“ဘာတွေဖြစ်ကုန်တာလဲ”
လူတန်းရှည်ကြီးမှာ နောက်ပြန်ဆုတ်သွားပါသည်။ အဝေးမှရပ်ကြည့်နေသော ကုန်သည်များနှင့် ရထားလုံးထဲမှ လူများသည် နားမလည်နိုင်ဖြစ်သွားကြသည်။ ပုန်းအောင်းပြီးတိုက်ခိုက်မည့်သူများ ရှိနေတာလား။ သို့မဟုတ် ထိုလူများသည် စိတ်ပြောင်းသွားပြီး နောက်ပြန်ဆုတ်သွားခြင်းများလား။
သို့သော် လူတစ်ယောက်တော့ ကျန်နေခဲ့ပါသေးသည်။
ကုန်သည်များသာမဟုတ်၊ ရှေ့မှ သွားနေသော မြင်းစီးသူများနှင့် ရထားလုံးထဲမှ လူများပါ ကိုယ့်မျက်လုံးကို မယုံနိုင် ဖြစ်သွားကြသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ဘာတွေများကြံစည်နေကြသလဲ။ သူတို့သည် ဘာကြောင့် နောက်ပြန်ဆုတ်သွားကြသနည်း၊ အားလုံးက နောက်ပြန်ဆုတ်သွားကြသော်လည်း ဘာကြောင့် လူ၁ယောက်တည်းကျန်နေခဲ့သနည်း။
“အဲဒါ မီးတောက်ဦးချိုမျိုးနွယ်စုက ရှောက်ရွှမ်ဟ” ရှောက်ရွှမ်ကို မှတ်မိသူတစ်ယောက်က အော်ပြောလိုက်ပါသည်။
“သူက ရှောက်ရွှမ်လား…လုကျုံးကို သိုင်းတကွက်တည်းနဲ့ အနိုင်ယူလိုက်တယ်ဆိုတဲ့ ကောင်လေးလား” ကောင်မလေးက မေးလိုက်သည်။
“အဲဒီကောင်လေးက ကျိမိသားစုရဲ့ ရွှေကောက်ပဲသီးနှံစိုက်ခင်းပိုင်ရှင် ကျိကျွီနဲ့ ခင်တယ်ပြောတယ်…အဲဒီကောင်လေးကို သတ်လိုက်ရင် ကျိကျွီ စိတ်ဆိုးသွားမှာ မကြောက်ဘူးလား” လူငယ်တစ်ယောက် ဓားကိုကိုင်ထားရင်း မေးလိုက်သည်။
ကောင်မလေးက စိတ်မဆိုးဘဲ “ကျိမိသားစုဝင်တွေက နိုင်ငံရေးတွေဆို ဝင်ပါလေ့မရှိဘူး…အဖိုးကြီးက အပင်စိုက်တာလောက်ပဲ စိတ်ဝင်စားတာ…ဘုရင့်မြို့တော်က တပ်ဖွဲ့တွေ ဒီနေရာကို ရောက်နေတာတောင် သူမသိဘူး… သူသိတယ်ဆိုရင်လည်း နောက်ကျနေလောက်ပြီ”
“မီးတောက်ဦးချိုမျိုးနွယ်စုက ရှောက်ရွှမ်က အဲဒီလောက် အစွမ်းထက်လို့လား” တစ်ယောက်က မေးလိုက်သည်။
ဓားကိုကိုင်ထားသော လူငယ်လေးက ရှေ့တည့်တည့်ကို စိုက်ကြည့်လိုက်ပြီး၊ ဓားဖြင့် ခုတ်ချလိုက်သည်။ သားရဲတစ်ကောင်ကြောင့် လေပေါ်တက်သွားသော၊ မြက်ပင်တစ်ပင်မှာ ထက်ပိုင်းပြတ်သွားပါသည်။ “အဲဒီကောင်လေး အစွမ်းဘယ်လောက်ရှိလဲ ကျွန်တော် သိချင်တယ်”
မြို့တော်တံခါးဝတွင် ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်ကို မြင်လိုက်ရသူများစွာရှိ
