ညချမ်းအချိန်သို့ ရောက်ရှိလာခဲ့ကာ ချန်ကျီရှင်းသည် အထွေထွေကိစ္စရပ်များဌာနရှိ သူ၏ အဆောင်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ လမ်းတစ်လျှောက်တွင် အလုပ်သိမ်းပြီးပြန်လာကြသည့် အစေခံများသည် ချန်ကျီရှင်းကို မြင်သည်နှင့် လမ်းဘေးဝဲယာတွင် စီတန်းရပ်စောင့်ရင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြ၏။ တချို့က ချန်ကျီရှင်းကို စကားအနည်းငယ်ဖြင့် မြှောက်ပင့်လိုကြသော်လည်း သူ၏ စိတ်နေစိတ်ထားကို မခန့်မှန်းနိုင်ကြသဖြင့် အောင့်အီးထားကြရသည်။
ချန်ကျီရှင်း အဆောင်သို့ ချဉ်းကပ်လာစဉ်အတွင်း အခန်းထဲမှ ဆွေးနွေးငြင်းခုံသံအချို့ကို ကြားလိုက်ရသည်
“ဒီလောက် ရိုးအေးပြီး ရည်မှန်းချက်မရှိပုံရတဲ့ ရှောင်ပင်းက နတ်သမီးရဲ့ မျက်သာပေးမှုကို ရလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး”
“ဒါက စာကလေးကနေ ရွှေဟင်္သာဖြစ်သွားတဲ့ ကိစ္စပဲ မဟုတ်လား”
“ဟေ့... အဘိုးကြီးဟွမ် ခင်ဗျားက သူ့နဲ့ ရင်းနှီးတယ်ဆို။ အခု သူ အောင်မြင်သွားတော့ ခင်ဗျားကို လှည့်တောင် ကြည့်သေးရဲ့လား”
ချက်ချင်းပင် အဘိုးကြီးဟွမ်၏ အသံ ထွက်ပေါ်လာသည်။
“ငါက ရှောင်ပင်းနဲ့ ခင်မင်တာ ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ အခု သူ အောင်မြင်သွားတာကို ငါကတော့ စိတ်ရင်းနဲ့ ဝမ်းသာပေးပါတယ်”
“ဟား... တကယ့်ကို သူတော်စင် စကားပါပဲလား မနေ့ကအထိ မင်းနဲ့အတူရှိနေပြီး ဒီနေ့ကျတော့ နတ်သမီးရဲ့ အချစ်တော် ဖြစ်သွားတာကို မင်း မနာလိုမဖြစ်ဘူးလား”
“ကဲပါ... အဘိုးကြီးဟွမ်။ ငါတို့ခြေအိတ်တွေကို မြန်မြန်လျှော်စမ်းပါ။ အဲဒီ ငတုံးရှောင်ပင်း မရှိတော့ဘူးဆိုတော့ ငါတို့ မင်းကို ဝိုင်းရိုက်တဲ့အခါ မင်းကို ကူမယ့်သူလည်း မရှိတော့ဘူး”
ကျွီ...
အဆောင်တံခါးမှာ ပွင့်ဟသွားတော့သည်။
ချန်ကျီရှင်းသည် မည်သည့်အမူအရာမျှ မရှိဘဲ အတွင်းသို့ လျှောက်ဝင်လာခဲ့၏။ ဆူညံနေသော အခန်းအတွင်းမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ အဘိုးကြီးဟွမ်ကို လက်ညှိုးငေါက်ငေါက်ထိုးနေသည့် အခန်းဖော်နှစ်ဦးမှာ ချက်ချင်းပင် မျက်နှာလွှဲကာ ချန်ကျီရှင်းကို ကျောခိုင်းလိုက်ကြသည်။
“ရှောင်ပင်း... မင်း ဘယ်လိုဖြစ်ပြီး ပြန်ရောက်လာတာလဲ”
အဘိုးကြီးဟွမ်၏ မျက်ဝန်းများ တောက်ပသွားပြီး ချက်ချင်းပင် ထရပ်ကာ ကြိုဆို လိုက်သည်။ ချန်ကျီရှင်းက အဘိုးကြီးဟွမ်ကို ပြုံးပြရင်း ခေါင်းညိတ်ပြလိုက်သည်။
“အင်း... ကျွန်တော့်ရဲ့ အထုပ်အပိုးတချို့ လာယူတာပါ”
ထိုသို့ပြောပြီးနောက် ချန်ကျီရှင်းက သူ၏ ကုတင်ဆီသို့ ကြည့်လိုက်ရာ မျက်မှောင်များ ချက်ချင်း ကြုတ်သွားတော့သည်။ သူ၏ ကုတင်ပေါ်တွင် အထွေထွေ အညစ်အကြေး ပစ္စည်းများ စုပုံနေသောကြောင့်ပင်။
“ဟို... ရှောင်ပင်း ငါတို့က မင်း အပြီးထွက်သွားပြီလို့ ထင်လို့...”
