တောင်ဘက်တောင်ထိပ်၌….
"မင်း ကြားပြီးပြီလား။ ငါတို့ တောင်ဘက်တောင်ထိပ်မှာ အသစ်ခန့်အပ်လိုက်တဲ့ တာအိုမျိုးစေ့တပည့်တစ်ယောက် ရှိတယ်ဆိုတာလေ။"
"ဒီလူက ဘယ်ကလဲ။ ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ တာအိုမျိုးစေ့တပည့် ဖြစ်သွားရတာလဲ။ ဒါက မတရားဘူး"
"နောက်ခံလား။ ငါကြားတာတော့ သူ့နာမည်က ရှောင်ပင်းတဲ့။ အထွေထွေကိစ္စရပ်များဌာနက အစေခံမျိုးဆက် သုံးဆက်မြောက်ထဲက တစ်ယောက်ပဲ။ နတ်သမီးကိုယ်တိုင် ရွေးချယ်ပြီး ငါတို့ တောင်ဘက်တောင်ထိပ်ကို ခေါ်လာတာ"
"ရှောင်ပင်းဆိုတဲ့လူက နတ်သမီးရဲ့ ရည်စားများလား။ ဒါမှမဟုတ်ရင်..."
"ရှူး တိုးတိုးနေစမ်း နတ်သမီးအကြောင်းကို ဒီလိုပြောနေတာ မင်း အသေခံချင်လို့လား"
တောင်ဘက်တောင်ထိပ်သို့ လျှောက်လှမ်းနေကြစဉ် တပည့်များမှာ တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
"ရှောင်ပင်း"
လူအုပ်ကြားတွင် ခန့်ညားထည်ဝါသော ရုပ်ရည်ရှိပြီး ဓားသွားကဲ့သို့ ထင်ရှားသည့် မျက်ခုံးအစုံရှိသော လူငယ်တစ်ဦးက မျက်မှောင်ကြုတ်လိုက်သည်။
နောက်တစ်ခဏတွင်...
သူသည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။
သုံးရက်တာကာလအတွင်း ဖြစ်ပေါ်လာနိုင်သော မရေမတွက်နိုင်သည့် အနာဂတ်လမ်းကြောင်းများမှာ သူ၏ မျက်စိရှေ့တွင် ချက်ချင်းပင် ပွင့်ထွက်လာတော့သည်။
အသက်ရှူအကြိမ်အနည်းငယ်ကြာပြီးနောက် ဓားမျက်ခုံးနှင့် လူငယ်သည် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
သူ၏ အနာဂတ်နှင့် မည်သို့မျှ ပတ်သက်မှုမရှိသည့် သာမန်လူတစ်ယောက်သာ ဖြစ်သဖြင့် သူ အာရုံစိုက်နေရန် မထိုက်တန်ပေ။
...