ပါသည်။ သူတို့သည် ရှောက်ရွှမ်မှာ အစွမ်းထက်သူတစ်ယောက် ဖြစ်ကြောင်း ဝန်ခံကြပါသည်။ သို့သော် အခုအခြေအနေမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုချာတိတ်လေးတစ်ယောက်တည်းနှင့်၊ သူတို့အားလုံးကို တားဖို့ကြိုးစားလျှင်၊ ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်သွားမည်သာ။
ရှောက်ရွှမ်သည် ဓားကို သားရေအိတ်ထဲ ပြန်ထည့်လိုက်ပြီး၊ ဘိုးဘေးများ၏ အရိုးလေးကို ထုတ်လိုက်ပါသည်။
“ဘိုးဘေးများခင်ဗျာ… ဘိုးဘေးများ စီရင်ရမည့် အချိန်ရောက်ပါပြီ”
မျိုးနွယ်စုဝင်များ ရွာမှ ထွက်ခွာလာသည့်နေ့တွင်၊ ဘိုးဘေးများ၏ အရိုးလေးမှ အသံများထွက်ပေါ်လာပါသည်။ အခြားလူများကတော့ ထိုအသံကို မကြားလိုက်ကြပါ။ ထိုအသံများမှာ မီးတောက်များ တဖျစ်ဖျစ် လောင်ကျွမ်းနေသော အသံနှင့် တူနေပါသည်။
ဘိုးဘေးများ၏ အရိုးလေးမှ ဖြစ်ပေါ်နေသော ဒေါသများကို ရှောက်ရွှမ်ခံစားမိပါသည်။ ထိုအရိုးလေးများမှာ စိတ်ခံစားချက်များ ရှိနေမလား ရှောက်ရွှမ်မသိပါ။ ဟုတ်ချင်လည်း ဟုတ်မည်၊ ဟုတ်ချင်မှလည်း ဟုတ်ပေလိမ့်မည်။ ထိုအရိုးလေးသည် ဘိုးဘေးများချန်ထားခဲ့သော ပစ္စည်းလေးဖြစ်သည်။ ထို့ကြောင့် ထိုအရိုးလေးသည် ဘိုးဘေးများ၏ ဆန္ဒကို ကိုယ်စားပြုသည့် ပစ္စည်း ဖြစ်ပါသည်။
ရှောက်ရွှမ်သည် ဘိုးဘေးများ၏ အရိုးလေးမှ ဒေါသများကို ခံစားမိသောကြောင့်၊ အခုလို စွန့်စားလိုက်ခြင်း ဖြစ်သည်။
ကြံ့ခိုင်သော စစ်မြင်းကြီးများသည် သူတို့နားသို ရောက်လာသည်။ မြင်းစီးသူများသည် လှံတံအရှည်ကြီးများကို ကိုင်ဆောင်ထားပြီး၊ နေရောင်အောက်တွင် ရပ်နေပါသည်။ ရှောက်ရွှမ်ကတော့ ထိုသူများ၏ အငွေ့အသက်ကို ကြိုတင်ရနေပြီးသားဖြစ်သည်။
ရှောက်ရွှမ်ကို ကြည့်ရသည်မှာ ရထားလုံးတစ်စီးကို တားတော့မည့် ဓားခုတ်ကောင်လေးတစ်ကောင်လို ဖြစ်နေပါသည်။ သူသည် ထိုစစ်တပ်ကြီးနှင့် ယှဉ်မည်ဆိုလျှင် ဘာမှ မဟုတ်ပါ။
ထိုမျှကြီးမားသော တပ်ကြီးနှင့် ရင်ဆိုင်ရန် ရှောက်ရွှမ်ကတော့ တစ်ယောက်တည်း ဖြစ်ပါသည်။
ရန်သူများသည် တဖြည်းဖြည်း သူနှင့် နီးကပ်လာပါသည်။
မြင်းစီးသူများက ရှောက်ရွှမ်ကို လှံတံများနှင့် ချိန်ထားလိုက်သည်။
ဘိုးဘေးများ၏ အရိုးလေးများမှ အသံများ ထွက်ပေါ်လာသည်။
“ဝှစ်…ဝှစ်…ဝှစ်”
ရှောက်ရွှမ်တစ်ယောက်သာ ထိုအသံများကို
ကြားရခြင်းဖြစ်သည်။ ထိုအသံများမှာ တောမီးလောင်ကျွမ်းနေသော အသံများနှင့် တူပါသည်။
“အချိန်ကျပြီ”
