“ဘာတွေဖြစ်ကုန်တာလဲ…ကျင်းဖုန်းက ဒီအချိန်လောက်ဆို မီးတောက်ဦးချိုမျိုးနွယ်စုဝင်ကို လိုက်မီရတော့မှာ မဟုတ်ဘူးလား…သူတို့ပြောတော့ သူတို့က ကိုယ်ဖော့သိုင်း အကောင်းဆုံးလူတွေဆို” ကောင်မလေးက မကျေမနပ် ဖြစ်သွားသည်။
“ ကျင်းဖုန်းရဲ့လူတွေက လှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တယ်” ယိကျုံးက ပြောလိုက်သည်။ စာထဲတွင် ရေးထားသည်မှာ ထိုအတိုင်းသာဖြစ်သည်။
သူတို့သည် ခဏရပ်ဆိုင်းထားခြင်းလား၊ မီးတောက်ဦးချိုများကို လိုက်မမီခြင်းလားတော့ သူတို့လည်း မသိပါ။
ကျင်းဖုန်းတစ်ယောက် အရည်အသွေးများကျသွားပြီလား။
ကျင်းဖုန်းတို့အဖွဲ့သည် အန္တရာယ်အငွေ့အသက်တစ်စုံတရာကို ရပါက၊ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး အဝေးတစ်နေရာမှ စောင့်ကြည့်တတ်ကြသည်။
“အဲဒါဆိုရင် ကျင်းဖုန်းတို့က အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေရပြီပေါ့ ဟုတ်လား” လူငယ်လေးက ပြောလိုက်သည်။
ဘာတွေများ ဖြစ်လာနိုင်မည်နည်း။
ရထားလုံးထဲက လူများကတော့ ခန့်မှန်းနိုင်မည် မဟုတ်ပါ။ ယိကျုံးသည် ဗေဒင်မေးကြည့်သော်လည်း၊ ဖြေရှင်းချက်ရမလာပါ။
“အဲဒါဆိုရင်လည်း ကျင်းဖုန်းကို နောက်မှ မေးကြည့်တာပေါ့”
တောအုပ်ထဲတွင်…။
မျိုးနွယ်စုဝင်များသည် သူတို့ကာလရှည်ကြာရင်းနှီးခဲ့သော နေရာကို စွန့်ခွာခဲ့ရပါသည်။ ရှောက်ရွှမ်သည် သူရေးဆွဲခဲ့သော မြေပုံညွှန်းအတိုင်း သွားနေ၏။
မျိုးနွယ်စုဝင်များသည် အခုနေရာသို့ အကြောင်းကိစ္စမရှိဘဲ၊ ဤနေရာသို့လာလေ့မရှိပေ။ ထိုနေရာသို့ရောက်ရောက်ချင်းတုန်းက၊ရှောက်ရွှမ်သည် လက်သည်းဖြူမျောက်နောက်သို့ လိုက်နေသော ထိုက်ဟယ်မျိုးနွယ်စုဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။
ရှောက်ရွှမ်သည် ထိုခရီးကို ပြီးဆုံးအောင်သွားရန်၊ အချိန်၂ရက်ယူလိုက်ရပါသည်။ အခြားမျိုးနွယ်စုဝင်များဆိုလျှင်တော့ ၇ရက်လောက်ကြာအောင် သွားရမည် ဖြစ်သည်။ သူတို့သည် ဘယ်လောက်မြန်အောင်သွားသွား၊ ရှောက်ရွှမ်ကိုတော့ မီအောင်မသွားနိုင်ကြပေ။
“မကြာခင် တောင်တန်းတွေဆီရောက်တော့
မယ်...အားလုံးပဲ ရေအလုံအလောက်ရှိအောင် ဖြည့်ထားကြ၊ ရှေ့လျှောက်လမ်းက ရေရှားတော့မယ်” ရှောက်ရွှမ်က သတိပေးလိုက်သည်။