အခန်းဖော်နှစ်ဦးမှာ အတင်းအကျပ် ပြုံးပြရင်း စကားပြောရန် ကြိုးစားကြသည်။ သူတို့ စကားမဆုံးမီမှာပင်...
ဝုန်း
မမြင်ရသော အင်အားတစ်ခုက သူတို့ကို ကြီးမားသော လက်ကြီးတစ်ဖက်ကဲ့သို့ မတင်လိုက်ပြီး မျက်နှာကျက်နှင့် အရှိန်ပြင်းစွာ ရိုက်မိစေကာ ကြမ်းပြင်ပေါ်သို့ ပြန်လည် ပစ်ချလိုက်တော့သည်။
“နောက်ဆိုရင် ဘယ်သူ့နောက်ကွယ်မှာမှ အတင်းအဖျင်း ပြောသံ မကြားချင်တော့ဘူး”
ချန်ကျီရှင်းက ထိုနှစ်ဦးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အထုပ်အပိုးများကို လက်ဖြင့် သိမ်းဆည်းလိုက်သည်။
“အဘိုးကြီးဟွမ်... ကျွန်တော် အရင်သွားတော့မယ်။ မနက်ဖြန်ကျရင် တောင်ထိပ်သခင်ဆီမှာ ခင်ဗျားကို အထွေထွေကိစ္စရပ်များဌာနရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ပေးဖို့ ကျွန်တော် တင်ပြပေးပါ့မယ်”
“နောင်ကျရင် ခင်ဗျားက ယွီဘာဖီကို နွားချေး ဘယ်နှစ်ပိဿာ ကျုံးခိုင်း ကျူံးခိုင်း... သူက အဲဒီအတိုင်း ကျုံးရလိမ့်မယ်”
ချန်ကျီရှင်းက အဘိုးကြီးဟွမ်ကို ပြုံးပြလိုက်ပြီးနောက် အဆောင်အတွင်းမှ အရှိန်အဟုန်ဖြင့် ထွက်ခွာလာခဲ့သည်။ အဘိုးကြီးဟွမ်သည် ထွက်ခွာသွားသော ချန်ကျီရှင်း၏ ကျောပြင်ကို ကြည့်ကာ မှင်သက်နေမိတော့သည်။ ချန်ကျီရှင်း မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့မှသာ သူသည် ဝမ်းနည်းဝမ်းသာ ခံစားချက်များစွာဖြင့် အကြည့်လွှဲလိုက်မိသည်။
“ဟူး...”