ရှောက်ရွှမ်သည် သူ၏နတ်စွမ်းအင်များနှင့် ပညာဆက်ခံနိုင်မှုစွမ်းရည်များကို အစွမ်းကုန် ထုတ်လိုက်ပါသည်။ သူ၏ ကြွက်သားများအားလုံး တုန်ခါလာသည်။ ရှောက်ရွှမ်နားသို့ ကပ်ပြီးနားထောင်ကြည့်မည်ဆိုပါက၊ နှလုံးခုန်သံမှာ ဗုံတစ်လုံးကို တီးခတ်နေသံနှင့် တူနေပါသည်။
ရထားလုံးထဲတွင်လိုက်ပါလာသော ယိကျုံးသည် စိတ်ထဲတွင် မသိုးမသန့်ဖြစ်လာသဖြင့်၊ ရုတ်တရက် ခုန်ထလိုက်မိသည်။ သူရှေ့မှ ဘုတ်ပြားလေးသည် မှောက်သွားသော်လည်း၊ သူကတော့ ဂရုမစိုက်ပါ။
မြင်းစီးသူများသည် ခဏနေလျှင် လှံနှင့် လှမ်းပစ်တော့မည် ဖြစ်သည်။ သို့သော် ရုတ်တရက် သူ
တို့၏ အေးစက်သော မျက်လုံးများသည် မီးရောင်တစ်ရောင်ကို မြင်လိုက်ရသည်။
ကခုန်နေသော နဂါးများနှင့်တူသော မီးတောက်များက လေထဲတွင် ယိမ်းထိုးနေပါသည်။
ရှောက်ရွှမ်၏ ကိုယ်ထဲမှ မှန်းဆမရနိုင်သော စွမ်းအားများထွက်ပေါ်လာသည်။
မြင်းစီးသူများသည် သူတို့နားမှ လေပူတချက်တိုးဝှေ့သွားသည်ကို ခံစားလိုက်ရပါသည်။
မြင်းစီးသူများသည် သူတို့ကို မမြင်ရသော လက်တစ်ဖက်က တားထားလိုက်သလို ခံစားလိုက်ရသည်။ တချို့လူများဆိုလျှင် မြင်းပေါ်မှပင် ပြုတ်ကျလာသည်။
သူတို့သည် ထိုကဲ့သို့ စွမ်းအင်မျိုးကို တခါမှ မမြင်ဖူးပါ။ ထိုစွမ်းအင်ကို မြင်သောအခါ သူတို့သည် တကိုယ်လုံး ကြက်သီးမွှေးညှင်းများပင် ထသွားပါသည်။
“ဝှစ်”
ထွက်ပေါ်လာသောမီးတောက်များကြားမှ၊ မီးတောက်ဘီလူးကြီးတစ်ကောင်ထွက်ပေါ်လာပြီး သူတို့ကို ငုံ့ကြည့်နေပါသည်။
ထိုမီးတောက်ဘီလူးကြီးထွက်ပေါ်လာသောအခါ၊ လောကကြီးတစ်ခုလုံးမှာ နီရဲသွားသလို ဖြစ်သွားပါသည်။
ရှောက်ရွှမ်သည် ရှေ့သို့ကြည့်လိုက်ပြီး၊ ခြေတစ်လှမ်းတိုးလိုက်ပါသည်။
မီးတောက်ဘီလူးကြီးကလည်း ရှောက်ရွှမ်လှုပ်ရှားသည့်အတိုင်း၊ ရှေ့သို့ တစ်လှမ်းတိုးလိုက်ပါသည်။
“ဝုန်း…”
ထိုအခါ အလွန်ပြင်းထန်သော ပေါက်ကွဲမှုကြီး
တစ်ခု ဖြစ်ပေါ်လာပြီး၊ မြေပြင်ပေါ်တွင် ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ မြေပြင်ပေါ်တွင်လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားသည်။
ဖြစ်ပေါ်လာသော ဖိအားကြောင့် မြေကြီးအောက်မှ ကျောက်သားများပင် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပါသည်။