ဖူရှုးဂေဟာ၌ အကြီးအကဲ ဖူရှုးသည် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ ရှေ့တွင်လည်း ချန်ကျီရှင်းမှာ တင်ပျဉ်ခွေလျက် ရှိနေသည်။
"ရှောင်ပင်း... ငါတို့ တောင်ဘက်တောင်ထိပ်ရဲ့ အခြေခံမူကို မင်း သိလား"
ဖူရှုးက မျက်လုံးကို တဝက်မှိတ်ကာ တဝက်ဖွင့်ထားလျက် တိုးတိုးလေး မေးလိုက်သည်။
"လူသားရဲ့ ခွန်အားက အကန့်အသတ်ရှိပေမဲ့ စိတ်ရဲ့စွမ်းအားကတော့ အကန့်အသတ်မရှိပါဘူး"
ချန်ကျီရှင်းက ပြန်ဖြေလိုက်သည်။
"မှန်တယ်"
ဖူရှုးက ခေါင်းညိတ်ပြရင်း “စိတ်ဝိညာဉ်အသိစိတ်အပေါ် အများက နားလည်ထားတာဟာ တကယ်တော့ အရမ်းကျဉ်းမြောင်းတယ်။ လူအများစုက ဒါကို စူးစမ်းရှာဖွေဖို့နဲ့ သတင်းပို့ဖို့အတွက်ပဲ သုံးကြတယ်။ တချို့ကျတော့လည်း တခြားသူရဲ့ အသိစိတ်ပင်လယ်ကို ကျူးကျော်တိုက်ခိုက်ဖို့အတွက်ပဲ သုံးကြတာ”
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်သည်။ ဤအရာများမှာ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အဓိက အသုံးပြုနေသည့် နည်းလမ်းများပင်။
ဖူရှုးက အသာအယာ ပြုံးလိုက်ပြီး "ဒါပေမဲ့ စိတ်ဝိညာဉ်အသိစိတ်ကို အသုံးပြုပုံတွေက တကယ်တော့ စိတ်ကူးယဉ်လို့မရနိုင်လောက်အောင် အံ့ဩဖို့ကောင်းပါတယ်။ ဒါကို စူးစမ်းဖို့နဲ့ တိုက်ခိုက်ဖို့လောက်ပဲ သုံးတာဟာ ရွှေတောင်ကြီးကို ပိုင်ဆိုင်ထားပြီး ဘယ်လိုသုံးရမှန်းမသိဘဲ စောင့်ကြည့်နေသလိုပဲ။ တကယ့်ကို အလဟဿဖြစ်စေတာပေါ့"
"စစ်မှန်တဲ့ စိတ်ဝိညာဉ်အသိစိတ်က မင်းရဲ့ အတွေးတွေလိုပဲ အံ့ဩစရာကောင်းရမယ်"
"စွမ်းအားကြီးတဲ့ စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်က အာရုံအမှားကို အစစ်အမှန်ဖြစ်အောင် ဖန်တီးနိုင်ရမယ်။ မရှိတာကို ရှိအောင် လုပ်နိုင်ရမယ်။ ပြောလိုက်တဲ့ စကားက ဥပဒေဖြစ်လာရမယ်။ အတွေးတစ်ချက်နဲ့တင် နတ်ဘုရားနိုင်ငံတော်တစ်ခုကို တည်ဆောက်နိုင်ရမယ်"
ချန်ကျီရှင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး "အာရုံမှားကို အစစ်အမှန်ဖြစ်အောင် လုပ်တာလား။ မရှိတာကို ရှိအောင် လုပ်တာလား"
ဖူရှုးက ပြုံးလျက် ပြောလိုက်သည်။
"အာရုံအမှားကို အစစ်အမှန်ဖြစ်အောင် လုပ်တယ်ဆိုတာ ဘာလဲ။ အကယ်၍ ငါက ဒီကမ္ဘာကြီးဟာ အစစ်အမှန်လို့ ပြောရင် အစစ်အမှန်ဖြစ်လာမယ်။ အကယ်၍ ငါက ဒီကမ္ဘာကြီးဟာ အတုအယောင်လို့ ပြောရင်လည်း အတုအယောင်ပဲ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ ငါက ငါ့ရဲ့ စိတ်ဝိညာဉ်အသိစိတ်ကို သုံးပြီး မင်းရဲ့ စိတ်ကို တိုက်ရိုက်ထိန်းချုပ်လိုက်လို့ပဲ။ မင်းရဲ့ အာရုံခံစားမှုတွေကို ပုံဖျက်ပစ်လိုက်တာ"