သူသည် သက်ပြင်းတစ်ချက်ကို အနက်ရှိုင်းဆုံး ရှိုက်လိုက်မိသည်။ နောက်ဆိုလျှင် သူနှင့်အတူ အရက်သောက်၊ ကြက်ကင်စားရင်း စကားဖောင်ဖွဲ့မည့်သူ မရှိတော့ပေ။
အထွေထွေကိစ္စရပ်များဌာနမှ ထွက်ခွာလာပြီးနောက် ချန်ကျီရှင်းသည် ဖူရှုးဂေဟာဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။ ညကောင်းကင်ယံအောက်တွင် မီးခိုးရောင်အုတ်များဖြင့် တည်ဆောက်ထားသော ဖူရှုးဂေဟာသည် ပို၍ပင် ခြောက်ကပ်ငြိမ်သက်နေပြီး အသက်ဝင်သည့် အရိပ်အယောင် အစအနမျှပင် မရှိတော့ပေ။
ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော လူငယ်တစ်ဦးသည် ချန်ကျီရှင်းထံသို့ ဘီးလှိမ့်ကာ ရောက်ရှိလာသည်။
“ဆရာက မင်းကို ဒီအခန်းမှာ အနားယူဖို့ ပြောလိုက်တယ်”
ထိုလူငယ်က မည်သည့်အမူအရာမျှမရှိဘဲ အသက်မဲ့နေသော မျက်နှာဖြင့် အခန်းတစ်ခန်းကို ညွှန်ပြလိုက်သည်။
“ကောင်းပါပြီ ကျေးဇူးတင်ပါတယ်”
ချန်ကျီရှင်းက လက်အုပ်ချီ၍ နှုတ်ဆက်လိုက်ပြီး အနားယူရန် အခန်းထဲသို့ ဝင်သွားတော့သည်။
...
ထိုညတွင် ချန်ကျီရှင်းသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ စိတ်ဝိညာဉ်အာရုံစူးစိုက်မှုကို တိတ်ဆိတ်စွာ လေ့ကျင့်နေခဲ့သည်။ ရုတ်တရက် သူ၏ နားထဲတွင် အနီးအနားမှ အသံတစ်ခုကို ကြားလိုက်ရသည်။ ချန်ကျီရှင်းက မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ တံခါးအပြင်ဘက်တွင် အရိပ်တစ်ခု အရှိန်အဟုန်ဖြင့် ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရ၏။
ဖူရှုးလား။
ချန်ကျီရှင်းက မျက်လုံးကိုမှေးကာ ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားသည်။
အကြီးအကဲ ဖူရှုးက သည်းမခံနိုင်တော့ဘဲ ဒီညမှာတင် ငါ့ကို လက်စဖျောက်ဖို့ ကြံစည်နေတာလား။
ထိုအရိပ်သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် ဖူရှုးဂေဟာမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ပုံပင်။ ချန်ကျီရှင်းသည် သက်ပြင်းတစ်ချက် အသာအယာ ချလိုက်မိသည်။
အကယ်၍ ဖူရှုးကသာ ယခု သူ့ကို တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူသည် ဖူရှုးကို သတ်ပစ်နိုင်သည်မှာ အမှန်ပင်။ သို့သော် ဖူရှုးကို သတ်ပြီးနောက်တွင်မူ သူသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ ထွက်ပြေးရပေလိမ့်မည်။ ထိုရလဒ်မှာ ချန်ကျီရှင်း အလိုရှိသော အရာမဟုတ်ပေ။
ဤတစ်ခေါက် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသို့ လာရခြင်းမှာ သူသည် ဖူရှုးကို သတ်
ရန်သာမက ရွှီဖန်နှင့် မုန့်ဟယ်တုန်းတို့ကိုပါ အသေသတ်ရန် လိုအပ်နေခြင်းကြောင့်ပင်။
ခဏအကြာတွင် ချန်ကျီရှင်းသည် မျက်လုံးကို ပြန်လည်မှိတ်လိုက်တော့သည်။
ထိုအချိန်မှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အပြင်ဘက်ရှိ ဖုန်းပိုင်မြိုတွင် မြေအောက် လောင်းကစားဝိုင်းတစ်ခုအတွင်း၌ ဒေါသတကြီး အော်ဟစ်သံများ တရစပ် ထွက်ပေါ်နေ၏။
“ငါ့ကို လွှတ်ပေးကြစမ်း ငါက နတ်ဘုရားရတနာဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ ငါတို့ အကြီးအကဲတွေ ကလဲ့စားချေဖို့ လာမှာကို မင်းတို့ မကြောက်ကြဘူးလား”