ထို့နောက် မြင်းစီးသူများသည်လည်း လေထဲသို့ လွင့်စင်ထွက်သွားပါသည်။ ဘယ်သူမှ မလွတ်မြောက်ပါ၊ လူများလွင့်စင်ထွက်သွားသလို၊ မြင်းများကလည်း လဲကျသွားပါသည်။ ထို့နောက် နာကျင်စွာ အော်ဟစ်လိုက်သံများ ဖြစ်ပေါ်လာသည်။ ကမ္ဘာလောကကြီးတစ်ခုလုံး ပြောင်းပြန်လန်သွားသလို ဖြစ်သွားပါသည်။
မြေပြင်တစ်ခုလုံးတုန်ခါသွားသလို၊ မြက်ပင်များမှာ အမှုန့်များဖြစ်သွားပါသည်။
ကျောက်တုံးကျောက်ခဲများက ဘုရင့်မြို့တော်မှ လူများဆီသို့ လွင့်စင်ထွက်သွားပါသည်။
စစ်တပ်ကြီးသည် သူတို့ဆီဝင်လာသော ကျောက်တုံးကျောက်ခဲများကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ရထားလုံးကို ဆွဲလာသော ဧရာမသားရဲကြီးမှာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပါသည်။ ထို့နောက် ရှေ့ခြေ၂ချောင်းမှာ မြေပြင်ပေါ်သို့ စိုက်ကျသွားသည်။
“ဖောက်…”
ထို့နောက် လူဦးခေါင်းပမာဏလောက်ရှိသော ကျောက်တုံးတစ်တုံးသည် ရထားကို သွားထိမှန်သဖြင့်၊ ရထားလုံးမှာ ပျက်စီးတော့မတတ်ဖြစ်သွားသည်။ ရထားလုံးကို သံဖြင့်သာ ပြုလုပ်မထားပါက၊ တစစီ ဖြစ်သွားလိမ့်မည်။
ဓားကို ကိုင်ထားသော လူမှာ မီးတောက်ဘီလူးကြီးကို မြင်သောအခါ၊ လက်ထဲမှ ဓားပင်လွတ်ကျတော့မတတ် ဖြစ်သွားသည်။ ထိုလူသည် ရန်သူချာတိတ်လေးကို တစ်ယောက်ချင်းတိုက်ခိုက်ရန် ကြံစည်နေခြင်း ဖြစ်သည်။
ရထားလုံးတွင် တပ်ဆင်ထားသော လိုက်ကာစများမှာ တစစီစုတ်ပြဲသွားပါသည်။
“တော်တော်အင်အားကြီးတာပဲ”
ရထားလုံးထဲမှ လူများသည် အပြင်သို့ ခုန်ထွက်လာသည်။ အစောင့်များ၏ ကာကွယ်မှုနှင့် ထိုသူများသည် သူတို့ဆီလွင့်စင်ထွက်လာသော ကျောက်တုံးများကို ကာထားလိုက်ပါသည်။ သူတို့သည် သူတို့နားမှ ကျောက်တုံးများ လွင့်ပျံထွက်လာသံများကို ကြားလိုက်ရသည်။
အနောက်တွင်တော့ မြေခွေးမျိုးနွဘ်စုအကြီးအကဲသည် ရထားလုံးပေါ်မှ ဆင်းလာပြီး တုန်တုန်ယင်ယင် ဖြစ်နေပါသည်။ သူသည် အံ့ဩလွန်းသဖြင့် မျက်လုံးများသည် ကျွတ်ကျမတတ် ပြူးကျယ်သွားသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သားရဲဘုရင်ကြီးလက်မှ ထိုနည်းလမ်းနှင့် လွတ်လာခြင်း
များလား။ ထိုစွမ်းအင်ကို အသုံးချခဲ့ခြင်းများလား။
ထို့စွမ်းအင်မျိုးရှိ၍သာ သူတို့သည် ဆားကွင်းများကို ဖြတ်ကျော်လာနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သာ ၎င်းတို့သည် သားရဲဘုရင်ကြီး၏ လက်အောက်မှ အသေအပျောက်မရှိဘဲ လွတ်လာခြင်း ဖြစ်ပေလိမ့်မည်။
