“မင်းက... ဘယ်သူလဲ...”
အကြီးအကဲ ဖူရှုးမှာ အံ့အားသင့်ကာ မှင်သက်သွားရသည်။
သူ၏ရှေ့တွင် ရပ်နေသောသူသည် နှင်းထက်ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်အမောင်း မြင့်မားကာ ခန့်ညားထည်ဝါလှသည်။ အနှိုင်းမဲ့ ချောမောလှပသော ရုပ်ရည်ရှိပြီး ကတ္တရာစေးကဲ့သို့ နက်မှောင်သော ဆံနွယ်များကို စနစ်တကျ စည်းနှောင်ထားသည်။ ဓားသွားကဲ့သို့ ထင်ရှားသော မျက်ခုံးအစုံနှင့် တောက်ပကြည်လင်သော မျက်ဝန်းရှည်တို့မှာ ထိုသူအား နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားစေသည်။
ဖူရှုးသည် စိတ်ထဲမှ မချီးကျူးဘဲ မနေနိုင်ပေ။
တကယ့်ကို ဂုဏ်သရေရှိ မိသားစုကြီးတစ်ခုက မြင့်မြတ်တဲ့ သခင်လေးတစ်ပါးပါလား။
သို့သော် သူ မည်မျှပင် စဉ်းစားစေကာမူ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် သိကျွမ်းခဲ့ဖူးခြင်း မရှိပေ။
“အကြီးအကဲ ဖူရှုး... ကျွန်တော့်ကို မမှတ်မိတော့ဘူးလား”
ချန်ကျီရှင်းက အသာအယာ ပြုံးလိုက်ရာ သူ၏မျက်နှာမှာ တစ်ခဏချင်းအတွင်းမှာပင် သာမန်ရုပ်ရည်ရှိသော ရှောင်ပင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ရှောင်ပင်း”
ချက်ချင်းပင် အကြီးအကဲ ဖူရှုး၏ မျက်သူငယ်အိမ်များမှာ ပြင်းထန်စွာ ကျဉ်းမြောင်းသွားပြီး မျက်နှာမှာလည်း လုံးဝ ပျက်ယွင်းသွားကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။
“မင်း... မင်းက တကယ်ပဲ ရှောင်ပင်း ဖြစ်နေတာလား”
ဖူရှုး၏ စိတ်ထဲတွင် လှိုင်းတံပိုးများ ထန်သွားသကဲ့သို့ ခံစားလိုက်ရပြီး ချန်ကျီရှင်းကို မယုံကြည်နိုင်သော အမူအရာဖြင့် စိုက်ကြည့်နေမိသည်။
ဘယ်လိုလုပ်ပြီး ရှောင်ပင်း ဖြစ်နိုင်မှာလဲ။
ဘယ်လိုနည်းနဲ့မှ ရှောင်ပင်း မဖြစ်နိုင်ဘူးလေ။
ထိုအခိုက်အတန့်တွင် အကြီးအကဲ ဖူရှုးမှာ အရာအားလုံးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။ ထိုနေ့က ခန်းမကြီးအတွင်း သူ ပြောခဲ့ဖူးသော စကားများမှာ ယခုအခါ အမှန်တကယ် ဖြစ်လာခဲ့လေပြီ။ ဤရှောင်ပင်းမှာ အခြားတစ်ဦးက ရုပ်ဖျက်၍ ဝင်ရောက်လာသူ ဖြစ်နေခဲ့သည်။
နောက်တစ်ခဏတွင် တူကူးနီသည် ချန်ကျီရှင်း၏ နောက်ဘက်တွင် တိတ်ဆိတ်စွာ ရပ်လိုက်ပြီး ရိုသေကိုင်းရှိုင်းသော အစေခံအိုကြီးတစ်ဦးအလား အမူအရာ ပြုလိုက်သည်။
ဖူရှုးသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း “ရှောင်ပင်း... မင်း ဘာလိုချင်လို့လဲ။ ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး။ ငါ့ကို လမ်းတစ်ခုလောက် ပေးပါဦး...”