“မင်းတို့က တကယ်ပဲ ဘယ်သူတွေလဲ”
“ငါက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ တောင်ဘက်တောင်ထိပ်က တပည့်ပဲ။ ငါ့ရဲ့ဆရာက အကြီးအကဲ ဖူရှန်းကွ။ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ နှာခေါင်းဖျားအောက်မှာတင် လူကို ဒီလိုဖမ်းရဲတဲ့သူက ဘယ်သူလဲ”
“တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးကြပါ”
ကျယ်ဝန်းလှသော ခန်းမဆောင်ကြီးအတွင်း၌ အဓိကဂိုဏ်းကြီးများမှ တပည့်များသည် နတ်
ဘုရားချည်နှောင်သော့များဖြင့် သူတို့၏ ပခုံးရိုးများကို ထိုးဖောက်ချည်နှောင်ခံထားရပြီး လေထဲတွင် တွဲလောင်းကျနေကြသည်။ တချို့က ဆဲဆိုနေကြပြီး တချို့က သူတို့၏ နောက်ခံအင်အားများကို ထုတ်ဖော်ပြောဆိုနေကြကာ တချို့ကမူ အဖန်ဖန်တလဲလဲ အသနားခံနေကြတော့သည်။
လောင်းကစားရုံအတွင်း၌ အမည်းရောင်ဝတ်ရုံခြုံထားပြီး ခေါင်းစွပ်ဆောင်းထားသော လူရိပ်များသည် နတ်ဘုရားရိုက်နှက်သည့် ကြိမ်လုံးများကို ကိုင်ဆောင်ကာ ခန်းမ၏ ထောင့်လေးထောင့်တွင် စောင့်ကြပ်နေကြသည်။ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သူမှန်သမျှမှာ ကြောက်မက်ဖွယ်ကောင်းသော ကြိမ်ဒဏ်များကို ခံကြရပြီး အရေခွံများ လန်ထွက်ကာ အော်ဟစ်သံများ ဟိန်းထွက်နေတော့သည်။
နောက်တစ်ခဏတွင် ခန္ဓာကိုယ် ပိန်လှီလှီနှင့် မြေပြင်ပေါ်အထိ တရွတ်တိုက်နေသော အမည်းရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားကာ ခေါင်းစွပ်ဖြင့် မျက်နှာကို ဖုံးကွယ်ထားသော ရုပ်အသွင်တစ်ခုသည် လောင်းကစားရုံအတွင်းသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
ကြိမ်လုံးကိုင်ထားသော အမည်းရောင်ဝတ်ရုံခြုံလူအုပ်မှာ ချက်ချင်းပင် ဦးညွှတ်လိုက်ကြပြီး “သခင်” ဟု နှုတ်ဆက်ကြသည်။
ထိုအမည်းရောင်ဝတ်ရုံခြုံပုဂ္ဂိုလ်က ခေါင်းညိတ်ပြလိုက်ပြီး ခန်းမအတွင်း တွဲလောင်းကျနေသော တပည့်များကို ကြည့်ကာ မျက်မှောင်အနည်းငယ် တွန့်လိုက်သည်။ ထို့နောက် အက်ကွဲကာ နိမ့်ဝင်နေသော အသံဖြင့် ပြောလိုက်သည်။
“ပစ္စည်းတွေရဲ့ အရည်အသွေးက တစ်နေ့ထက်တစ်နေ့ ပိုညံ့လာပါလား”
ကြိမ်လုံးကိုင်ထားသူများက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
“သခင်... အပြင်ဘက်မှာ အခြေအနေတွေက တင်းမာနေပါတယ်။ ဂိုဏ်းကြီးအသီးသီးနဲ့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက သူတို့တပည့်တွေ ပျောက်ဆုံးနေတဲ့ကိစ္စကို အသေအချာ စုံစမ်းစစ်ဆေးနေကြတာမို့ လှုပ်ရှားရတာ အဆင်မပြေလို့ပါခင်ဗျာ”
ခေါင်းစွပ်အကျယ်ကြီး ဆောင်းထားသော ထိုပုဂ္ဂိုလ်က ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
“မင်းက ဘယ်သူလဲ။ ငါပြောပြမယ်... ငါ့အဖေက နတ်ဘုရားရတနာဂိုဏ်းရဲ့ တတိယအကြီးအကဲပဲ။ မင်းအတွက် ကောင်းမယ်ဆိုရင် ငါ့ကို အခုချက်ချင်း လွှတ်ပေးစမ်း”
လူငယ်ကျင့်ကြံသူတစ်ဦးက အော်ဟစ်နေ၏။
ဝတ်ရုံခြုံပုဂ္ဂိုလ်က ရှေ့သို့ တစ်လှမ်းချင်း တိုးသွားပြီး သူ၏ လက်ဖြင့် ထိုလူငယ်၏ ခေါင်းကို ဖိနှိပ်လိုက်သည်။
ဂျပ်... ဂျပ်...
