကဲ ငါးဦးကို ဒီစမ်းသပ်မှုမှာ အတူတူပါဝင်နိုင်ဖို့ ခန်းမဆောင်ကြီးဆီ ဖိတ်ကြားပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ ဆရာ"
ကွမ်းထျန်းယွီက ခေါင်းညိတ်ပြပြီး ခန်းမထဲကနေ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
ခေတ္တအကြာတွင် ရုပ်အသွင် ငါးခုက တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။
ပထမဆုံး ရောက်လာသူမှာ မီးတောက်ကဲ့သို့ နီရဲသော ဆံပင်ရှိပြီး အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အဝေးကတည်းက ကျယ်လောင်စွာ ရယ်မောလာသူ ဖြစ်သည်။
"ဟားဟားဟား... ငါတို့တောင်ဘက်တောင်ထိပ်ကို နောက်ထပ် မွေးရာပါ ဝိညာဉ်ခန္ဓာ ပိုင်ရှင်တစ်ယောက် ရောက်လာတယ်ဆိုတာ ဟုတ်လား လာစမ်း... ဒီအဘိုးကြီးကို အကဲခတ်ခွင့်ပေးဦး"
လီရန်က ချန်ကျီရှင်း၏ ဘေးတွင်ရပ်ကာ တိုးတိုးလေး မိတ်ဆက်ပေးသည်။
“မောင်လေးရှောင်... ဒါက အကြီးအကဲ ဖူလုံပဲ။ မြန်မြန် နှုတ်ဆက်လိုက်”
ချန်ကျီရှင်းက ခေါင်းညိတ်ကာ ချက်ချင်းပင် ဂါရဝပြုလိုက်သည်။
“မောင်လေးရှောင်... ဒါက အကြီးအကဲ ဖူယွမ်”
“ဒါက အကြီးအကဲ ဖူရှန်း”
“ဒါက အကြီးအကဲ ဖူကျိ”
“မောင်လေးရှောင်... ဒါကတော့ အကြီးအကဲ ဖူရှုးပဲ”
နောက်ဆုံး ရုပ်အသွင် ခန်းမထဲသို့ ဝင်လာသောအခါ ချန်ကျီရှင်းသည် မျက်လုံးကို အသာအယာမှေးကာ ကြည့်လိုက်မိသည်။
ထိုလူ၏ မျက်နှာမှာ ပါးချိုင့်ဝင်ကာ ရှည်မျောမျောရှိပြီး အသားအရေမှာလည်း မီးခိုးရောင်သန်းနေသည့် အဖြူရောင်ဖြစ်ကာ မျက်လုံးအိမ် ကျဉ်းမြောင်းလှသည်။ သူ၏ မျက်နှာတစ်ပြင်လုံးတွင်လည်း အမည်းစက်များဖြင့် ပြည့်နှက်နေ၏။
ချန်ကျီရှင်း၏ အကြည့်တို့နောက်၌ သူ၏ ဒန်ထျန် နတ်ဘုရားပင်လယ်အတွင်းတွင်မူ ကျောက်စီရင်ခြင်းစာအုပ်မှာ ပုံမှန်အားဖြင့် တိတ်ဆိတ်စွာ တည်ရှိနေတတ်သော်လည်း ယခုအခါတွင်မူ သူ၏ လှုံ့ဆော်မှုကြောင့် ရုတ်တရက် အသက်ဝင်လာခဲ့သည်။
[တောက်ပသော ရွှေရောင်ကံကြမ္မာ - ကောင်းကင်ဝါးမြိုနတ်ဆိုးခန္ဓာ]
“အချိန်ရောက်ပြီ”
ချန်ကျီရှင်း၏ မျက်ဝန်းထဲတွင် ထက်မြက်သော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားပြီးနောက် တည်ငြိမ်သော အမူအရာဖြင့် ချက်ချင်း အစားထိုးလိုက်သည်။
“တပည့် ရှောင်ပင်းက အကြီးအကဲတို့ကို ဂါရဝပြုပါတယ်ခင်ဗျာ”
ချန်ကျီရှင်းက လက်အုပ်ချီ၍ အရိုအသေပေးလိုက်သည်။
အကြီးအကဲ ဖူလုံ ဦးဆောင်သော မဟာအကြီးအကဲ ငါးဦးတို့သည် သူတို့၏ ထိုင်ခုံများတွင် တစ်ဦးပြီးတစ်ဦး နေရာယူလိုက်ကြသည်။
“ဒီလူငယ်လေးက မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင်ဆိုတာလား”