စကားမဆုံးမီမှာပင် ချန်ကျီရှင်းက သူ၏ လက်ဖဝါးကြီးကို ဖြန့်လိုက်ပြီ ဖြစ်သည်။
ဝုန်း…ဍ
ပြင်းထန်လှသော ဆွဲငင်အားတစ်ခုမှာ ချန်ကျီရှင်း၏ လက်ထဲမှ ရုတ်တရက် ပွင့်ထွက်လာသည်။ ဖူရှုးသည် ချန်ကျီရှင်း၏ လက်ခုပ်အတွင်းသို့ ရုတ်တရက် ဆွဲခေါ်ခြင်း ခံလိုက်ရသည်။
ဖြူလျော့ပြီး ရှည်လျားလှသော လက်ချောင်းငါးချောင်းမှာ ဖူရှုး၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထိုလက်ချောင်းများမှာ တဖြည်းဖြည်းနှင့် အရှိန်အဟုန်ဖြင့် အားစိုက်လာသည်။
“ရှောင်ပင်း... မင်း...”
ဖူရှုး၏ မျက်နှာမှာ ချက်ချင်းပင် နီရဲလာပြီး သူ၏ ခန္ဓာကိုယ်မှာ အပေါ်သို့ မြောက်တက်သွားကာ လေထဲတွင် ခြေလက်များကို ရုန်းကန်နေရတော့သည်။
“အကြီးအကဲ ဖူရှုး... ခင်ဗျား သိလား။ ခင်ဗျားက ကျွန်တော့်ကို သတ်ဖို့ အသည်းအသန် ကြိုးစားနေခဲ့သလိုပဲ... ကျွန်တော်ကလည်း ခင်ဗျားကို သတ်ဖို့အတွက် အခွင့်အရေးကို အသည်းအသန် ရှာနေခဲ့တာ….”
ချန်ကျီရှင်းက တိုးညှင်းစွာ ရယ်မောလိုက်ပြီး “ခင်ဗျားတစ်ယောက်တည်းကိုပဲ သတ်ခွင့်ရမယ့် အခွင့်အရေးကို စောင့်ရတာ တော်တော်လေးကို ကြာသွားတယ်”
ဖောက်... ဖောက်... ဖောက်
နွားနတ်ဆိုးမိစ္ဆာ၏ ခွန်အားများမှာ သူ၏ လက်ချောင်းများမှတစ်ဆင့် ဖူရှုး၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး ဖူရှုး၏ ကိုယ်တွင်း အကြောစနစ်များနှင့် ကျင့်စဉ်အခြေခံများကို တစ်ခုပြီးတစ်ခု အဆက်မပြတ် ဖျက်ဆီးပစ်လိုက်တော့သည်။
ခဏအကြာတွင်...