ထိုလူငယ်မှာ လျှပ်စစ်စီးသွားသကဲ့သို့ ပြင်းထန်စွာ တုန်ယင်သွားတော့သည်။ သူ၏ မျက်လုံးများ ပြူးကျယ်လာပြီး သန်စွမ်းသော သွေးသားခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ခြောက်ကပ်သွားကာ မျက်သူငယ်အိမ်များမှာလည်း တဖြည်းဖြည်း ကျယ်လာ၏။ ဝတ်ရုံခြုံပုဂ္ဂိုလ်၏ ခြောက်ကပ်နေသော လက်ဖဝါးကြီးအတွင်းသို့ နီရဲသော စွမ်းအင်စီးကြောင်းများ စီးဝင်သွားတော့သည်။
ခဏအကြာတွင် ထိုလူငယ်၏ အနှစ်သာရသွေးနှင့် နတ်ဘုရားအသိစိတ်များမှာ အကုန်အစင် စုပ်ယူခံလိုက်ရပြီး မည်သည့်အသံမျှ မထွက်နိုင်တော့သည့် အလောင်းခြောက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဝတ်ရုံခြုံပုဂ္ဂိုလ်၏ မျက်နှာထက်တွင်မူ စွဲမက်ဖွယ်ကောင်းသော အနီရောင်အသွေးအသားများ ပေါ်လာ၏။
“အားနည်းလွန်းတယ်”
သူက လက်ကို ပြန်ရုပ်လိုက်သည်။ သူ၏ မှုန်ဝါးနေသော မျက်ဝန်းများထဲတွင် စိတ်ပျက်ရိပ်များ ဖြတ်ပြေးသွား၏။ သူ၏ လက်ရှိအခြေအနေအရ ဤကဲ့သို့သော သာမန်ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်ကို ဝါးမြိုရခြင်းမှာ သမုဒ္ဒရာထဲသို့ ရေတစ်စက် ချလိုက်သကဲ့သို့ပင် အကျိုးသက်ရောက်မှု နည်းပါးလှသည်။
“နောက်တစ်ယောက်”
ဝတ်ရုံခြုံပုဂ္ဂိုလ်က ခေါင်းခါယမ်းလိုက်ပြီး နောက်ထပ်လူငယ်တစ်ဦးထံသို့ လျှောက်သွားရန် ပြင်လိုက်သည်။
ထိုစဉ်မှာပင်...
လောင်းကစားရုံ၏ တံခါးကြီးမှာ ဟိန်းထွက်နေသော အသံနှင့်အတူ အပိုင်းပိုင်း အစအန ဖြစ်သွားတော့သည်။
ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ အကြီးအကဲ ဖူရှန်းသည် အပြင်ဘက်မှ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့သည်။ သူ၏ အကြည့်မှာ ခန်းမအတွင်းရှိ မြင်ကွင်းတစ်ခုလုံးကို ခြုံငုံကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်
“နောက်ဆုံးတော့ မင်းကို မိပြီကွ”
နောက်တစ်ခဏတွင် သူသည် ဒေါသတကြီးဖြင့် ဝတ်ရုံခြုံပုဂ္ဂိုလ်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။ ဤအရာအားလုံးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်းပင်။
ဝတ်ရုံခြုံပုဂ္ဂိုလ်မှာ အလျင်အမြန်ပင် ပြန်လည်ခုခံလိုက်ရသော်လည်း သူ၏ ခေါင်းစွပ်မှာမူ ချက်ချင်းပင် ကွဲထွက်သွားပြီး ရှည်မျောမျောနှင့် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာအိုကြီး ပေါ်ထွက်လာခဲ့သည်။
“ဖူရှုး”
ဖူရှန်းမှာ တစ်ကိုယ်လုံး ဆွံ့အသွားပြီး သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုများ လွှမ်းမိုးသွားသည်။
သူ၏ တပည့်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး သူကိုယ်တိုင် ပင်ပင်ပန်းပန်း လိုက်လံစုံစမ်းနေခဲ့ရသူမှာ သူ့ကဲ့သို့ပင် မဟာအကြီးအကဲ ငါးဦးထဲမှ တစ်ဦးဖြစ်သည့် ဖူရှုး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
“ဖူရှန်း... ငါ ရှင်းပြတာကို နားထောင်ပါဦး...”