သူပြောစရာရှိတာ ပြောပြီးသွားသောအခါ၊ ရှောက်ရွှမ်သည် ကြိုးများထုတ်ယူလိုက်ပါသည်။ ထိုနေ့များတွင် သူသည် နေ့စဉ်နှင့်အမျှ ဗေဒင်မေးမြန်းခြင်းကို လုပ်ဆောင်သည်။ သူသည် ဗေဒင်မေးခြင်းကို လေးနက်စွာလုပ်ဆောင်သော်လည်း တိကျသည့်အဖြေတစ်ခု ထွက်ပေါ်မလာပါ။
အတိတ်တုန်းကဆိုလျှင်၊ရှောက်ရွှမ်သည် ကြိုးထုံးဗေဒင် ကိုအခေါက်ခေါက်အခါခါ မေးမြန်းပြီးသွားလျှင် အားကုန်သွားလေ့ရှိသည်။ သို့သော် ဘိုးဘေးများ၏ အရိုးလေးမှ စွမ်းအင်ကို ထိန်းချုပ်နိုင်သွားသောအခါ၊ ဗေဒင်မေးမြန်းခြင်းက သူ့အတွက် အားမကုန်စေတော့ပါ။ သို့သော် တချို့ကိစ္စများကိုတော့ ဗေဒင်မေးမြန်း၍ မရပါ။
မျိုးနွယ်စုဝင်များသည် ရှောက်ရွှမ်ဗေဒင်မေးမြန်းသည့်အကြောင်းကို သိပြီးသားဖြစ်သည်။ ရှောက်ရွှမ်က ကြိုးထုံးဗေဒင်မေးမြန်းပြီဆိုလျှင်၊ ကျန်းလော်နှင့် သုန့်ကန်းတို့ ရောက်လာပြီး၊ ဘေးတွင်လာစောင့်နေလေ့ရှိသည်။
ကြိုးထုံးဗေဒင်မေးပြီးသွားသောအခါ၊ ကျန်းလော်က “ဘာအဖြေထွက်လဲ” ဟုမေးလိုက်သည်။
“ဒီနေ့ည ကျွန်တော်တို့ သတိထားမှရမယ်” ရှောက်ရွှမ်က ပြောလိုက်သည်။
ကျန်းလော်သည် မျက်နှာထားပြောင်းသွားပြီး “ ဒီနေ့ညလာမယ့်လူရှိလို့လား” ဟုမေးလိုက်သည်။
အခုရက်များအတွင်း၊ သူတို့သွားလာခဲ့သော လမ်းတလျှောက်တွင် ရန်သူတချို့တလေနှင့် တွေ့ဆုံခဲ့သည်။ ရှောက်ရွှမ်သည် ထောင်ခြောက်များထောင်မထားဘူးဆိုပါက၊ သူတို့သည် ထို
ထက်များသော ရန်သူများနှင့် တိုးရမည် ဖြစ်သည်။ ရန်သူများသည် ညဘက်တွင်တော့ လာလေ့မရှိပါ။
ကျန်းလော်က မတ်တပ်ရပ်လိုက်ပြီး၊ ဟိုဟိုဒီဒီလျှောက်ရင်း “ ငါတို့မျိုးနွယ်စုအခြေချဖို့အတွက် နေရာတစ်ခုတော့ ရှာရမယ်...”ဟုပြောလိုက်သည်။
မှောင်မိုက်သော ညအချိန်တွင် တိုက်ပွဲဆင်နွှဲရန် မလွယ်ကူပေ။ ထိုသို့ တိုက်ခိုက်ပါက လူပေါင်းများစွာ ဒဏ်ရာ ရကုန်ကြပေမည်။
“ဘာဖြစ်လို့ အရှိန်တင်ပြီးမသွားကြတာလဲ… ကျွန်တော်တို့ တောင်တန်းတွေဆီ ကို ရောက်အောင် အရင်သွားမှ ဖြစ်မယ်… အဲဒီနေရာမှာ နားခိုစရာရှိတာ ကျွန်တော်သိတယ်” ရှောက်ရွှမ်က အကြံပေးလိုက်သည်။
အခုသူတို့ရောက်နေသော နေရာတွင် တောင်တန်းများမရှိသလို၊ ပုန်းခိုရန် နေရာလည်း
မရှိပါ။
“ကောင်းပြီလေ…အဲဒီလိုပဲ လုပ်ကြတာပေါ့”