ဝုန်း
ဖူရှုး၏ ခန္ဓာကိုယ်အတွင်းမှ ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီး သူ၏ တာအိုကျင့်စဉ်အခြေခံနှင့် စိတ်ဝိညာဉ်တို့မှာ တစ်ပြိုင်နက်တည်း ပျက်စီးသွားတော့သည်။
ထိုအချိန်မှာပင် ချန်ကျီရှင်း၏ ဒန်ထျန်းနတ်ဘုရားပင်လယ်အတွင်း၌ ငြိမ်သက်စွာ ရေလွင့်နေသော ရွှေရောင် အသက်ဘဝစာအုပ်ထက်တွင် လတ်ဆတ်သော သွေးများဖြင့် ရေးသားထားသကဲ့သို့ ကောက်ကွေ့သော စာသားတစ်ကြောင်း ပေါ်လာခဲ့သည်။
[တောက်ပသော ရွှေရောင်ကံကြမ္မာ ကောင်းကင်ဝါးမြိုနတ်ဆိုးခန္ဓာ]
[ကံကြမ္မာအကျိုးသက်ရောက်မှု တူညီသော ဂုဏ်သတ္တိရှိသည့် ကံကြမ္မာများကို တိုက်ခိုက်လုယူခြင်းဖြင့် မိမိ၏ ကံကြမ္မာအဆင့်အတန်းကို မြှင့်တင်နိုင်သည်]
[ယခု လုယူမလား]
ချန်ကျီရှင်းမှာ တွန့်ဆုတ်မနေဘဲ သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို အသုံးပြုကာ အသက်ဘဝစာအုပ်ပေါ်တွင် လုယူမည်ဟူသော စာလုံးကို ရေးသားလိုက်သည်။
တစ်ခဏချင်းမှာပင် ချန်ကျီရှင်း၏ ကံကြမ္မာရှစ်မျိုးကို မှတ်တမ်းတင်ထားသော စာမျက်နှာထက်၌ ကောင်းကင်ဝါးမြိုနတ်ဆိုးခန္ဓာဟူသည့် တောက်ပသော ရွှေရောင်ကံကြမ္မာအသစ်တစ်ခု ထပ်မံတိုးပွားသွားတော့သည်။
“ပြီးသွားပြီ”
ချန်ကျီရှင်းသည် ဖူရှုး၏ အလောင်းကို ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်သည်။ ဤကောင်းကင်ဝါးမြိုနတ်ဆိုးခန္ဓာ ကံကြမ္မာကို ရရှိလိုက်ပြီဖြစ်ရာ သူ၏ ပါရမီစွမ်းအားအားလုံးကို ယခင်ကထက် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ စုစည်းနိုင်ပြီ ဖြစ်သည်။
“နောက်ထပ် ရွှီဖန်နဲ့ မုန့်ဟယ်တုန်းတို့ကို ရှင်းပြီးရင်တော့ ဒီခရီးစဉ်က ပြီးဆုံးပြီ”
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အရောင်အမျိုးမျိုး ပြောင်းလဲနေသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ချန်ကျီရှင်းသည် ဘေးတွင်ရှိနေသော တူကူးနီဘက်သို့ လှည့်ကာ ပြုံးလျက် မေးလိုက်သည်
“ကောင်းတယ်... ဒါနဲ့ လတ်တလော မိသားစုထဲမှာရော အားလုံး အဆင်ပြေရဲ့လား”
“အားလုံး အဆင်ပြေပါတယ် သခင်လေး။ ဒါပေမဲ့ ဟိုကောင်လေး ချန်ပုချီကတော့...”
တူကူးနီက စကားကို အနည်းငယ် တုံ့ဆိုင်းနေသည်။
“သူ ဘာဖြစ်လို့လဲ”
ချန်ကျီရှင်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။
တူကူးနီက ခါးသက်သက် ပြုံးလိုက်ပြီး “အဲဒီကောင်လေးက သတ်ဖြတ်လိုစိတ် အရမ်းပြင်းထန်နေတယ်။ ရက်ပိုင်းအတွင်းမှာတင် ယန့်ကျိုးနယ်မြေထဲက မိစ္ဆာဂိုဏ်းဝင်ပေါင်းများစွာကို သတ်ဖြတ်လိုက်တာ အလောင်းတွေဆိုတာ တောင်လိုပုံနေတာပဲ။ သူ့ရဲ့ သတ်ဖြတ်ပုံတွေကလည်း အရမ်းကို ရက်စက်ကြမ်းကြုတ်လွန်းတယ်။ အဲဒီလူတွေ သေသွားတာကတော့...”