“ဆုတ်ကြဟေ့…” အဖွဲ့ခေါင်းဆောင်က အော်ပြောလိုက်သည်။ သူတို့သည် ထိုစွမ်းအင်မျိုးကို မယှဉ်ပြိုင်နိုင်သောကြောင့် နောက်ဆုတ်ရန်သာ ရှိတော့သည်။ ရှေ့ဆက်တိုးမည်ဆိုလျှင်လည်း၊ သူတို့အားလုံး သေရုံသာ ရှိတော့သည်။
ကံကောင်းသော မြင်းများကတော့ ဘာမှမဖြစ်ကြသော်လည်း၊ ကြောက်ရွံ့တုန်လှုပ်နေကြသည်။ သူတို့ကို စီးနင်းလိုက်ပါလာသူများမှာ မြင်းများကို ငြိမ်သက်အောင် ထိန်းမထားနိုင်ပါ။ ထိုသို့ဖြင့်၊ ၎င်းတို့အားလုံးသည် ဝရုန်းသုန်းကားနင့် ဆုတ်ခွာလာခဲ့ရသည်။ မြင်းများအားလုံးသည် သူ
တို့ကြုံတွေ့ရသော အန္တရာယ်ဘေးမှ လွတ်မြောက်အောင် ထွက်ပြေးလာကြသည်။ မြင်းများမှာလည်း အလုအယက်ထွက်ပြေးကြသဖြင့်၊ လဲသူလဲ၊ ကွဲသူကွဲ၊ ပြိုသူပြိုဖြစ်ကုန်ကြသည်။
အဝေးမှာ စောင့်ကြည့်နေသော ကုန်သည်များသည် သူတို့၏ လှည်းများ ရထားလုံးများပေါ်သို့ တက်ပုန်းနေကြပါသည်။ သူတို့နားအထိတော့ ကျောက်တုံးများက လွင့်စင်ထွက်မလာပါ။ သို့သော် ဖုန်များ၊ သဲများကြောင့် သူတို့သည် မျက်လုံးများကိုပင် ကောင်းစွာမဖွင့်နိုင်ကြတော့ပါ။ ထိုနားမှလူများဆိုလျှင် မည်မျှခံစားရမလဲဆိုတာကို သူတို့ စိတ်ပင်မကူးရဲပါ။
အားလုံးက ထိုအဖြစ်အပျက်ကို မယုံနိုင်စွာ ဖြင့် ကြည့်နေပါသည်။ နှလုံးခုန်နှုန်းများလည်း မြန်ဆန်လာသလို၊ ခြေထောက်များကလည်း တုန်ယင်လာသည်။
ရှောက်ရွှမ်သည် သူ့ကိုယ်ထဲတွင် စီးဆင်းနေသော နတ်စွမ်းအင်များကို ခံစားလိုက်ရသည်။ သူ
သည် စွမ်းအင်များကို နောက်တခေါက်ထုတ်ကြည့်ရန် စဉ်းစားနေသည်။ ရှောက်ရွှမ်သည် နောက်ထပ်ခြေတစ်လှမ်းလောက်တော့ တိုး၍ ရဦးမည် ဖြစ်သည်။ သို့သော် ရန်သူတပ်များက ဆုတ်ခွာသွားပြီဖြစ်သောကြောင့်၊ ဒုတိယခြေလှမ်းကို လှမ်းစရာမလိုတော့ပါ။ ဒုတိယခြေလှမ်းကို လှမ်းလျှင်လည်း၊ အလကားသက်သက် အင်အားဖြုန်းတီးသလိုသာ ဖြစ်တော့မည်။ ရှောက်ရွှမ်သည် ခဏရပ်လိုက်ပြီး၊ အခြေအနေကို စောင့်ကြည့်နေပါသည်။ ရန်သူများက ထိုးစစ်ပြန်ဆင်လာပါက၊ သူသည် နောက်ခြေတစ်လှမ်းကို လှမ်းလိုက်မည် ဖြစ်သည်။