မျိုးနွယ်စုတစ်ခုလုံးထွက်ခွာသွားသောအခါ၊ ရှောက်ရွှမ်နှင့် ကျန်းလော်တို့သည် သူတို့၏ အကြံအစည်များကို ဆက်လက်ဆွေးနွေးကြပါသည်။
ညနေခင်းအချိန်ရောက်သည့်အခါ၊ သူတို့သည် တောင်ကြီးတစ်လုံးဆီ ရောက်သွားပါသည်။ ထိုနေရာကို ရောက်သောအခါ နယ်ခြားတစ်ခုဆီ ရောက်သွားသလို ဖြစ်သွားပါသည်။ တောင်၏ အခြားတစ်ဖက်တွင်တော့ မြစ်များ စီးဆင်းနေပြီး၊ အခြားတစ်ဖက်ကတော့ ဖုန်းဆိုးမြေတစ်ခုသာ ဖြစ်သည်။
တောင်ပေါ်တွင် ဂူသိပ်မရှိသော်လည်း၊ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် နတ်စွမ်းအင်မနိုးထသေးသော သူများ နားခိုရန် နေရာများတော့ ရှိပါသည်။ ထိုသို့ အနားယူလိုက်ခြင်း
ဖြင့်၊ သူတို့သည် ခြုံခိုတိုက်ခိုက်ခံရခြင်း ဘေးမှ လွတ်မြောက်သွားမည် ဖြစ်သည်။
နေလုံးကြီး ဝင်သွားသောအခါ၊ ပတ်ဝန်းကျင်သည် တဖြည်းဖြည်းမှောင်လာ၏။
ကျန်းလော်နှင့်သူ့လူများက တောင်ပေါ်မှနေပြီး၊ တောအုပ်ကို လှမ်းကြည့်လိုက်ပါသည် “ သူတို့တွေ မကြာခင် ရောက်လာတော့မယ်”
“ပစ္စည်းပစ္စယတွေ ဝေပေးပြီးသွားပြီလား…ဘာလုပ်ရမလဲ ခင်ဗျားတို့ သိပြီ မဟုတ်လား” ရှောက်ရွှမ်က အားလုံးကို မေးလိုက်သည်။
“ဟုတ်ကဲ့…” စစ်သည်တော်များက ပြန်ဖြေလိုက်သည်။ ရှောက်ရွှမ်က ထိုသို့ ပြုလုပ်ခိုင်းသည့် အကြောင်းအရင်းကို သူတို့မသိသော်လည်း၊ သူတို့က ညွှန်ကြားချက်များကို လိုက်နာပါသည်။
ကျန်းလော်က အင်္ကျီလက်များကို ပင့်တက်
လိုက်ပြီး၊ လက်ဝှေ့ယမ်းပြလိုက်သည်။ သူသည် တောအုပ်ထဲသို့ အေးစက်စွာ ကြည့်လိုက်ပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် တဖက်သားကို အနိုင်မကျင့်တတ်ပါ၊ တိုက်ပွဲဆင်နွှဲလျှင်တောင် တောအုပ်စည်းကမ်းကို လိုက်နာတတ်ကြသည်။ မြို့တော်များသို့ သွားလျှင်လည်း သူတို့ကို ရန်မစပါက၊ ပြဿနာရှာလေ့မရှိပါ။ သို့သော် တချို့လူများက သူတို့ကို စိတ်မရှည်အောင် လုပ်ကြသည်။ ထိုလူများမှာ ပစ္စည်းများလိုချင်သောကြောင့်သူတို့နောက်က လိုက်နေခြင်းဖြစ်သည်။
“ဖောက်…”
“ငါတို့ကို လွယ်လွယ်နှင့် အနိုင်ကျင့်လို့ရမယ်ထင်လား”
“သူတို့အကုန်လုံးကို သတ်ပစ်မယ်”
ကျန်းလော်လက်ထဲ ကျရောက်သူများမှာ မြန်ဆန်စွာ အသက်ထွက်သွားကြရမည်
ဖြစ်သည်။