တူကူးနီက ခေါင်းခါယမ်းရင်း လျှာတစ်ချက် သပ်လိုက်သည်။ ခေတ္တရပ်နားပြီးမှ သူက စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
“ဒါပေမဲ့ အဲဒီကောင်လေးရဲ့ ကျင့်ကြံမှုကတော့ အရမ်းမြန်တယ်။ အခုဆိုရင် နတ်ဘုရားခရီးသွား တတိယအဆင့်ကို ရောက်နေပြီ။ သူ လူသတ်လေလေ သူ့ရဲ့ အစွမ်းက ပိုမြန်မြန် တိုးတက်လာလေလေ ဖြစ်နေပုံပဲ”
ချန်ကျီရှင်းမှာ ခေါင်းညိတ်လိုက်မိသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် တွေဝေသွားမိသည်။
ဆင်းရဲဒုက္ခလမ်းစဉ်ကို ကျင့်ကြံနေသည့် ချန်ချိုးအာ။
သေခြင်းတရားကျမ်းစာကို ကျင့်ကြံပြီး ကျိန်စာသင့်တံဆိပ်ရှိသည့် လူငယ် ချန်ပုချီ။
ဓားမိစ္ဆာ တူကူးနီ၊ သူခိုးနတ်ဘုရား ဟွာလင်ဟောက်။
ပြီးတော့ ဂိုဏ်းစတားခေါင်းဆောင် ရွှီတာလုံ။
သူ့ဘေးနားမှာ ရှိနေသည့်လူတွေကို ကြည့်လိုက်ရင် ကောင်းကောင်းမွန်မွန်နှင့် သာမန်လူဆိုလို့ တစ်ယောက်မှ မရှိတော့ပေ။
“အချိန်ကို ကြည့်ရတာ ဟွာလင်ဟောက်လည်း အရှေ့ပင်လယ်ကနေ ပြန်ရောက်နေလောက်ပြီ မဟုတ်လား”
ချန်ကျီရှင်းက မေးလိုက်သည်။
“ပြန်ရောက်ပါပြီ”
တူကူးနီက သူ၏ ညာဘက်လက်ကို လှန်လိုက်ရာ လက်ဖဝါးပေါ်တွင် သိုလှောင်လက်စွပ်တစ်ကွင်း ပေါ်လာသည်။
“ဒါက ဟွာလင်ဟောက် အရှေ့ပင်လယ်ရဲ့ နက်ရှိုင်းလှတဲ့ နေရာကနေ သွားရောက်ရှာဖွေခဲ့တဲ့ နတ်ဘုရားဆွဲငင်အားကျောက်တုံးပါ”
“ကျွန်တော့်ကို သိုလှောင်လက်စွပ် ပေးပြီးတာနဲ့ သူက အရှေ့ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာဆီကို ချက်ချင်း ပြန်သွားခဲ့ပါတယ်”
ထို့နောက် တူကူးနီသည် သူ၏ညာဘက်လက်ကို ထပ်မံလှန်လိုက်ပြန်ရာ လက်ဖဝါးပေါ်တွင် အခြားသိုလှောင်လက်စွပ်တစ်ကွင်း ပေါ်လာပြန်သည်။
“ဒါကတော့ ကျွန်တော် ကျန်းကျိုးနယ်မြေထဲမှာ စုဆောင်းထားတဲ့ နတ်ဘုရားဆွဲငင်အား
ကျောက်တုံးတွေပါ။ အကုန်လုံးတော့ မစုရသေးပါဘူး။ ဒါပေမဲ့ သခင်လေးနဲ့ အခုလို ဆုံတုန်းမှာပဲ တစ်ခါတည်း အပ်နှံလိုက်တာ ပိုကောင်းမယ် ထင်လို့ပါ”
ချန်ကျီရှင်းသည် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ထိုသိုလှောင်လက်စွပ် နှစ်ကွင်းလုံးကို ယူကာ စစ်ဆေးကြည့်လိုက်သည်။
ပထမသိုလှောင်လက်စွပ်အတွင်း၌ နတ်ဘုရားဆွဲငင်အားကျောက်တုံးများဖြင့် ဖွဲ့စည်းထားသော တောင်ပူစာ သုံးခု ရှိနေသည်။ တောင်ပူစာ တစ်ခုစီသည် အလေးချိန်အားဖြင့် ပိဿာချိန် တစ်သန်းခန့်ရှိသဖြင့် စုစုပေါင်း ပိဿာချိန် သုံးသန်းခန့် ရှိပေမည်။ တူကူးနီ၏ လက်စွပ်အတွင်းရှိ ကျောက်တုံးများမှာမူ ထိုမျှမများဘဲ စုစုပေါင်း ပိဿာချိန် တစ်သန်းခန့်သာ ရှိသည်။