ဤသည်ကို ကြားသောအခါ ချန်ကျီရှင်း၏ မျက်နှာတွင် စဉ်းစားဟန် ပေါ်လာတော့သည်။
ဤအတွေးအခေါ်များမှာ ယနေ့မတိုင်မီအထိ သူ တစ်ခါမျှ မတွေးတောခဲ့ဖူးသော အရာများပင်။
"ဒါကြောင့် ငါပြောတာပေါ့... စိတ်ဝိညာဉ်အသိစိတ်ကို တိုက်ခိုက်ဖို့နဲ့ စူးစမ်းဖို့လောက်ပဲ သုံးနေတာဟာ အောက်ခြေအဆင့် ကျင့်ကြံမှုပဲ"
ဖူရှုးက ပြုံးလျက် ဆက်ပြောသည်။
"ငါ့အမြင်အရတော့ စိတ်ဝိညာဉ်အသိစိတ်ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က ထိန်းချုပ်ခြင်းပဲ။ တခြားသူရဲ့ အတွေးအခေါ်တွေကို ထိန်းချုပ်မယ်။ သူတို့ရဲ့ အာရုံခံစားမှုတွေကို ထိန်းချုပ်မယ်။ နောက်ဆုံးမှာတော့ သူတို့ကို ကိုယ်အလိုရှိသလို ခိုင်းစေလို့ရတဲ့ ရုပ်သေးရုပ်တွေအဖြစ် ပြောင်းလဲပစ်တာပဲ"
ခေတ္တမျှ ရပ်နားပြီးနောက် ဖူရှုးက စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
"ဒါပေမဲ့ ဒီနည်းလမ်းတွေက မင်းနဲ့ အလှမ်းဝေးပါသေးတယ်။ လောလောဆယ်တော့ တစ်ဆင့်ချင်းစီပဲ သွားကြတာပေါ့"
ပြောပြီးသည်နှင့် ဖူရှုးသည် သူ၏ ညာဘက်လက်ကို လှန်လိုက်ရာ စာအုပ်ပါးလေးတစ်အုပ် ပေါ်ထွက်လာသည်။ သူက ထိုစာအုပ်ကို ချန်ကျီရှင်းထံ ကမ်းပေးရင်း ပြောလိုက်သည်။
"ဒါက နတ်ဘုရားဗေဒင်မှတ်တမ်းပဲ။ အဆင့်ငါးဆင့် ရှိတယ်။ ပထမအဆင့်ကနေ စပြီး ကျင့်ကြံပါ"
ချန်ကျီရှင်းသည် ထိုစာအုပ်ကို လှမ်းယူလိုက်ပြီး ပထမအဆင့်ကို ကြည့်လိုက်သည်။ ပထမအဆင့်မှာ ရိုးရှင်းပြီး စိတ်ဝိညာဉ်အသိစိတ်ကို အသုံးပြုကာ အရှိတရားတစ်ခုပြီးတစ်ခုကို ပုံဖော်ဖန်တီးရန်သာ လိုအပ်သည်။
"ရှောင်ပင်း... လာပါဦး ငါ မင်းကို တစ်ခေါက်လောက် သရုပ်ပြပါရစေ"
ဖူရှုးက ပြုံးလိုက်ပြီး သူ၏လက်ကို ဖြန့်လိုက်ရာ မျက်ဝန်းများထဲတွင် တောက်ပသောအလင်းတန်းများ ရုတ်တရက် လက်သွားတော့သည်။
နောက်တစ်ခဏတွင် ဖူရှုး၏ လက်ဖဝါးပေါ်၌ အသက်ဝင်လှသော ချီလင်သတ္တဝါလေးတစ်ကောင် ပေါ်ပေါက်လာခဲ့သည်။ ထိုချီလင်တွင် ခြင်္သေ့ခေါင်း၊ သမင်ဂျို၊ ကျားမျက်လုံး၊ သမင်ကိုယ်ထည်၊ နဂါးအကြေးခွံနှင့် နွားမြီးတို့ ရှိကြသည်။ ၎င်းသည် ဖူရှုး၏ လက်ပေါ်တွင် လှည့်လည်သွားလာနေပြီး ရံဖန်ရံခါ ရှေ့ခြေထောက်များကို မြှောက်ကာ မီးတောက်များကို မှုတ်ထုတ်နေ၏။
