ဝုန်း…..
သစ်သားအိမ်ငယ်လေးမှာ ရုတ်ချည်းပင် အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်ကာ ကွဲကြေသွားတော့သည်။
နီရဲသောဆံပင်များနှင့် သန်စွမ်းသောကိုယ်ထည်ရှိသည့် အကြီးအကဲတစ်ဦးသည် ဒေါသတကြီးဖြင့် အထဲသို့ လှမ်းဝင်လာပြီး ဟိန်းဟောက်လိုက်သည်။
“ဖူရှုး... တကယ်ပဲ မင်းဖြစ်နေတာကိုး”
ချန်ကျီရှင်း၏မျက်ဝန်းများ လက်သွားပြီး သူအစွမ်းကုန်ထုတ်ဖော်ထားသော စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဒုတိယအဆင့်ကျင့်ကြံမှုများမှာ ဒီရေကျသကဲ့သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ နွားနတ်ဆိုးမိစ္ဆာခွန်အားများမှာလည်း တစ်ခဏချင်းမှာပင် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
“ဖူလုံ”
အကြီးအကဲ ဖူရှုး၏မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး သူ၏လုပ်ရပ်များ ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်း သိရှိသွားသည်။ သူသည် တွန့်ဆုတ်မနေတော့ဘဲ ရက်စက်သော အမူအရာဖြင့် ချန်ကျီရှင်းကို ဖမ်းဆီးရန် လက်လှမ်းလိုက်သည်။
“ဖူရှုး... မင်း လူတွေကို ဒုက္ခပေးခဲ့တာ မဝသေးဘူးလား။ ငါတို့တောင်ဘက်တောင်ထိပ်ရဲ့ အကန့်အသတ်ကျော်လွန်သူတစ်ယောက်ကိုပါ ဖျက်ဆီးဦးမလို့လား”
ဒေါသသံဖြင့် ပြည့်နှက်နေသော နောက်ထပ်အသံတစ်သံမှာလည်း ဟိန်းထွက်လာပြန်သည်။
မျက်ခုံးပြာနှင့် ဆံပင်မီးခိုးရောင်ရှိပြီး ဝတ်ရုံရှည်ဝတ်ဆင်ထားသော အကြီးအကဲတစ်ဦးမှာ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။ သူသည် လက်ချောင်းများဖြင့် လျင်မြန်စွာ တံဆိပ်ခတ်နှိပ်လိုက်ပြီး အသံနှိမ့်၍ အော်ဟစ်လိုက်သည်။
“စိတ်ဝိညာဉ်အသိစိတ်ကျင့်စဉ် သတ်ကွင်းစင်မြင့်”
တစ်ခဏချင်းမှာပင် ချန်ကျီရှင်းထံသို့ လက်လှမ်းနေသော ဖူရှုးမှာ တုံ့ခနဲ ရပ်တန့်သွားပြီး သူ၏မျက်ဝန်းထဲတွင် မှင်သက်နေသောအရိပ်အယောင်များ လက်သွားသည်။ သူ၏ရှေ့မှ ကမ္ဘာကြီးမှာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ယခုအခါ သူသည် ကြေးနီတိုင်တစ်ခုတွင် ချည်နှောင်ခြင်းခံထားရပြီး သူ့အား အပိုင်းပိုင်းခုတ်ထစ်ရန် ဓားများကို ကိုင်ဆောင်ထားသော အမည်းရောင်ဝတ်ရုံခြုံလူများက ဝန်းရံထားသည်။
“အာရုံမှားနယ်ပယ်”
ဖူရှုးသည် သူ၏လျှာကို ကိုက်လိုက်ပြီး သတိကို ချက်ချင်း ပြန်လည်စုစည်းလိုက်သည်။ သို့သော် သူ သတိလွတ်သွားသည့် ခေတ္တခဏအတွင်းမှာပင်...