“မင်းတို့ တကယ်ကို ကြိုးစားခဲ့ကြတာပဲ။ ကျေးဇူးတင်ပါတယ်”
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်သည်။ သိုလှောင်လက်စွပ် နှစ်ကွင်းပေါင်းလျှင် နတ်ဘုရားဆွဲငင်အားကျောက်တုံး စုစုပေါင်း ပိဿာချိန် လေးသန်း ရှိပေမည်။ ဆိုလိုသည်မှာ ဤကျောက်တုံးများက သူ့အား ပိဿာချိန် လေးသန်းခန့်ရှိသော ဆွဲငင်အားကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ ချန်ကျီရှင်း လက်ရှိပိုင်ဆိုင်ထားသော ဆွဲငင်အား ပိဿာချိန် တစ်သန်းနှင့် ပေါင်းစပ်လိုက်လျှင် စုစုပေါင်း ငါးသန်းအထိ ရှိလာမည် ဖြစ်သည်။ ပိဿာချိန် ငါးသန်းရှိသော ဆွဲငင်အား၏ ပေါက်ကွဲထွက်လာမည့် စွမ်းပကားမှာ သိသာထင်ရှားသော အကျိုးသက်ရောက်မှု ရှိနိုင်သည်။
“ဒါပေမဲ့ လက်ရှိ ကျွန်တော့်အတွက်တော့ ဆွဲငင်အား ငါးသန်းဆိုတာ နည်းနည်းတော့ လိုသေးတယ်”
ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်ပြီး တူကူးနီနှင့် ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ထိုနေရာမှ ထွက်ခွာခဲ့သည်။
...
တစ်နာရီခန့် ကြာပြီးနောက် ချန်ကျီရှင်းသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ တောင်ဘက်တောင်ထိပ်သို့ ပြန်ရောက်သောအခါ တစ်တောင်လုံး ဆူညံပွက်လောရိုက်နေသည်ကို တွေ့ရသည်။
“ကြားပြီးပြီလား။ ပျောက်ဆုံးနေတဲ့ ငါတို့တောင်ထိပ်က တပည့်တချို့က အကြီးအကဲ ဖူရှုးရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတာတဲ့”
“တပည့်တွေတင် မဟုတ်ဘူးနော်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ပျောက်နေတဲ့ အကြီးအကဲ ဖူရှန်းကို သိတယ်မလား။ သူလည်း အကြီးအကဲ ဖူရှုးရဲ့ ယုတ်မာမှုအောက်မှာ အသက်ပျောက်သွားခဲ့တာပဲ”
“တကယ် ကြောက်စရာကြီးပဲ ငါ ဂိုဏ်းကို စဝင်တုန်းကဆို အကြီးအကဲ ဖူရှုးရဲ့ တပည့်အဖြစ် ဝင်ဖို့တောင် ကြိုးစားခဲ့သေးတာ”
“လူတစ်ယောက်ရဲ့ မျက်နှာကိုပဲ မြင်နိုင်ပြီး စိတ်ကိုတော့ မမြင်နိုင်ဘူးဆိုတာ ဒါမျိုးပေါ့ အဆင့်မြင့်တဲ့ အကြီးအကဲ ဖူရှုးက ဒီလို မိစ္ဆာနည်းလမ်းတွေကို သုံးလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ”