တကယ့်ကို အသက်ဝင်သည်။
"ရှောင်ပင်း... စတင်လေ့ကျင့်ပါ။ မင်းရဲ့ စိတ်ဝိညာဉ်အသိစိတ်ကို သုံးပြီး ဒီလိုချီလင်မျိုးကို ဖန်တီးနိုင်ပြီဆိုရင် မင်း ပထမအဆင့်ကို အောင်မြင်ပြီလို့ သတ်မှတ်လို့ရတယ်"
ဖူရှုးက အသာအယာ ပြုံးပြပြီးနောက် အခန်းထဲသို့ ပြန်ဝင်ရန် ပြင်လိုက်သည်။ ချန်ကျီရှင်းမှာ စဉ်းစားခန်းဝင်နေသည်ကို မြင်သောအခါ သူက မနေနိုင်ဘဲ "အရမ်း မလောပါနဲ့။ ဒီနည်းလမ်းကို ကျင့်ကြံဖို့ဆိုရင် အလွန်အမင်း အာရုံစူးစိုက်နိုင်တဲ့ ဝိညာဉ်စွမ်းအားတွေ လိုအပ်သလို စိတ်ထဲမှာလည်း အကြိမ်ကြိမ်အခါခါ ပုံဖော်နေရမှာပါ။ အသေးစိတ်အချက်အလက်အားလုံးကို သေချာစဉ်းစားမိတော့မှသာ လက်တွေ့ဖန်တီးဖို့ ကြိုးစားလို့ရမယ်"
"ငါ့တုန်းက ငါ ဒီပထမအဆင့်ကို ကျင့်တုန်းက တစ်လတိတိ ကြာခဲ့တာ။ အဲဒီတစ်လလုံး ငါ အနားမယူဘဲ နေ့ရောညပါ ကျင့်ခဲ့ရတာပါ"
"မင်းလည်း အေးအေးဆေးဆေးပဲ ကျင့်ပါ"
ပြောပြီးနောက် ဖူရှုးသည် အခန်းတွင်းသို့ဝင်ကာ ကျင့်ကြံရန် နောက်သို့ လှည့်ထွက်သွားခဲ့သည်။ သူ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသည်။
"အကြီးအကဲ ဖူရှုး... ကျွန်တော် အောင်မြင်သွားပြီ ထင်တယ်။ ဒါ ဟုတ်ပါသလားခင်ဗျာ"
သံသယဖြစ်နေသော လေသံတစ်ခု ထွက်ပေါ်လာသည်။
"အောင်မြင်သွားပြီ ဟုတ်လား ဟားဟား... မဖြစ်နိုင်တာ။ အရမ်းကြီးလည်း စိတ်မလောပါနဲ့..."
အကြီးအကဲ ဖူရှုးက ရယ်မောရင်း ပေါ့ပေါ့ပါးပါးပင် နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ စကားပင် မဆုံးသေးမီမှာပင်...
"ဟင်"
ဖူရှုး၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားပြီး မျက်နှာပေါ်မှ အပြုံးမှာလည်း ချက်ချင်းပင် အေးခဲသွားတော့သည်။
သူ မြင်လိုက်ရသည်မှာ ချန်ကျီရှင်း၏ ညာဘက်လက်ကို မြှောက်ထားပြီး ထိုလက်ပေါ်တွင် ကျောက်စိမ်းနက် ချီလင်တစ်ကောင် မတ်တပ်ရပ်နေခြင်းပင်။ ၎င်း၏ ခြေထောက်များတွင် မီးများတောက်လောင်နေပြီး ကောင်းကင်ယံသို့ မော့ကာ ဟိန်းဟောက်နေတော့သည်။
"မင်း... မင်း... မင်း..."
ဖူရှုးမှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားမိပြီး ချန်ကျီရှင်း၏ လက်ထဲမှ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ဖန်တီးထားသော ကျောက်စိမ်းနက် ချီလင်ကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေမိသည်။
သူ စကားမပြောနိုင်သေးမီမှာပင်...