“နတ်ဘုရားလှံ”
အကြီးအကဲ ဖူလုံသည် ရွှေရောင်နတ်ဘုရားလှံကို ရုတ်တရက် ဝှေ့ယမ်းကာ အကြီးအကဲ ဖူရှုးထံသို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ဖူရှုး၏ခန္ဓာကိုယ်တွင် မြင်သာသော ဒဏ်ရာမရှိသော်လည်း သူသည် သူ၏ဦးခေါင်းကို ကိုင်ကာ နာကျင်စွာ အော်ဟစ်တော့သည်။ ထိုလှံ၏တိုက်ခိုက်မှုကြောင့် သူ၏အသိစိတ်ပင်လယ်မှာ ကွဲအက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ပြင်းထန်သောနာကျင်မှုကြောင့် လှုပ်ရှားနိုင်စွမ်း ခေတ္တကင်းမဲ့သွားခဲ့သည်။
ထို့နောက် စာလိပ်တစ်ခုကို ကိုင်ဆောင်ထားသော မီးခိုးရောင်ဝတ်ရုံဝတ် အကြီးအကဲတစ်ဦး ချဉ်းကပ်လာခဲ့သည်။ ထိုသူမှာ မဟာအကြီးအကဲငါးဦးထဲမှ တစ်ဦးဖြစ်သည့် ဖူကျိပင်။
“ဆုတ်ဖြဲစမ်း”
သူသည် စကားတစ်လုံးတည်းကိုသာ ပြောလိုက်သည်။
ချက်ချင်းပင် သူကိုင်ဆောင်ထားသော စာလိပ်ထဲမှ ဆုတ်ဖြဲဟူသော စာလုံးမှာ ပျံထွက်သွားပြီး အကြီးအကဲ ဖူရှုး၏ကိုယ်ပေါ်သို့ ဖိနှိပ်လိုက်တော့သည်။
“အား”
ဖူရှုးမှာ နာကျင်စွာ ထပ်မံအော်ဟစ်ရပြန်သည်။ သူ၏ခန္ဓာကိုယ် ချွေးပေါက်တိုင်းမှ နီရဲသောသွေးများ စိမ့်ထွက်လာပြီး အသက်ရှူကြိမ်အနည်းငယ်အတွင်းမှာပင် ဖူရှုးမှာ ဒဏ်ရာအပြင်းအထန် ရရှိသွားလေတော့သည်။
“ရှောင်ပင်း... ဒီဘက်လာခဲ့”
အကြီးအကဲ ဖူလုံက အသံနှိမ့်၍ အော်ပြောလိုက်သည်။ ချန်ကျီရှင်းမှာလည်း ဖျာအောက်ခံပေါ်မှ အလျင်အမြန် ထွက်လာပြီး အကြီးအကဲ ဖူလုံ၏နောက်ကွယ်တွင် ပုန်းကွယ်လိုက်သည်။
ထို့နောက် အကြီးအကဲ ဖူလုံ၊ ဖူယွမ်နှင့် ဖူကျိတို့မှာ ပုခုံးချင်းယှဉ်ရပ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်၍ သွေးထွက်သံယိုဖြစ်နေသော ဖူရှုးကို စက်ဆုပ်ရွံရှာစွာ ကြည့်ရှုနေကြတော့သည်။
“ဖူရှုး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါတို့တောင်ဘက်တောင်ထိပ်က တပည့်တွေရဲ့ စိတ်ဝိညာဉ်အသိစိတ်ကို ဘယ်သူက တိတ်တဆိတ် ဝါးမြိုနေသလဲဆိုတာကို စုံစမ်းချင်တယ်လို့ ဖူရှန်းက ပြောခဲ့တယ်။ ဒါကြောင့် မတော်တဆမှုတွေ မဖြစ်အောင် သူ့ကိုယ်ပေါ်မှာ စိတ်ဝိညာဉ်အသိစိတ်တစ်ခု ငါတို့ ချန်ထားခဲ့တာ”
“ဖူရှန်းရဲ့ စိတ်ဝိညာဉ်ပေါ်မှာ မင်းရဲ့အငွေ့အသက်တွေကို ငါတို့ ခံစားမိတဲ့အချိန်မှာတောင် မင်းက မင်းရဲ့ညီအစ်ကိုအရင်းလို သဘောထားတဲ့ ဖူရှန်းကို လက်ဖျားနဲ့တောင် တို့လိမ့်မယ်လို့ ငါတို့ မယုံကြည်နိုင်ခဲ့ကြဘူး”
“ဖူရှုး... မင်း တကယ်ပဲ ယုတ်မာရက်စက်လွန်းတယ်”