“အခု ဂိုဏ်းကနေ ဖူရှုးကို ဖမ်းဝရမ်း ထုတ်ထားပြီ။ လောလောဆယ်တော့ အပြင်မထွက်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် ဖူရှုးနဲ့ တိုးပြီး အသက်ပျောက်သွားနိုင်တယ်”
“တာအိုမျိုးစေ့အသစ်ဖြစ်တဲ့ ရှောင်ပင်းဆိုရင်လည်း အကြီးအကဲ သုံးယောက် အချိန်မီ ရောက်မလာခဲ့ရင် သေသွားနိုင်တယ်လို့ ကြားတယ်”
တပည့်များမှာ တစ်ဦးနှင့်တစ်ဦး ထိတ်လန့်တုန်လှုပ်စွာဖြင့် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
တောင်ဘက်တောင်ထိပ်၏ တောင်တံခါးဝတွင်မူ ခရမ်းရောင် နန်းတွင်းဝတ်စုံနှင့် မြင်းမျက်နှာပုံစံ စကတ်ကို ဝတ်ဆင်ထားသော လီရန်သည် မျက်မှောင်ကြုတ်လျက် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။ ချန်ကျီရှင်း ရောက်လာသည်ကို မြင်သောအခါ လီရန်သည် သက်ပြင်းချလိုက်ပြီး ဆူပူလိုက်သည်။
“ရှောင်ပင်း... မင်း ဘယ်တွေ သွားနေတာလဲ”
ချန်ကျီရှင်းက ခေါင်းကို ကုတ်ကာ ရိုးသားသော အပြုံးဖြင့် “အကြီးအကဲ ဖူရှုး ထွက်ပြေးသွားတာ မဟုတ်လား။ သူ ကျွန်တော့်နောက်ကို လိုက်လာမှာ ကြောက်လို့ အပြင်မှာ လမ်းတချို့ ပတ်လျှောက်နေပြီးမှ ပြန်လာတာပါ” ဟု ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ လီရန်က မျက်စောင်းထိုးလိုက်ပြီး “အပြင်မှာ ပတ်လျှောက်နေတာက ပိုပြီး အန္တရာယ်များတာ မဟုတ်ဘူးလား” ဟု ပြန်ပြောသည်။
“ကဲပါ... ထားလိုက်တော့။ တောင်ထိပ်ပေါ်ကို မြန်မြန် ပြန်ရအောင် ဆရာက မင်းအတွက် စိုးရိမ်နေတာ”
ပြောပြောဆိုဆိုဖြင့် လီရန်သည် ချန်ကျီရှင်း၏လက်ကို ဆွဲကာ တောင်ထိပ်ဆီသို့ ခေါ်ဆောင်သွားတော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ တောင်တံခါးဝရှိ တပည့်များမှာ မျက်ခုံးပင့်သွားကြပြီး တိုးတိုးတိတ်တိတ် ထပ်မံပြောဆိုလာကြပြန်သည်။
တပည့်များ၏ တိုးတိုးတိတ်တိတ် ပြောသံများကို ကြားလိုက်ရသောအခါ လီရန်သည် ခေတ္တမျှ တုံ့ခနဲဖြစ်သွားပြီးမှ ဆုပ်ကိုင်ထားသော လက်ကို အလျင်အမြန်ပင် လွှတ်လိုက်တော့သည်။ သူမ၏ ပါးပြင်ထက်တွင်လည်း ရှက်သွေးဖြန်းကာ နီရဲသွားသည်။
“ဒီလူတွေကတော့... လျှောက်ပြောနေကြတာပဲ”
လီရန်က တိုးတိုးလေး ရေရွတ်ရင်း ချန်ကျီရှင်းကို ခိုးကြည့်လိုက်သည်။ ချန်ကျီရှင်း၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေသည်ကို တွေ့ရမှသာ သူမသည် တိတ်တဆိတ် သက်ပြင်းချနိုင်တော့သည်။
တောင်ဘက်တောင်ထိပ်၏ ပင်မခန်းမကြီးအတွင်း၌...