ချန်ကျီရှင်း၏ လက်ထဲမှ ချီလင်မှာ ရုတ်တရက် ကွဲကြေသွားပြီး မီးတောက်များ ဝန်းရံနေသော ကိုးထပ်ကောင်းကင် နတ်ဘုရား ဖီးနစ်အဖြစ် ပြောင်းလဲသွားပြန်သည်။ အမွေးအတောင်တိုင်း၊ ခြေသည်းတိုင်း၊ မျက်ဝန်းထဲမှ မြင့်မြတ်ပြီး မထီမဲ့မြင်ပြုသော အမူအရာများအထိ အစွမ်းကုန် အသက်ဝင်သည်။
ထိုမှတစ်ဆင့် နဂါးငွေ့များ မှုတ်ထုတ်နေသော လက်သည်းကိုးခုပါသော နဂါးပြာအဖြစ် ထပ်မံ ပြောင်းလဲသွားပြန်သည်။
ရွှေတောင်ပံဖြန့်ထားသောငှက်….
ကျောက်စာတိုင်ကို ထမ်းထားသော လိပ်ကြီး….
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ကျီရှင်း၏ လက်ဖဝါးပေါ်၌ ဒဏ္ဍာရီလာ နတ်ဘုရားသားရဲကြီးများ တစ်ကောင်ပြီးတစ်ကောင် အစီအရီ ပေါ်ပေါက်လာတော့သည်။
“တော်ပြီ... တော်ပြီ”
အကြီးအကဲ ဖူရှုး၏ မျက်ဝန်းများမှ ရွှေရောင်အလင်းတန်းများ ပွင့်ထွက်လာပြီး ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ချန်ကျီရှင်းကို စိုက်ကြည့်နေမိသည်။ ဤအခိုက်အတန့်တွင် သူ၏ တစ်ကိုယ်လုံးမှာလည်း မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေတော့သည်။
တကယ့် မိစ္ဆာကောင်ပဲ။
ဘယ်လို မိစ္ဆာမျိုးပါလိမ့်။
သူသည် ချန်ကျီရှင်းကို ကြည့်ရင်း အစောပိုင်းက သတ်ဖြတ်ရန်သာ ဆုံးဖြတ်ထားသော်လည်း ယခုမူ ပါရမီရှင်တစ်ဦးအပေါ် နှမြောတသသော စိတ်များ ရုတ်တရက် တိုးဝင်လာသည်။ ဤကဲ့သို့သော ပါရမီ ဤကဲ့သို့သော သိမြင်နားလည်မှုမျိုးမှာ ရှေးခေတ်ကတည်းက လက်ချိုးရေတွက်ရုံမျှသာ ရှိခဲ့ဖူးပေလိမ့်မည်။
ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်သော ဤသိမြင်နိုင်စွမ်းနှင့် ယှဉ်လျှင် မွေးရာပါ ဝိညာဉ်ခန္ဓာနှင့် အကန့်အသတ် ကျော်လွန်သော စိတ်ဝိညာဉ်အသိစိတ်တို့မှာ မှေးမှိန်ပြီး အရောင်မွဲခြောက်သွားသယောင်ပင်။ အကယ်၍ ဤကဲ့သို့သော ပါရမီရှင်သာ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးမသွားခဲ့လျှင် နောင်တစ်ချိန်တွင် ကမ္ဘာ့အထွတ်အထိပ်၌ ရပ်တည်နိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထို့ပြင် သူသာ သူ၏ ဆရာဖြစ်ခွင့်ရခဲ့မည်ဆိုလျှင် သူသည်လည်း ထာဝရဘုန်းမီးလျှံ တောက်နိုင်ပေလိမ့်မည်။
“အကြီးအကဲ ဖူရှုး... ဒါက မှန်ကန်ရဲ့လားခင်ဗျာ”
ချန်ကျီရှင်း၏ စကားကြောင့် အကြီးအကဲ ဖူရှုးမှာ သတိပြန်ဝင်လာခဲ့သည်။ သူ၏ မျက်နှာပေါ်မှ အံ့ဩမှုများကို ဖုံးကွယ်မရသေးဘဲ ခေါင်းညိတ်ပြလိုက်ရသည်။