အကြီးအကဲ ဖူလုံ အပါအဝင် အခြားအကြီးအကဲများသည် ချန်ကျီရှင်းကို ကြည့်ကာ မျက်မှောင်အနည်းငယ် တွန့်လိုက်ကြသည်။ ကြမ်းတမ်းသော အဝတ်အစားကို ဝတ်ဆင်ထားပြီး အစေခံတပည့်တစ်ဦးအသွင် ရှိနေသည့် ဤလူငယ်သည် မည်သည့်နေရာကို ကြည့်ကြည့် သာမန်ကာလျှံကာသာ ဖြစ်နေသည်။ သူတို့၏ အမြင်တွင် ထူးခြားလှသော မွေးရာပါ ဝိညာဉ်ခန္ဓာနှင့် နှိုင်းယှဉ်ရန် ခက်ခဲနေပုံရ၏။
“အကြီးအကဲတို့... အပြင်ပန်းကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့ရှင်။ မောင်လေးရှောင်ကို ကျွန်မကိုယ်တိုင် စမ်းသပ်စစ်ဆေးပြီး တောင်ဘက်တောင်ထိပ်ကို ခေါ်လာခဲ့တာပါ”
ချန်ကျီရှင်း၏ ဘေးတွင် ရပ်နေသော လီရန်က မောက်မာခြင်းလည်းမရှိ၊ နှိမ့်ချခြင်းလည်းမရှိဘဲ ပြောလိုက်သည်။ သူမ ဆိုလိုသည်မှာ ရိုးရှင်းသည်။ ဤသူသည် သူမ ခေါ်ဆောင်လာသူဖြစ်သဖြင့် ရိုသေမှုအချို့ ပြသစေလိုခြင်းပင်။
ကွမ်းထျန်းယွီကလည်း ဝင်ရောက်ပြောဆို သည်။
“အဲဒီအချိန်က ကျွန်တော်လည်း ရှိနေတာပါ။ ညီလေးရှောင်က အမွှေးတိုင်တစ်ဝက်စာ အချိန်လေးအတွင်းမှာတင် ဆယ်လုံးမြောက်အထိ ရှာဖွေနိုင်တဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့တာပါ။ ဒါက လိမ်ညာမှု လုံးဝမရှိပါဘူး”
“အို... ကျောက်စိမ်းသေတ္တာ ဆယ်လုံးစလုံးကို ရှာတွေ့ခဲ့တာလား”
မဟာအကြီးအကဲ ငါးဦးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် ပိုမိုလေးနက်သော အရောင်အဝါများ ပေါ်လာတော့သည်။
“ကောင်းပြီလေ... မွေးရာပါ ဝိညာဉ်ခန္ဓာ ဟုတ်မဟုတ်ဆိုတာကိုတော့ စမ်းသပ်ကြည့်ရင် သိရမှာပဲ”
အဓိကနေရာတွင် ထိုင်နေသော မုယွဲ့မေက အသာအယာ ပြုံးလိုက်ပြီးနောက်
“မွေးရာပါ ဝိညာဉ်ခန္ဓာကို ခွဲခြားရတာ ရိုးရှင်းပါတယ်”
“မွေးရာပါ ဝိညာဉ်ခန္ဓာဆိုတာ မွေးကတည်းက ဝိညာဉ်စွမ်းအားအလွန်အမင်း အစွမ်းထက်သူကို ဆိုလိုတာပါ။ ဝိညာဉ်အာရုံခံနိုင်စွမ်းဟာ အပြင်ဘက်ကိုပါ သက်ရောက်နိုင်တဲ့အထိ ဖြစ်နေတတ်လို့ မွေးရာပါ ဝိညာဉ်ခန္ဓာလို့ ခေါ်တာပေါ့”
“ရန်အာကိုပဲ နမူနာကြည့်ပါ... မွေးပြီး တစ်လသား အရွယ်မှာတင် သူမရဲ့ ဝိညာဉ်စွမ်းအားက မီတာ ဆယ်ဂဏန်းအထိ ဖြန့်ကြက်နိုင်ခဲ့တယ်။ ဒါက မွေးရာပါ ဝိညာဉ်ခန္ဓာတွေထဲမှာတောင် တော်တော်လေး အစွမ်းထက်တယ်လို့ ဆိုနိုင်ပါတယ်”
“ဒါ့အပြင် မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင်တွေဟာ စိတ်ဝိညာဉ်ကျင့်စဉ်တွေကို မကျင့်ကြံရသေးရင်တောင် သူတို့ရဲ့ စိတ်ဝိညာဉ်အာရုံစူးစိုက်မှုက သဘာဝအတိုင်း ကြီးထွားနေတတ်တာမျိုးပါ”
ဤသည်ကို ကြားသောအခါ ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး တွေးတောနေသော အကြည့်များ ဖြစ်သွားသည်။
မွေးပြီး မကြာခင်မှာတင် ဝိညာဉ်စွမ်းအားကို အပြင်ကို ထုတ်လွှတ်နိုင်တယ် ဟုတ်လား။ ဒါဆိုရင် အမိဝမ်းထဲကတည်းက ဝိညာဉ်စွမ်းအားကို မီတာရာနဲ့ချီ ဖြန့်ကြက်နိုင်တဲ့ ငါ့လိုလူကျတော့ ဘယ်လိုခေါ်မလဲ။
***