ဖူရှုး၏ မျက်နှာမှာ ပျာပျာသလဲ ဖြစ်သွားပြီး ရှေ့သို့ အမြန်တိုးလာသည်။
“ဘာတွေ ရှင်းပြနေဦးမှာလဲ။ သက်သေသာဓကတွေက အခိုင်အလုံ ရှိနေတာပဲ။ မင်း ပြောစရာရှိတာကို တောင်ထိပ်သခင် ရှေ့ရောက်မှပဲ ပြောတော့”
အကြီးအကဲ ဖူရှန်းက အင်္ကျီလက်ဝတ်ရုံကို ခါယမ်းလိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။
“ဖူရှုး... မင်း ဒီလိုလူစားမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး...”
“သေစမ်း”
ဖူရှုး၏ ယုတ်မာသော မျက်နှာမှာ ရုတ်တရက် ရက်စက်ကြမ်းကြုတ်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်...
မြေအောက် လောင်းကစားရုံတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီ။ အလောင်းများမှာ ကြမ်းပြင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေပြီး သွေးပုပ်နံ့များမှာလည်း ပြင်းထန်စွာ ထွက်ပေါ်နေသည်။
ဆံပင်နှင့် မုတ်ဆိတ်ဖြူဖြူဖြင့် အကြီးအကဲတစ်ဦးမှာ ကြမ်းပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်လျက် ရှိနေပြီး ပါးစပ်မှ သွေးများ တရစပ် ထွက်နေသည်။ သူသည် အမည်းရောင် ဝတ်ရုံခြုံပုဂ္ဂိုလ်ကို ဒေါသတကြီး စိုက်ကြည့်နေ၏။
“ဖူရှုး... မင်း နောင်တရဖို့ အချိန်ရှိပါသေးတယ်...”
အကြီးအကဲ ဖူရှန်းက ခက်ခဲစွာ ပြောဆိုလိုက်သော်လည်း သူ၏ မျက်ဝန်းထဲမှ အသက်ဓာတ်များမှာမူ တဖြည်းဖြည်း ကုန်ခမ်းနေပြီ ဖြစ်သည်။
“နောင်တရဖို့ ဟုတ်လား ငါ့ရဲ့ ကိုယ်ပိုင်သားအရင်းရဲ့ စိတ်ဝိညာဉ်ကို ငါ့လက်နဲ့ကိုယ်တိုင် စုပ်ယူခဲ့တဲ့ အချိန်ကတည်းက ငါ့မှာ နောက်ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး”
ဖူရှုး၏ မျက်ဝန်းထဲတွင် ရက်စက်မှုများ လက်သွားပြီး သူ၏ လက်ဝါးကြီးကို ဖြန့်ကာ အကြီးအကဲ ဖူရှန်း၏ ဦးခေါင်းပေါ်သို့ ဖိနှိပ်လိုက်သည်။ ဖူရှန်းမှာ ရူးသွပ်မတတ် တုန်ယင်သွားပြီး သူ၏ အနှစ်သာရသွေးနှင့် နတ်ဘုရားအသိစိတ်များမှာ ဖူရှုး၏ လက်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားတော့သည်။
ခဏအကြာတွင် ဖူရှန်းမှာ အလောင်းခြောက်ကြီးအဖြစ် ပြောင်းလဲသွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျကာ အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့သည်။ ဖူရှုး၏ ဖြူလျော့နေသော မျက်နှာထက်တွင်မူ စွဲမက်ဖွယ်ကောင်းသော အနီရောင်အသွေးအသားများ ပေါ်လာတော့သည်။