အကြီးအကဲ သုံးဦးသည် ဖော်ပြမရနိုင်သော စိတ်ပျက်မှု၊ နာကျည်းမှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် အေးစက်စွာ စကားပြောလိုက်ကြသည်။
စကားအဆုံးတွင် အကြီးအကဲ ဖူလုံသည် ချန်ကျီရှင်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာအမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွားပြီး “ရှောင်ပင်း... မကြောက်ပါနဲ့။ ငါတို့ရောက်နေပြီဆိုတော့ မင်းဘေးကင်းသွားပါပြီ” ဟု နှစ်သိမ့်စကား ပြောလိုက်သည်။
ချန်ကျီရှင်းက ကြောင်တောင်တောင် အမူအရာဖြင့် “ဘာတွေဖြစ်နေတာလဲခင်ဗျာ” ဟု ပြန်
မေးလိုက်သည်။
“မင်းနဲ့ မဆိုင်တဲ့ကိစ္စတွေပါ မင်း အခုသွားလို့ရပါပြီ”
အကြီးအကဲ ဖူလုံက ပြန်လည်ဖြေကြားခဲ့သည်။
“ဟုတ်... ဟုတ်ကဲ့ပါခင်ဗျာ”
ချန်ကျီရှင်းသည် အသာအယာ ဦးညွှတ်ဂါရဝပြုပြီးနောက် ထိုနေရာမှ အလျင်အမြန်ပင် ထွက်ခွာလာခဲ့တော့သည်။
ကျောခိုင်းလှည့်ထွက်လိုက်သည့် ခဏချင်းမှာပင် ချန်ကျီရှင်း၏ မျက်နှာမှာ မှောင်မှောင်မှိုင်မှိုင် ဖြစ်သွားခဲ့သည်။
နောက်ထပ် နည်းနည်းလေးပဲ... နည်းနည်းလေးပဲ လိုတော့တာ။
အဲဒီ အကြီးအကဲ ဖူရှုးကို ငါကိုယ်တိုင် သတ်ပစ်နိုင်တော့မှာ…
တကယ့်ငတုံးပဲ။ စိတ်ဝိညာဉ်အသိစိတ်တွေကို တိတ်တဆိတ် ဝါးမြိုနေတာလေးနဲ့ အမိဖမ်းခံရတယ်လို့။ အံ့သြစရာမရှိပါဘူး... အရင်ဘဝကလည်း အသေအလဲ အမဲလိုက်ခံခဲ့ရတာကိုး။
ချန်ကျီရှင်း၏ မျက်ဝန်းထဲတွင် ထက်ရှသော အရောင်အဝါများ လက်သွားသည်။
ငါပဲ... ဒီအကြီးအကဲတွေကို အကုန်သတ်ပစ်လိုက်ရမလား။
သို့သော် ချန်ကျီရှင်းသည် ချက်ချင်းပင် ခေါင်းခါယမ်းကာ ထိုအတွေးကို လက်လွှတ်လိုက်
သည်။ သူ၏ရှေ့မှ အကြီးအကဲများထဲတွင် ဖူလုံမှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဆဋ္ဌမအဆင့်ရှိပြီး အခြားတစ်ဦးမှာ တတိယအဆင့်နှင့် နောက်တစ်ဦးမှာ ပဥ္စမအဆင့်တို့တွင် ရှိနေကြသည်။
ထို့အပြင် ပဥ္စမအဆင့်ရှိသော ဖူရှုးလည်း ရှိနေသေးသည်။
သူ၏ ကျင့်စဉ်အားလုံးကို ထုတ်သုံးလျှင်ပင် ဤသူအားလုံးကို တစ်ခဏချင်းအတွင်း အကုန်အစင် သုတ်သင်နိုင်မည်ဟု သူ လုံးဝ ယုံကြည်ချက်မရှိပေ။ အကယ်၍ တစ်ခဏချင်းအတွင်း အပြတ်မရှင်းနိုင်ပါက ကြီးမားသော ပြဿနာများနှင့် ရင်ဆိုင်ရနိုင်သည်။
ထားလိုက်ပါတော့... ဖူရှုးက အရင်ဘဝမှာ လွတ်အောင် ပြေးနိုင်ခဲ့တာဆိုတော့ ဒီတစ်ခါလည်း လွတ်အောင် ပြေးနိုင်မှာပါ။