“မှန်တယ် လုံးဝကို မှန်တာပေါ့ ဒါ... ဒါက ပထမအဆင့်ကို အောင်မြင်သွားတာပဲ”
ပြောပြီးနောက် ဖူရှုးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲမှ လှုပ်ခတ်မှုများကို အတင်းအကျပ် ဖိနှိပ်လိုက်ရသည်။
လွန်ခဲ့သော ဆယ်နှစ်ခန့် တခြားသူများ၏ စိတ်ဝိညာဉ်ကို စတင်မဝါးမြိုမီ အချိန်ကသာ ဖြစ်ခဲ့လျှင် သို့မဟုတ် လွန်ခဲ့သော ရက်ပိုင်းက အကြီးအကဲ ဖူရှန်းကို မသတ်ခဲ့မိလျှင် သူသည် ချန်ကျီရှင်းကို တပည့်ရင်းတစ်ဦးကဲ့သို့ သဘောထားပြီး အဖိုးအခ မည်မျှပင် ပေးရပါစေ သင်ကြားပြသပေးမိမည်မှာ သေချာသည်။
နှမြောစရာကောင်းသည်မှာ အရာအားလုံးက နောက်ကျသွားခဲ့သည်။ မြားတစ်စင်းကို ပစ်လိုက်ပြီးမှ နောက်ပြန်ဆွဲ၍ မရတော့ပေ။ တခြားသူများ၏ အနှစ်သာရသွေးနှင့် စိတ်ဝိညာဉ်ကို ဝါးမြိုသည့် လမ်းစဉ်ပေါ်သို့ စတင်နင်းမိကတည်းက သူ၏ ရှေ့တွင် နောက်ပြန်လှည့်ရန် လမ်းမရှိတော့။
နောက်တစ်ခဏတွင် ပြင်းထန်လှသော လောဘစိတ်နှင့် အလောတကြီး ဖြစ်မှုများက သူ၏ စိတ်ထဲသို့ တိုးဝင်လာပြန်သည်။ သူ ဤကလေးကို အမြန်ဆုံး သတ်ရမည် မဟုတ်လျှင် မုယွဲ့မေသာ ဤကလေး၏ စစ်မှန်သော ပါရမီကို မြင်သွားခဲ့ပါက စစ်မှန်သောတပည့်နေရာကို ယှဉ်ပြိုင်နေရန်ပင် မလိုတော့ဘဲ မုယွဲ့မေက သူမ၏ တောင်ထိပ်သခင်ရာထူးကိုပင် လိုလိုလားလား ပေးအပ်သွားပေလိမ့်မည်။
ဤသို့ တွေးမိသည်နှင့် ဖူရှုးမှာ တွန့်ဆုတ်မနေတော့ဘဲ
“ရှောင်ပင်း... မင်း ပထမအဆင့်ကို ပြီးမြောက်သွားပြီဆိုတော့ ငါတို့တွေ ဒုတိယအဆင့်ကို စတင်ကြရအောင်”
“ငါတို့ သန့်စင်ရာနယ်မြေရဲ့ အပြင်ဘက်မှာ ဆိတ်ငြိမ်တဲ့ နေရာတစ်ခု ရှိတယ်။ အဲဒီမှာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ တည်ငြိမ်ခြင်းအပ်တစ်ခု ရှိတယ်။ အဲဒါက မင်းကို တရားထိုင်တဲ့အခါမှာ ပိုပြီး အာရုံစိုက်နိုင်စေသလို ကျင့်စဉ်တွေကိုလည်း ပိုပြီး သိမြင်နားလည်စေလိမ့်မယ်”
“မင်းကို အဲဒီနေရာကို ခေါ်သွားပြီး ကျင့်ကြံခိုင်းမယ် ဘယ်လိုလဲ”
ချန်ကျီရှင်းသည် ဖူရှုး၏ ကြင်နာတတ်သော အပြုံးကို ကြည့်ကာ ခေါင်းကို ကုတ်ရင်း ရယ်ပြလိုက်သည်။
“ကောင်းပါပြီ... အကြီးအကဲ စီစဉ်သမျှကိုပဲ နာခံပါ့မယ်”
ဤသည်ကို ကြားသောအခါ ဖူရှုး၏ လက်များမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားပြီး သူ၏ ရယ်သံကိုပင် မနည်း ထိန်းထားရတော့သည်။