“နောက်ထပ် နည်းနည်းလေးပဲ... နောက်ထပ် နည်းနည်းလေးသာ ထပ်ရရင် ငါ စစ်မှန်သော ကိုယ်ထည် ဆဋ္ဌမအဆင့်ကို တက်လှမ်းနိုင်ပြီ”
ဖူရှုးက သူ၏လက်ကို နှမြောတသစွာ ပြန်ရုပ်လိုက်သော်လည်း သူ၏ မျက်ဝန်းထဲတွင် စိုးရိမ်ရိပ်အချို့ ရှိနေသည်။ ဒီည ဖူရှန်း သေဆုံးသွားခြင်းကြောင့် တောင်ဘက်တောင်ထိပ်တစ်ခုလုံးသာမက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ တစ်ခုလုံးပါ ရိုက်ခတ်မှုများ ဖြစ်ပေါ်လာပေလိမ့်မည်။ သဲလွန်စများက သူ့ထံသို့ ရောက်လာရန်မှာလည်း သိပ်မကြာတော့ပေ။
“မရတော့ဘူး... ငါ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ ဆက်နေလို့ မဖြစ်တော့ဘူး”
သူ၏ မျက်ဝန်းထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ လက်သွားသည်။
“ဒါပေမဲ့...”
“မထွက်သွားခင်မှာ ရှောင်ပင်းရဲ့ စိတ်ဝိညာဉ်ကို ငါ အရင် ဝါးမြိုရမယ်”
“ငါ့ရဲ့ အစီအစဉ်တွေကို အရှိန်မြှင့်မှ ဖြစ်တော့မယ်”
ထိုသို့ တွေးတောပြီးနောက် ဖူရှုးမှာ မဆိုင်းမတွဘဲ မြေအောက် လောင်းကစားရုံမှ ထွက်ခွာသွားခဲ့သည်။ သူ ထွက်ခွာသွားပြီးနောက် မြေအောက်မှ တဟုန်းဟုန်း တောက်လောင်နေသော မီးလျှံများ ထွက်ပေါ်လာပြီး လောင်းကစားရုံ တစ်ခုလုံးကို ဝါးမြိုသွားတော့သည်။
နောက်ထပ် သုံးရက်တာ ကာလအတွင်း...
ဖူရှုးသည် ဘာမှမဖြစ်ခဲ့သလိုမျိုးပင် ချန်ကျီရှင်းကို စိတ်ဝိညာဉ်ဆိုင်ရာ အခြေခံဗဟုသုတများကို ကြင်နာတတ်သော အကြီးအကဲတစ်ဦးအသွင်ဖြင့် ဆက်လက် သင်ကြားပြသပေးနေခဲ့သည်။ တစ်ဖက်တွင်မူ သူသည် ဂိုဏ်းအတွင်းရှိ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်နေပြီး ချန်ကျီရှင်းကို လက်စဖျောက်ရန် အခွင့်အရေး ရှာဖွေနေခဲ့သည်။
ချန်ကျီရှင်းကလည်း သူ၏ အစီအစဉ်များအတွက် အခွင့်အရေးကို စောင့်ဆိုင်းနေရင်း စိတ်ဝိညာဉ်ကျင့်စဉ် လမ်းစဉ်ဆိုင်ရာ ဗဟုသုတများကို အလျင်အမြန် စုပ်ယူနေခဲ့သည်။ စိတ်ဝိညာဉ်ကျင့်စဉ် လမ်းစဉ်မှာ ချန်ကျီရှင်း ယခင်က နားလည်ထားသည်ထက် များစွာ ကျယ်ပြန့်နက်နဲသည်။
တစ်ချိန်တည်းမှာပင် သာမန်အစေခံတပည့်လေးတစ်ဦးဘဝမှ တာအိုမျိုးစေ့တပည့်အဖြစ်သို့ ချန်ကျီရှင်း၏ ရုတ်တရက် မြင့်တက်လာမှုက တောင်ဘက်တောင်ထိပ် တစ်ခုလုံးကို ချက်ချင်းပင် လှုပ်ခတ်သွားစေတော့သည်။
***