မုယွဲ့မေသည် ပွပွယောင်ယောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ ပြာလွင်သော ဆံနွယ် သုံးထောင်ကို အထက်သို့ ထုံးဖွဲ့ထားရာ ဖြူဖွေးသွယ်လျသော လည်တိုင်လှလှလေးမှာ ပေါ်လွင်နေသည်။ သူမသည် ဖူလုံနှင့် အခြားနှစ်ဦးတို့၏ အစီရင်ခံမှုကို နားထောင်ရင်း မျက်မှောင်ကြုတ်နေ၏။
ဖူလုံတို့၏ ပြောပြချက်များကို နားထောင်ပြီးနောက် မုယွဲ့မေ၏ မျက်နှာအမူအရာမှာ ပိုမိုအေးစက်လာခဲ့သည်။
“ဖူရှုးက ဒါကို ကြိုတင်ကြံစည်ထားပုံပဲ။ ဒီနေ့ ငါ သန့်စင်ရာနယ်မြေ အရှင်သခင်နဲ့ သွားရောက်တွေ့ဆုံတာကို အခွင့်ကောင်းယူပြီး သူ့ရဲ့ အကြံအစည်ကို စတင်ခဲ့တာပဲ”
မုယွဲ့မေက အေးစက်စွာ ဆိုလိုက်ပြီးနောက် စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
“ရှောင်ပင်း အဆင်ပြေရဲ့လား”
ဖူလုံနှင့် အခြားသူများက အလျင်အမြန်ပင် ပြန်ဖြေလိုက်ကြသည်။
“တောင်ထိပ်သခင်ကို အစီရင်ခံပါတယ်။ ရှောင်ပင်းကတော့ ဘာဒဏ်ရာမှမရပါဘူး။ နည်းနည်း လန့်သွားရုံပါပဲ”
ဤသည်ကို ကြားရသောအခါ မုယွဲ့မေသည် ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွားတော့သည်။
အကယ်၍ အကန့်အသတ်ကျော်လွန်သူအဆင့်ရှိ မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင် ဤပါရမီရှင်လေးသာ တစ်ခုခုဖြစ်သွားခဲ့လျှင် ဖူရှုးကို အပိုင်းပိုင်းခုတ်ထစ်ပစ်လျှင်ပင် သူမ၏ ရင်ထဲမှ နာကျည်းမှုကို ဖြေဖျောက်နိုင်မည် မဟုတ်ပေ။
“မြေလှန်ရှာရမယ်ဆိုရင်တောင် ဖူရှုးကို မဖြစ်မနေ သတ်ရမယ်။ မဟုတ်ရင် သူက ငါတို့ တောင်ဘက်တောင်ထိပ်က မရေမတွက်နိုင်တဲ့ တပည့်တွေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေလိမ့်မယ်”
မုယွဲ့မေက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
ဖူလုံနှင့် အခြားသူများက လက်အုပ်ချီ၍ သဘောတူညီကြသည်။
သူတို့ စကားပြောဆိုနေကြစဉ်မှာပင်...