ချန်ကျီရှင်းသည် ခေါင်းခါယမ်းလိုက်ပြီးနောက် အကြီးအကဲ ဖူလုံတို့နှင့် ဝေးရာသို့ ရောက်ရှိသွားသောအခါ ဟင်းလင်းပြင်ထဲသို့ ခြေလှမ်းလှမ်းဝင်ကာ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ပျက်စီးနေသော သစ်သားအိမ်ငယ်လေး ရှိရာနေရာ၌ ဖူရှုးသည် မြေပြင်ပေါ်မှ ဖြည်းညင်းစွာ ထရပ်လိုက်၏။
“ငါ လူကောင်းလုပ်နေတုန်းကတော့ မင်းတို့က အဖက်မလုပ်ခဲ့ကြဘဲ... အခု ငါက လူဆိုးဖြစ်သွားမှပဲ လာပြီး တရားစီရင်နေကြတာလား”
ဖူရှုးက အကြီးအကဲ သုံးဦးကို ကြည့်ကာ အသံနှိမ့်၍ ရယ်မောလိုက်သည်။
“တကယ်ကို ပြုပြင်လို့မရတဲ့သူပဲ”
“ဒီလူကတော့ ကယ်တင်လို့ မရတော့ဘူး။ စကားပြောနေဖို့ မလိုတော့ဘူး။ သူ့ရဲ့ ကျင့်စဉ်တွေကို ဖျက်ဆီးပြီး တောင်ဘက်တောင်ထိပ်ကို ပြန်ခေါ်သွားမယ်။ တောင်ထိပ်သခင်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ စောင့်ကြတာပေါ့”
“လုပ်ကြစို့”
တစ်ခဏချင်းမှာပင် အကြီးအကဲ ဖူလုံနှင့် ကျန်နှစ်ဦး၏ မျက်ဝန်းများ လက်သွားပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြတော့သည်။
“စိတ်ဝိညာဉ်အသိစိတ်လှံ”
“စိတ်ဝိညာဉ်အသိစိတ်ကျင့်စဉ် ခေါင်းဖြတ်စက်”
“ချေမှုန်းပစ်စမ်း”
အကြီးအကဲ သုံးဦးစလုံး ဖူရှုးကို ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။
“ဟားဟားဟား... ဒီနှစ်တွေတစ်လျှောက်မှာ ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ ကြိုမတွေးထားဘဲ ပြင်ဆင်မထားဘူးလို့ မင်းတို့ ထင်နေတာလား”
ဖူရှုးက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ချန်ကျီရှင်း ထွက်ခွာသွားသော လမ်းဘက်သို့ မကျေမနပ် တစ်ချက် ကြည့်လိုက်သည်။
“လျှို့ဝှက်ကျင့်စဉ် ကောင်းကင်ပျံသန်းခြင်း အတတ်”
ဖူရှုး အော်ဟစ်လိုက်သည်နှင့် သူ၏ ရုပ်ခန္ဓာမှာ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။ ထိုပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အရှိန်အဟုန်မှာ ဖူလုံနှင့် ကျန်နှစ်ဦးကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေခဲ့သည်။
ဖူရှုး၏ စိတ်ဝိညာဉ်မှာမူ တစ်ခဏချင်းအတွင်း အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး ပင့်ကူအိမ်သဖွယ် အရပ်မျက်နှာ အနှံ့အပြားသို့ ပြေးထွက်သွားတော့သည်။ ဖူလုံနှင့် ကျန်သူများ သတိပြုမိချိန်တွင် ဖူရှုး၏ ရုပ်ခန္ဓာမှာ သွေးအိုင်တစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။
“တောက် လွတ်သွားပြီ”
ဖူလုံနှင့် ကျန်သူများ၏ မျက်နှာမှာ အေးစက်မှောင်မှိုင်သွားသည်။
“နောက်က လိုက်ကြ ရုပ်ခန္ဓာမရှိဘဲနဲ့ ဖူရှုး ဝေးဝေးမပြေးနိုင်ဘူး”