ရှောက်ရွှမ်သည် မှောင်မည်းနေသော ကောင်းကင်ကြီးကို ကြည့်ပြီ “ သွားကြမယ်”ဟုပြောလိုက်သည်။
သူသည် ကျန်းလော်တို့နှင့်အတူ တောအုပ်ထဲ ပြေးဝင်သွားပါသည်။
တောအုပ်သည် ပိန်းပိတ်အောင် မှောင်မည်းနေပါသည်။ လေလည်းမတိုက်သလို၊ အားလံးတိတ်ဆိတ်နေသဖြင့် ပိုးမွှားလေးများ၏ အော်သံများကို ကြားနေရပါသည်။
သို့သော် တစ်နေရာမှ အလင်းရောင်တစ်ခု ထွက်ပေါ်နေသည်။ တချို့ပိုးမွှားများက အလင်းရောင်နားတွင် ပျံဝဲနေကြသည်။
ရှောက်ရွှမ်သည် သစ်ပင်ကြီးတစ်ပင်ကို မှီလိုက်ပြီး၊ အလင်းကျောက်လေးနှင့် ဆော့ကစားနေ၏။
ထို့နောက် ရှောက်ရွှမ်သည် သူနှင့် သိပ်မဝေးသောနေရာတစ်ခုသို့ ကြည့်လိုက်သည်။
“မင်းတို့ဘယ်သူတွေလဲ…ထွက်လာခဲ့”
ရှောက်ရွှမ်သည် အလင်းကျောက်နှင့် ထိုနေရာကို လှမ်းပစ်လိုက်သောကြောင့် အလင်းတန်းတစ်ခု ဖြစ်ပေါ်သွားသည်။
“ဝှစ်…”
ကြိုးများလှုပ်ခါသွားသံ ထွက်ပေါ်လာသည်။
သူတို့သည် ထိုနေရာသို့ ရောက်သည်မှာ မကြာသေးသောကြောင့်၊ ရှောက်ရွှမ်သည် ထောင်ခြောက်အနည်းငယ်ကိုသာ ဆင်ရသေးသည်။ သို့သော် အနည်းငယ်မျှဆိုလုံလောက်ပြီ ဖြစ်သည်။
“ဝှစ်….ဝှစ်…ဝှစ်”
ဆူးချွန်များ ပျံထွက်လာပြီး နေရာအနှံ့သို့ စိုက်ဝင်ကုန်သည်။ တောအုပ်ထဲမှ အရိပ်မည်းများက ရှောက်ရွှမ်ဆီ ပြေးဝင်လာကြသည်။
ထိုလူများအားလုံးမှာ ဝတ်စုံနက်များကို ဝတ်ဆင်ထားပြီး၊ မျက်လုံးများသာ ဖော်ထားကြသည်။ ထိုလူများ၏ မျက်လုံးများကို ကြည့်လိုက်ပါက၊ ညဘက်တွင် လှုပ်ရှားတတ်သော သတ္တဝါများ၏ မျက်လုံးများနှင့် တူပေသည်။ ၎င်းတို့သည် အမှောင်ထဲတွင်လည်း မြင်နေရဟန်ပင်။
ရှောက်ရွှမ်က အတွင်းအားကို အစွမ်းကုန်ထုတ်လိုက်သည်။ ရှောက်ရွှမ်ကို ကြည့်ရသည်မှာ အိပ်ပျော်နေသော သားရဲတစ်ကောင်နိုးထလာသလိုပင်။ သူ့ဓားမှာ သွေးဆာနေသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
“ချွင်…”
ပထမဆုံးလူသည် ခေါင်းပေါ်မှ ဆံပင်များပင် ထောင်ထသွားမတတ် ဖြစ်သွားသည်။ သူ့လက်ထဲ
မှ ဓားသည် ကျောက်တုံးကြီးတစ်လုံးကို ခုတ်လိုက်မိသလို၊ ခံစားလိုက်ရသည်။ သူသည် ထိုအားကြီးကို ရှောင်လွှဲရန် ကြိုးစားလိုက်သော်လည်း၊ ရှောက်ရွှမ်၏ အတွင်းအားက ထင်ထားသည်ထက် ပိုကြီးမားနေပါသည်။ ခုနတုန်းက ကျောက်တုံးကြီးတစ်တုံးလောက်သာ မာသော်လည်း၊ ခဏအကြာတွင်တော့ တောင်ကြီးတစ်လုံးလို ဖြစ်သွားသည်။
သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ခွန်အားကြီးကြောင်း သိထားသော်လည်း၊ ထိုမျှ ခွန်အားကြီးမည်ဟု ထင်မထားပါ။
တစ်ချက်တိုက်မိရုံနှင့်၊ ထိုလူမှာ နောက်သို့ဆုတ်သွားပြီး၊ သူ့လက်များမှာလည်း ထုံကျင်သွားပါသည်။ သူသည် ထိုစွမ်းအင်မျိုးကို မတွေ့ဖူးပါ။ တိတ်ဆိတ်သော ညအလယ်တွင် အေးစက်သော ဓားသွားရောင်က လက်ခနဲ ဖြစ်သွားပါသည်။
ထိုလူ၏ကိုယ်မှ သွေးများသည် မြေပြင်ပေါ်တွင် ရဲခနဲ ဖြစ်သွားသည်။
ရှောက်ရွှမ်က စတင်တိုက်ခိုက်သောအခါ၊ ကျန်းလော်တို့လည်း ဝင်လာပါသည်။
သူတို့၏ အဖော်လဲကျသွားသောအခါ၊ အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသောလူများသည် အနည်းငယ်တုန်လှုပ်သွားသော်လည်း၊ စိတ်ဓာတ်ကို တည်ငြိမ်အောင်ထိန်းထားလိုက်သည်။ သူတို့သည် ညဘုရင်များ ဖြစ်ကြပြီး၊ အမှောင်ထဲတွင် အမဲလိုက်ရခြင်းကို နှစ်သက်ကြသည်။ သူတို့၏ မျက်လုံးများမှာ အမှောင်ထဲတွင် ကျင့်သားရနေပြီ ဖြစ်သည်။ သူတို့သည် အမှောင်ထဲမှ ပစ္စည်းများကို မြင်နိုင်စွမ်းရှိပေသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သူတို့ကို အမှောင်ထဲတွင် အနိုင်ရမည် ဟု ထင်နေတာများလား။
သို့သော် သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနားသို့ ရောက်လာသောအခါ၊ အသံကြီးတစ်ခုကို ကြားလိုက်ရသည်။
ထို့နောက် အနံ့စူးရှသော အငွေ့များကဖုံးလွှမ်းသွားသည်။ ထိုအငွေ့များကြောင့် သူတို့၏ မြင်ကွင်းများမှာ မှုန်ဝါးသွားပေသည်။
ထိုနေ့ညတွင်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အမှောင်ထဲတွင် ဖြစ်နေသောကြောင့်၊ ပတ်ဝန်းကျင်ကို ကောင်းစွာမမြင်ရသလို၊ ကောင်းစွာလည်းမလှုပ်ရှားနိုင်ပါ။ သူတို့သည် ကောင်းစွာမမြင်ရသောကြောင့်၊ အကြားအာရုံကိုသာ အားကိုးနေရသည်။
ဓားပြများက အမှောင်ယံတွင် ကောင်းစွာမြင်နိုင်သော်လည်း၊ မီးခိုးဗုံးကျဲလိုက်ခြင်းကြောင့် နှစ်ဖက်စလုံး၏အခြေအနေမှာ ညီမျှသွားပြီဖြစ်သည်။ အားလုံးသည် ကောင်းစွာမမြင်ကြရတော့ပေ။