“ဆရာ... အကြီးအကဲတို့ ရှောင်ပင်း ပြန်ရောက်ပါပြီ”
ထိုသို့ပြောကာ လီရန်သည် ခန်းမအပြင်ဘက်မှ ရှောင်ပင်းကို ဦးဆောင်၍ ဝင်လာခဲ့သည်။
“ရှောင်ပင်း... မင်း အဆင်ပြေရဲ့လား”
မုယွဲ့မေသည် ချန်ကျီရှင်းကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများတွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ရှိနေသည်။
“တောင်ထိပ်သခင် စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော် အဆင်ပြေပါတယ်”
ချန်ကျီရှင်းက ခေါင်းကို ကုတ်ကာ ရိုးသားသော အပြုံးဖြင့် ပြန်လည်ဖြေကြားခဲ့သည်။ ထိုစကားကို ကြားမှသာ မုယွဲ့မေ အပြည့်အဝ စိတ်အေးသွားတော့သည်။
“ကောင်းပါပြီ... ထိုင်ပါဦး”
ချန်ကျီရှင်း ထိုင်လိုက်ပြီးနောက် မုယွဲ့မေက ဆက်ပြောလိုက်သည်။
“ဒီနေ့ ဂိုဏ်းအတွင်းမှာ ရှောင်ပင်းရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းဖို့ စေလွှတ်ထားတဲ့သူ ပြန်ရောက်လာပြီ”
“သူတို့ ဘာတွေ တွေ့ခဲ့သလဲခင်ဗျာ”
အကြီးအကဲ သုံးဦးက မုယွဲ့မေကို ကြည့်ကာ မေးမြန်းကြသည်။
“အရာအားလုံးကို အတည်ပြုပြီးပါပြီ။ ဘာပြဿနာမှ မရှိပါဘူး”
“အိမ်နီးနားချင်းတွေရဲ့ ပြောပြချက်အရ ရှောင်ပင်းက ငယ်စဉ်ကတည်းက အရမ်းဉာဏ်ကောင်းပြီး အရာရာကို ချက်ချင်း မှတ်မိနိုင်စွမ်း ရှိတယ်တဲ့။ အိမ်နီးနားချင်းတွေရဲ့ အခက်အခဲတွေကိုလည်း ကူညီဖြေရှင်းပေးလေ့ရှိပြီး စိတ်နှလုံး အလွန်ကောင်းမွန်သူ ဖြစ်တယ်လို့ သိရတယ်”
မုယွဲ့မေက တည်ကြည်စွာ ပြောဆိုလိုက်ပြီးနောက် စကားလမ်းကြောင်းကို ထပ်မံပြောင်းလိုက်သည်။
“ဒါကြောင့်... မနက်ဖြန်မှာ တောင်ဘက်တောင်ထိပ် တစ်ခုလုံးရဲ့ စုံညီအစည်းအဝေးကို ကျင်းပပြီး ရှောင်ပင်းကို ငါတို့တောင်ထိပ်ရဲ့ တတိယမြောက် စစ်မှန်သောအမွေခံအဖြစ် ကြေညာသင့်တယ်လို့ ငါ ထင်တယ်”
“မင်းတို့အားလုံးကော ဘယ်လို ထင်ကြသလဲ”
သူမ ထိုသို့ ပြောလိုက်သည်နှင့် အကြီးအကဲ သုံးဦးစလုံး မတ်တတ်ရပ်လိုက်ကြပြီး ရိုသေစွာဖြင့် ပြန်ဖြေလိုက်ကြသည်။
“ကျွန်တော်တို့ တောင်ထိပ်သခင်ရဲ့ ညွှန်ကြားချက်အတိုင်း တသွေမတိမ်း လိုက်နာပါ့မယ်”
“အင်း”
မုယွဲ့မေသည် ခေါင်းညိတ်လိုက်ပြီးနောက် ရှောင်ပင်းကို အသာအယာ ပြုံးပြလိုက်ရာ သူမ၏ အကြည့်မှာ အနည်းငယ် နူးညံ့သွားသည်။
“ပင်းအာ... မင်းမှာကော ကန့်ကွက်စရာ ရှိသေးလား”
ချန်ကျီရှင်း၏ မျက်ဝန်းများ လက်သွားပြီး သူသည် ထိုင်ခုံမှ ချက်ချင်း ထရပ်လိုက်ကာ ရှေ့သို့ လှမ်း၍ လေးနက်စွာ ဦးညွှတ်လိုက်သည်။
“တပည့် ရှောင်ပင်း... တောင်ထိပ်သခင်ရဲ့ ကျေးဇူးကြောင့် ကျွန်တော်မျိုးက အစဉ်အမြဲ သစ္စာစောင့်သိသွားမှာပါခင်ဗျာ”
***