ရှောက်ရွှမ်၏နောက်တွင်၊ ဆားတွင်းများသို့ ရောက်ဖူးသော စစ်သည်တော်များက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို ပြုလုပ်ထားသည်။ ကျန်သူများကတော့ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ သူတို့သည် အသေခံပြီး တိုက်ခိုက်ရမည်ဟု မျှော်လင့်ထားခြင်းဖြစ်သည်။ အခုတော့ ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်တည်းနှင့် သူတို့အားလုံးကို အနိုင်ယူနိုင်လိုက်ပြီဖြစ်သည်။
“ဒါက…ဒါ…ဒါ”
ကျန်းချန်းသည် ခဏလောက် ကြောင်နေပြီး၊ ဘာမှ မပြောနိုင်ဖြစ်သွားသည်။ သုန့်ကန်းတို့မှာလည်း ကျန်းချန်းအတိုင်းပင် ဆွံ့အသွားကြသည်။ သူတို့သည် သားရဲဘုရင်ကြီးနှင့်တွေ့ခဲ့တုန်းက ရှောက်ရွှမ်သုံးခဲ့သော စွမ်းအင်များကို ကြုံဖူးသော်လည်း၊ ထိုစဉ်တုန်းက အခုလို အနီးကပ် မျက်ဝါးထင်ထင် မြင်ဖူးခြင်း မဟုတ်ပါ။
အရင်တုန်းကတော့ သူတို့သည် ရှောက်ရွှမ်ကို သံသယဖြစ်နေကြသော်လည်း၊ အခုတော့ ရှောက်ရွှမ်သာလျှင် သူတို့ကို အမိမြေသို့ ခေါ်ဆောင်သွားနိုင်မည့်သူဖြစ်ကြောင်းကို ယုံကြည်သွားကြပါသည်။
ထိုအချိန်တွင် ထွက်ပြေးလွတ်မြောက်လာသော ဘုရင့်မြို့တော်မှ တပ်သားများသည် ဖရိုဖရဲဖြစ်သွားသော သူတို့တပ်ကို ပြန်လည်စုစည်းနေကြသည်။
ခုနက ရထားလုံးထဲတွင် ထိုင်နေသူများမှာ အခုတော့ မြေပြင်ပေါ်တွင် ရပ်ကြည့်နေကြသည်။ သူတို့၏ အဖိုးတန်အဝတ်အစားများမှာ အခုတော့ ဖုန်များ၊သဲများ ပေကျံကုန်ပြီဖြစ်သည်။
သူတို့၏ မီးတောက်ဦးချိုမျိုးနွယ်စုကို စောင့်ကြည့်ခဲ့မှုများမှာ အခုအချိန်တွင်တော့ အသုံးမဝင်တော့ပါ။အားလုံး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေပါသည်။ အရင်တုန်းကတော့ သူတို့ ကြားခဲ့ရသော သတင်းများမှာ ချဲ့ကားပြောဆိုခြင်းများဟု ထင်ထားခဲ့ကြသည်။
သူတို့သာ မြင်းစီးသူများ၏ ရှေ့သို့ ရောက်နေမည်ဆိုပါက၊ သူတို့သည် ရှောက်ရွှမ်၏ လက်မှ လွတ်မြောက်လာမည် မဟုတ်ပါ။
လေပြည်ညှင်းတစ်ချက်တိုက်ခတ်သွားသဖြင့်၊ မြေပြင်ပေါ်မှ ဖုန်များကင်းစင်သွားပါသည်။
မြေပြင်ပေါ်တွင်တော့ အက်ကွဲကြောင်းများက နေရာအနှံ့ဖြစ်ပေါ်နေပြီး ကျောက်တုံးကြီးများ၊ ကျောက်စရစ်ခဲများ ပြန့်ကျဲနေလေသည်။ ဒဏ်ရာရသောလူများ၊ မြင်းများကလည်း သတိလစ်ပြီး မြေပြင်ပေါ်တွင် လဲကျနေပါသည်။
သူတို့၏ အခြားတစ်ဖက်တွင်တော့ လူတစ်ယောက် ရပ်နေပါသည်။ ထိုလူ၏ ရှေ့တည့်တည့်တွင် စစ်တပ်ကြီးတစ်တပ်က စောင့်ကြိုနေပါသည်။
ထိုအခိုက်အတန့်တွင် ကမ္ဘာလောကကြီးတစ်ခုလုံးက တိတ်ဆိတ်နေ၏။
***