“ကောင်းပြီ ကောင်းပြီ။ အခုချက်ချင်း ထွက်ကြတာပေါ့”
ခေတ္တမျှကြာသော် ဖူရှုးသည် ချန်ကျီရှင်းကို ဦးဆောင်၍ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ ထွက်ခွာလာခဲ့ပြီး တောရိုင်းမြေတစ်ခုဆီသို့ ဦးတည်လိုက်သည်။
“အကြီးအကဲ... ရောက်ဖို့ ဘယ်လောက်လိုသေးလဲခင်ဗျာ”
ချန်ကျီရှင်းက ဖူရှုး၏နောက်မှ ပေါ့ပေါ့ပါးပါးပင် လိုက်ပါရင်း မေးမြန်းလိုက်သည်။
“မကြာတော့ပါဘူး မကြာတော့ပါဘူး။ ရောက်တော့မှာပါ”
ဖူရှုးက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သော်လည်း သူ၏မျက်ဝန်းများမှာမူ ပြင်းထန်သော အရောင်အဝါများဖြင့် တောက်လောင်လျက်ရှိသည်။
မကြာမီ တောအုပ်အတွင်းရှိ သစ်သားအိမ်ငယ်လေးတစ်လုံးမှာ သူတို့ရှေ့တွင် ပေါ်လာတော့သည်။
“အထဲဝင်လေ”
“ကောင်းပါပြီ”
ချန်ကျီရှင်းက ဘာမှမဖြစ်သကဲ့သို့ ရယ်မောရင်း အိမ်လေးထဲသို့ ဝင်သွားခဲ့သည်။ အိမ်ငယ်လေးမှာ သေးငယ်ပြီး အတွင်း၌ တရားထိုင်ရာတွင် အသုံးပြုသည့် ဖျာအောက်ခံတစ်ခုမှလွဲ၍ ဘာမျှမရှိပေ။
“မြန်မြန် အဲဒီအောက်ခံပေါ်မှာ ထိုင်လိုက်”
ဖူရှုး၏အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး သူ၏အလောကြီးနေမှုကို ဖုံးကွယ်ရန် အသည်းအသန် ကြိုးစားနေရသည်။
“အကြီးအကဲက တော်တော်လေးကို စိတ်စောနေပုံပဲနော်…”
ချန်ကျီရှင်းက ရုတ်တရက် သရော်သလိုမျိုး ပြောလိုက်သည်။
“စိတ်စောတာ ဟုတ်လား အဟမ်း... အဟမ်း ငါ နည်းနည်း စိတ်လှုပ်ရှားသွားလို့ ဖြစ်မှာပါ။ အဓိကက မင်းရဲ့ပါရမီက အရမ်းထူးချွန်လွန်းတော့ ဒုတိယအဆင့်မှာ မင်း ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာကို မြင်ချင်နေလို့ပါ”
ဖူရှုးက အတင်းအကျပ် ပြုံးပြရင်း ပြောလိုက်သည်။
“အော်... အဲဒီလိုလား”
ချန်ကျီရှင်းက မျက်တောင်ခတ်ရင်း “အကြီးအကဲ... ဒီမှာက လူသူလည်း တစ်ယောက်မှ မရှိဘူးဆိုတော့ အကြီးအကဲက ကျွန်တော့်ကို ရန်မူမှာတော့ မဟုတ်ပါဘူးနော် ဟုတ်လား” ဟု မေးလိုက်သည်။
ဤသည်ကို ကြားလိုက်ရသောအခါ ဖူရှုး၏မျက်သူငယ်အိမ်များမှာ အပ်ဖျားခန့်အထိ ကျဉ်းမြောင်းသွားတော့သည်။
ဒီငတုံးလေးက ငါ့အကြံကို သိသွားတာလား။
ဖူရှုး၏မျက်ဝန်းထဲ၌ ရက်စက်သော အရောင်များ လက်သွားပြီး တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင်...