“ဖူရှုးကို ငါတို့ အသေသတ်ရမယ်။ မဟုတ်ရင် သူ အသက်ရှင်နေသရွေ့ အဆုံးမသတ်နိုင်တဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်။ နောက်ထပ် လူဘယ်နှစ်ယောက်တောင် သူ့လက်ထဲမှာ အသက်ပျောက်ရဦးမလဲ မသိနိုင်ဘူး”
အကြီးအကဲ ဖူရှုးမှာ ရုပ်ခန္ဓာကို စွန့်လွှတ်ကာ စိတ်ဝိညာဉ်ဖြင့် ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။
“ဖူယွမ်... မင်း တောင်ဘက်တောင်ထိပ်ကို ပြန်ပြီး ဒီအကြောင်းကို တောင်ထိပ်သခင်ထံ အစီရင်ခံပါ။ သန့်စင်ရာနယ်မြေကနေ ဖမ်းဝရမ်းထုတ်ခိုင်းလိုက်”
အကြီးအကဲ သုံးဦးသည် အလျင်အမြန်ပင် တိုင်ပင်ပြီးနောက် အရပ်မျက်နှာ သုံးဖက်သို့ ပျံသန်းထွက်ခွာသွားကြသည်။
ခေတ္တမျှကြာသော် မြေပြင်မှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားတော့သည်။ ဖူရှုး၏ပုံရိပ်သည် မြေကြီးထဲမှ ရုန်းထွက်ပေါ်ပေါက်လာပြီး ပါးစပ်မှ သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရ၏။
“တောက်”
ဖူရှုး၏မျက်နှာမှာ ဖယောင်းကဲ့သို့ ဝါကြင်ကြင်ဖြစ်နေပြီး သူ၏အရှိန်အဝါမှာလည်း အလွန်အမင်း အားနည်းချည့်နဲ့နေသည်။ အသက်ဘေးမှ လွတ်မြောက်ရန် သူယခုလေးတင် အသုံးပြုခဲ့သော ခန္ဓာကိုယ်ဖောက်ခွဲသည့် လျှို့ဝှက်ကျင့်စဉ်မှာ အဖိုးအခ အလွန်ကြီးမားလှပြီး သူ၏ကျင့်ကြံမှုအဆင့်မှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ပဥ္စမအဆင့်မှ တတိယအဆင့်သို့ တိုက်ရိုက် ထိုးဆင်းသွားခဲ့ရသည်။
“နည်းနည်းလေးပဲ နည်းနည်းလေးသာ ထပ်ရရင် ရှောင်ပင်းရဲ့ အနှစ်သာရသွေးနဲ့ စိတ်ဝိညာဉ်ကို ငါ အကုန် ဝါးမြိုနိုင်တော့မှာ သောက်ကျိုးနည်း……”
ဖူရှုး၏မျက်နှာတွင် အလွန်အမင်း မကျေနပ်မှုများ ပြည့်နှက်နေသည်။ အကြောင်းမှာ ထိုကလေးသည် အကန့်အသတ်ကျော်လွန်သူ အဆင့်ရှိ မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင် ဖြစ်နေခြင်းကြောင့်ပင်။ ထိုသူ၏ အနှစ်သာရသွေးကိုသာ ဝါးမြိုနိုင်ခဲ့ပါက သူ၏အနာဂတ်မှာ အတိုင်းအဆမရှိ တောက်ပသွားမည် ဖြစ်သည်။
“ထားလိုက်ပါတော့... တောင်စိမ်းကြီးသာ ကျန်ရှိနေသေးရင် ထင်းအတွက် စိုးရိမ်စရာမရှိပါဘူး”
“အခုလောလောဆယ်တော့ ငါ အရင်ဆုတ်ခွာပြီး နောက်မှပဲ အဲဒီရှောင်ပင်းကို သတ်ဖို့ အခွင့်အရေး ပြန်ရှာတော့မယ်”
ဖူရှုးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ဖူလုံတို့ ထွက်ခွာသွားသော အရပ်မျက်နှာနှင့် ဆန့်ကျင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ခွာသွားလေတော့သည်။
...