ထိုမီးခိုးဗုံးကို ထိုက်ဟယ်မျိုးနွယ်စုဝင်များက လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။ နတ်ဆေးဆရာမက ထိုအရာများကို ဆေးမြစ်များကြားမှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် သူတို့မနိုင်လောက်သော သားရဲများကို တွေ့လျှင်၊ ထိုမီးခိုးဗုံးကို သုံးပြီး ထွက်ပြေးလေ့ရှိကြသည်။ ထိုမီးခိုးဗုံးက သားရဲကို ခဏလောက်မျှသာ ထိန်းထားနိုင်သော်လည်း၊ သေရေးရှင်ရေးအချိန်မျိုးတွင် တစ်စက္ကန့်လောက်သော အချိန်က အဖိုးတန်ပါသည်။
အရင်တုန်းကဆိုလျှင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ တောင်းသော်လည်း၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များက မပေးခဲ့ပါ။ ထိုစဉ်တုန်းက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဆက်မတောင်းတော့ဘဲ ကိုယ့်အားကိုကိုးပြီး အမဲလိုက်မည်ဟု ဆုံးဖြတ်ခဲ့သည်။
သူတို့ထွက်ခွာလာသောအချိန်တွင်တော့၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များက မီးခိုးဗုံးအလုံး၂၀၀ကို ရက်ရောစွာ လက်ဆောင်ပေးလိုက်ပါသည်။ ထို
အရာများကို လုပ်ရသည်မှာ လက်ဝင်ပြီး၊ထိုက်ဟယ်မျိုးနွယ်စုဝင်တိုင်း မလုပ်တတ်ပါ။
သူတို့လာခဲ့သော လမ်းတလျှောက်တွင်၊ ထိုမီးခိုးဗုံးများကို အသုံးမပြုရသေးပါ။ အခုတော့ ညအမှောင်တွင် ချောင်းပြီးတိုက်ခိုက်ခံခဲ့ရသောကြောင့်၊ သူတို့သည် ထိုအရာများကို သုံးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူတို့၏ ပြိုင်ဘက်များက ညအချိန်တွင်တိုက်ခိုက်ရန် ကြိုးစားလာခြင်းမှာ သူတို့သည် ညအမှောင်တွင် ကောင်းစွာမြင်နိုင်သော အစွမ်းရှိနေသောကြောင့်သာ ဖြစ်သည်။ ညအမှောင်တွင် တိုက်ခိုက်ရသည်မှာ ကျွမ်းကျင်သော သုတ်သင်ရေးသမားများမှာ ညမျိုးနွယ်စုဝင်များ ဖြစ်ကြသည်။
ထိုသူများနှင့် တွေ့ဆုံပြီးနောက်၊ ထိုသူများက ဘယ်သူဆိုတာကို ရှောက်ရွှမ်ခန့်မှန်းမိသွားပြီ ဖြစ်သည်။ ထိုလူများသာ ညမျိုးနွယ်စုဝင်များ ဖြစ်ပါက၊ မီးခိုးဗုံးများက လည်း သူတို့ကို ခဏသာတားနိုင်မည် ဖြစ်သည်။ ထို့ပြင် ပြင်းထန်စူးရှသော အနံ့များက သူတို့ကိုယ်ပေါ်တွင် ကပ်ပါသွား
ဦးမည် ဖြစ်သည်။ ကောင်းစွာ ဆေးကြောခြင်းမပြုလျှင် ထိုအနံ့များက အချိန်ကြာမြင့်စွာ စွဲကျန်ရစ်နေဦးမည် ဖြစ်သည်။ ထိုအခါ အားလုံးက ထိုသူများ၏ အနံ့ကို ရနေပြီး သူတို့၏ တည်နေရာကို ရှာဖွေနိုင်ပါလိမ့်မည်။
***