“နောက်တာပါခင်ဗျာ။ အကြီးအကဲ ဖူရှုးလို မွန်မြတ်တဲ့ စိတ်ထားရှိတဲ့သူက ကျွန်တော့်ကို ဘယ်လိုလုပ် ရန်မူမှာလဲ။ ဟုတ်တယ်မလား”
ချန်ကျီရှင်းက ရယ်မောရင်း ဖျာအောက်ခံပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ဖူရှုးမှာ ခဏမျှ မှင်သက်သွားပြီးမှ သူ၏မျက်နှာပေါ်၌ အပြုံးများ ချက်ချင်း ပြန်လည်ပျံ့နှံ့သွားသည်။
“အေး... အဲဒါပေါ့ ငါက မင်းကို ဘယ်လိုလုပ် ရန်မူရမှာလဲ”
ဖူရှုးက ချောင်းတစ်ချက်ဟန့်ရင်း လက်အုပ်ချီကာ ပြောလိုက်သည်။
“ကဲ... ရှောင်ပင်း ငါပြောတာကို သေချာနားထောင်ပြီး မခုခံနဲ့နော်”
“မျက်လုံးမှိတ်ထားပြီး စိတ်ကို လွှတ်ထားလိုက်”
“စွမ်းအင်တွေကို စုစည်းပြီး စိတ်ကို ငြိမ်အောင်ထား”
ဖူရှုးပြောသည့်အတိုင်း ချန်ကျီရှင်းက လိုက်နာပြီး မျက်လုံးများကို ဖြည်းညင်းစွာမှိတ်ကာ စိတ်ကို ရှင်းထုတ်လိုက်သည်။
“ဟုတ်ပြီ... အဲဒီအတိုင်းပဲ”
ဖူရှုးက တံတွေးများကို အထပ်ထပ်မျိုချရင်း တုန်ယင်နေသောလက်ကို ချန်ကျီရှင်း၏ဦးခေါင်းဆီသို့ ဆန့်တန်းလိုက်သည်။
တစ်ဖက်တွင်မူ ချန်ကျီရှင်း၏ကျင့်ကြံမှုများမှာ တိတ်တဆိတ် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ နွားနတ်ဆိုးမိစ္ဆာ၏ ခွန်အားများက သူ၏ခန္ဓာကိုယ်အတွင်း၌ ဆူပွက်လာပြီး ဟင်းလင်းပြင်ထဲတွင်လည်း ကြည်လင်သော အဖြူရောင်ပန်းပွင့်ချပ်လေးများ စတင်ကြွေကျလာနေပြီဖြစ်သည်။
“အခုပဲ”
ဖူရှုး၏မျက်ဝန်းထဲ၌ ရက်စက်မှုများ လက်သွားပြီး သူ၏လက်က အရှိန်မြင့်တက်လာကာ ချန်ကျီရှင်း၏ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ချန်ကျီရှင်းကလည်း သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်ဝန်းထဲ၌ သတ်ဖြတ်လိုစိတ်များဖြင့် …..
ဝုန်း
***