နာရီဝက်ခန့် ကြာပြီးနောက် ကျန်းကျိုး နှင့် ယန့်ကျိုး နယ်နိမိတ်ချင်း ထိစပ်နေသော နေရာရှိ တောင်ကုန်းလမ်းလေးတစ်ခုပေါ်တွင် နာရီဝက်အတွင်း မိုင်ပေါင်းထောင်ချီ ခရီးနှင်ခဲ့ပြီးနောက် ဖူရှုးမှာ ဆက်လက်တောင့်မခံနိုင်တော့ဘဲ ခြေထောက်များ ခွေယိုင်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။
“နောက်ဆုံးတော့ လွတ်လာပြီ”
ဖူရှုးသည် သက်ပြင်းတစ်ချက်ကို အရှည်ကြီးချလိုက်ပြီး သူ၏မျက်နှာတွင် စိတ်သက်သာရာရသည့် အမူအရာများ ပေါ်ပေါက်လာသည်။ ယခုကဲ့သို့ ကျန်းကျိုးနယ်မြေမှ ထွက်ခွာ၍ ယန့်ကျိုးနယ်မြေအတွင်း ပုန်းအောင်းနိုင်ခဲ့ပြီဖြစ်ရာ ပင်လယ်ကျယ်ထဲမှ ငါးတစ်ကောင်ကဲ့သို့ လွတ်လပ်သွားပြီဖြစ်သည်။ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ မည်မျှပင် အစွမ်းထက်ပါစေ နယ်ခြားဖြတ်ကျော်၍ သူ့ကို လိုက်လံရှာဖွေနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ရုတ်တရက် သူသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် မျက်လုံးများကို ဖြည်းညင်းစွာမြှင့်၍ ရှေ့သို့ ကြည့်လိုက်မိသည်။
သူနှင့် မလှမ်းမကမ်းတွင် ဖြူဖွေးဖရိုဖရဲဖြစ်နေသော ဆံပင်များ၊ သန်စွမ်းသောကိုယ်ထည်နှင့် လယ်သမားအိုကြီးတစ်ဦးကဲ့သို့ သားရေဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ဦးသည် တိတ်ဆိတ်စွာ ရပ်နေသည်။ ထိုလူ၏ ကျောပေါ်တွင် ကြီးမားလှသော အမည်းရောင် ခေါင်းတလားကြီးတစ်ခု ရှိနေပြီး သူ၏မျက်ဝန်းများမှာ ဖူရှုးကို အေးစက်စွာ စိုက်ကြည့်နေကြ၏။
“သခင်လေးရဲ့ အမိန့်အရ... မင်းကို ဒီမှာ စောင့်နေခဲ့တာ ကြာလှပြီ”
“မင်းက ဘယ်သူလဲ”
ဖူရှုးက မျက်မှောင်ကြုတ်ရင်း စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်သည်။
ထိုလူက ပြန်လည်ဖြေကြားခြင်းမပြုဘဲ ဖူရှုးထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာခဲ့သည်။
ဂွမ်း…..
သူ၏ကျောနောက်မှ ခေါင်းတလားကြီးမှာ ရုတ်တရက် ကွဲကြေသွားတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးတစ်လုံးပါရှိသည့် အမည်းရောင် ဧရာမဓားကြီးတစ်စင်း ထွက်ပေါ်လာပြီး ထိုသူ၏လက်အတွင်းသို့ ရောက်ရှိသွားသည်။
ဝုန်း….
အမည်းရောင် ဓားအလင်းတန်းတစ်ခုမှာ တစ်ခဏချင်းအတွင်း ဟိန်းထွက်လာပြီး ဖူရှုးထံသို့ ပြင်းထန်စွာ တိုးဝင်လာတော့သည်။ ဖူရှုး၏မျက်နှာမှာ ပျက်ယွင်းသွားပြီး သူသည် မြေပြင်ပေါ်၌ အလျင်အမြန် လိမ့်ထွက်ကာ ထိုဓားအလင်းတန်းကို သီသီလေး ရှောင်တိမ်းလိုက်ရသည်။
“နတ်ဘုရားဗေဒင်မှတ်တမ်း သားရဲတစ်သောင်း စိတ်ဝိညာဉ်ထိုးစစ်”
ဖူရှုးက အော်ဟစ်လိုက်ပြီး သူ၏လက်များဖြင့် လျင်မြန်စွာ တံဆိပ်ခတ်နှိပ်လိုက်သည်။ သူ၏နောက်ကျောဘက်တွင် ရှေးဟောင်းဒဏ္ဍာရီလာ နတ်ဘုရားသားရဲကြီးများ၏ အရိပ်ပေါင်းများစွာမှာ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာတော့သည်။
နဂါးပြာ….
မီးတောက်ဝိညာဉ်…..
ချုံချီ……
ဆွမ်းနီ…..
"သွားကြစမ်း…."
ဖူရှုးသည် သူ၏လျှာကို ကိုက်လိုက်ပြီး အသံနှိမ့်၍ အော်ဟစ်လိုက်သည်။
တစ်ခဏချင်းမှာပင် မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဘုရားသားရဲကြီးများ၏ အရိပ်
များသည် ဟိန်းဟောက်ရင်း သားရေဝတ်ရုံဝတ်ဆင်ထားသူထံသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
"ဖျက်ဆီးခြင်းမျက်လုံး ဖွင့်လှစ်စေ"
ထိုသူသည် တည်ငြိမ်စွာဖြင့် စကားနှစ်လုံးကိုသာ ပြောလိုက်သည်။
ဝှစ်….
ချက်ချင်းပင် သူ၏လက်ထဲရှိ အမည်းရောင်မိစ္ဆာဓား၏ ဓားရိုးပေါ်တွင်ရှိသော ဒေါင်လိုက်မျက်လုံးကြီးမှာ ရုတ်တရက် ပွင့်လာတော့သည်။
ဒုတ်... ဒုတ်
ပြင်းထန်လှသော နှလုံးခုန်သံများမှာ ဓားရိုးဆီမှ ထွက်ပေါ်လာသည်။ မကြာမီ သွေးကြောများကဲ့သို့ နီရဲသောမျဉ်းကြောင်းများမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး သားရေဝတ်ရုံဝတ်ဆင်ထားသူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
ထိုသူ၏ အရှိန်အဝါမှာလည်း သိသိသာသာ မြင့်တက်လာပြီး သူ၏မျက်ဝန်းများထဲမှ သွေးရောင်လွှမ်းသော မိစ္ဆာမျက်လုံးရိပ်တစ်ခုမှာ လွင့်ပျံလာတော့သည်။
"ဓားကျင့်စဉ် ကောင်းကင်နှင့် မြေပြင်ကို ခွဲထုတ်ခြင်း"
ထိုသူက တည်ငြိမ်စွာ ပြောလိုက်သည်။
သူသည် ဒေါင်လိုက်မျက်လုံးပါသော မိစ္ဆာဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင် ဓားအလင်းတန်းတစ်ခုမှာ တစ်ခဏချင်းအတွင်း ထွက်ပေါ်လာတော့သည်။
ထိုဓားအလင်းတန်းမှာ တဟုန်ထိုးစီးဆင်းနေသော မြစ်ရေကဲ့သို့ ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွားပြီး အဆုံးမရှိသော နတ်ဘုရားသားရဲအရိပ်များကို အလျားလိုက် ဖြတ်တောက်ချေမှုန်းပစ်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း….
နတ်ဘုရားသားရဲအရိပ်များမှာ သာမန်မျက်စိဖြင့် မြင်နိုင်လောက်သော အရှိန်အဟုန်ဖြင့် အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်ကာ ကွဲကြေသွားကြတော့သည်။
"မင်းက..."
"လွန်ခဲ့တဲ့ အနှစ်ရှစ်ဆယ်က ဓားမိစ္ဆာ တူကူးနီလား"
ဖူရှုးသည် မျက်နှာပျက်ယွင်းသွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
ဓားမိစ္ဆာ တူကူးနီ….
လွန်ခဲ့သော အနှစ်ရှစ်ဆယ်က ဓားလမ်းစဉ်၏ မဟာဆရာကြီး….
စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဋ္ဌမအဆင့်ရှိသည့် အကြွင်းမဲ့ အစွမ်းထက်သူ…..
တစ်ခါက ဖျက်ဆီးခြင်းမျက်လုံးကို ဖွင့်လှစ်ပြီးနောက် တစ်ဦးတည်းနှင့် ကိုးဦးကို ယှဉ်ပြိုင်
တိုက်ခိုက်ကာ သက်ရှည်မိသားစုဖြစ်သည့် စီကုံးမိသားစုမှ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်ရှိ မဟာအကြီးအကဲ ကိုးဦးကို သုတ်သင်ပစ်ခဲ့သူ ဖြစ်သည်။
ဤဓားမိစ္ဆာမှာ အဘယ်ကြောင့် သူ၏ကျင့်ကြံမှုအဆင့်မှာ အဋ္ဌမအဆင့်မှ တတိယအဆင့်သို့ ကျဆင်းသွားသည်ကို မသိရသော်လည်း ဤကဲ့သို့ ကျော်ကြားလှသော တိုက်ခိုက်ရေးစွမ်းရည်ရှိသူမှာ တတိယအဆင့်တွင်သာ ရှိနေစေကာမူ ယခုအချိန်၌ သူ၏အခြေအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသည်မှာ အမှန်ပင်။
"ဓားမိစ္ဆာ... ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘဲနဲ့ မင်းက ဘာလို့..."
ဖူရှုးက အလောတကြီး အော်ပြောလိုက်သည်။
အမည်းရောင် ဓားအလင်းတန်းမှာ မည်သည့်အရာကမျှ တားဆီး၍မရဘဲ ကျင့်စဉ်များကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ကာ နောက်ဆုံးတွင် ဖူရှုးကို ပြင်းထန်စွာ ထိမှန်သွားတော့သည်။
တစ်ခဏချင်းမှာပင် ပူနွေးသောသွေးများမှာ လေထဲသို့ လွင့်စင်သွားသည်။ ဖူရှုး၏ခန္ဓာကိုယ်မှာ နှစ်ခြမ်းကွဲတော့မတတ် ဖြစ်သွားပြီး အသားများ လန်ထွက်ကာ ဖြူဖွေးသော အရိုးများကိုပင် မြင်နေရတော့သည်။
တူကူးနီသည် ရှေ့သို့လှမ်းလာပြီး ဖူရှုး၏ဆံပင်ကို ဆွဲကိုင်ကာ အသေကောင်တစ်ကောင်ကဲ့သို့ တောအုပ်နက်နက်ထဲသို့ တရွတ်တိုက် ဆွဲခေါ်သွားသည်။
"ဓားမိစ္ဆာ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ကျွန်တော် ခင်ဗျားကို ဘာမှ မစော်ကားခဲ့ဖူးပါဘူး..."
ဖူရှုး၏ နှုတ်ခမ်းများမှာ တုန်ယင်နေပြီး သူ၏မျက်နှာမှာလည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
"မင်းကို အသက်ရှင်ခွင့်ပေးမပေးဆိုတာ ငါ့အပေါ်မှာ မူတည်တာမဟုတ်ဘူး"
တူကူးနီက တိုးညှင်းစွာ ပြောဆိုလိုက်ပြီးနောက် ရှေ့ဘက်ရှိ မှောင်မည်းနေသော ဝါးတောကြီး၏ရှေ့တွင် ရပ်တန့်လိုက်ကာ ရိုသေစွာဖြင့် ပြောလိုက်သည်။
"သခင်လေး... တာဝန် ပြီးမြောက်ပါပြီ"
"သခင်လေး"
ဖူရှုးမှာ မှင်သက်သွားသည်။
ဓားမိစ္ဆာလိုလူကို ဘယ်သူက အမိန့်ပေးပြီး ခိုင်းစေနိုင်နာလဲ။
သူသည် ဘယ်သူ့ကို စော်ကားမိတာလဲဆိုသည်ကို သိလိုသဖြင့် တူကူးနီ ကြည့်နေသည့်ဘက်သို့ အလျင်အမြန်ပင် လှည့်ကြည့်လိုက်သည်။
ဝါးတော၏ မှောင်ရိပ်ထဲမှ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားသော ချန်ကျီရှင်းသည် တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာသည်။ သူ၏ရှည်လျားသော မျက်ဝန်းများမှာ အနည်းငယ်မှေးစင်းလျက်ရှိပြီး သူ၏နှုတ်ခမ်းထက်တွင်မူ အပြုံးစတစ်ခု ရှိနေသည်။
"အကြီးအကဲ ဖူရှုး... တိုက်တိုက်ဆိုင်ဆိုင်ပဲနော်။ ကျွန်တော်တို့ ပြန်တွေ့ကြပြန်ပြီ"
ချန်ကျီရှင်းက အသာအယာ ပြုံးလျက် ပြောလိုက်တော့သည်။
ချန်ကျီရှင်း၏ အစစ်အမှန်အရှိန်အဝါနှင့် သူ၏နောက်ကွယ်မှ အင်အားစုမှာ ဖူရှုးကို ထိတ်လန့်စေခဲ့ပြီဖြစ်သည်။ ဖူရှုး၏ အသက်သည် ယခုအခါ ချန်ကျီရှင်း၏ လက်ခုပ်ထဲ၌သာ ရှိတော့သည်။
***